အခန်း၇၁
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၈)
ရေထဲမှ ဝိညာဉ်သခင်များသည် အသားစား ငါးများ၏ ကိုက်စားဝါးမျိုမှုကို ခံနေရစဉ် ဝမ်ရှန်းသည် သူ၏ အဝေးကြည့် မှန်ပြောင်းကို ထုတ်ယူလျက် ရေထဲမှ မြင်ကွင်းကို ဂရုတစိုက် စစ်ဆေး ကြည့်နေသည်။
အသားစားငါး၏ ပါးစပ်ကျယ်ကြီးသည် ခန္ဓာကိုယ်၏ တစ်ဝက်ခန့်ထိ နေရာယူ ထားသည့်အပြင် အရေအတွက်မှာလည်း ထောင်ချီ၍ ရှိလေရာ တောရိုင်းကောင်ပင်ဖြစ်စေ၊ သာမန် လူသားပင်ဖြစ်စေ ၎င်းအသားစား ငါးများ၏ တိုက်ခိုက်မှု အောက်တွင် မိနစ်ပိုင်းပင် တောင့်ခံနိုင်မည် မဟုတ်ချေ။
မြစ်ထဲသို့ ကျသွားသည်နှင့် တစ်ပြိုင်နက် ရေနေသတ္တဝါ မဟုတ်ပါက ဧရာမ မိစ္ဆာ သားရဲကြီးများပင် ၎င်းတို့၏ ခွန်အားများကို တစ်ဝက်ခန့်သာ အသုံးပြုနိုင်တော့သည်။ လူသားများမှာမူ ရေထဲသို့ ကျသည်နှင့် တစ်ပြိုင်နက် သေခြင်းမှအပ အခြား ရွေးချယ်စရာ မရှိတော့။
ဝမ်ရှန်း မြင်တွေ့လိုသည်မှာ ၎င်းဝိညာဉ် သခင်များ၏ ရလဒ်ကို မဟုတ်ဘဲ အသားစားငါးများ၏ ဝါးမျိုပုံကို ကြည့်ရှု၍ သူ၏ ချီဝမ်နဂါးအတွက် အဆင့်မြင့်နိုင်ရန် ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူ၏ နဂါးခေါင်း၊ ငါးခန္ဓာနှင့် ချီဝမ်နဂါး၏ ပါးစပ်ကျယ်ကြီးမှာ အသားစား ငါးများနှင့် တူညီစွာ ခန္ဓာကိုယ်၏ တစ်ဝက်ခန့်ထိ နေရာယူ ထားလေသည်။
အသားစား ငါးတစ်ကောင် အတွက် တောရိုင်းကောင်ကိုဖြစ်စေ လူသား တစ်ယောက်ကို ဖြစ်စေ တစ်ကိုက်တည်းဖြင့် ဝါးမျိုနိုင်စွမ်း မရှိချေ။ ၎င်း၏ ပါးစပ်ကျယ်ကြီးမှာ မည်မျှပင် ကျယ်သော်ငြား ဝါးမျိုရမည့် ခန္ဓာကိုယ်သည် အလွန် ကြီးမားနေလေရာ တစ်ကိုက်တည်းဖြင့် ဝါးမျိုရန်မှာ မဖြစ်နိုင်ချေ။
ဝမ်ရှန်း၏ ချီဝမ်နဂါးသည်လည်း ပါးစပ်ကျယ်ကြီးကို အကန့်အသတ်သို့ ရောက်သည်အထိ ဖွင့်လိုက်ပါက သေးငယ်သော တောင်တစ်လုံးကို တစ်ကိုက်တည်းဖြင့် ဝါးမျိုနိုင်သော်လည်း အကြီးဆုံး တောင်ကိုပင် မဆိုထားနှင့်၊ အလယ်အလတ်အဆင့် တောင်ကိုပင် မဝါးမျိုနိုင်ဘဲ ရှိနေသည်။
ဝမ်ရှန်း၏ ယွမ်ဝိညာဉ်သည် အသေးငယ်ဆုံးသော တောင်ကို ဝါးမျိုပြီးချိန် ကတည်းက ကြီးထွားခြင်း ရပ်တန့်သွားပုံ ပေါ်လေသည်။ ဝမ်ရှန်း ကိုယ်တိုင်လည်း ထို တောင်နှစ်လုံးအား မည်သို့မည်ပုံ ဝါးမျိုရမည်ကို မသိချေ။
ယခု အသားစား ငါးများ၏ ဝါးမျိုစားသောက်ပုံကို ကြည့်ကာ စိတ်အား ပြန်လည် တက်ကြွလာသည်။
“ငါ့ရဲ့ ချီဝမ်နဂါးကို အသားစား ငါးလို အကောင်သေးသေးလေးတွေ အများကြီး ခွဲပြီး ကျန်နေတဲ့ တောင်နှစ်လုံးကို နည်းနည်းချင်းစီ ဝါးမျို ခိုင်းရင်ရော”
အသားစား ငါးများ၏ ချွန်မြမှုသည် သာမန် ဓားသွားတစ်ခု ထက်ပင် ပို၍ ချွန်မြသည်။ သို့ရာတွင် ချီဝမ်နဂါးသည် နဂါးသွားများကို ပိုင်ဆိုင်ထားသဖြင့် အသားစားငါးများ၏ ချွန်မြမှုထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည်။
ယွမ်ဝိညာဉ်ကိုသာ အကောင်ငယ် များစွာ ခွဲထုတ်နိုင်ပါက တောင်နှစ်လုံးကိုပင် မဆိုထားနှင့်၊ တစ်ကမ္ဘာလုံးကိုပင် ဝါးမျိုနိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော် ၎င်းမှာ ဝမ်ရှန်း၏ စိတ်ထဲတွင် ဤတစ်ချက်သာ တွေးလိုက်ခြင်း ဖြစ်သည်။ အခြားကိစ္စများကို မစဉ်းစား ရသေးခင်မှာပင် ကမ္ဘာမြေကို တုန်ခါ သွားစေနိုင်သည့် သားရဲဟိန်းသံကြီး တစ်ခု ပေါ်ထွက် လာလေသည်။
ဝမ်ရှန်းသည် သူ၏ သေနတ်သံက ခွန်အားပြင်း မိစ္ဆာ သားရဲများစွာကို ဆွဲခေါ်လိုက်သည့် အလား ဖြစ်သွားမည်ကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်လေရာ ပျာယာခတ်သွားခြင်း မရှိချေ။ ထို့နောက်တွင်မူ ဝမ်ရှန်းသည် သူ၏ ဖိနပ်များကို ပြန်လည် ဝတ်ဆင်ကာ မတ်တပ် ထရပ်လိုက်သည်။
မြစ်တစ်ဖက်ကမ်း၌ ဖောင်လုပ်ရန် သစ်ခုတ်နေသည့် ဝိညာဉ်သခင် များကို လက်ဝှေ့၍ နှုတ်ဆက်လိုက်ပြီး နောက်လှည့်ကာ ထွက်ခွာ လိုက်လေသည်။ များမကြာမီ တစ်ဖက်ကမ်းရှိ တောထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေတော့သည်။
ရှီချုံးနှင့် စုန့်မင်သည် ဝမ်ရှန်း လက်ဝှေ့ပြသည်ကို မြင်သော်လည်း ထိုအခိုက်အတန့်တွင် အံတင်းတင်း ကြိတ်ထားရုံမှအပ အခြား ရွေးချယ်စရာ မရှိချေ။ နီးကပ်လာသော မိစ္ဆာ သားရဲများ လက်မှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးပမ်းရဉီးမည် မဟုတ်ပါလော။
ဝိညာဉ်သခင် တစ်ယောက်၏ ခွန်အားများမှာ ဟာသတော့ မဟုတ်ပေ။ မိနစ်အနည်းငယ် အတွင်းမှာပင် လူနှစ်ကိုယ် ဖက်စာရှိသော သစ်ပင်ကြီး လေးပင်သည် ထက်ပိုင်း ဖြတ်ခံလိုက်ရသည်။ ဂျင်ဒီတားမြစ်နယ်မြေထဲမှ သစ်ပင်များသည် ပြင်ပမှ သစ်ပင်များထက် အဆပေါင်းများစွာ ပို၍ မာကျောသည်။
အတန်ငယ် ချောမွတ်သည့် သစ်လုံးများ ရရှိလာချိန်တွင် ကံမကောင်းစွာပင် သားရဲဟိန်းသံများမှာ ပို၍ နီးကပ်လာတော့သည်။
နီးကပ်လာသော အန္တရာယ် အောက်၌ တန်အို၊ ရှီချုံး၊ စုန့်မင်တို့သည် အတူတကွ ပူးပေါင်း၍ အနီးဆုံးမှ သစ်ပင်ကြီး တစ်ပင်ကို အလျင်စလို ခုတ်ပိုင်း လိုက်ကြသည်။
“ဘုန်း”
ပဉ္စမအဆင့် ဝိညာဉ်သခင် သုံးယောက်၏ ခွန်အားများက ကြောက်ခမန်း လိလိပင်။ သစ်ပင်ကြီးသည် အချိန်တိုအတွင်း လဲကျလာသည်။ သုံးယောက်လုံးသည် အနားယူရန် စိတ်မကူးနိုင်ဘဲ ဒုတိယမြောက် သစ်ပင်ထံ ပြေးလွှား သွားကြသည်။
သစ်ပင်ကြီး နှစ်ပင်ကို ခုတ်ပိုင်း ပြီးသွားချိန်တွင် သားရဲဟိန်းသံများသည် မီတာ တစ်ရာ အတွင်းသို့ ရောက်ရှိလာလေပြီ။ လူတိုင်းသည် သစ်ပင်များကို ရိုက်ချိုး ပစ်နေသည့် သားရဲများ၏ လှုပ်ရှားမှုကို အတိုင်းသား ကြားနေရသည်။
“အရမ်းနောက်ကျနေပြီ ရေထဲကို တွန်းတော့”
တန်အို၏ အလောတကြီး အော်ဟစ်သံ နှင့်အတူ ကျန်ရှိနေသည့် ဝိညာဉ်သခင် ဆယ်ယောက်ကျော်သည် ပျာယီးပျာယာဖြင့် ခုတ်လှဲထားသည့် သစ်တုံးများကို ရေထဲသို့ တွန်းပို့လိုက်သည်။
ရှီချုံးနှင့် စုန့်မင်သည် သစ်တုံးကြီးပေါ်တွင် ရပ်ကာ ဖောင်ကို ရုပ်လုံး ပေါ်လာစေရန် အရူးအမူး ခုတ်ထွင်းလျက် ရှိသည်။ တန်အိုမှာ အခြား တစ်ဖက်တွင် ရပ်ကာ ပင်စည်နှစ်ခုကို ဆက်နိုင်ရန် ကြိုးပမ်းနေသည်။
“တိုင်အတွက် သစ်ပင်ရှည်တွေ ခုတ်ကြ”
တန်အိုသည် ရုတ်တရက် အရေး အကြီးဆုံးသော အရာများကို သတိရသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရွက်တိုင်နှင့် လှော်တက်မပါဘဲ ဖောင်သည် မည်သို့ ရွေ့မည်နည်း။ ကျန်ရှိနေသော လူများသည် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ နီးစပ်ရာ သစ်ပင်များမှ အတန်ငယ် ရှည်လျားသည့် ပင်စည်များကို ခုတ်လှဲ လိုက်ကြသည်။
ပင်စည်၏ အထူသည် လက်သီးဆုပ်ခန့်သာ ရှိပါက ဓားတစ်ချက် ခုတ်ရုံဖြင့် ပြတ်လေရာ ပြဿနာ ကြီးကြီးမားမား မရှိပေ။ လူတိုင်း၏ လှုပ်ရှားမှုများမှာ မြန်ဆန် လွန်းလှပြီး သစ်ပင်ငယ်များကို မိနစ်ပိုင်းအတွင်း ဖြတ်၍ မြစ်ထဲ ပို့လိုက်ကြသည်။
အဆုံးတွင် ဖောင်ကို ပြင်ဆင်ပြီးသွားပြီး ထွက်ခွာရန် ပြင်နေစဉ်မှာပင် နောက်ဆုံး ကျန်ခဲ့သည့် ဝိညာဉ်သခင်သည် ဖောင်ပေါ်သို့ မခုန်တက်မီ တောနက်ထဲမှ ဧရာမ လက်ဝါးကြီး တစ်ခု၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရလေသည်။
လက်ဝါးကြီးသည် ကြီးမားလွန်း လှသဖြင့် ထိုလူ၏ ခန္ဓာကိုယ် တစ်ဝက်သည် လက်ဝါးထဲတွင် နစ်နေပြီး တစ်ဝက်ကိုသာ မြင်နေရသည်။ ဖမ်းခံလိုက်ရသည့် ဝိညာဉ်သခင်သည် ကြောက်လန့် တကြားဖြင့် ဝှေ့ယမ်း တိုက်ခိုက်ကာ ရုန်းကန် ပါသော်လည်း အခြားသော လက်ဝါး တစ်ဖက်သည် သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ဆုပ်ကိုင်လိုက်ပြီး နှစ်ခြမ်း ခွဲပစ်လိုက်သည်။
ထိုအချိန်တွင် တန်အိုနှင့် အခြားသူများသည် ဖောင်ထက်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ကံကောင်းစွာပင် ပင်စည်သည် ရေတွင် ပေါလော ပေါ်သည့် အပြင် လူဆယ်ယောက်ကျော်၏ အလေးချိန်ကိုလည်း ခံနိုင်ရည် ရှိလေသည်။
အနည်းငယ်မျှ ထပ်မံ မွမ်းမံ လိုက်ရုံဖြင့် ခိုင်မာတောင့်တင်းသော ဖောင်တစ်ခု ဖြစ်လာနိုင်သည်။ ခါးမှစ၍ စုတ်ဖြဲ ခံလိုက်ရသည့် ဝိညာဉ်သခင်ကို တွေ့သော်လည်း မည်သူကမှ မကယ်ဆယ်ရဲကြချေ။
ဝိညာဉ်သခင် တစ်ယောက်ကို လက်နှစ်ဖက်ဖြင့် သတ်ဖြတ် လိုက်သည်မှာ တောရိုင်း မျောက်ဝံကြီး တစ်ကောင် ဖြစ်နေပေသည်။ ခြေလေးချောင်းဖြင့် တွားသွားနေရာမှ မတ်တပ် ရပ်လိုက်ချိန်တွင် ၇ ပေခန့်ထိ မြင့်မား သွားသည်။ တောရိုင်းမျောက်ဝံသည် ကြယ်ခုနစ်ပွင့် မိစ္ဆာ သားရဲဖြစ်ကာ ခွန်အားများက ကြောက်မက်ဖွယ် အတိဖြစ်ပြီး ဆဌမအဆင့် ဝိညာဉ် တစ်ယောက်ထက်ပင် ပို၍ ခွန်အားကြီးသည်။
မျက်စိရှေ့ရှိ မြင်ကွင်းမှာ မယုံကြည်နိုင်ဖွယ်ရာပင်။ ထို မျောက်ဝံကြီး၏ နောက်မှ များစွာသော မျောက်ဝံများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကာ ရှေ့ဆုံးမှ မျောက်ဝံ၏ လက်အောက်ခံများ ဖြစ်ပုံရလေသည်။
“မြန်မြန် လုပ်ကြမယ်၊ ကမ်းစပ်ကို ကပ်ကြ”
ရှီချုံး၏ အဆောတလျင် အော်ဟစ်သံ နှင့်အတူ ဝိညာဉ်သခင် ဆယ်ယောက်ကျော်သည် လှော်တက်များကို အားစိုက်၍ လှော်နေကြသည်။ မျောက်ဝံကြီးသည် လက်ထဲမှ ဝိညာဉ်သခင်၏ အလောင်းကို တစ်ကိုက် ဝါးလိုက်ကာ ကျန်ရှိနေသည့် ခန္ဓာကိုယ် တစ်ပိုင်းကို နောက်မှ မျောက်ဝံများထံ လွှဲပြောင်း ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် အရသာရှိသော အစားအစာကို တွေ့သည့်အလား ကမ်းစပ်သို့ ချဉ်းကပ် လာကြလေသည်။
လူတိုင်းသည် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် မပြည့်စုံသည့် ဖောင်ကို မြစ်လယ်အထိ လှော်ခတ် လာခဲ့ကြသည်။ မြစ်လယ်သို့ ရောက်မှသာ အတန်ငယ် စိတ်အေး သွားကြသည်။ မျောက်ဝံများ ရေထဲသို့ ဆင်းကာ လိုက်လာနိုင်လိမ့်မည် မဟုတ်တော့ပေ။
မျောက်ဝံများသည် မြစ်ထဲရှိ အသားစား ငါးများကြောင့် ရေထဲသို့ မဆင်းရဲဘဲ ရင်ဘတ်ကို လက်သီးဖြင့် ဒေါသတကြီး ထုရိုက်ကာ ကောင်းကင်ကို မော့ကြည့်လျက် အော်ဟစ်နေသည်။
လူတိုင်းသည် မျောက်ဝံကြီးမှာ သူတို့ကို အန္တရာယ် ပေးနိုင်စွမ်း ကင်းမဲ့သွားပြီဟု ယူဆ လိုက်စဉ်မှာပင် မျောက်ဝံကြီးသည် မြစ်ကမ်းမှ ကျောက်တုံးကြီး တစ်တုံးကို ရုတ်တရက် ကောက်ယူလိုက်သည်။ ထို့နောက် သူ၏ ကြံ့ခိုင်တောင့်တင်းသော လက်မောင်းကို မြှောက်ကာ မြစ်လယ်မှ ဖောင်ထံ ခွန်အားကုန် သုံး၍ လှမ်းပစ် လိုက်လေတော့သည်။
***