အခန်း ၇၄
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၁၁)
ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်သူ ရှီချုံးသည် သူ့ဘဝမှာ ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်လာပြီး အခြားသူများ၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ချေ။ အဖြစ်အပျက် များကား ဟာသသဖွယ်ပင်။
ပဉ္စမအဆင့် ဝိညာဉ်သခင် ဟူသည် မင်းမျိုးမင်းနွယ်၊ ဂိုဏ်းများ၊ အင်ပါယာ တရားရုံးများကပင် တလေးတစား ဆက်ဆံရသူ ဖြစ်သည်။ ဝမ်ရှန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည့် သိုက်စီရိသည် စတုတ္ထ အဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ပြီး သိုက်မိသားစု၏ ထိပ်သီး ခေါင်းဆောင်များထဲမှ တစ်ယောက်ဆိုလည်း မမှားပေ။
သိုက်မိသားစု ကိစ္စများအတွက် သိုက်စီရိ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိသည်။ သိုက်စီရိကဲ့သို့ စတုတ္ထ အဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုပင် မည်သူကမျှ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ဟု ပြောကြမည် မဟုတ်ပေ။ ပြောမိသူသည် အခြားသူများ၏ အထင်သေးခြင်း နှင့်တကွ မျက်နှာကိုပင် တံတွေး ထွေးခံရပေလိမ့်မည်။
ရှီချုံးသည် သိုက်စီရိထက်ပင် အဆင့်မြင့်သော ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်၏။ ရှီမိသားစုတွင် သူသည် ထိပ်သီး ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကာ ကိစ္စငယ်များ အတွက် အပြင်ထွက် ဖြေရှင်းလေ့မရှိဘဲ ကိစ္စကြီးများကိုသာ ကိုင်တွယ်ရသူ ဖြစ်သည်။
သူသည် အဖွဲ့အစည်း၏ ကျောရိုးအဖြစ် သတ်မှတ် ခံရသူဖြစ်ပြီး ယခုမူ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာလေပြီ။ ပြင်ပကမ္ဘာတွင် မထင်မှတ် ထားခဲ့သည့် အကြောင်း ကိစ္စများမှာ ဂျင်ဒီတားမြစ် နယ်မြေထဲတွင် အမှန်တကယ် ဖြစ်လာခဲ့သည်။
သူ့တွင် အချိန်ကိုသာ နောက်ပြန် ဆုတ်နိုင်စွမ်း ရှိပါက မည်မျှပင် လှောင်ပြောင်ခံရပါစေ ဝမ်ရှန်းနောက်သို့ လိုက်ခဲ့မည် မဟုတ်ပေ။
ရှီချုံးသည် တစ်ရက်လျှင် ဝမ်း အကြိမ် ၂၀ ခန့် သွားပြီး သုံးရက်တိုင်တိုင် ဝေဒနာ ခံစားခဲ့ရသည်။ ခန္ဓာကိုယ်သည် ခွန်အားဟူ၍ တစ်စက်မျှ မကျန်တော့ဘဲ နုံးခွေနေသည်။ ဝမ်းလျှောခဲ့လျှင် ရေဓာတ် ပြန်လည် ဖြည့်တင်းရမည် ဖြစ်ကြောင်း ဤကမ္ဘာမှ လူများ မသိကြပေ။
ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ ပြင်းထန်သော ခန္ဓာကိုယ် အင်အားနှင့် ကျင့်ကြံရေး အခြေခံကို အသုံးချကာ သုံးရက်ကြာ တောင့်ခံခဲ့သော်လည်း နောက်ရက်များတွင် ခံနိုင်ရည်စွမ်း ကုန်ဆုံးသွားသည်။
ဒေါသ ထွက်ချင်လျှင်ပင် ဒေါသထွက်ရန် လုံလောက်သော ခွန်အား မရှိပေ။ တန်အိုနှင့် စုန့်မင်ကို အပြစ်တင်၍လည်း မရချေ။ ဝမ်ရှန်း နောက်ကိုသာ အချိန်မီ မလိုက်နိုင်ပါက တန်အိုနှင့် စုန့်မင်လည်း သူတို့နှင့်အတူ သေဆုံးရမည် ဖြစ်ကြောင်း ရှီချုံး ကောင်းစွာ သဘောပေါက်သည်။
အခြားသူများအတွက် မိမိ၏ အသက်ရှင်ခွင့်ကို စွန့်လွှတ်ရန်မှာ အတ္တကြီးသည့် လူသားများ အတွက် သေချာပေါက် မဖြစ်နိုင်ချေ။ ရှီချုံးသည် သူသာ တန်အိုနှင့် စုန့်မင်နေရာတွင် ရှိပါက ဝမ်းပျက်ရောဂါ ဖြစ်နေသူများကို လက်လျှော့ လိုက်ရန်သာ ဆုံးဖြတ်မိပေလိမ့်မည်။ သို့ရာတွင် ယခု လက်လျှော့ခံရမည့် လူမှာ မိမိဖြစ်နေလေသည်။
ရှီချုံးနှင့် အခြား ဝိညာဉ်သခင် ခြောက်ယောက်သည် မည်မျှပင် စိတ်ဆိုးဒေါသ ထွက်နေပါစေ တန်အိုနှင့် စုန့်မင်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့ပေ။ ယခင် ကတည်းကပင် သူတို့အားလုံးသည် တူညီသော မိသားစုမှ မဟုတ်ကြဘဲ ဂျင်ဒီတားမြစ် နယ်မြေထဲ၌ ယာယီ ပူးပေါင်းခဲ့ကြခြင်း ဖြစ်လေရာ မည်သူကမှ ကိုယ့်အသက်ကိုယ် မစတေးလိုပေ။
ရလဒ် အနေဖြင့် ရှီချုံးနှင့် အခြား ဝိညာဉ်သခင် ခြောက်ယောက်သည် နေရာတွင် ကျန်ရစ်ခဲ့သည်။ တန်အိုနှင့် စုန့်မင်သည် အတန်ငယ် ကြီးမားသည့် မိစ္ဆာ သားရဲ အသားများကို ရိက္ခာ အတွက် ချန်ထား ပေးခဲ့သည်။ ထိုရိက္ခာများ မည်သည့် အချိန်ထိ ကြာရှည်ခံမည် ကိုတော့ ဘုရားသာ သိပေလိမ့်မည်။
ကျန်ရစ်ခဲ့သူ ၇ ယောက်လုံး၏ အတွေးများမှာ တူညီနေခဲ့သည်။ စိတ်ဆိုး ဒေါသထွက်ခြင်း၊ နောင်တရခြင်း၊ ဝမ်နည်းခြင်းတို့ ရောယှက်နေသည်။
ငါသာ စောစော သိခဲ့မယ်ဆိုရင် ဒီတာဝန်ကို လက်ခံခဲ့မှာ မဟုတ်ဘူး…
တောင်ကြား တစ်ခုလုံး မီးလောင် သွားတည်းက ငါလှည့်ပြန်ခဲ့သင့်တာ….
ဂျင်ဒီတားမြစ် နယ်မြေရဲ့ အစမှာ မြေကမ္ဘာ အက်ကွဲ မျောက်ဝံညိုကြီးနဲ့ တွေ့ကတည်းက ငါအိမ်ပြန်သွားသင့်တယ်….
အတွေးပေါင်းစုံသည် စိတ်ထဲတွင် ယောက်ယက်ခတ် နေလျက် ရှိသော်လည်း အရာရာသည် နောက်ကျ သွားခဲ့လေပြီ။ ဝမ်းနည်းဖွယ် ကောင်းစွာပင် ဝမ်းပျက်ရောဂါကို ခံစားနေရသည့် ဝိညာဉ်သခင် ခုနစ်ယောက်သည် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ခွန်အား မရှိတော့ချေ။
မတ်တတ်ပင် မရပ်နိုင်သဖြင့် လဲလျောင်း နေကြရသည်။ တစ်ခဏမျှကြာသော် ဝိညာဉ်သခင် နှစ်ယောက်သည် တစ်ဖန် ဝမ်းသွားနေပြီး အစာအိမ်ထဲတွင် ဘာမှမကျန်တော့ချေ။
ရှီချုံးသည် ခန္ဓာကိုယ်မှ ကျောက်စိမ်း ပုလင်းငယ်လေးကို ထုတ်ယူလိုက်သည်။ ပုလင်းငယ်ထဲမှ ဖယောင်း ဆေးပြားလေးကို ထုတ်ယူရန် အချိန်အတော်ကြာ ကြိုးစား လိုက်ရသည်။
ထို့နောက် လက်ကို ဖြည်းညင်းစွာ မြှောက်၍ ဖယောင်း ဆေးပြားကို ပါးစပ်ထဲ ထည့်ကာ ခက်ခက်ခဲခဲ မျိုချလိုက်သည်။ ၎င်းဖယောင်းဆေးပြားမှာ အသက်ကယ်ဆေး မဟုတ်ပါချေ။ ဤ ဖယောင်းဆေးပြားသည် သေစေနိုင်သော အဆိပ်တစ်မျိုး ဖြစ်ပြီး ရှီမိသားစု၏ သစ္စာဖောက်များကို ကွပ်မျက်ရန် အသုံးပြုသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့အတွက် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဖယောင်းဆေးပြား၏ ချိုမြမြ အရသာသည် လည်မျို မှတစ်ဆင့် ဝမ်းဗိုက်ထဲထိ စီးဝင်သွားသည်။ ရှီချုံး၏ မျက်နှာထက်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ချိုမြိန်သော အရသာကို မခံစားခဲ့ရသည်မှာ ကြာလေပြီ။ အချိုစားခဲ့ရသည်မှာ ဝမ်ရှန်းကို လိုက်မဖမ်းခင်က ပေါင်ချင်ယုတန်မှ နှင်းသကြားသည် နောက်ဆုံး အကြိမ်ဖြစ်သည်။ ၎င်း နှင်းသကြားမှာ အမှန်တကယ် ချိုမြိန်လှကြောင်း တွေးတောနေမိသည်။
နှင်းသကြား၏ ချိုမြိန်ပုံကို ပြန်လည် တွေးတောနေရင်းဖြင့် ရှီချုံး၏ မျက်လုံးများ ဖြည်းညင်းစွာ ပိတ်သွားပြီး အသက်ရှူ ရပ်သွားတော့သည်။ ဂုဏ်သိက္ခာရှိ ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ဘဝ၏ နောက်ဆုံးအချိန်ကို မိစ္ဆာ သားရဲများ၏ ပါးစပ်ထဲတွင် အရှက်ကင်းမဲ့စွာ အဆုံးမသတ် လိုခဲ့ပေ။
အခြားသော ဝိညာဉ်သခင် ခြောက်ယောက်မှာ ရှီချုံးကဲ့သို့ မပြုလုပ်နိုင်ခဲ့ကြဘဲ သေဆုံးမည့် အချိန်ကိုသာ ကူကယ်ရာမဲ့စွာ စောင့်ဆိုင်း နေကြရသည်။ မိစ္ဆာသားရဲ တစ်ကောင်ကောင်၏ အစာအိမ်ထဲမှာပင် ဖြစ်စေ အမြန်ဆုံး အဆုံးသတ်သွားရန် မျှော်လင့်လျက် ရှိကြသည်။
သေဆုံးရမည့် အချိန်ကို ကူကယ်ရာမဲ့စွာ စောင့်ဆိုင်း နေရခြင်းလောက် ကြီးလေးသည့် ဒုက္ခ မရှိတော့ပေ။
တန်အိုနှင့် စုန့်မင်သည် နောက်ပြန် လှည့်ကြည့်ရန် သတ္တိမရှိခဲ့ဘဲ နှလုံးသားမှ နာကျင်မှုကို တွန်းလှန်ရင်း ရှေ့ဆက်ခဲ့ကြသည်။ မိမိ၏ အပေါင်းအဖော်များ သေလုမြောပါး ဖြစ်စေချိန်တွင် မည်သူက လက်လျှော့ချင်ပါမည်နည်း။
တန်အိုနှင့် စုန့်မင် နားမလည်သည်မှာ ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်သည့် ရှီချုံးပင် ဤသို့ သေလုနီးပါး ဖြစ်နေချိန် ပထမအဆင့် ဝိညာဉ်သခင် ဝမ်ရှန်းမှာ အကောင်းပကတိ ရှိနေရသော အကြောင်းရင်း ဖြစ်သည်။ သူတို့၏ ဉီးခေါင်းများကို ပေါက်ကွဲမတတ် စဉ်းစားလျှင်ပင် အကြောင်းရင်းကို နားမလည်နိုင်ပေ။
မည်သို့ပင် ဖြစ်စေ တန်အို၊ စုန့်မင်နှင့် အခြားသော စတုတ္ထ အဆင့် ဝိညာဉ်သခင် သုံးယောက်သည် နောက်ဆုံးသော မျှော်လင့်ချက်ကို လက်မလွှတ်နိုင်ခဲ့ဘဲ ဝမ်ရှန်းကို လိုက်မီရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ဝမ်ရှန်းကို သတ်ရန်လည်း မစဉ်းစားရဲကြဘဲ မြေကမ္ဘာ အက်ကွဲ မျောက်ဝံညိုကြီးနှင့် တစ်ခါကြုံဖူးရုံဖြင့် တစ်သက်စာ လုံလောက် သွားလေသည်။
ဂျင်ဒီတားမြစ် နယ်မြေ၏ အတွင်းပိုင်း မိုင်သုံးရာ ခန့်အထိ ရောက်ရှိ လာကြပြီးနောက် ပဉ္စမအဆင့်ပင်ဖြစ်စေ၊ စတုတ္ထ အဆင့်ပင် ဖြစ်စေ သူတို့၏ တစ်ခုတည်းသော အားထား မျှော်လင့်ချက်မှာ ဝမ်ရှန်းဖြစ်သည်။
ဝမ်ရှန်းသည် သူ့နောက်မှ လူငါးယောက် လိုက်လာကြောင်း ရိပ်စား မိလိုက်သည်။ အဝေးကြည့် မှန်ပြောင်းထဲတွင် နောက်ယောင်ခံ သူများကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့နေရသည်ပင်။ သူ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်မည့်လူ ငါးယောက်သာ ကျန်တော့သော်လည်း ဝမ်ရှန်း မပေါ့ဆရဲချေ။
ဤအကွာအဝေးထိ လိုက်လာနိုင်သည်ကို ထောက်ချင့်ပါက သေချာပေါက် အပြင်းထန်ဆုံးသော ခွန်အားများ ပိုင်ဆိုင် ထားပေလိမ့်မည်။ အောင်မြင်မှုနှင့် နီးကပ်လာလေလေ အခက်အခဲ များလာလေ ဖြစ်သည်။
သို့ရာတွင် ပြဿနာမှာ ထိုလူငါးယောက်ကို မည်သို့ ရှင်းထုတ် ရပါမည်နည်း။ ဝမ်ရှန်းသည် နောက်ယောင်ခံသူ ငါးယောက် နှင့်အတူ ရှေ့ဆက် မသွားလိုပေ။ တောထဲတွင် လူများပါက အန္တရာယ်လည်း ပိုများလေရာ ဂျင်ဒီတားမြစ် နယ်မြေထဲတွင် ပို၍ပင် ဆိုးရွားသေးသည်။
နောက်ယောင်ခံ သူများကြောင့် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားလျှင် ဒုက္ခ အကြီးအကျယ် ရောက်သွားနိုင်သည်။ ဝမ်ရှန်းသည် နောက်ယောင်ခံ သူများကို ပထုတ်နိုင်မည့် နည်းလမ်းများကို စဉ်းစားရင်းဖြင့် တောင်ကုန်း တစ်ခုကို ဖြတ်ကျော် လာခဲ့ပြီး သူ့နောက်မှ လူငါးယောက်ကို ရှင်းထုတ်နိုင်မည့် အခွင့်အရေး တစ်ခုကို ရုတ်တရက် သတိပြုမိ လိုက်လေသည်။
***