Switch Mode

Chapter – 69

ကြောက်မက်ဖွယ်ဂျင်ဒီတားမြစ်နယ်မြေ(၆)

အခန်း ၆၉
ကြောက်မက်ဖွယ်ဂျင်ဒီတားမြစ်နယ်မြေ(၆)

မြစ်၏ တခြားဖက်တွင်လည်း ငြိမ်းချမ်းသော မြင်ကွင်းကို မြင်တွေ့နေရသည်။ ဝမ်ရှန်း၏ တွေးဆချက်အရ ၎င်းမှာ အသားစား ပုရွက်ဆိတ်တပ် ဖြတ်သန်းသွားမှု၏ နောက်ဆက်တွဲ အကျိုးရလဒ်ပင် ဖြစ်ပေလိမ့်မည်။

သို့ရာတွင် တစ်ခုရှိသည်မှာ မြစ်ထဲတွင် အန္တရာယ် ရှိမရှိပင်။ ဤသို့တွေးနေသည့် အခိုက်မှာပင် ဝမ်ရှန်း၏ အဝေးကြည့် မှန်ပြောင်းထဲ၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

မြစ်တစ်ဖက်ကမ်းတွင် တောရိုင်းကောင် တစ်ကောင်သည် ရေသောက်နေရင်းဖြင့် မြစ်ထဲသို့ ပြုတ်ကျသွားခြင်းပင်။ တောရိုင်းကောင်သည် ရေထဲမှ ကမ်းစပ်သို့ ပြန်တက်သွားသည့် အခိုက်တွင် ရေမျက်နှာပြင်သည် ရုတ်တရက် လှုပ်ရှားလာပြီး အိုးထဲတွင် ပွက်ပွက်ဆူ နေသည့် ရေများသဖွယ် ဆူပွက်လာသည်။

ထို့နောက်တွင်မူ လက်ဝါး အရွယ်ခန့် ရှိသော မြောက်မြားစွာသော ငါးများသည် ရေမျက်နှာပြင်ပေါ်သို့ ခုန်တက်လာပြီး ခန္ဓာကိုယ် တစ်ဝက်ခန့်ထိ ကျယ်ပြောသည့် ပါးစပ် ကျယ်ကြီးများကို ဟလျက် တောရိုင်းကောင်ကို ကိုက်စား ဝါးမျိုနေကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရေမျက်နှာပြင်သည် နီရဲတွတ်သွားသည်။ ဧရာမ တောရိုင်းကောင်ကြီးသည် အကြိမ် အနည်းငယ်ခန့် ရုန်းကန် တွန်းထိုးနေပြီးနောက် ရေထဲသို့ အလုံးစုံ နစ်မြုပ် သွားကာ ပြန်ပေါ် မလာတော့ချေ။ ဤမြင်ကွင်းသည် ဝမ်ရှန်းကို ကြောက်ရွံ့ သွားစေသည့် အပြင် အကြံဉာဏ် တချို့ကိုလည်း မွေးထုတ် ပေးလိုက်သည်။

သိုလှောင် လက်စွပ်ထဲမှ M200 ရိုင်ဖယ်သေနတ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဝမ်ရှန်းသည် စနိုက်ပါ ရိုင်ဖယ်ကို နေရာတကျ ပြင်ဆင်ပြီးမှ မြစ်တစ်ဖက်ကမ်းရှိ မီတာ ၁၀၀ ကျော် အဝေးတွင် ရေသောက်နေသည့် တောရိုင်းကောင် တစ်ကောင်ကို ချိန်ရွယ်ထားလိုက်သည်။

“ဒိုင်း” 

တိကျသေချာသည့် ပစ်ချက်က တောရိုင်းကောင်၏ မျက်လုံး တည့်တည့်ကို ဖောက်ဝင်သွား၏။ တောရိုင်းကောင်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပျော့ခွေကွေးညွှတ် သွားလျက် မြစ်ထဲသို့ တိုက်ရိုက် ထိုးကျသွားသည်။

“ဒိုင်း” 

ဒုတိယမြောက် တစ်ချက်။

ဤတစ်ကြိမ်တွင်လည်း နောက်ထပ် တောရိုင်းတစ်ကောင်ကို ပစ်ချလိုက်သည်။ သို့ရာတွင် ယခု တောရိုင်းကောင်သည် မြစ်ထဲတွင် ရှိနေခြင်း မဟုတ်ဘဲ တစ်ဝက်မှာ ကမ်းစပ်တွင် တင်နေလျက် တစ်ဝက်မှာ ရေထဲတွင် ရှိနေခြင်း ဖြစ်သည်။

