အခန်း ၇၈
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၁၅)
ဝမ်ရှန်းသည် နောက်မှ တန်အို၏ ပျော်ရွှင်မှုကို မသိပေ။ သူသည် တစ်ဖက် ကမ်းပါးသို့ ရောက်လာပြီးနောက် တောင်အောက်ခြေသို့ ဆင်းကာ တောအုပ်ထဲသို့ ဖြတ်သန်း ဝင်ရောက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ယခု ဖြတ်သန်းရမည့် တောင်ခြေသည် အနည်းငယ် ထူးခြားနေပေ၏။ လေထုသည် ယခင် တောအုပ်များနှင့် အနည်းငယ် ကွဲလွဲနေဟန် ပေါ်သော်လည်း ယေဘုယျအားဖြင့် ကြည့်လျှင် သာမန်မျှသာ ထင်ရသည်။
တောင်ခြေမှစ၍ ဖြူဖျော့ဖျော့ မြူနှင်းများ ဖုံးအုပ်ထားပြီး တောအုပ် တစ်ခုလုံးကို မှုန်မှိုင်းစေလျက် ရှင်းလင်း ပြတ်သားစွာ မမြင်ရပေ။
ဝမ်ရှန်းသည် ဉီးထုပ်ကို သပ်ရပ်စွာ ပြင်ဆင်ပြီး ဉီးခေါင်းနှင့် လည်ပင်းကို ကာကွယ်ရန် ပိတ်ချောဖြင့် ပြုလုပ်ထားသည့် အကာအကွယ်ကို အကျအန ဝတ်ဆင်သည်။ ထို့နောက် ပါးစပ်နှင့် နှာခေါင်းထက်ရှိ အကာအကွယ် မျက်နှာဖုံးမှ ကာဗွန် စစ်ထုတ်လွှာကို ဂရုတစိုက် စစ်ဆေး ကြည့်ပြီး အသေအချာ တပ်ဆင် လိုက်သည်။
ပြီးမှ တောအုပ်ထဲသို့ တစ်လှမ်းချင်း တိုးဝင်လာခဲ့သည်။ တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲ ဝိညာဉ်ထံမှ သတိပေးချက် မှိန်ဖျော့ဖျော့ ထွက်ပေါ်လာသည်။
ကြယ်ခြောက်ပွင့် မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုနှင့် ကြုံတွေ့ရစဉ်ကဲ့သို့ အန္တရာယ် နီးကပ်လေလေ သတိပေးချက် ပြင်းထန်လေလေ မဟုတ်ပေ။
အသားစား ပုရွက်ဆိတ်တပ်နှင့် ရင်ဆိုင်ရစဉ်က ကဲ့သို့ ပြင်းထန်သော သတိပေးချက်များ ဆက်တိုက် ပေါ်ထွက် လာခြင်းနှင့်လည်း မတူညီဘဲ ယခု တစ်ကြိမ်သည် သတိပေးချက်မှာ မှိန်ဖျော့စွာ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ဆိုရလျှင် အန္တရာယ် ရှိနေသော်လည်း သိပ်မပြင်းထန် ဟူသည့် အဓိပ္ပာယ်ပင်။ တိုက်ပွဲ ဝိညာဉ်သည် စကားလုံးနှင့် ရှင်းပြနိုင်စွမ်း မရှိသဖြင့် ဝမ်ရှန်းကသာ လိုသလို ကောက်ချက် ဆွဲရသည်။
ထိုအခြေအနေမျိုးတွင် သူလုပ်နိုင်သည်မှာ အကောင်းဆုံး ဂရုတစိုက် ပြုမူ၍ မိုက်မဲသည့် အမှားမျိုး မလုပ်မိစေရန် ဖြစ်သည်။ သေးငယ်သော အန္တရာယ်သည် မသေစေနိုင်သော်လည်း သတိတစ်ချက် လွတ်ရုံဖြင့် အသက်ပျောက် သွားနိုင်သည်။
တောအုပ်ထဲမှ ပြန်ထွက် နိုင်ပါက အနားယူရန် အချိန်ကောင်း တစ်ခု ရနိုင်သေးသည်။ ဝမ်ရှန်းသည် မသိစိတ်၏ ခိုင်းစေချက်ဖြင့် ရောင်ခြည် မှန်ပြောင်းကို ထုတ်ယူကာ နောက်တွင် ကျန်ရစ်ခဲ့သည့် တောင်ထိပ်သို့ လှမ်းကြည့် လိုက်သည်။
နောက်မှ လူများသည် ချက်ချင်း လိုက်လာနိုင်ဉီးမည် မဟုတ်သော်လည်း သတိရှိကာမှ တော်ကာ ကျပေလိမ့်မည်။ တောင်ထိပ်သို့ အကြည့်ရောက် သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်း ဆွံ့အသွားသည်။
တောင်ထိပ်၌ အနီရောင် အသွင် သဏ္ဌာန် လေးခု ရှိနေပြီး ထိုအသွင်သဏ္ဌာန် များမှာ နောက်ယောင်ခံ သူများဖြစ်ကြောင်း ပြောနေစရာပင် မလိုချေ။ တစ်ယောက်မှာ ချောက်ကမ်းပါးထက်မှ ပြုတ်ကျ သွားပြီးနောက် ဤလူများသည် ယခုလောက် မြန်မြန်ဆန်ဆန် လိုက်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့သော ဝမ်ရှန်းအတွက် အံ့သြစရာ ဖြစ်နေလေသည်။
တောအုပ်ထဲတွင် စနိုက်ပါ ရိုင်ဖယ် သုံးရန် အခက်အခဲရှိသည်။ သစ်ပင်ကြီးငယ်များစွာ ပေါက်ရောက် နေမှုကြောင့် ပစ်မှတ်ကို ထိရန် မသေချာပေ။ ထို့ပြင် သေနတ်သံသည် ခွန်အားပြင်း မိစ္ဆာ သားရဲများကို ဆွဲခေါ်သလို ဖြစ်သွားပြီး အန္တရာယ် ပိုများလာနိုင်သည်။
“ကြည့်ရတာ ဒီကောင်တွေကို ဒီတိုင်းပဲ လွှတ်ထားပြီး သူ့ဘာသာ ဇာတ်သိမ်း သွားအောင် လုပ်ရတော့မယ် ထင်တယ်”
ဝမ်ရှန်းသည် တောအုပ်ထဲမှ ဖြူဖျော့ဖျော့ မြူနှင်းများကို ကြည့်ကာ အတွေးတချို့ ဝင်လာသည်။ ဂျင်ဒီတားမြစ် နယ်မြေထဲတွင် အန္တရာယ်ရှိသည့် အရာမှာ ခွန်အားပြင်း မိစ္ဆာ သားရဲများ သာမကဘဲ မခန့်မှန်းနိုင်သည့် အခြား အန္တရာယ် များစွာလည်း ရှိနေပေသည်။
ဥပမာအားဖြင့် အချို့ အင်းဆက်ငယ်များသည် တစ်ချက် ကိုက်ရုံဖြင့် သေစေတတ်ပြီး ထိုထက်ပို၍ ဆိုးရွားသည်မှာ အဆိပ်ငွေ့များ ဖြစ်သည်။ ယခု တောအုပ်သည် လေဝင်လေထွက် မကောင်းသည့်ပြင် တိရစ္ဆာန် အသေကောင်များ၊ သစ်ရွက်ခြောက်များ ရောထွေး ဆွေးမြည့်နေပြီး နှစ်ပေါင်းများစွာ ကြာမြင့် လာသည့်နောက် အဆိပ်ငွေ့များ ဖြစ်ပေါ်လာသည်။
၎င်းအဆိပ်ငွေ့မျိုးသည် သဘာဝ ပတ်ဝန်းကျင်မှ အလိုလို ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အနံ့ရှူမိရုံဖြင့် အလွန်အမင်း မသက်မသာ ဖြစ်စေသည်။ ဝမ်ရှန်း မီးမြှိုက်ခဲ့သည့် တောင်ကြားထဲမှ မီသိန်းနှင့် သက်ရောက်မှုချင်း တူညီလေသည်။
တိုက်ပွဲဝိညာဉ်ထံမှ သတိပေးချက် ပေါ်ထွက်လာရခြင်း အကြောင်းကို စဉ်းစားလိုက်ချိန်တွင် ဝမ်ရှန်းသည် သဘာဝ အဆိပ်ငွေ့ မှအပ အခြား ဖြစ်နိုင်သည့် အန္တရာယ်ကို ရှာမတွေ့ပေ။
နောက်မှ လူလေးယောက်ကို ကြည့်ကာ ဝမ်ရှန်း အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။
ရောင်ခြည် အဝေးကြည့် မှန်ပြောင်းအားသည်လည်း တစ်ဝက်ခန့် ကုန်ဆုံးနေပြီ ဖြစ်ကာ အချိန်တို အတွင်း အားကုန် သွားပေတော့မည်။ ထိုအခါ သာမန် အဝေးကြည့် မှန်ပြောင်း အဖြစ်သာ အသုံးချနိုင်တော့မည် ဖြစ်သည်။
တန်အိုနှင့် ဝိညာဉ်သခင် သုံးယောက်မှာ အသည်းအသန် လိုက်လာကြသည်။ ဝမ်ရှန်းကိုသာ လိုက်မမီပါက ဂျင်ဒီနယ်မြေထဲ၌ မျက်ကန်းများ သဖွယ် ဖြစ်နေပေလိမ့်မည်။ သူတို့သည် တောင်ထိပ်မှာ ကတည်းက တောအုပ်တစ်ခုလုံး မြူနှင်းများ ဖုံးအုပ်ထားကြောင်း မြင်တွေ့ခဲ့ကြသည်။ အလျင်အမြန် မလိုက်ပါက ဝမ်ရှန်းသည် မြူနှင်းများကြားတွင် ခြေရာဖျောက် သွားနိုင်လေသည်။
ဆိုရလျှင် စုန့်မင် အသက်ပေး သွားရခြင်းမှာ မတန်လှပေ။ တစ်ဖက် ကမ်းပါးသို့ သွားရန် နည်းလမ်း ရှိနေပါလျက် ဆန္ဒစောစွာ ချောက်ကမ်းပါးမှ ခုန်ချ၍ ဝမ်ရှန်းကို ဖမ်းဆီးခဲ့သည်။ စုန့်မင်သည်လည်း ပြင်းထန်သော ဖိအားကြောင့်သာ ထိုသို့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း လူတိုင်း နားလည်ကြပေသည်။
မည်သို့ပင်ဖြစ်စေ စုန့်မင်သည် သူတို့၏ အပေါင်းအဖော် ဖြစ်ခဲ့သဖြင့် အပြစ်မတင် လိုကြပေ။ ကောင်းမွန်သည့် တစ်ခုတည်းသော အရာမှာ ဝမ်ရှန်း၏ ပစ္စတို သေနတ်သံသည် စနိုက်ပါ ရိုင်ဖယ်လောက် မကျယ်သဖြင့် မိစ္ဆာ သားရဲများ ရောက်မလာကြခြင်းပင်။
တောင်ပေါ်မှ ဆင်းလာပြီးနောက် လေးယောက်လုံးသည် ဝမ်ရှန်း၏ ခြေရာများအတိုင်း လိုက်လာခဲ့ကြသည်။ ဝမ်ရှန်းကို ခြေရာခံရန် မခက်ခဲလှချေ။ လူသူ မရောက်ပေါက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ဂျင်ဒီတားမြစ် နယ်မြေထဲ၌ လမ်းတစ်ခု တွေ့လျှင် ၎င်းမှာ ဝမ်ရှန်း လျှောက်သွားခဲ့သည့် လမ်းကြောင်းဖြစ်ကြောင်း တပ်အပ်သိနိုင်သည်။
တစ်ဖက်တွင်မူ ဝမ်ရှန်းသည် နောက်ယောင်ခံ သူများကြောင့် အကျပ်ရိုက်နေသည်။
နောက်ယောင်ခံ သူများသာ သူနှင့် အဝေးတွင် ရှိနေပါက သူ၏ ခြေရာလက်ရာများကို ဖျောက်ဖျက်ပစ်ရန် အချိန်ရသော်လည်း ယခုမူ ထိုလူများသည် မီတာ ၃၀၀ ခန့် အဝေးမှ လိုက်လာကြခြင်း ဖြစ်လေရာ ခြေရာဖျောက်ရန် မဖြစ်နိုင်တော့ပေ။
ဝမ်ရှန်းသည် သူ၏ အမြင်အာရုံနှင့် ပတ်သက်၍ ကျေနပ်မိသော်လည်း ရန်သူများကို အထင်မသေးရဲချေ။ နောက်ယောင်ခံ သူများ၏ အမြင်အာရုံမှာလည်း ကောင်းမွန်လှပြီး အမျိုးမျိုးသော ခြေရာခံနည်းများဖြင့် သူ့နောက်သို့ အချိန်မီ လိုက်လာကြသည်သာ ဖြစ်သည်။
တောအုပ်ထဲသို့ ဝင်လေလေ မြူနှင်းများ ထူထဲလာလေ ဖြစ်သည်။ မျက်စိရှေ့ ဆယ်မီတာ အဝေးကိုသာ မြင်နိုင်စွမ်းရှိပြီး မြောက်မြားစွာသော မြူနှင်းများကြောင့် တောအုပ်မှာ ပို၍ အန္တရာယ်များ လာလေသည်။
တန်အိုနှင့် အခြားသူများသည် လမ်းတစ်လျှောက်လုံး အပြေးအလွှား လိုက်လာခဲ့ကြသဖြင့် အသက်ရှူနှုန်းများ မြန်ဆန်လာကြကာ ခန္ဓာကိုယ် အင်အားသည် များစွာ လျော့ကျ လာပေသည်။ ၎င်းမှာလည်း သာမန်ဖြစ်စဉ် တစ်ခုသာ ဖြစ်လေရာ မည်သူကမှ အရေးတယူ မလုပ်ကြဘဲ ဆက်လိုက် နေကြသည်။
ဝမ်ရှန်း၏ အဝတ်အစား များမှာလည်း ယခင်က အတိုင်းပင်။ ပြင်ပမှ တောအုပ်ထဲသို့ ဝင်သည်အထိ အစိမ်းပုပ်ရောင် ပြောက်ကျား ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဉီးထုပ် ဆောင်းထားသည်။ ထို့နောက် လည်ပင်းနှင့် ခေါင်းကို ကာကွယ်ရန် ပိတ်စဖြင့် ဖုံးအုပ် ထားပေလိမ့်မည်။
တန်အိုနှင့် အခြား သူများသည် ခြင်နှင့် အင်းဆက်မျိုးစုံ၏ ကိုက်ခဲမှုကို ခံခဲ့ရပြီးနောက် ဝမ်ရှန်းကို အတုခိုးကာ ဝတ်ဆင်ခဲ့ကြသည်။
သို့ရာတွင် ဝမ်ရှန်းကဲ့သို့ ကြိုတင်ပြင်ဆင်မှု မရှိသဖြင့် အဝတ်စများဖြင့် ဖုံးအုပ် ထားရန်သာ တတ်နိုင်ကြပြီး မျက်လုံးများကိုမူ ဝိညာဉ်စွမ်းအင်ဖြင့် အကာအကွယ် ယူရသည်။
ဝမ်ရှန်း၏ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ် ပေးထားသည့် အကာအကွယ် မျက်နှာဖုံးကိုမူ များစွာ အာရုံမထားကြချေ။ ၎င်းမှာ လူရိုင်းများ၏ ဝတ်စား ဆင်ယင်ပုံဟုသာ မှတ်ယူ လိုက်ကြပြီး လူရိုင်းများမှာ ထူးဆန်းစွာ ဝတ်စား တတ်ကြသဖြင့် တန်အို ကိုယ်တိုင်ပင် ၎င်းမျက်နှာဖုံး အတွက် အရေးတယူ မရှိချေ။
ဤသို့ဖြင့် ဝမ်ရှန်း၏ မျက်နှာဖုံး အောက်တွင် တပ်ဆင်ထားသည့် ကာဗွန် စစ်ထုတ်လွှာကိုလည်း မည်သူမျှ သတိမထား မိကြတော့ချေ။ တန်အိုနှင့် ဝိညာဉ်သခင် သုံးယောက်သည် သူတို့ အားလုံးမှာ သေမင်း ချောက်ကမ်းပါးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယခုအချိန်ထိ မသိရှိကြသေးပေ။
ဝမ်ရှန်း၏ နှာခေါင်းနှင့် ပါးစပ်ကာ မျက်နှာဖုံးသည် မာကျော၍ အလယ်တွင် နေရာလွတ် တစ်ခုပါသည်။ ၎င်းနေရာလွတ်တွင် ကာဗွန်စစ်ထုတ်လွှာ ပါဝင်ပြီး အချိန်မရွေး ဖယ်ရှားနိုင်သည်။ ကာဗွန် စစ်ထုတ်လွှာ၏ နံဘေး တစ်ဖက်တစ်ချက်စီ၌ အပေါက်နှစ်ခု ပါဝင်ပြီး ၎င်း အပေါက်နှစ်ခုကို လေအိတ်ငယ်လေး နှစ်ခုနှင့် ဆက်သွယ် ထားသည်။
ထို့ကြောင့် ရေထဲတွင် ရှိနေပါက လေအိတ်၏ အကူအညီ ဖြင့် ပုံမှန်အတိုင်း အသက်ရှူ နိုင်သည်။ မျက်နှာဖုံးတွင် ပါဝင်သည့် မူလ ကာဗွန်စစ်ထုတ်လွှာကို ကမ္ဘာမြေမှ ခေတ်မီ စက်ရုံကြီး တစ်ခုမှ ပြုလုပ်ထားခြင်း ဖြစ်ကာ စစ်ထုတ်အားက အလွန် ကောင်းမွန်လှသည်။
သို့ရာတွင် ဂျင်ဒီတားမြစ် နယ်မြေထဲ၌ ရက်အတော်ကြာ အသုံးပြုထားသဖြင့် စစ်ထုတ်နိုင်စွမ်း ပျောက်ကွယ် သွားသည်မှာ ကြာပြီဖြစ်၏။ ဝမ်ရှန်း ယခု အသုံးပြုနေသည့် ကာဗွန် စစ်ထုတ်လွှာသည် ရှန်းလင်နှင့် လင်ချွမ်းမြို့တွင် ရှိစဉ်က သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နည်းပညာသည် မမြင့်မားလှသဖြင့် အလွယ်တကူ ပြုလုပ်နိုင်ခဲ့သော်လည်း အကျိုး သက်ရောက်မှုသည် စက်ရုံထုတ် ပစ္စည်းလောက် မကောင်းပေ။ ဆိုရလျှင် ဝမ်ရှန်း၏ ကာဗွန် စစ်ထုတ်လွှာသည် မူလ စစ်ထုတ်လွှာလောက် အချိန်အတော်ကြာ ခံမည် မဟုတ်ပေ။ သက်တမ်းအားဖြင့် နှိုင်းယှဉ်ပါက တစ်ဝက်သာ ခံပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေ စစ်ထုတ်နိုင်စွမ်း ရှိနေခြင်းကပင် များစွာ ကောင်းမွန် နေလေပြီ။ ဝမ်ရှန်းသည် ကာဗွန် စစ်ထုတ်လွှာများကို ဆယ်ခုမက ပြင်ဆင် ထားခဲ့လေရာ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အချိန်မီ ကာကွယ်ရန် လုံလောက်လေသည်။ ဝမ်ရှန်းသည် တောအုပ် တစ်ခုလုံး ပျံ့နှံ့နေသည့် အနံ့ဆိုးများ သူ၏ စစ်ထုတ်လွှာနှင့် အပြင်ဘက်တွင် ပတ်ထားသည့် ပိတ်စကို ဖောက်၍ နှာခေါင်းထဲသို့ တိုးဝင်လာချိန်တွင် စစ်ထုတ်လွှာ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
***