အခန်း ၇၀
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၇)
တန်အိုသည် ရုတ်တရက် အလန့်တကြား တားဆီးလိုက်ခြင်းမှာ မှားယွင်းနေသည့် တစ်စုံတစ်ရာကို ရှာတွေ့သွား၍ မဟုတ်ဘဲ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိ သွား၍ဖြစ်၏။
ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် အန္တရာယ်ကို ကြိုတင်အာရုံ ခံမိလိုက်ခြင်းလည်း ဖြစ်ပေသည်။
ရှီချုံးသည်လည်း ထိုနည်း၎င်းပင်။ ရှီချုံးသည် ရှီမိသားစု၏ ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြု မိသွားသည်။
သို့သော် မည်သည်က မှားယွင်းနေကြောင်း မသိပေ။
စုန့်မင်သည် စုန့်မိသားစုမှ ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကာ စကားတစ်ခွန်းပင် မဆိုဘဲ မြစ်ထဲသို့ ခုန်ဆင်း၍ စစ်ဆေး ကြည့်နေသည်။ တစ်ချက် ကြည့်ရုံဖြင့် ကမ်းပေါ်တွင် ခန္ဓာကိုယ် တစ်ခြမ်း တင်နေသည့် တောရိုင်းကောင်ကို တွေ့မြင်လိုက်ရလေသည်။
တောရိုင်းကောင်သည် သေဆုံးထားသည်မှာ မကြာသေးဟန်ဖြင့် လတ်ဆတ်နေသည်။ သွေးများ ရဲရဲနီနေလျက် ခန္ဓာကိုယ် တစ်ခြမ်းသည် သွေးများ ယိုစီးနေဆဲပင်။
သို့ရာတွင် အသားစိုင်များ မရှိတော့ချေ။ ဤမျှ ကြီးမားသည့် တောရိုင်းကောင်ကြီး၏ အသားစိုင်များသည် အချိန်တိုအတွင်း စားသောက် ခံလိုက်ရပုံကို ထောက်ချင့်ပါက ရေထဲမှ အန္တရာယ်သည် မည်မျှ ကြီးမားကြောင်း ခန့်မှန်းနိုင်သည်။
“ရေထဲမှာ အန္တရာယ်ရှိနေတယ်”
စုန့်မင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရေထဲမှ လူများကို လျင်မြန်စွာ အော်ဟစ် သတိပေး လိုက်သည်။ ထိုအခိုက်အတန့်တွင် တန်အိုနှင့် ရှီချုံးမှာလည်း အန္တရာယ်ကို သတိပြုမိသွားလေပြီ။
သို့သော် ပြဿနာမှာ ကမ်းစပ်နှင့် အနီးဆုံး လူကပင် မီတာ ၃၀ အထိ ရောက်ရှိနေပြီးဖြစ်ရာ ပြန်လှည့်၍ မမီတော့ပေ။ အလွန် နောက်ကျသွားလေပြီ။
တန်အို၊ စုန့်မင်၊ ရှီချုံးတို့သည် ၎င်းတို့၏ အဖော်များကို ကျယ်လောင်စွာ အော်ဟစ် သတိပေး လိုက်သော်လည်း အလွန် နောက်ကျ သွားခဲ့သည်။
ရေထဲမှ ဝိညာဉ်သခင် များသည် အော်ဟစ်သံကို ကြားသော်လည်း ကာကွယ်ရန်ကိုပင် မဆိုထားနှင့် ရေထဲတွင် မည်သည့် အန္တရာယ် ရှိနေကြောင်းပင် မသိပေ။
ထိုစဉ် ရုတ်တရက် မြစ်ရေမျက်နှာပြင်သည် စတင် ဆူပွက်လာသည်။ ဆူပွက်လာသည့် နေရာမှာလည်း ဝိညာဉ်သခင် ရှစ်ယောက် ကူးခတ်နေသည့် နေရာတစ်ဝိုက်တွင် ဖြစ်သည်။ ကမ်းပေါ်မှ လူများသည် ဤမြင်ကွင်းကို ရှင်းလင်း ပြတ်သားစွာ မြင်နေရသည်။
မရေမတွက် နိုင်သော လက်ဝါးအရွယ် ငါးများသည် ရေမျက်နှာပြင်ထက်သို့ ရုတ်တရက် ပေါ်ထွက်ပြီး ရေထဲမှ ဝိညာဉ်သခင်များ၏ ခန္ဓာကိုယ်ကို ကိုက်ဖြဲ ဝါးမျိုသွားကြသည်။
“အား အား”
ရှည်လျားသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
“အော်ရာ ကာကွယ်မှုကို သုံး”
ရှီချုံးသည် အသံကုန်ဟစ်၍ အော်ဟစ်လိုက်ပြီး ” အနီးဆုံး ကမ်းစပ်ကိုသွားကြ”
ထို အသားစား ငါးများ၏ ကျင့်ကြံရေး အဆင့်သည် ပထမအဆင့် အစောပိုင်းတွင်သာ ရှိပြီး ပုံမှန်အားဖြင့် ရေထဲမှ ဝိညာဉ်သခင် များသည် ၎င်းငါးများကို စက္ကန့်ပိုင်း အတွင်း သတ်ပစ်နိုင်သည်။
သို့ရာတွင် ရေထဲ၌ ၎င်းတို့၏ ခွန်အားများကို ထုတ်မသုံးနိုင်သဖြင့် နီးစပ်ရာ ကမ်းသို့ အမြန်ဆုံး ကူးခတ်ရုံသာ ရှိလေသည်။ တန်အိုနှင့် စုန့်မင်သည် တစ်ဖက်ကမ်းတွင် ဖိနပ် အခြောက်ခံနေဆဲ ဖြစ်သော ဝမ်ရှန်းကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်လာသည်။
ဝမ်ရှန်း၏ အမူအရာသည် ရေထဲမှ ဝိညာဉ်သခင်များ ရောက်လာမည်ကို တစိုးတစိပင် စိုးရိမ်ကြောင့်ကြ နေပုံမပေါ်ချေ။ ဆိုရလျှင် ရေထဲမှ ဝိညာဉ်သခင်များ အားလုံး ကမ်းပေါ်သို့ မရောက်မီ သေချာပေါက် သေဆုံးလိမ့်မည်ဟု တွက်ဆထားသည့် အလားပင်။
သို့ရာတွင် လူတိုင်းကို အံ့သြစေသည်မှာ အန္တရာယ် ပတ်လည် ဝိုင်းနေသည့် မြစ်ပြင်ကို ဝမ်ရှန်း မည်သို့ ဖြတ်ကျော် သွားပါသနည်း။ စိုစွတ်နေသော အဝတ်အစားများ၊ ဖိနပ်များကို ကြည့်၍ မြစ်ကို ကူးခတ်သွားကြောင်း သိသာပေသည်။ သို့ရာတွင် ၎င်းအသားစား ငါးများသည် အဘယ်ကြောင့် ဝမ်ရှန်းကို အန္တရာယ် မပေးပါသနည်း။
တစ်ဖက်တွင် ရှီချုံး၏ သတိပေးသံကြောင့် ရေထဲမှ လူများသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဝိညာဉ်စွမ်းအင်များကို အသုံးပြုနေကြသည်။ အမှန်တကယ်မှာ ရှီချုံး ပြောနေစရာပင် မလိုချေ။
သို့သော် နှမြောဖွယ် ကောင်းသည်မှာ ရေထဲမှ အသားစားငါးများသည် သာမန် ပထမအဆင့် ကျင့်ကြံသူများလောက် မရိုးရှင်းခြင်း ဖြစ်သည်။
ဆိုရလျှင် အသားစားငါးများ၏ ကျင့်ကြံရေးမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နေခြင်း မဟုတ်ပေ။ ထူးဆန်းသည်မှာ ၎င်းငါးများ၏ ပါးစပ်ကျယ်ကြီးများသည် ခန္ဓာကိုယ်၏ တစ်ဝက်ခန့်အထိ နေရာယူထားပြီး အစာကို အလုံးစုံ ဝါးမျိုနိုင်စွမ်း ရှိနေခြင်းပင်။
သွားတစ်ချောင်းချင်းစီတိုင်းသည် သာမန် ဓားသွား တစ်ခုထက်ပင် ပို၍ ချွန်ထက်နေသည်။ သာမန်မျှသာ ချွန်မြသည့် သွားများ ဆိုပါက ပြဿနာ မရှိပေ။ အော်ရာဖြင့် ခန္ဓာကိုယ်ကို ကာကွယ် ထားပါက သာမန် ဓားသွားများသည် အရေပြားကို ဖောက်နိုင်စွမ်း မရှိပေ။ အဓိက ပြဿနာမှာ အသားစားငါးများ၏ သွားများမှာ အလွန်အမင်း ချွန်မြနေသည့်အပြင် အရေအတွက်ကလည်း ထောင်နှင့်ချီ၍ ရှိနေသည်။
ဘယ်လက်ကို ကာကွယ်ထားစဉ် ညာလက်မှ နာကျင်လာသည်။ ညာလက်ကို ကာကွယ်ပါက လက်ဖဝါးသည် စုတ်ပြဲ ထွက်သွားပြီး ထိုမှ တစ်ဆင့် ခြေထောက်၊ အစာအိမ်၊ မျက်နှာ၊ နောက်ကျော စသည်ဖြင့် တစ်ကိုယ်လုံး နာကျင်လာပြီး အော်ရာ ကာကွယ်မှုမှာ ဟာသသဖွယ် ဖြစ်နေလေသည်။
ထိုအခိုက်အတန့်တွင် ကူးခတ်ရန်ပင် မဆိုထားနှင့် ရေထဲတွင် နစ်မသွားရန် အနိုင်နိုင် ကြိုးပမ်း နေကြရသည်။ ဓားရှည် ဓားမြှောင်များဖြင့် သတ်ဖြတ်ရန် ကြိုးစားကြ သော်လည်း လေးငါးကောင်ခန့်သာ သတ်နိုင်ပြီး ခန္ဓာကိုယ်၏ အခြား နေရာများမှာ အသားစား ငါးများ၏ ကိုက်ခဲခြင်းကို ခံနေကြရသည်။
သွေးများ အဆက်မပြတ် စီးကျနေပြီး ရေထဲမှ လူရှစ်ယောက်၏ ပတ်ပတ်လည်၌ သွေးဝဲကတော့ ရှစ်ခု ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ် အော်သံများ နှင့်အတူ အသားစား ငါးများနှင့် လူရှစ်ယောက်တို့၏ လုံးထွေး သတ်ဖြတ် နေကြရသည့် မြင်ကွင်းသည် ကမ္ဘာပျက်နေသည့် အလား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
တစ်ခဏမျှ ကြာသော် အော်ဟစ်သံများ တဖြည်းဖြည်း တိုးညင်းသွားပြီး ကိုက်ဝါးသံများသာ ကြီးစိုးသွားသည်။ ကမ်းစပ်မှ ဝိညာဉ်သခင် များသည် ရေထဲမှ အဖော်များ၏ ကြောက်မက်ဖွယ် အဖြစ်အပျက်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရပြီး ကျောရိုးတစ်လျှောက် စိမ့်တက်လာသည်။
အသားစား ပုရွက်ဆိတ်များ သူတို့၏ အပေါင်းအဖော်များကို ဝါးမျို ကိုက်စားသွားစဉ်က ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ကြရပေ။ သစ်သားများကို ခုတ်ပိုင်း၍ မီးမြှိုက်ကာ ကိုယ့်အသက်ကို ကာကွယ်နေကြရသဖြင့် အခြားသူများကို ဂရုမစိုက်အားခဲ့ပေ။
ယခုမူ အဖော် ရှစ်ယောက်သည် သူတို့၏ မျက်စိရှေ့မှာပင် လက်ဝါးအရွယ် အသားစား ငါးများ၏ စားသောက်မှုကို ခံလိုက်ရသည်။
ပြီးပြည့်စုံသော လူသား ခန္ဓာကိုယ်သည် တစ်ခဏအတွင်း အရိုးစုအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းသည် အသည်းနုသူများအတွက် ရူးသွပ်သွားစေရန် လုံလောက်ပေသည်။
တစ်ဖက်ကမ်းမှ ဝမ်ရှန်းသည်လည်း ရေထဲမှ မြင်ကွင်းကို စူးစိုက်ကြည့်နေပြီး တစ်စုံတစ်ရာကို စဉ်းစားနေပုံ ရလေသည်။ တန်အို၊ ရှီချုံးနှင့် စုန့်မင်တို့သည် ဝမ်ရှန်း၏ တည်ငြိမ် အေးဆေးသော မျက်နှာကို ကြည့်ကာ အံတင်းတင်း ကြိတ်ထားကြသည်။
“ဝေါင်း”
သားရဲဟိန်းသံ တစ်ခု လူတိုင်း၏ နားစည်ထဲသို့ တိုးဝင်လာသည်။ လူတိုင်းသည် ချက်ချင်း နောက်လှည့်၍ ကြည့်လိုက်သော်လည်း ထူထပ် သိပ်သည်းသော တောအုပ်နှင့် သားရဲဟိန်းသံများကိုသာ ကြားနေရကာ သားရဲများကို တွေ့မြင်ရခြင်း မရှိသေးပေ။
“သေစမ်း”
စုန့်မင်သည် တစ်စုံတစ်ခု ကို တွေးမိသည့်ဟန်ဖြင့် ရုတ်တရက် ကျိန်ဆဲလိုက်သည်။
ထို့နောက် လေးညှို့မှ ပစ်ခွင်းလိုက်သော မြားတစ်စင်းနှယ် ခုန်ထလိုက်ပြီး –
” မြန်မြန်၊ မြန်မြန် လုပ်ကြ၊ ဖောင်လုပ်ဖို့ သစ်ပင်တွေ ခုတ်ကြ၊ နောက်ကျနေပြီ အမြန်”
တန်အို၏ စကားဆုံးသည်နှင့် ဝိညာဉ်သခင်များသည် ချက်ချင်း လှုပ်ရှားသွားကြပြီး အနီးဆုံးမှ သစ်ပင်များကို ခွန်အားကုန် သုံးကာ ခုတ်ပိုင်းနေကြသည်။
ဝမ်ရှန်း ပစ်လိုက်သည့် သေနတ်သံ နှစ်ချက်သည် နောက်မှ လိုက်လာသည့် ဝိညာဉ်သခင်များကို ဆွဲဆောင်လိုက်ရုံ သာမကဘဲ အနီးအနားမှ ရက်စက် ကြမ်းကြုတ်သော မိစ္ဆာ သားရဲများကိုလည်း ဆွဲခေါ်လိုက်သလို ဖြစ်သွားလေသည်။
ဂျင်ဒီတားမြစ် နယ်မြေထဲတွင် နေထိုင်သော သားရဲများသည် အသားစား ပုရွက်ဆိတ်များကို လူသားများထက် ပို၍ ရင်းနှီးကြသည်။ ပုရွက်ဆိတ်တပ် ဖြတ်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ပိုင်နက်ထဲသို့ ပြန်လာကြလေ့ ရှိသည်။ ယခုမူ သေနတ်သံ နှစ်ချက်ပါ ထွက်ပေါ်လာလေရာ သားရဲများ အလျင်အမြန် ရောက်ရှိလာခြင်းသည် အံ့သြစရာ မဟုတ်တော့ပေ။
မြေကမ္ဘာ အက်ကွဲ မျောက်ဝံညိုကြီး၏ ရက်စက် ကြမ်းကြုတ်ပုံကို တွေးမိရုံဖြင့် သစ်ပင်ခုတ်နေသည့် ဝိညာဉ်သခင်များမှာ နဖူးမှ ချွေးဒီးဒီး ကျလာသည်။ တန်အို ဆော်သြစရာပင် မလိုဘဲ ကြောက်လန့် တကြားဖြင့် သစ်ပင်များကို လျင်မြန်စွာ ဖြတ်တောက် လေတော့သည်။
ထိုအခိုက်အတန့်တွင် တစ်ခုတည်းသော အလုံခြုံဆုံး နေရာသည် မြစ်ဖြစ်ပြီး ဖောင်သာ တည်ဆောက်နိုင်ပါက ရေထဲမှ အသားစားငါးများကို ကြောက်ရွံ့ နေစရာ မလိုတော့ပေ။ အသားစား ငါးများ ကြမ်းကြုတ်သည်ဟု ဆိုသော်လည်း မိစ္ဆာ သားရဲများနှင့် မယှဉ်သာချေ။
***