သေနတ်သံ နှစ်ချက်သည် အမှောင်ညတွင် အတောက်ပဆုံးသော မီးရှူးတိုင်များ ဖောက်ခွဲလိုက်သည့် အလား နောက်မှ စမ်းတဝါးဝါး လိုက်လာသည့် တန်အိုနှင့် အခြားသူများကို ဆွဲခေါ်လိုက်သလို ဖြစ်သွားပေသည်။

လူတိုင်းသည် သေနတ်သံကြားရာ လမ်းကြောင်း အတိုင်း အလွန် လျင်မြန်စွာ လျှောက်လှမ်း သွားကြသည်။ တန်အိုနှင့် ဝိညာဉ်သခင် များသည် ဆယ်မိနစ်ခန့်သာ အနားယူခဲ့ကြသော်လည်း ထိုအချိန်တွင် ဝမ်ရှန်းမှာ ထွက်ခွာသွားပြီး ဖြစ်လေသည်။

သူတို့သည် ဝမ်ရှန်း၏ ခြေရာအတိုင်း လိုက်လာခဲ့ကြခြင်း ဖြစ်ရာ ဝမ်ရှန်းကိုသာ ခြေရာခံ၍ မရတော့ပါက ဂျင်ဒီတားမြစ် နယ်မြေထဲတွင် တဝဲလည်လည် ဖြစ်နေပေတော့မည်။ မည်သို့ပင်ဖြစ်စေ ခြေရာခံ လိုက်ခြင်းသည် အချိန်ပုပ်စေသဖြင့် သေနတ်သံ ကြားလိုက်ရချိန်တွင် အားတက်သွားသည်။

လူတိုင်းသည် ထိုအသံကို ရင်းနှီးပြီးသားဖြစ်ကာ သိုက်စီရိ သေဆုံးစဉ်က ဝမ်ရှန်း အသုံးပြုခဲ့သည့် မှော်လက်နက်ပင် မဟုတ်ပါလော။

ယခု ဝမ်ရှန်းသည် ထိုလက်နက်ကို နှစ်ကြိမ် တိတိ အသုံးပြုနေသည်။ ၎င်းမှာ ခွန်အားပြင်း မိစ္ဆာ သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရကြောင်းကို ညွှန်ပြနေပေသည်။ စတုတ္ထ အဆင့် ဝိညာဉ်သခင် သိုက်စီရိကို အသေသတ်နိုင်ခဲ့သည့် မှော်လက်နက်သည် မိစ္ဆာ သားရဲများကိုလည်း အသေသတ်နိုင်စွမ်း ရှိပေလိမ့်မည်။

တန်အိုသည် ဝမ်ရှန်းနောက်သို့ လိုက်မမီမည်ကို စိုးရိမ်သဖြင့် အဆောတလျင် ပြေးလွှားသွားသည်။ ပုံမှန်အတိုင်းသာ ဆိုပါက အသားစား မိစ္ဆာများ၏ အန္တရာယ်ကြောင့် ခြေလှမ်းတိုင်းကို သတိထား နေကြရသော်လည်း ယခုအခါ အသားစား ပုရွက်ဆိတ်တပ်၏ အကျိုးကျေးဇူးကြောင့် မိစ္ဆာသားရဲများ၏ အန္တာရယ်ကို စိုးရိမ်စရာမလိုဘဲ ခြေကုန်သုတ်ကာ ပြေးလာခဲ့ကြသည်။

တစ်ဖက်တွင်မူ ဝမ်ရှန်း ပစ်လိုက်သည့် တောရိုင်းကောင် ကျသွားသည့် နေရာတွင် ရေမျက်နှာပြင် တစ်ခုလုံး ဆူပွက်လာသည်။ မြစ်ရေထဲတွင် ခန္ဓာကိုယ်တစ်ဝက် ကျနေသည့် တောရိုင်းကောင်သည်လည်း အတူတူပင် ဖြစ်ကာ မြောက်မြားစွာသော ငါးငယ်များသည် ၎င်းတို့၏ ချွန်မြသည့် သွားများဖြင့် တတိတိ ကိုက်ဖြတ် စားသောက်နေကြသည်။

ရက်စက် ကြမ်းကြုတ်သော မြင်ကွင်းသည် နှလုံးသား နူးညံ့သူများအတွက် အိပ်မက်ဆိုး များစွာကို ဖြစ်ပေါ် သွားစေနိုင်သည်။

သို့သော် ဝမ်ရှန်းမှာမူ စနိုက်ပါရိုင်ဖယ်ကို လျင်မြန်စွာ သိမ်းဆည်းနေသည်။ ရေမျက်နှာပြင် ပွက်ပွက်ဆူ နေသည်ကို ကြည့်ကာ ရေထဲသို့ ချက်ချင်း ခုန်ချလိုက်သည်။ အသားစား ငါးများကို အနည်းငယ်ပင် ဂရုမစိုက်ချေ။ 

၎င်းမှာလည်း ဝမ်ရှန်းသည် ကံကြမ္မာကို ယုံကြည်ကာ ပုံအောခြင်း မဟုတ်ဘဲ သိပွံ နည်းကျ တောတွင်း ရှင်သန်ရေး နည်းလမ်းများကို အခြေခံ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

မြစ်တစ်စင်းတွင် အစာကွင်းဆက်၏ ထိပ်ဆုံးပိုင်း၌ တည်ရှိ နေကြသူများမှာ အရေအတွက် အားဖြင့်လည်း အကန့်အသတ် ရှိပေသည်။ ကြောက်မက်ဖွယ် အသားစား ငါးများသည် ဤမြစ်တွင် အစာကွင်းဆက်၏ ထိပ်ဆုံးပိုင်း၌ တည်ရှိနေခြင်း ဖြစ်သည်။ အသားစား ပုရွက်ဆိတ် များကဲ့သို့ပင် တစ်ကောင်ချင်း ဆိုပါက ပထမအဆင့် အလယ်အလတ်ကို မကျော်လွန်သော်လည်း စုပေါင်းလိုက်ချိန်တွင် မြစ်တစ်ခုလုံးကို အုပ်စိုးထားနိုင်သည်။

သို့ရာတွင် အသားစား ငါးများ၏ အရေအတွက်မှာလည်း အကန့်အသတ်ရှိသည်။ တောရိုင်းကောင် နှစ်ကောင်သည် မြစ်ထဲမှ ငါးများအတွက် တစ်ခဏမျှ ဆွဲဆောင်ရန် လုံလောက်ပြီး အထူးသဖြင့် ပြင်းထန်သော သွေးနံ့သည် အသားစား ငါးအားလုံးကို ဆွဲခေါ်သလို ဖြစ်သွားသည်။

ထိုအချိန်တွင် ဝမ်ရှန်းအတွက် မြစ်ကို ဖြတ်ကူးရန် အသင့်လျော်ဆုံးပင်။

သွေးသံတရဲရဲ တောရိုင်းကောင်များက ၎င်းမိစ္ဆာငါးများကို ဆွဲဆောင်ထားစဉ် ဒဏ်ရာမရှိ၊ သွေးနံ့မထွက်သော ဝမ်ရှန်းသာ မြစ်ထဲသို့ ဆင်းပါက ငါးများ၏ အာရုံစိုက်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် တစ်ခုတည်းသော လိုအပ်ချက်မှာ အချိန်နှင့် အမြန်နှုန်းဖြစ်သည်။

ထို့ကြောင့် ဝမ်ရှန်းသည် တောရိုင်းကောင် နှစ်ကောင်ကို ပစ်ချလိုက်သည်နှင့် တစ်ပြိုင်နက် စနိုက်ပါ ရိုင်ဖယ်ကို သိမ်းဆည်းကာ မြစ်ရေထဲသို့ ခုန်ချလိုက်သည်။ ယခုအခါ ဝမ်ရှန်း၏ ခန္ဓာကိုယ် အင်အားသည် ယခင်ကထက် ကြီးမားစွာ တိုးတက်လာသည့် အပြင် သူ၏ ယွမ်ဝိညာဉ်မှာလည်း ငါးကြင်း ဖြစ်နေသည့်အတွက် ရေကူးနှုန်းသည် ကမ္ဘာမြေတွင် ရှိစဉ်ကထက် နှစ်ဆ ပိုမြန်လာသည်။

သူသည် မီတာ ၂၀၀ ကျော် ကျယ်ဝန်းသည့် မြစ်ကို ဖြတ်ကူးရန် တစ်မိနစ် စွန်းစွန်းခန့်သာ အချိန်ယူ လိုက်ရသည်။

မီတာ ၂၀၀ အကွာအဝေးအတွက် ကမ္ဘာ့စံချိန်ကို ချိုးထားသူမှာ တစ်မိနစ်နှင့် လေးဆယ့် နှစ်စက္ကန့်ဖြစ်ကာ ဝမ်ရှန်း၏ လက်ရှိ အမြန်နှုန်းသည် ထိုစံချိန်ထက် ပို၍ မြန်ဆန်သွားသည်။

ထို့ပြင် သူဝတ်ထားသည်မှာ စစ်ဖိနပ်နှင့် စစ်ဝတ်စုံဖြစ်ပြီး ပေါ့ပါးသည့် ရေကူးဝတ်စုံ မဟုတ်ချေ။

တန်အိုနှင့် အခြားသူများ ခြေကုန်သုတ်ကာ လိုက်လာကြစဉ် ဝမ်ရှန်းသည်လည်း မြစ်ထဲတွင် အစွမ်းကုန် ကူးခတ်နေပေသည်။ ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်းပင် တောရိုင်းကောင် နှစ်ကောင်၏ အလောင်းများက မြစ်ထဲမှ အသားစား ငါးများကို ဆွဲဆောင်ထားသဖြင့် ဝမ်ရှန်း ရေကူးနေစဉ်အတွင်း တိုက်ခိုက်မခံရပေ။

တစ်မိနစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဝမ်ရှန်းသည် တခြားဘက်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းနောက်မှ လိုက်လာသည့် ဝိညာဉ်သခင် များထဲမှ အမြန်ဆုံးသော ဝိညာဉ်သခင် လေးယောက်သည် မြစ်ရေထဲသို့ ခုန်ဆင်း လိုက်ကြသည်။

တန်အို၊ စုန့်မိသားစုနှင့် ရှီမိသားစုမှ ခေါင်းဆောင် နှစ်ယောက်မှာမူ လူအုပ်၏ အလယ်တွင်နေကာ လုံခြုံရေးအတွက် ဂရုစိုက်နေရသဖြင့် ရှေ့ဆုံးမှ မလိုက်နိုင်ကြချေ။ ရှေ့ဆုံးမှ ပြေးထွက်သွားသည့် ဝိညာဉ်သခင် များသည် ဝမ်ရှန်းမှာ တစ်ဖက်ကမ်းတွင် ဖိနပ်များကို ရေခါနေသည်ကို ကြည့်ကာ တစ်စုံတစ်ရာ မစဉ်းစားဘဲ ရေထဲသို့ ခုန်ချသွားကြသည်။

ယခု ဝမ်ရှန်းသည် လူတိုင်း၏ မျှော်လင့်ချက် ဖြစ်သည်။ ဝမ်ရှန်းကိုသာ ထိန်းချုပ်နိုင်ပါက အိမ်ပြန်ရန် လမ်းကြောင်း ရှာတွေ့နိုင်သည်။ ယခုအချိန်တွင် အသားစား ပုရွက်ဆိတ်များကြောင့် မိစ္ဆာ သားရဲများ၏ ရန်ကို ကြောက်နေစရာ မလိုပေ။

ထို့ကြောင့် ယခုအချိန်သည် ဝမ်ရှန်းကို ဖမ်းရန် အကောင်းဆုံး အခိုက်အတန့်ပင်။ ထိုဝိညာဉ်သခင် နှစ်ယောက်သည် မြစ်ထဲသို့ ဆယ်မီတာ အဝေးထိ ကူးခတ်ရောက်ရှိ သွားချိန်တွင် တန်မိသားစုမှ နှစ်ယောက်သည် မြစ်ရေထဲသို့ ဆင်းသွားသည်။ ထို့နောက် အခြားသော ဝိညာဉ်သခင် များလည်း ရေထဲသို့ အလျှိုလျှို ဆင်းသွားကြသည်။

တန်အိုနှင့် ခေါင်းဆောင် နှစ်ယောက် မြစ်ကမ်းသို့ ရောက်ရှိလာချိန်တွင် ဝိညာဉ်သခင် ရှစ်ယောက်သည် မြစ်ထဲသို့ မီတာပေါင်း များစွာအထိ ရောက်ရှိသွားလေပြီ။ အမြန်ဆုံးသော တစ်ယောက်သည် မြစ်လယ်ကို ကျော်ဖြတ်နေစဉ် တစ်ဖက်ကမ်းရှိ ဝမ်ရှန်းမှာ ဖိနပ်များကို အေးအေးလူလူ အခြောက်ခံနေဆဲပင်။

“နေကြဉီး” 

တနိအိုသည် ဝမ်ရှန်း၏ အမူအရာကြောင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သတိထားမိသွားသည်။ သို့သော် ယခုအချိန်တွင် သူ့နောက်မှ ရေထဲမှ ခုန်ချရန် ပြင်နေသည့် ဝိညာဉ်သခင် များကို အော်ဟစ်တားဆီး လိုက်ရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset