Switch Mode

Chapter – 75

ဂျင်ဒီတားမြစ်နယ်မြေ(၁၂)

အခန်း ၇၅
ဂျင်ဒီတားမြစ်နယ်မြေ(၁၂)

ဝမ်ရှန်း ဉီးတည်ချက်သည် တောင်ကုန်း တစ်ခုဖြစ်ပြီး ဖြတ်သန်း လာခဲ့သည့် လမ်းကြောင်းမှာ အလွန် ချောမွတ်သော တောင်တက်မြေပြင် ဖြစ်သည်။ သို့ရာတွင် တဖြည်းဖြည်းဖြင့် တောင်တက် မြေပြင်သည်  ပို၍ နက်စောက်လာသည်။

အံ့သြစရာ မဟုတ်သော်လည်း တောင်ထိပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဓားသဏ္ဌာန်  ကန့်လန့်ဖြတ် ချောက်ကမ်းပါး တစ်ခုကို တွေ့မြင်လိုက်ရသည်။ ချောက်ကမ်းပါးသည် အလွန် မြင့်မား၍ ဝမ်ရှန်း၏ ခန့်မှန်းချက်အရ မီတာ ၂၀၀ ခန့်  ရှိပေလိမ့်မည်။

ကန့်လတ်ဖြတ် တည်ရှိနေသည့် အနေအထားသည် တည့်တည့်ဖြစ်ကာ အတွင်းပိုင်း ထဲသို့ပင် အနည်းငယ် ခွက်ဝင်နေလျက် နားနေစရာ နေရာမရှိပေ။ တစ်နည်းဆိုရလျှင် ဤနေရာသို့ ရောက်လာခြင်းသည် သေခြင်းနှင့် အတူတူပင် ဖြစ်သည်။

နောက်ပြန် လှည့်၍လည်းမရ၊ ရှေ့ဆက် တိုးရန်လည်း မဖြစ်နိုင်ချေ။

မီတာ ၂၀၀ ကျော်မြင့်သော ချောက်ကမ်းပါး အတွက် ဝမ်ရှန်းတွင် လုံလောက်သည့် ကြိုးအရှည် မရှိပေ။ ပြန်လှည့်ရန်မှာလည်း နောက်ယောင်ခံသူ ငါးယောက်နှင့် ထိပ်တိုက် ရင်ဆိုင် ရပေလိမ့်မည်။

ထိုလူများ၏ အဖော်အားလုံးမှာ သူ့လက်ချက်ဖြင့် သေဆုံးသွားရခြင်း ဖြစ်ရာ သူ့ကို လွှတ်ပေးရန်ပင် မဆိုထားနှင့်၊ ဖမ်းမိသည်နှင့် တစ်ပြိုင်နက် အစိမ်းလိုက်ပင် ဝါးစားမလား မသိချေ။ ဂျင်ဒီတားမြစ် နယ်မြေထဲမှ မိစ္ဆာ သားရဲများ၏ ခြိမ်းခြောက်မှု မပါဘဲ ထိုလူများ၏ လက်ထဲတွင် သေချာပေါက် အပိုင်းပိုင်း ပြတ်တောက် သွားနိုင်သည်။

သို့ရာတွင် ကံကောင်းသည်မှာ ဝမ်ရှန်း ရပ်နေသည့် ချောက်ကမ်းပါး၏ နံဘေးမှ ဖြတ်၍ ထွက်သွားသည့် ကမ်းပါးတစ်ခု ရှိနေလေသည်။ ၎င်းကမ်းပါးသည် မီတာ ၃၀ ခန့် မြင့်၍ ၄၀ မီတာ ခန့်ရှည်ကာ လင်းယုန်ငှက် တစ်ကောင်၏ ကျောကုန်းသဏ္ဌာန် တည်ရှိနေသည်။

ထို ကမ်းပါးသည် ဝမ်ရှန်း ရပ်နေသည့် ချောက်ကမ်းပါးနှင့် ဆက်စပ်ထားခြင်း မရှိဘဲ တစ်ဖက်မှ တောအုပ်နှင့်သာ ပြန်လည် ဆက်သွယ် ထားသည်။ တစ်နည်းဆိုရလျှင် ဝမ်ရှန်းသည် တစ်ဖက်ကမ်းသို့ ရောက်ရှိရန် လင်းယုန်သဏ္ဌာန် ကမ်းပါးပေါ်သို့ ခုန်ချ၍ နောက်ယောင်ခံ သူများလက်မှ လွတ်မြောက် သွားနိုင်သည်။

ဝမ်ရှန်းသည် ယခင်ကတည်းက တောတောင်နှင့် အကျွမ်းတဝင် ရှိသည့်အပြင် သူထွက်ပြေး ရပါက တစ်ခုတည်းသော ရှင်သန်နိုင်မည့် နေရာမှာ တောတောင်များသာ ဖြစ်သဖြင့်  တောရိုင်းတွင်း ရှင်သန်ရေး ကိရိယာ အစုံအလင်နှင့် ဒါဇင်ပေါင်း များစွာသော ကြိုးများ၊ အခြား လိုရမည်ရ ပစ္စည်းများကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားခဲ့သည်။

သို့သော် တန်အို၊ စုန့်မင်နှင့် အခြားသူများမှာ တစ်နေ့တွင် ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တန်အိုနှင့် စုန့်မင်တို့မှာ အပြင်ထွက်သည်နှင့် တစ်ပြိုင်နက် လိုအပ်သည့် ပစ္စည်းများကို  လက်အောက် ငယ်သားများကသာ ပြင်ဆင် ထုတ်ပိုးပေးပြီး ကိုယ်တိုင် လုပ်စရာ မလိုချေ။

ထို့ကြောင့် ဝမ်ရှန်းသည် ချောက်ကမ်းပါးကို ဖြတ်သန်းရန် အဆင်သင့် ဖြစ်နေစဉ် တန်အိုနှင့် အခြားသူများမှာ အခြေအနေကိုပင် ရိပ်စားမိခြင်း မရှိကြချေ။ ဤသည်မှာ ဝမ်ရှန်းအတွက် ကြီးမားသည့် အခွင့်အရေး ဖြစ်သည်။

ဝမ်ရှန်းသည် ချက်ချင်း မလှုပ်ရှားသေးဘဲ ငြိမ်နေသည်။ သူ၏ အလျင်စလို လှုပ်ရှားမှုသည် နောက်ယောင်ခံ သူများ၏ သံသယကို နှိုးဆွပေးပြီး မလိုလားအပ်သည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။

ထို လူများသည် မီတာ ၃၀၀ ခန့် အဝေးတွင် ရှိနေခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ခွန်အားများကို အကုန် ထုတ်သုံး၍ တိုက်ခိုက်ပါက စက္ကန့်အနည်းငယ်သာ ကြာနိုင်သည်။ တန်အိုနှင့် စုန့်မင်သည် ယခင် အဖြစ်အပျက်ကြောင့် ဝမ်ရှန်း နားနေသည်ကို တွေ့သော်လည်း  အလွယ်တကူ ရှေ့ဆက် မတိုးရဲကြချေ။

ဝမ်ရှန်းသည် တောင်ထိပ်တွင် ထိုင်နေခြင်းဖြစ်ကာ လက်ရှိ အနေအထားသည် အခြားသူများထက် ပို၍ မြင့်မားသဖြင့် တစ်ချက် ကြည့်ရုံဖြင့် ဝမ်ရှန်း ဘာလုပ်နေကြောင်း မြင်နိုင်သည်။

ထို့ကြောင့် တန်အိုနှင့် စုန့်မင်တို့သည် ဝမ်ရှန်းနှင့် မီတာ ၃၀၀ အဝေးတွင် ထိုင်ကာ အနားယူရင်းဖြင့် စောင့်ကြည့် နေကြသည်။ ဆိုရလျှင် သူတို့အားလုံး အလွန်အမင်း ပင်ပန်း နွမ်းနယ်နေလေပြီ။ ကျင့်ကြံရေးအဆင့် မည်မျှ မြင့်မားစေကာမူ ဂျင်ဒီတားမြစ် နယ်မြေထဲ၌ ခြေတစ်လှမ်းကအစ သတိထား နေရသည်။

ဝမ်ရှန်း ပျောက်မသွားစေရန် သတိပြု ရသည့်အပြင် ပတ်ပတ်လည်မှ မိစ္ဆာ သားရဲများ ပြေးဝင်လာမည့် အန္တရာယ်ကိုလည်း စောင့်ကြည့်ရသည်။ မြွေများ၊ အင်းဆက်များ၊ ပုရွက်ဆိတ်များ စသည်ဖြင့် အန္တရာယ်မျိုးစုံကို အန်တုနေရသည့် အဖြစ်ပင်။

ဝမ်ရှန်းမှာ စိတ်အေးလက်အေး အိပ်စက်ရဲသော်လည်း သူတို့ မအိပ်နိုင်ကြပေ။ ရက်အနည်းငယ် ကြာအောင် မစား မသောက် နေလာရသည့်အပြင် အဖော်များ၏ သေဆုံးမှုက စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို များစွာ ကျဆင်းစေခဲ့သည်။

ဤရက်များအတွင်း ခန္ဓာကိုယ်သည် ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ရသည်ထက် နှစ်ဆမက ပို၍ ပင်ပန်းလာသည်။ တန်အိုနှင့် စုန့်မင်သည် အနားယူရန် အချိန်ရလာသဖြင့် တိတ်တခိုး ပျော်ရွှင်နေကြသည်။ လက်မောင်းကို ဘယ်ညာယမ်းကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံ ပေါ်သည့် ဝမ်ရှန်းကို စောင့်ကြည့်ရင်း အမောဖြေ နေကြသည်။

တန်အိုနှင့် စုန့်မင်တို့သည် ဝမ်ရှန်းမှာ အဘယ်ကြောင့် လက်ကို ရှေ့နောက် လွှဲယမ်း နေသည်ကို နားမလည်ကြသော်လည်း ဝမ်ရှန်းမှာမူ သူ့အကြံနှင့်သူ ဖြစ်သည်။

ဝမ်ရှန်း ထိုင်နေသည့် ချောက်ကမ်းပါးမှ တစ်ဖက်ကမ်းပါးသို့ ရောက်ရှိရန် မီတာ ၇၀ ခန့် ခုန်ရမည် ဖြစ်သည်။ ဝမ်ရှန်းသာ တခြားတစ်ဖက်သို့ အောင်မြင်စွာ ခုန်ကူးနိုင်ပါက တန်အိုနှင့် စုန့်မင်၏ ကျင့်ကြံရေးအဆင့် မည်မျှ မြင့်မားနေပါစေ ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။

သူ့နောက်မှ နောက်ယောင်ခံ သူများထဲတွင် မီတာ ၇၀ အကွာအဝေးကို တစ်ချက်တည်းဖြင့် ခုန်နိုင်မည့်လူမျိုး ရှိနေလိမ့်မည်ဟု ဝမ်ရှန်း မယုံချေ။ ထိုမျှအထိသာ အစွမ်းထက်ကြပါက ဂျင်ဒီတားမြစ် နယ်မြေထဲထိ လိုက်လာစရာ အကြောင်းမရှိချေ။

တောင်ကြားသို့ မရောက်ခင် ကတည်းက သူ့ကို ဖမ်းမိပြီးသား ဖြစ်နေပေလိမ့်မည်။

ထို့ပြင် တန်အို၊ စုန့်မင်နှင့် အခြားသူများသည် မီတာ ၂၀၀ မြင့်သည့် ချောက်ကမ်းပါးပေါ်မှ ခုန်ချကာ ဝမ်ရှန်းနောက်သို့ လိုက်ဖမ်းနိုင်စွမ်း မရှိချေ။ လူစွမ်းကောင်း ဖြစ်နေလျှင်တောင် မီတာ ၂၀၀ အမြင့်မှ ခုန်ချလျှင် ပြားချပ် သွားပေလိမ့်မည်။

ဝမ်ရှန်းကို ဖမ်းလိုပါက တခြား နည်းလမ်းကို ရှာရမည်သာဖြစ်၏။ ဝမ်ရှန်းသည် သိုလှောင် လက်စွပ်ထဲမှ ကြိုးကို ထုတ်ယူလိုက်သည်။ ၇၀ မီတာ ခန့် အဝေးမှ လင်းယုန် ကမ်းပါးပေါ်သို့ ရောက်ရှိအောင် ကြိုးကို ပစ်ထုတ်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။

ကံကောင်းစွာပင် ဝမ်ရှန်းတွင် လမ်းမှ ရရှိခဲ့သည့် လေးတစ်လက် ရှိနေပေသည်။ ၎င်း လေးသည် အလွန် သန်မာ တောင့်တင်း၍ ပေါင် တစ်ထောင်မက လေးလံသည်။

သို့သော် ပြဿနာမှာ ဝမ်ရှန်း ဝယ်ယူလာခဲ့သည့် ဤကမ္ဘာမှ ကြိုးသည် လူတစ်ယောက်၏ အလေးချိန်ကို ခံနိုင်ရည် ရှိသော်လည်း မီတာ ငါးဆယ် ရှည်လျား၍ အလွန် လေးလံနေသည်။ အလေးချိန် များပြားနေသဖြင့် မြားနှင့် ကပ်ချည်ရန် အဆင်မပြေလှချေ။

သို့သော် ဝမ်ရှန်းတွင် ဤကြိုးအပြင် နောက်ထပ် ကြိုးတစ်ချောင်း ရှိနေသေးသည်။ ခေတ်မီ ဖိုက်ဘာကြိုးသည် အလွန် ပါးလျ၍ ပိုးချည်မျှင်ထက် အနည်းငယ်သာ ပိုထူသည်။ သေးငယ်သော်လည်း ကီလို ၃၀၀ အလေးချိန်ကို ခံနိုင်ရည် ရှိသည်။

ဤကြိုးသည် နောက်ယောင်ခံ သူများကို အနီးကပ် လည်ပင်းညစ်၍ သတ်ဖြတ်ရာ၌ သုံးသည့် ကြိုးဖြစ်ပြီး ရှန်းဝေ အကျဉ်းထောင်မှ အဘိုးလီ၏ ချီးကျူးခြင်းကို ရရှိခဲ့သည့် ကြိုးဖြစ်သည်။ မီတာ ၆၀ ခန့် ရှည်လျားသည့် ကြိုးတစ်ချောင်းသည် ဝမ်ရှန်း၏ စစ်နာရီထဲတွင် ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်ထားကြမည် မဟုတ်ချေ။

ဝမ်ရှန်း၏ နာရီသည် မထင်ရှား လှသော်လည်း လျှို့ဝှက်ချက်များစွာ ပါဝင်လေသည်။ သာမိုမီတာ၊ ဟိုက်ဂရိုမီတာ၊ သံလိုက်အိမ်မြှောင်၊ ကြိုးတပ် ကိရိယာများ စသည်ဖြင့် များစွာ ထည့်သွင်းထားပြီး ဝမ်ရှန်းသာ အလိုရှိပါက နာရီကို ဖြုတ်၍ သေးငယ်သည့် ဆိုလာပေါင်းအိုး တစ်ခုအဖြစ် ပြောင်းလဲ နိုင်သေးသည်။

အရာအားလုံးမှာ ခေတ်မီ နည်းပညာ၏ အကျိုးရလဒ်များပင်။

ဝမ်ရှန်း၏ လက်ထဲတွင် ရှည်လျားသည့် မြားတစ်ချောင်းကို ကိုင်ထားသည်။ ပါးလျသည့် နာရီမှ ကြိုးကို မြား၏ အစွန်းပိုင်းတွင် အကျအန ချည်သည်။ ၎င်းမှာ အလွန် ကျွမ်းကျင်သည့် နည်းလမ်း တစ်ခုဖြစ်ကာ ချော်ထွက် မသွားစေရန် ဂရုတစိုက် လုပ်ဆောင်ရပြီး အလိုရှိပါက ကြိုးကို ပြန်လည် ယူနိုင်ရန်လည်း စီမံထားသည်။

ဝမ်ရှန်းသည် သူ၏ လျှို့ဝှက် လက်နက်ကို လင်းယုန် ကမ်းပါးပေါ်တွင် မထားခဲ့နိုင်ပေ။ မြားသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်နှင့် ကွယ်နေသဖြင့် နောက်မှ လူများ မမြင်ကြရပေ။ အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ဝမ်ရှန်းသည် အကွာအဝေးကို ထပ်မံ တိုင်းတာလိုက်ပြီး မတ်တပ် ရပ်လိုက်သည်။

တစ်ပြိုင်နက်တည်းတွင် ဝမ်ရှန်း၏ လက်ထဲမှ ရှည်လျားသည့် လေးတစ်လက်သည် လူမြင်ကွင်းသို့ ရုတ်တရက် ပေါ်ထွက် လာလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset