အခန်း ၇၇
ကြောက်မက်ဖွယ်ဂျင်ဒီတားမြစ်နယ်မြေ(၁၄)
“ရွှပ် ရွှပ် ”
စုန့်မင်၏ လက်ထဲမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ ဝမ်ရှန်း၏ လက်အပေါ်နားမှ ကြိုးထံ ပြေးဝင်လာသည်။ သူသည် ကြိုးကို အသေအချာ မမြင်ရသော်လည်း ကြိုးရှိ နေ၍သာ ဝမ်ရှန်း ပြုတ်မကျခြင်း ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ ကြိုးပြတ် သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းလည်း အဆုံးသတ်ပေမည်။
သို့ရာတွင် ဝမ်ရှန်းသည် အဘယ်ကြောင့် ဤသို့ အဖြစ်ခံမည်နည်း။ ရုတ်ခြည်းပင် လက်တစ်ဖက်ကို မြှောက်ကာ စုန့်မင် ပစ်လွှတ်လိုက်သည့် ဓားမြှောင်နှစ်လက်ကို တိုက်ရိုက် ပစ်ချလိုက်လေသည်။
“ဒိုင်း ဒိုင်း”
တိကျသေချာသည့် ပစ်ချက်က ဓားမြှောင်များကို တိုက်ရိုက် ထိမှန်သွားသည်။ ပထမ တစ်ချက်သည် ချွန်မြသော ဓားသွား၏ ဉီးတည်ချက်ကို ပြောင်းသွားစေပြီး ဒုတိယတစ်ချက်သည် ဒုတိယမြောက် ဓားမြှောင်ကို ဖောက်ထွင်း၍ အဝေးသို့ ကန်ထွက် သွားစေသည်။
စုန့်မင် သာမက ချောက်ကမ်းပါး အစွန်းမှ တန်အိုနှင့် အခြားသူများလည်း ဤမြင်ကွင်းကို တွေ့မြင် လိုက်ကြရသည်။ စုန့်မင်သည် စိတ်ပျက် အားလျော့စွာ အော်ဟစ်လိုက်ပြီး ကခုန်နေသည့် အလား ခြေကားယား လက်ကားယားဖြင့် ချောက်ကမ်းပါးမှ တစ်ဟုန်ထိုး ပြုတ်ကျ သွားတော့သည်။
တန်အိုသည် စုန့်မင် ချောက်ကမ်းပါးမှ ပြုတ်ကျသွားသည်ကို အသေအချာ မြင်တွေ့ လိုက်ရသည့်အပြင် တစ်ချိန်တည်းမှာပင် စုန့်မင်သည် အဘယ်ကြောင့် သူ့ဘဝကို ရင်း၍ ချောက်ကမ်းပါးမှ ခုန်ချသွားကြောင်း နားလည် လိုက်သည်။ သို့ရာတွင် ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရုံမှ တစ်ပါး အခြား မတတ်နိုင်ချေ။
ဝမ်ရှန်းသည် မီတာ ၄၀ အထိ ရောက်ရှိသွားပြီ ဖြစ်ပြီး စုန့်မင်၏ အော်ဟစ်သံမှာ ခပ်တိုးတိုးသာ ရှိတော့သည်။ သို့သော် တန်အို၏ နှလုံးသားသည် စုန့်မင်၏ အော်ဟစ်သံ နှင့်အတူ တစ်စတစ်စ ပို၍ အေးခဲလာသည်။ သူသည် ကိစ္စများစွာကို နားမလည်နိုင်ခဲ့ပေ။
ဝမ်ရှန်းသည် အဘယ်ကြောင့် ဂျင်ဒီတားမြစ် နယ်မြေ၏ အန္တရာယ်များကို ကြိုတင် ခန့်မှန်းနိုင်ပါသနည်း။
ချောက်ကမ်းပါးတစ်ခု ရှိနေသည်ကို ကြိုသိနေသည့်သဖွယ် အဘယ်ကြောင့် ကြိုးများ ရှိနေပါသနည်း။
အဘယ်ကြောင့် ဝမ်ရှန်းသည် ရေများစွာကို ကြိုတင် ပြင်ဆင်ခဲ့သနည်း။
မေးခွန်းပေါင်း များစွာသည် ခေါင်းထဲတွင် ရှုပ်ထွေး နေသော်လည်း အဖြေမရှာနိုင်ခဲ့ပေ။
“မဟုတ်မှလွဲရော ဝမ်ရှန်းက ဂျင်ဒီတားမြစ်နယ်မြေက လူများလား”
ရုတ်တရက် တန်အို၏ စိတ်ထဲတွင် အတွေးတချို့ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ဝမ်ရှန်းသည် တစ်ဖက် ကမ်းပါးပေါ်သို့ အောင်မြင်စွာ ခြေချနိုင်သွားသည်။
စုန့်မင်၏ အော်ဟစ်သံသည် ပျောက်ကွယ် သွားပြီး ဘုန်းခနဲ တိုးသဲ့သဲ့ အသံတစ်ခုမှ လွဲ၍ အခြား မည်သည့်အသံမျှ မကြားရတော့ပေ။
ဝမ်ရှန်းနှင့် တန်အိုသည် ကမ်းပါးစွန်း၌ ရပ်ကာ ပြိုင်တူ ငုံ့ကြည့် လိုက်ကြသည်။ အောက်၌ ချုံနွယ် ပိတ်ပေါင်းများ ထူထပ်နေသဖြင့် စုန့်မင်၏ ခန္ဓာကိုယ်အား မမြင်ရချေ။ သို့သော် သေချာသည့် တစ်ခုတည်းသော အရာမှာ စုန့်မင်မှာ မည်သည့် နည်းနှင့်မျှ အသက်ရှင်နိုင်မည် မဟုတ်ကြောင်းပင်။
သူ၏လက်ကို လှုပ်ရှားလိုက်ရုံဖြင့် မြားတွင် ချည်ထားသည့် ကြိုးသည် အလွယ်တကူပင် ကျွတ်ထွက်သွားပြီး စစ်နာရီ၏ ဆွဲရစ်မှု အောက်တွင် တိတ်ခွေအလား အလိုအလျောက် ပြန်ဝင်သွားသည်။
အစမှ အဆုံးတိုင်အောင် တန်အိုနှင့် အခြားသူများသည် ဝမ်ရှန်းမှာ မည်သည့်ကြိုးကို သုံး၍ တစ်ဖက်ကမ်းသို့ ခုန်သွားကြောင်း အသေအချာ နားမလည် လိုက်ကြပေ။
ဝမ်ရှန်းသည် သူတို့ရှိရာသို့ တစ်ချက် စိုက်ကြည့်ကာ လှည့်ထွက် သွားသည်။ ထို့နောက် ရှေ့မှ တောအုပ်ထဲသို့ တစ်ဖန် တိုးဝင် ပျောက်ကွယ် သွားလေသည်။ ဝမ်ရှန်း ပျောက်ကွယ် သွားသည့် အချိန်မှစ၍ တန်အိုသည် အရူးတစ်ယောက် သဖွယ် အော်ဟစ်နေသည်။
“ငါ ဘာလုပ်ရမလဲ ငါဘာလုပ်ရမလဲ”
တန်အိုသည် ဆံပင်များကို ထိုးဖွ၍ ဟိုမှသည် လျှောက်နေသည်။ ကြမ်းကြုတ်သော မျက်လုံးများသည် အခြားသော ဝိညာဉ်သခင် သုံးယောက်ထံ ရံဖန်ရံခါ ကျရောက် လာတတ်သည်။ တန်အို၏ အကြည့်ကြောင့် စတုတ္ထ အဆင့် ဝိညာဉ်သခင် သုံးယောက်သည် သတိ အနေအထားဖြင့် ရပ်နေကြကာ တန်အိုအား အနှောင့်အယှက် ဖြစ်စေမည့် လုပ်ရပ်မျိုးကို မလုပ်ရဲကြပေ။
ရှီမိသားစု၏ ရတနာမြေပုံကို ခိုးယူသွားခဲ့သည့် ဝမ်ရှန်းအား ဖမ်းဆီးရန် အင်အားစု အသီးသီးမှ ဝိညာဉ်သခင်များ စေလွှတ်စေခဲ့ပြီး အင်အား ထောင်ချီသည်။
အများစုသည် တောင်ကြား၌ မီးကျွမ်း သေဆုံး သွားခဲ့ကြပြီး ဝိညာဉ်သခင် တစ်ရာကျော်ခန့်သာ ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်ရောက် လာခဲ့ကြသည်။ မြေကမ္ဘာ အက်ကွဲ မျောက်ဝံ၊ အသားစား ပုရွက်ဆိတ်တပ်၊ အသားစား ငါးများနှင့် ရင်ဆိုင်ကြုံတွေ့ ရပြီးနောက် ပဉ္စမအဆင့် ဝိညာဉ်သခင် ၂ ယောက်သာ ကျန်တော့ပြီး ယခု စုန့်မင်သည်လည်း ချောက်ကမ်းပါးမှ ပြုတ်ကျ သွားလေပြီ။
ဤအရာ အားလုံးသည် ဝမ်ရှန်းကြောင့်ဟု ဆိုနိုင်သော်လည်း ဝမ်ရှန်း ကိုယ်တိုင် သတ်ခဲ့ခြင်းတော့ မဟုတ်ပေ။ သူသည် သေစေနိုင်သော အခြေအနေများကို ဖန်တီး သွားခဲ့ရုံသာ ဖြစ်ပြီး နောက်ယောင်ခံ သူများကို သေတွင်းထဲသို့ တိုးဝင်စေခဲ့သည်။ လူတိုင်းသည် နောင်တ တရားကိုသာ ရင်ဝယ်ပိုက်၍ တိတ်တဆိတ် သက်ပြင်း ချလိုက်ကြသည်။
တန်အိုနှင့် တကွ သူတို့သည်လည်း စုန့်မင်နှင့် တူညီစွာ ချောက်ကမ်းပါးမှ ပြုတ်ကျ မသွားနိုင်ပါဟု မည်သူမှ အာမ မခံရဲချေ။
“ဆင်း ဆင်းဖို့ လမ်းရှိတယ်”
ဝိညာဉ်သခင် တစ်ယောက်သည် တန်အို၏ ရူးသွပ်လုနီးနီး ဖြစ်နေသည့် ပုံစံကြောင့် စတုတ္ထ အဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အရှိန်အဝါပင် မရှိတော့ဘဲ ထိတ်လန့် ကြောက်ရွံ့စွာ ဆိုသည်။
“ဘာနည်းလမ်းလဲ”
တန်အိုသည် ရုတ်တရက် ရပ်တန့်၍ စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
“ကျုပ်တို့မှာ ကြိုးမရှိပေမယ့် နွယ်ပင်တွေရှိတယ်”
ဝိညာဉ်သခင်သည် နောက်ဘက်ရှိ တောအုပ်ထဲမှ နေရာအပြည့် ပေါက်ရောက်နေသည့် စပျစ် နွယ်ပင်များကို လက်ညှိုးထိုးကာ –
“ဒီနွယ်တွေကိုသာ ခိုင်ခံ့အောင် ကျစ်နိုင်ရင် အောက်ဆင်းဖို့ သိပ်မခက်တော့ဘူး”
ဆိုရလျှင် သူ၏ နည်းလမ်းသည် ပြဿနာ တစ်ဝက်ကို ဖြေရှင်းပေးနိုင်သည်။ ချောက်ကမ်းပါး၏ အောက်သို့ ဆင်းရန် နည်းလမ်းကို ရှာတွေ့ပြီ ဖြစ်သော်လည်း တစ်ဖက် ကမ်းပါးသို့ မည်သို့ သွားရမည်နည်း။
ထိုအခိုက်အတန့်တွင် တန်အို၏ မျက်လုံးများမှာ နီရဲလာပြန်သည်။
“အရင်ဆင်းရအောင်”
တန်အိုသည် ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် ပီသစွာပင် စိတ်သည် လျင်မြန်စွာ ပြန်လည် တည်ငြိမ်လာသည်။ စုန့်မင်၏ သေဆုံးမှုကြောင့် စိတ်မကောင်း ဖြစ်မိသော်လည်း ယခု တည်ငြိမ်ရာ ရနေပြီဖြစ်သည်။
“ဆင်းဖို့ လုပ်ကြ”
လေးယောက်လုံးသည် အချိန်မဆွဲရဲကြဘဲ တောထဲသို့ ပြေးဝင်ကာ မာကျောသည့် စပျစ်နွယ်ပင်များကို အရူးအမူး ခုတ်ဖြတ်ကြသည်။ များမကြာမီ ကြိုးရှည်တစ်ခု ကျစ်ရန် လိုအပ်သည့် စပျစ်နွယ်ပင်များ ရရှိလာပြီး အသေအချာ ကျစ်သည်။
ကြိုးတစ်ဖက်ကို ချောက်ကမ်းပါးပေါ်မှ ခိုင်ခံ့သည့် သစ်ပင်တွင် ချည်လိုက်ပြီး ကျန်တစ်ဖက်ကို ကမ်းပါး အောက်သို့ ပစ်ချလိုက်သည်။ လေးယောက်လုံးသည် စပျစ်နွယ်ပင်များကို တင်းကျပ်စွာ ဆုပ်ကိုင်၍ တစ်ယောက်ပြီး တစ်ယောက် ဆင်းကြသည်။
လေးယောက်လုံးမှာ ဝိညာဉ်သခင်များ ဖြစ်ကြလေရာ အချိန်တို အတွင်းမှာပင် အောက်သို့ ရောက်ရှိ သွားကြသည်။
တန်အိုသည် ပထမဆုံး ရောက်ရှိသူ ဖြစ်ကာ အခြား ကမ်းပါးသို့ ကူးနိုင်ရန် နည်းလမ်းကို ရှာဖွေနေစဉ် ရုတ်တရက် ရပ်တန့် သွားလေသည်။
နောက်မှ ဆင်းလာသော ဝိညာဉ်သခင် သုံးယောက်သည် တန်အို၏ အကြည့်အတိုင်း ကြည့်လိုက်စဉ် စုန့်မင်၏ အလောင်းကို မြင်တွေ့ လိုက်ရသည်။
စုန့်မင်သည် အလွန် ကံဆိုးလှသည်ဟု ဆိုရပေမည်။ သူပြုတ်ကျ သွားခဲ့သည့် နေရာသည် မိစ္ဆာ သားရဲ တစ်ကောင်၏ အရိုးစုဖြစ်ပုံရကာ အချို့အရိုးများမျာ ကောင်းကင်ထက်သို့ ထောင်မတ် နေသည်။ စုန့်မင် ပြုတ်ကျလာချိန်တွင် အရိုးတစ်ခုသည် ရင်ဘတ်ကို စိုက်ဝင်သွားလေရာ သေဆုံးမှုမှာ ကြောက်ခမန်း လိလိပင် ဖြစ်သည်။
“သွားကြစို့”
တန်အိုသည် တစ်ခဏမျှ တုံ့ဆိုင်း နေပြီးနောက် ချက်ချင်း လောဆော် လိုက်သည်။ ယခု အချိန်တွင် သူသည် အုပ်စု၏ ကျောရိုးဖြစ်ပြီး အားနည်းဟန်ပြ၍ မရချေ။ လေးယောက်လုံးသည် ချောက်ကမ်းပါး အောက်ခြေ၌ အသီးသီး လူစုခွဲ၍ တစ်ဖက် ကမ်းပါးသို့ ရောက်ရှိနိုင်ရန် လမ်းကြောင်းကို ရှာဖွေလိုက်ကြသည်။
ထိုအခိုက်တွင် သူတို့သည် ဝမ်ရှန်းနောက်သို့ လိုက်မမီမည်ကို စိုးရိမ် ရသည့်အပြင် မိစ္ဆာ သားရဲများ၏ အန္တရာယ်ကိုလည်း စိုးရိမ်နေရသဖြင့် မည်သူကမှ အချိန်မဆွဲရဲကြဘဲ အလျင်စလို လှုပ်ရှား နေကြသည်။
အချိန်အတော်ကြာ ရှာဖွေပြီးသည်အထိ လမ်းကြောင်းကို ရှာမတွေ့သဖြင့် လူတိုင်း စိတ်ပျက် အားငယ် လာစဉ်မှာပင် ဝိညာဉ်သခင် တစ်ယောက်သည် တစ်ဖက် ကမ်းပါးသို့ ခရီးပေါက်နိုင်သည့် လမ်းကြောင်းငယ်လေး တစ်ခုကို ရှာတွေ့သွားလေသည်။
အပေါက်သည် အလွန် ကျဉ်းသော်လည်း လူတစ်ကိုယ်စာ ဝင်ရန် လုံလောက်ပေသည်။ လေးယောက်လုံးသည် အပေါက်ထဲသို့ တန်းစီ၍ ဝင်ကာ ဖြည်းဖြည်းချင်း လျှောက်သွားကြသည်။ တန်အိုသည် အပေါက်ထဲမှ ထွက်၍ တစ်ဖက် ကမ်းပါးထိပ်သို့ ရောက်ရှိ သွားချိန်တွင် သေခြင်းမှ လွတ်မြောက် လာသည့် ပျော်ရွှင်မှုကို ခံစားလိုက်ရပြီး ပျော်လွန်းသဖြင့် ငိုကြွေးလုနီးနီးပင်။
***