Switch Mode

Chapter – 72

ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၉)

အခန်း ၇၂
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၉)

တောတွင်း၌ ကျင်လည် ကျက်စားသည့် မျောက်ဝံကြီး၏ ခွန်အားသည် မည်မျှ ကြီးမားကြောင်း သံသယ ဝင်နေစရာ မလိုချေ။

ခွန်အားကုန်သုံး၍ ပစ်လိုက်သည့် ကျောက်တုံးကြီးသည် လေထဲတွင် တဝှီဝှီ အော်မြည်လျက် ပင်စည် နှစ်ခုကို ချိတ်ဆက် ထားသည့် ဖောင်၏ အလယ်တည့်တည့်ကို ပြေးဝင်လာသည်။

၎င်းကျောက်တုံးကြီးနှင့်သာ ရိုက်မိပါက သေးငယ် ရိုးရှင်းသော ဖောင်သည် အလုံးစုံ တစ်စစီ ပျက်စီး သွားနိုင်သည့်အပြင် ဖောင်၏ လှုပ်ရှား ယိမ်းယိုင်မှုကြောင့် ဟန်ချက် မထိန်းနိုင်ဘဲ ရေထဲ ပြုတ်ကျ သွားလျှင်လည်း အသားစား ငါးများအတွက် အရသာရှိသော အစာ ဖြစ်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် တန်အို၊ ရှီကျုံးနှင့် စုန့်မင်တို့သည် ကျောက်တုံးကို ဖျက်ဆီးရန် အစွမ်းကုန် ကြိုးပမ်း လိုက်ကြသည်။ သုံးယောက်လုံးသည် ခြေထောက်အောက်မှ ဖောင်ကို တွန်းကန်၍ ပျံသန်းလာသည့် ကျောက်တုံးကို ဖျက်ဆီးရန် လေထဲသို့ မြှောက်တက် သွားလေသည်။ ဖောင်သည် လူသုံးယောက်လုံး၏ တွန်းကန်အားကြောင့် နောက်သို့ အနည်းငယ် ဆုတ်သွားသည်။

“ဒုန်း ဒုန်း ဒုန်း” 

သုံးယောက်လုံး၏ လက်နက်များသည် ကျောက်တုံးပေါ်သို့ ထိုးစိုက်သွားသည်။ ကျောက်တုံးထံမှ တန်ပြန်အား နှင့်အတူ သုံးယောက်လုံးသည် နောက်သို့ အနည်းငယ် လွင့်သွားပြီး ဖောင်ပေါ်သို့ ပြန်လည် ရောက်ရှိ သွားကြသည်။

ပဉ္စမအဆင့် ဝိညာဉ်သခင် သုံးယောက်၏ ပိတ်ဆို့မှုကြောင့် ကျောက်တုံး၏ အရှိန်မှာ သိသာစွာ လျော့ကျသွားသည်။ ကံကောင်းသည်မှာ ကျောက်တုံးသည် ဖောင်ဆီသို့ မရောက်လာတော့ဘဲ အနီးနားရေပြင်သို့ ပြုတ်ကျသွားခြင်း ဖြစ်သည်။

“ဘုန်း”

ဧရာမ ရေလှိုင်းများ ကြွတက် သွားသည်။

မြှောက်တက်လာသည့် ရေလှိုင်းထဲတွင် အသားစား ငါးများပါ ပါလာလျက် ဖောင်ပေါ်မှ လူများထံ ခုန်ဝင်လာသည်။ တန်အို၊ ရှီချုံးနှင့် စုန့်မင်မှလွဲ၍ အခြားသူများသည် ဖောင်ကို တည်ငြိမ်အောင် လုပ်နေရသဖြင့် အသားစား ငါးများ၏ ရုတ်တရက် တိုက်ခိုက်မှုကို သတိမထား မိလိုက်ကြချေ။

တန်အို၊ ရှီချုံးနှင့် စုန့်မင်တို့သည် ၎င်းတို့၏ ဓားများဖြင့် ခုန်တက်လာသော အသားစား ငါးများကို အလျင်စလို သတ်ဖြတ် လိုက်သော်လည်း လွတ်ထွက်သွားသည့် ငါးနှစ်ကောင်မှာ ဝိညာဉ်သခင် နှစ်ယောက်ကို ကိုက်ဖြတ် လေတော့သည်။

မူလက ရေလှိုင်း ရိုက်ခတ်မှုကြောင့် မတည်မငြိမ် ဖြစ်နေသည့် ဖောင်ကို ပြန်လည် တည်ငြိမ်အောင် ပြုလုပ်နေသည့် ၎င်း ဝိညာဉ်သခင် နှစ်ယောက်သည် အသားစားငါးများ ရုတ်တရက် တိုက်ခိုက် လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ကြမ်းကြုတ်စွာ အကိုက်ခံ လိုက်ရချိန်တွင် စူးရှသော နာကျင်မှုကြောင့် နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များမှာ ဟန်ချက် ပျက်သွားလေသည်။

“ဗွမ်း” 

ရေထဲသို့ ပြုတ်ကျ သွားသည်နှင့် တစ်ပြိုင်နက် အသားစား ငါးများအတွက် အကောင်းဆုံး ဟင်းလျာကို တည်ခင်း ပေးလိုက်သည့် အလား များစွာသော အသားစားငါးများ တိုးဝင်လာကြသည်။

တစ်ယောက်မှာမူ ကံကောင်းစွာပင် ရေထဲသို့ ကျသွားပြီး မကြာမီ ခေါင်းပြန်ပေါ်လာသည်။ ဖောင်ပေါ်မှ အဖော်သည် ရုတ်ခြည်းပင် ထိုလူ၏ ပေါင်ကို ဆုပ်ကိုင်လိုက်ပြီး ရေထဲမှ ဆွဲတင် လိုက်လေသည်။ အခြားတစ်ယောက်မှာ ကံမကောင်းစွာပင် ရေထဲသို့ ကျသွားကတည်းက အစအနမျှ မတွေ့ရတော့ချေ။

ရုတ်တရက် ဝါးဖောင်ပေါ်သို့ ဆယ်ယူ တင်လိုက်သည့် သူမှာ ရူးသွပ်လုနီးနီး အော်ဟစ် လိုက်လေသည်။ လူတိုင်းသည် အနီးကပ် ကြည့်လိုက်သောအခါ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

အဖော်ဖြစ်သူ၏ ခြေထောက်တွင် အသားဟူ၍ မရှိတော့ချေ။ ရင်အုပ်နှင့် အစာအိမ်သည် အပေါက်ငယ်များဖြင့် ပြည့်နှက်နေပြီး နောက်ကျောဘက်တွင် သွေးများစွာ ဒလဟာ စီးကျနေသည်။

ထိုသူသည် သေငယ်ဇောဖြင့် မူလက သတိမထားမိသော်လည်း အခြားသူများ၏ အမူအရာကြောင့် မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ ဝမ်းဗိုက်တွင် သုံးလက်မခန့် ရှည်လျားသည့် အပေါက်ကြီးတစ်ခု ဖြစ်နေပြီး အူစ အနည်းငယ်ပင် ထွက်ကျနေသည်။

ဂျင်ဒီတားမြစ် နယ်မြေထဲတွင် မည်မျှပင် သတ္တိကောင်းသည်ဟု ဆိုသော်လည်း ဤအနေအထားမျိုးဖြင့် ခရီးဆက်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။

တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာကာ ရှီချုံး၏ ဓားသွားသည် အဖော်ဖြစ်သူ၏ လည်မျိုကို စိုက်ဝင်သွားသည်။

ဤသို့ ဝေဒနာ ခံစားနေရမည့်အစား သေခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။

များမကြာမီ လူတိုင်းသည် ဒုက္ခ အသစ်တစ်ခုကို ထပ်မံ ရင်ဆိုင် လိုက်ရပြန်သည်။ အလောင်းမှ သွေးများသည် မြစ်ထဲသို့ တရစပ် ယိုစီးနေသဖြင့် အသားစား ငါးများစွာသည် ဖောင်ပေါ်သို့ ခုန်တက် လာကြခြင်းပင်။

ဖောင်ပေါ်မှ လူများသည် လေထဲတွင် ဖျတ်ဖျတ် လူးနေသော အသားစား ငါးများစွာကို ကြိုးစား၍ သတ်ဖြတ် နေကြသော်လည်း အသားစား ငါးများမှာ များပြားလွန်းလှသည်။ အဆုံးတွင် ဖောင်ပေါ်ရှိ သူတို့သည် အဖော်ဖြစ်သူ၏ အလောင်းကို မြစ်ထဲသို့ တွန်းချကာ အသားစား ငါးများ ကိုက်စား ဝါးမျိုသွားပုံကို ကြည့်ရှု နေကြရလေသည်။

တစ်ဖက်ကမ်းမှ မျောက်ဝံကြီးသည် ကျောက်တုံးဖြင့် ပစ်ပေါက်ပြီးနောက် အကြံကုန် သွားဟန်ဖြင့် အကြိမ် အနည်းငယ်ခန့် ဟိန်းဟောက် လိုက်သည်။

ထို့နောက် မျောက်ဝံအုပ်စု နှင့်အတူ တောထဲသို့ ဖြည်းညင်းစွာ ပြန်လည် ဝင်ရောက် သွားသည်။ ကြယ် ၇ ပွင့် တောရိုင်း မျောက်ဝံကြီးပင် မြစ်ထဲသို့ မဆင်းရဲချေ။

ယခုအခါ တန်အို၏ အုပ်စုထဲတွင် ဝိညာဉ်သခင် ဆယ့်နှစ်ယောက်သာ ကျန်ခဲ့ပြီး ပဉ္စမအဆင့် ဝိညာဉ်သခင် သုံးယောက်မှ လွဲ၍ ကျန်ကိုးယောက်မှာ စတုတ္ထ အဆင့်များ ဖြစ်ကြသည်။

အဆုံးတွင် ဝါးဖောင်သည် ပြန်လည် တည်ငြိမ်သွားပြီး လူတိုင်း စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ကြသည်။ သစ်ပင် ပင်စည်နှစ်ခုဖြင့် တွဲချည်ထားသည့် ဝါးဖောင်သည် ယာယီအားဖြင့် လုံခြုံ သွားလေပြီ။

သို့ရာတွင် ဖောင်ကို အစောတလျင် တည်ဆောက်ခဲ့ကြရသဖြင့် ဖောင်သည် အလုံးစုံ တောင့်တင်း ခိုင်မာခြင်း မရှိချေ။ အမြန်နှုန်းမှာလည်း နှေးကွေးနေလျက် မြစ်တစ်ဖက်ကမ်းသို့ ရောက်ရန် နာရီဝက်မက အချိန်ယူ နေရသည်။

အချိန်အတန်ကြာ မြစ်ရေထဲတွင် ဖြည်းညင်းစွာ မျောပါနေပြီးနောက် တစ်ဖက်ကမ်းသို့ အောင်မြင်စွာ ရောက်ရှိ သွားကြလေသည်။ တစ်ဖက်ကမ်းသို့ ရောက်လျှင် ရောက်ချင်း သူတို့မှာ အနားယူရန် စိတ်မကူး အားကြပေ။

ဝမ်ရှန်း၏ ခြေရာများအတိုင်း လိုက်ရဉီးမည်ဖြစ်၏။ သို့မဟုတ်ပါက ဂျင်ဒီတားမြစ် နယ်မြေထဲတွင် မည်သို့ အသက်ရှင် နိုင်မည်နည်း။ အသက်ရှင်လိုပါက ဝမ်ရှန်းနောက်သို့ လိုက်ရ ဉီးမည်ပင်။

ထိုအခိုက်အတန့်တွင် ထိုသူအားလုံးတို့သည် ဝမ်ရှန်း နောက်သို့ လိုက်ခဲ့မိခြင်း အတွက် နောင်တရလျက် ရှိသည်။ တောင်ကြား မီးလောင်မှု ပြီးဆုံးစဉ် ကတည်းကသာ အိမ်ပြန်သွားပါက လူအများ၏ ရယ်မောခြင်းကို ခံရမည် မှန်သော်လည်း ဂျင်ဒီတားမြစ် နယ်မြေထဲတွင် လူမသိသူမသိ သေဆုံးသွားခြင်းထက် ပို၍ ခံသာသေးသည်။

နှစ်ရက်ကျော်သာ ရှိသေးသော်လည်း အုပ်စုထဲတွင် ၁၂ ယောက်သာ ကျန်တော့သည်။ အဖော်များ အားလုံး အသေဆိုးဖြင့် သေဆုံးသွားခဲ့ရပုံကို တွေးမိသောအခါ လူတိုင်း ကူကယ်ရာမဲ့စွာ ဝမ်နည်း နာကျင်လာကြသည်။

သို့ရာတွင် နောင်တဟူသည် နောင်မှ တရခြင်း ဖြစ်လေရာ ရှေ့ဆက်တိုးရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ သူတို့သည် ကမ်းစပ် တစ်လျှောက် ဝမ်ရှန်း နားနေခဲ့သော နေရာများကို လိုက်လံရှာဖွေ၍ အလျင်စလို ခရီးဆက်ခဲ့ကြသည်။

အချိန်အနည်းငယ် နှောင့်နှေး သွားပါက ရက်စက် ကြမ်းကြုတ်သော မိစ္ဆာသားရဲများနှင့် ထိပ်တိုက် တွေ့သွားနိုင်သည်။ စုန့်မင်သည် ဝမ်ရှန်းကိုသာ လိုက်မီသွားပါက ဝမ်ရှန်းနှင့် ညှိနှိုင်းရန် စတင် တွေးတောမိလာသည်။

သူတို့အားလုံး ဝမ်ရှန်းကို မသတ်လိုတော့ပေ။ သတ်လည်း မသတ်နိုင်ချေ။ ဝမ်ရှန်းနှင့် ပူးပေါင်း၍ ဂျင်ဒီတားမြစ် နယ်မြေထဲမှ ထွက်ခွာရန် ဆန္ဒရှိသော်လည်း စိတ်ထဲတွင်သာ မျိုသိပ်ထားလျက် ထုတ်ဖော် မပြောရဲပေ။

ဝမ်ရှန်းနောက်သို့ လိုက်ခဲ့သဖြင့် သက်ဆိုင်ရာ မိသားစုတို့မှာ ကြီးစွာသော ဆုံးရှုံးမှုများ ခံစားခဲ့ရပြီး အသက်ပေါင်း ၂၀၀ ကျော် ပေးဆပ်ခဲ့ရသည်။ ပူးပေါင်း လိုပါသည်ဟု ပြောလျှင်ပင် ဝမ်ရှန်းက ယုံတော့မည် မဟုတ်ပေ။

တောနက်ပိုင်းထဲသို့ ရောက်လာလေလေ အမြန်နှုန်း လျော့ကျသွားလေ ဖြစ်သည်။ ဂျင်ဒီတားမြစ် နယ်မြေတွင် လူသားများ မရှိသည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီမသိ။ လမ်းကောင်းဟူ၍ ရှာမတွေ့ဘဲ ဝမ်ရှန်း ရှင်းလင်းသွားခဲ့သည့် လမ်းကျဉ်းလေးများမှ တစ်ဆင့် ခက်ခက်ခဲခဲ တိုးဝင်ကြရသည်။

သူတို့အားလုံးသည် ဝမ်ရှန်း သွားခဲ့သည့် လမ်းကြောင်း အတိုင်း သွားရုံသာဖြစ်ပြီး များစွာ ခွန်အား မစိုက်ထုတ်ရပေ။ သို့ရာတွင် နှစ်ရက်ခန့် ခြေရာခံ လိုက်လာပြီးနောက် ပြဿနာ အသစ်တစ်ခုနှင့် ရင်ဆိုင် ကြုံတွေ့ရလေသည်။

၎င်းမှာ သောက်ရေ ပြတ်လပ် သွားခြင်းပင်။ ဂျင်ဒီတားမြစ် နယ်မြေတွင် သောက်ရေရရန် မျှော်လင့်ချက် မရှိလေရာ အားလုံးအတွက် ခေါင်းခဲစရာ ဖြစ်လာပြန်တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset