Switch Mode

Chapter – 76

ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၁၃)

အခန်း ၇၆
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၁၃)

ဝမ်ရှန်းသည် လေးနှင့် မြားကို အသုံးချကာ တစ်ဖက် ကမ်းပါးကို ခုန်ကူးတော့မည့် အချိန်တွင် နောက်မှ လူငါးယောက်လုံး လန့်ဖျပ် သွားသည်။ စုန့်မင်သည် တစ်စုံတစ်ခုကို သိရှိသွားသည့် အလား ဝမ်ရှန်း နေခဲ့သည့် တောင်ထိပ်သို့ ကမူးရှူးထိုး ပြေးတက်သွားသည်။

တန်အိုသည် တစ်ခဏမျှ ကြောင်အမ်း နေပြီးမှ အဖြစ်အပျက် များကို နားလည်သွားကာ လျင်မြန်စွာ လိုက်ပါ သွားလေသည်။ ကျန်လူသုံးယောက်တို့မှာလည်း ဝရုန်းသုန်းကား ထရပ်ကာ ပြေးတက် သွားကြသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် မြားကို တစ်ဖက် ကမ်းပါးထိပ်သို့ ပစ်ခွင်း လိုက်လေပြီ။

စုန့်မင်၏ အလျင်နှုန်းသည် အလွန်အမင်း မြန်ဆန်သည်ဟု ဆိုရပေမည်။ ဝမ်ရှန်း ကိုယ်တိုင်ပင် ဤမျှ မြန်ဆန် လိမ့်မည်ဟု မထင်မိချေ။ သူ တစ်ဖက် ကမ်းပါးသို့ မြားပစ် လိုက်သည်နှင့် တစ်ပြိုင်နက် စုန့်မင်မှာ ဝမ်ရှန်း အနီးသို့ ရောက်ရှိ လာလေပြီ။

ကြိုးအစွန်း တစ်ဖက်ကို မြားတွင် ချည်ပေးလိုက်ပြီး ကျန်တစ်ဖက်သည် သူ့လက်ရှိ စစ်နာရီမှ ဖြစ်ရာ ဝမ်ရှန်းသည် ကြိုးကို လက်ဖြင့် ကိုင်ထားစရာ မလိုချေ။ နာရီ လက်ပတ်ကြိုးသည် ဝမ်ရှန်း၏ အလေးချိန်ကို သေချာပေါက် ခံနိုင်ရည် ရှိပေသည်။

ဝမ်ရှန်းသည် မြားပစ်ပြီးသည်နှင့် တစ်ပြိုင်နက် သူရပ်နေရာ ချောက်ကမ်းပါးစွန်းမှ ခုန်ချလိုက်သည်။ သုံးမီတာခန့်အထိ အောက်သို့ ပြုတ်ကျ သွားချိန်တွင် လက်မောင်းသည် တင်းကျပ်သွားပြီး စစ်နာရီမှ ကြိုးသည် ရုတ်တရက် တင်းကျပ် လာသည်။

ထို့နောက်တွင်မူ သူသည် ခန္ဓာကိုယ်ကို ထိန်းညိှလျက် မြားစိုက်ဝင်နေသော တစ်ဖက် ကမ်းပါးထိပ်ကို ဉီးတည် လွှဲယမ်းသွားသည်။

စုန့်မင်သည် ဝမ်ရှန်း ခုန်ချသွားသည်ကို အသေအချာ မြင်တွေ့လိုက်သည်။ သူ ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိ သွားချိန်တွင် ဝမ်ရှန်းသည် ကမ်းပါးအောက် ငါးမီတာခန့် ရောက်ရှိ သွားလေပြီ။

စုန့်မင်သည် အနေအထားကို ချက်ချင်း နားလည်သွားပြီး နှလုံးသား တစ်ခုလုံး တုန်ခါလာသည်။ ဝမ်ရှန်းသာ ထွက်ပြေး လွတ်မြောက် သွားပါက သူတို့အားလုံး ဂျင်ဒီတားမြစ် နယ်မြေ၏ အန္တရာယ်များကို ကိုယ့်ဘာသာ ရင်ဆိုင်ရတော့မည်။

မည်သည့် အရပ်အား သွားရမည်ကို မသိသလို ဝမ်ရှန်းကဲ့သို့ အန္တရာယ်ကို ကြိုတင် ခန့်မှန်းနိုင်စွမ်းလည်း မရှိကြပေ။ စုန့်မင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်း မနေတော့ဘဲ ဝမ်ရှန်းပေါ်သို့ ခုန်အုပ်လိုက်သည်။

ချောက်ကမ်းပါးစွန်းကို ခြေဖြင့် ကန်ကာ တစ်ကိုယ်လုံးသည် လေးညှို့မှ ပစ်ခွင်းလိုက်သည့် မြားတစ်စင်း သဖွယ် ဝမ်ရှန်းထံ ပြေးဝင်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် ချောက်ကမ်းပါးစွန်းမှ အောက်သို့ ငါးမီတာ အဝေးထိ ရောက်ရှိနေပြီ ဖြစ်ကာ ထိုအကွာအဝေးသည် စုန့်မင်အတွက် အသေးအဖွဲ မျှသာ ဖြစ်သည်။

ခန္ဓာကိုယ်သည် လေထဲသို့ ကျသွားသည်နှင့် တစ်ပြိုင်နက် စုန့်မင်သည် ဝမ်ရှန်းကို ဖမ်းဆီးရန် ပြင်လိုက်သည်။ ဝမ်ရှန်းကိုသာ ချုပ်ကိုင် နိုင်ပါက ဂျင်ဒီတားမြစ် နယ်မြေထဲတွင် အသက်ရှင်နိုင်ရုံ သာမက ဂျင်ဒီတားမြစ် နယ်မြေ၏ ဆန်းကြယ်မှုများကိုပါ ဖော်ထုတ်၍ နာမည်ကြီး တစ်ယောက် ဖြစ်လာနိုင်သည်။

ထိုအခိုက်အတန့်တွင် သူနှင့် ဝမ်ရှန်းသည် နှစ်ယောက်လုံး လေထဲတွင် ရှိနေကြခြင်း ဖြစ်ကာ သားရဲ အန္တရာယ်လည်း မရှိသကဲ့သို့ ခုခံနိုင်စွမ်းလည်း မရှိပေ။ စုန့်မင်သည် ချောက်ကမ်းပါးမှ ခုန်ချလိုက်သည်နှင့် ကျေနပ်စွာ ပြုံးလိုက်သည်။ စုန့်မင်က ဝမ်ရှန်းကို ချောက်ကမ်းပါးပေါ်မှ ခုန်ချ၍ ဖမ်းဆီးခဲ့သည် ဆိုသော သတင်းသည် နောင်နှစ်ပေါင်း များစွာအထိ ဒဏ္ဍာရီ သဖွယ် တည်ရှိနေပေလိမ့်မည်။

စိတ်ကူးများသည် လှပသော်လည်း လက်တွေ့သည် ကံမကောင်းစွာ ရက်စက်လှသည်။ အသေးငယ်ဆုံးသော လွဲချော်မှုလေးကပင် အနာဂတ် တစ်ခုလုံးကို ပြောင်းပြန် လှန်ပစ်နိုင်သည်။ စုန့်မင်၏ လှပသော အတွေးများ မဆုံးခင်မှာပင် ဝမ်ရှန်း၏  လက်ထဲ၌ ထူးဆန်းသော လက်နက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

Glock 17..။

ဝမ်ရှန်း၏ လက်တစ်ဖက်သည် နာရီနှင့် ချိတ်ဆက် ထားသဖြင့် မအားပေ။ သို့သော် ကျန်လက် တစ်ဖက်ဖြင့် Glock 17 ပစ္စတိုကို ဆွဲထုတ် လိုက်လေသည်။ ဝမ်ရှန်းသည် စုန့်မင်မှာ ဉီးနှောက်မဲ့စွာ ခုန်ချလာခြင်း အတွက် အံ့သြသွားသော်လည်း အရေးနိမ့်သွားခြင်းတော့ မဟုတ်ပေ။

ပစ္စတိုကို ချက်ချင်း ထုတ်ယူ၍ နှစ်ချက်ဆက်တိုက် ပစ်ချလိုက်သည်။ ပထမ တစ်ချက်သည် ရင်အုပ်ကို ပစ်လိုက်ခြင်းဖြစ်ပြီး ဒုတိယ တစ်ချက်သည် မျက်လုံး တည့်တည့်ဖြစ်၏။ ရင်အုပ်ကို ပစ်ခြင်းသည် ရန်သူကို ဒဏ်ရာရစေရန် အခွင့်အရေး များသောကြောင့် ဖြစ်ကာ မျက်လုံးကို ပစ်ခြင်းသည် သေချာပေါက် သေစေနိုင်သောကြောင့်ပင်။

“ဒိုင်း”

သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။

ချောက်ကမ်းပါးအောက် ဆိုက်ဆင်း လိုက်ပါလာသော လေထုထဲမှ စုန့်မင်သည် ရှောင်တိမ်းရန် အနေအထား မရှိလေရာ ကျည်ဆန်က ရင်အုပ်၏ ညာခြမ်း တည့်တည့် ထိမှန်သွားသည်။

စုန့်မင်သည် အော်ရာ ကာကွယ်မှုကို သုံးထားသဖြင့် သာမန် လက်နက်များသည် သူ့ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ဆိုရလျှင် ခွန်အားနည်း လက်နက်များသည် သူ၏ အဝတ်အစားကိုပင် ထိုးဖောက်နိုင်စွမ်း မရှိချေ။

9mm ရှည်သည့် ပစ္စတို ကျည်သည် စုန့်မင်၏ အဝတ်အစားများကို ဖောက်ထွင်းလျက် ရင်အုပ် အရေပြားနှင့် အပေါ်ယံလွှာကို ဖောက်ဝင် သွားသည်။ သို့ရာတွင် ထိုမျှနှင့် ရပ်တန့်သွားပြီး ကြွက်သားများ၊ အရိုးများကို ဖောက်ဝင်နိုင်စွမ်း မရှိတော့ပေ။

ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အော်ရာ ကာကွယ်မှု အောက်တွင် 9mm ပစ္စတိုကျည်သည် ကြွက်သားများကို ထိသည်နှင့် ပြန်ခုန်ထွက် လာသည်။

အသေအချာ ထိန်းချုပ်နိုင်ပါက အရေပြားကို ထိုးဖောက်သွားသည့် သေနတ် ဒဏ်ရာသည် သွေးပင် စို့မည်မဟုတ်ချေ။ ရင်အုပ်မှ နာကျင်မှုကြောင့် စုန့်မင်သည် ဝမ်ရှန်း၏ လက်ထဲမှ လျှို့ဝှက်လက်နက် အကြောင်း နားလည်လိုက်ပြီး စိတ်သက်သာရာ ရသွားသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ဒုတိယမြောက် ကျည်ဆန်က မျက်လုံးထဲသို့ ဖောက်ဝင်ရန် ပြေးဝင်လာသည်။

စုန့်မင်သည် အလွန်အမင်း ထိတ်လန့်သွားလျက် ဉီးခေါင်းကို ကာကွယ်ရန် ဝိညာဉ်စွမ်းအင်များ အလျင်စလို စုစည်းလိုက်သည်။ ကံကောင်းစွာပင် ဝိညာဉ်စွမ်းအင်ကို အချိန်မီ စုစည်း လိုက်နိုင်လေရာ သူသည် ပျာယာခတ်သွားခြင်း မရှိဘဲ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။

ဤသို့ဖြင့် ကျည်ဆန်သည် မျက်လုံးကို ရှောင်ကွင်း၍ ဉီးခေါင်းခွံကို ပွတ်တိုက် ဖောက်ဝင် သွားသည်။ ကျည်ဆန်နှင့် ဉီးခေါင်းခွံ၏ မာကျောမှုကို အားပြိုင်ပါက ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ ဉီးခေါင်းခွံက ပို၍ မာကျောပေလိမ့်မည်။

ပဉ္စမအဆင့် ဝိညာဉ်သခင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို မယုံကြည်နိုင်ဖွယ် အဆင့်အတန်း တစ်ခုအထိ ခိုင်မာစေရန် လေ့ကျင့်ထားပြီးသား ဖြစ်ကာ နူးညံ့သည့် ပါးစပ်နှင့် မျက်လုံးများမှ လွဲ၍ အခြား အစိတ်အပိုင်းများမှာ သံမဏိကဲ့သို့ မာကျောသည်။

သို့ရာတွင် ကျည်ဆန်နှင့် ပွတ်တိုက် သွားမှုကြောင့် ဉီးခေါင်းခွံမှ သွေးများစွာ ယိုစီးကျလာပြီး မျက်လုံးထဲသို့ စီးဝင်လာလျက် အမြင်အာရုံများ ဝေဝါးသွားသည်။ ထိုအခိုက် ဝမ်ရှန်း၏ လက်သည် ချက်ချင်း မြှောက်တက်သွားပြီး တတိယအကြိမ် ထပ်ပစ်လိုက်သည်။

“ဒိုင်း” 

ကျည်ဆန်သည် စုန့်မင်၏ ဘယ်မျက်လုံးထံ တည့်တည့် ပြေးဝင် သွားသော်လည်း စုန့်မင်သည် လက်မောင်းကို ဝှေ့ယမ်းကာ ဝိညာဉ်စွမ်းအင် များဖြင့် ကျည်ဆန်ကို ဖယ်ရှားလိုက်သည်။ ကျည်ဆန်သည် မည်သည့် ဘက်သို့ ဉီးတည်သွားကြောင်း မသိလိုက်ရပေ။

တစ်ဖက်တွင်မူ ဝမ်ရှန်းသည် Glock 17 ပစ္စတို တစ်ခုတည်းဖြင့် ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို ဖယ်ရှား သုတ်သင် နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် သေနတ်သုံးချက် ပစ်လိုက်ခြင်းမှာ စုန့်မင်၏ အမြန်နှုန်းကို နှောင့်နှေးစေကာ ဟန်ချက် ပျက်သွားစေရန် ဖြစ်သည်။

စုန့်မင်သည် ချောက်ကမ်းပါးမှ ခုန်ချချချင်း ကျည်ဆန် သုံးခုကို ဆက်တိုက် ကာကွယ် နေရသဖြင့် ခန္ဓာကိုယ်သည်  ဟန်ချက်ပျက်ကာ ယိမ်းယိုင်လာသည်။ ဝမ်ရှန်းမှာမူ ကြိုး၏ လွှဲအားဖြင့် အလွန် လျင်မြန်စွာ လွင့်မြောနေဆဲပင်။ ခန္ဓာကိုယ် ဟန်ချက် ပျက်သွားသည်နှင့် တစ်ပြိုင်နက် စုန့်မင်သည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ရန် လက်လှမ်း မမီတော့ဘဲ အောက်သို့ ပြုတ်ကျသွားသည်။

သူ၏ လက်အစုံသည် ဝမ်ရှန်းနှင့် ပို၍ ပို၍ ဝေးကွာသွားသည်ကို သတိပြုမိသော စုန့်မင်သည် စိတ်ပျက် အားငယ်ခြင်းများ ပြည့်လျှံလာလေသည်။

ဝမ်ရှန်းကဲ့သို့ အတွေ့အကြုံ မရှိသူ တစ်ယောက်ကို လေထဲတွင် အမိဖမ်းနိုင် လိမ့်မည်ဟု ထင်ထားသော်လည်း  ဝမ်ရှန်း၏ လျှို့ဝှက် လက်နက်သည် သူ့အား သေရွာသို့ တွန်းပို့သွားခဲ့သည်။

မီတာ ၂၀၀ ကျော်မှ ပြုတ်ကျသွားပါက အသက်မသေလျှင်ပင် ခြေလက်များ သွင်သွင် ကျိုးသွားနိုင်သည်။ မသန်မစွမ်း အခြေအနေမျိုးတွင် ဂျင်ဒီတားမြစ် နယ်မြေထဲ၌ သေချာပေါက် သေဆုံး သွားပေလိမ့်မည်။ စုန့်မင်သည် သေရတော့မည်ကို သိပြီးနောက် ပထမဆုံး တွေးမိသည်မှာ ဝမ်ရှန်းကိုလည်း သေရွာသို့ တစ်ပါတည်း ဆွဲခေါ်သွားရန် ဖြစ်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset