Switch Mode

Chapter – 68

ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၅)

အခန်း ၆၈
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၅)

အဆုံးတွင် အသားစား ပုရွက်ဆိတ်တပ်ကြီး ပျောက်ကွယ် သွားပြီး အနီနှင့် အနက်ရိပ်များ မတွေ့ရတော့ပေ။

လူတိုင်းသည် မိမိ၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ထက်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် သေရေးရှင်ရေး အတွက် ရုန်းကန်ခဲ့ရပြီးနောက် တစ်ပတ်လုံးလုံး မနားမနေ တိုက်ခိုက်ခဲ့ရသည့် အလား မောပန်းနွမ်းနယ် နေလေသည်။

ခန္ဓာကိုယ် အင်အားများကို နုတ်ယူခံလိုက် ရသကဲ့သို့ ချုံးချုံးကျ သွားသည်။ တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ပြီးတိုင်း မည်သည့်အခါမှ ဤမျှအထိ မပင်ပန်းဖူးချေ။ ယခုမူ မိနစ်နှစ်ဆယ်ခန့်ဖြင့် တိုက်ပွဲပေါင်း ရာချီ နွှဲခဲ့ရသည့်အလား ခံစားနေရသည်။

မီးစာများ တဖျစ်ဖျစ် လောင်ကျွမ်းနေသည့် အသံနှင့် လူအယောက် ၂၀ ကျော်၏ သက်ပြင်း ချသံများမှလွဲ၍ အခြား အသံမကြားရတော့ပေ။ လူတိုင်းသည် သေမင်းခံတွင်းဝမှ ထွက်လာခဲ့ပြီးနောက် တစ်ခဏမှ ဆွံ့အနေကြသည်။

ထို့နောက် လူတိုင်းသည် အစားအစာများကို ကိုယ်စီ ထုတ်ယူကာ စားသောက် လိုက်ကြသည်။ တစ်ခဏ အတွင်းမှာပင် ခန္ဓာကိုယ် အင်အားများ ပြန်လည် ဖြည့်တင်းနိုင်ရန် ကြိုးပမ်းနေကြသည်။ ရှေ့လျှောက် မည်သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မည်သူမျှ မပြောနိုင်ချေ။

ဂျင်ဒီတစ်ထောင် တားမြစ်နယ်မြေ၏ အန္တရာယ်များကို ယခု လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေပြီ။ တားမြစ်နယ်မြေထဲသို့ ဝင်ရောက် လာသည်မှာ မိုင်ပေါင်း လေး၊ ငါး၊ ခြောက် ဆယ်ခန့်သာ ရှိသေးသော်လည်း ဝိညာဉ်သခင် အယောက် တစ်ရာတွင် တစ်ဝက်ကျော်မှာ သေဆုံးသွားကြလေပြီ။

ရှေ့ဆက်တိုးပါက မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရဉီးမည် မသိပေ။ ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ ဝမ်ရှန်းသာ ရှေ့ဆက် တိုးပါက သူတို့အားလုံး ဆက်လိုက်မည်လော၊ မလိုက်ဘူးလော ဟူသည့် မေးခွန်းပင်။

“ငါတို့ ဆက်လိုက်ကြမှာလား”

အဆုံးတွင် တစ်စုံတစ်ယောက်သည် ခေါင်းကို မော့၍ မေးမြန်းလာသည်။

ထိုလူသည် ရှီမိသားစုမှ တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ မာနနှင့် ထောင်လွှားမှုမျိုး မရှိတော့ပေ။ သူ၏ အမူအရာမှာ ယောက္ခမ အိမ်တွင် နှိပ်စက် ခံနေရသည့် ချွေးမတစ်ယောက် သဖွယ် ကူကယ်ရာမဲ့ နေလေသည်။

ထိုဝိညာဉ်သခင်၏ စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အာရုံသည် တန်မိသားစု၊ စုန့်မိသားစုနှင့် ရှီမိသားစုထံ ကျရောက် သွားသည်။ ဤမိသားစုသုံးခုမှာ ၎င်းတို့ အားလုံး၏ ကျောထောက်နောက်ခံ သဖွယ် ဖြစ်နေသည်ပင်။

စုန့်မိသားစုနှင့် ရှီမိသားစုမှ ဝိညာဉ်သခင် နှစ်ယောက်သည် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ မီးလောင်နေသည့် စက်ဝိုင်းကို ကြည့်လိုက်၊ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သာ လုပ်နေကြသည်။ တန်အို တစ်ယောက်သာလျှင် အသာအယာ ချောင်းဟန့် လိုက်ပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။

“မလိုက်တော့ဘူး….”

တန်အိုသည် စကားကို ဖြည်းညင်းစွာ ပြောနေသည်။ တန်အို၏ စကားကြောင့် လူတိုင်း၏ မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ထင်ဟပ် လာသော်လည်း –

“ငါတို့ ဆက်မလိုက်ဘူးဆိုရင် နောက်ပြန်လှည့်ပြီး ပုရွက်ဆိတ် တပ်ကို လိုက်မှာလား”

ပုရွက်ဆိတ် တပ်ဟူသည့် စကားသည် လူတိုင်းအတွက် အိပ်မက်ဆိုး သဖွယ်ပင်။ အသံကြားရုံဖြင့် ကြက်သီး ထလာလျက် ပုရွက်ဆိတ်တပ်များ ပျောက်ကွယ်သွားသည့် အရပ်သို့ စိတ်မချစွာ လှမ်းမျှော်၍ ကြည့်မိလျက်သား ဖြစ်နေလေသည်။

တန်အို၏ စကားသည် လူတိုင်းအတွက် အိပ်မက်ထဲမှ နိုးထလာစေသည့် အလား တိတ်ဆိတ် ငြိမ်သက် သွားစေသည်။ ပုရွက်ဆိတ် တပ်များ ဉီးတည် ပျောက်ကွယ်သွားသည့် လမ်းကြောင်းသည် သူတို့ အိမ်ပြန်ရမည့် လမ်းကြောင်းဖြစ်သည်။ လာရာလမ်းအတိုင်း လှည့်ပြန်လျှင် ပုရွက်ဆိတ် တပ်များနှင့် မတွေ့ဟု မည်သူမျှ အာမ မခံနိုင်ချေ။

ယခုမှ သေမင်း ခံတွင်းဝမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်လေရာ သတ္တိ အဆ တစ်ထောင်ပေးလျှင်ပင် နောက်ပြန် မလှည့်ရဲတော့ပေ။

ဉီးတည်ချက် ပြောင်းရန်လည်း မဖြစ်နိုင်ချေ။ သူတို့ အားလုံးသည် ဤနေရာအထိ ရောက်ခဲ့ခြင်းမှာ ဝမ်ရှန်း၏ ဉီးဆောင်မှုကြောင့် မဟုတ်ပါလော။ အစွန်းပိုင်း ဧရိယာ တစ်ဝိုက်မှာပင် မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုနှင့် အသားစား ပုရွက်ဆိတ် တပ်ကို ကြုံတွေ့ခဲ့ရလေရာ ဝမ်ရှန်း မပါဘဲ ဉီးတည်ချက် ပြောင်း၍ အိမ်ပြန်ရန်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေသည့် အလားပင်။

ဝမ်ရှန်း၏ နောက်မှ လိုက်ခြင်းဖြင့် အန္တရာယ်ကိုပင် ကြိုတင် သိရှိနိုင်သေးသည်။ ဝမ်ရှန်း နောက်မှ မလိုက်ပါက မည်သို့ ဖြစ်သွားမည်နည်း။

ယခု အခြေအနေအရ ရှေ့ဆက်တိုးရုံမှ အပ အခြား ရွေးချယ်စရာ မရှိတော့ပေ။ သူတို့အားလုံးသည် ဝမ်ရှန်း၏ သေဆုံးမှုကို ကြည့်ရှုရန် လိုက်လာခဲ့ကြသော်လည်း ယခုမူ သူတို့အားလုံး၏ ရှင်သန်မှုအတွက် ဝမ်ရှန်းကို ပြန်လည် အားထားနေရသည်။

တန်အို၏ စကားလုံးများသည် ခါးသီးလှသော်လည်း အမှန်တရားကို ညွှန်းဆိုနေသည်။ လူတိုင်းသည် ချက်ချင်း စိတ်တင်းကာ ခန္ဓာကိုယ် အင်အားများကို ပြန်လည် ဖြည့်တင်း လိုက်ကြသည်။

ဝမ်ရှန်းကို မီအောင် မလိုက်န်ုင်ပါက ဒုက္ခ အကြီးအကျယ် ရောက်သွားနိုင်သည်။ နောက်မှ လိုက်ပါလာသည့် ဝိညာဉ်သခင်များ အနားယူ နေကြစဉ် ဝမ်ရှန်းသည် ခရီးစနေလေပြီ။ အသားစား ပုရွက်ဆိတ်တပ်ကြီး ဖြတ်သန်း သွားပြီးနောက် သက်ရှိ သတ္တဝါဟူ၍ မကျန်ခဲ့ချေ။

သို့ရာတွင် ပုရွက်ဆိတ်တပ်ကြီး ဖြတ်သန်းသွားသည့် နေရာသည် သက်ရှိများ အတွက် နေထိုင် ရှင်သန်ရန် အလွန် သင့်လျော်သော နယ်မြေတစ်ခု ဖြစ်လာသည်။ သစ်ပင်နှင့် သစ်ရွက်များမှ ကပ်ပါးကောင်များ သေဆုံးသွားပြီးနောက် အရိုးစုများ အကြွင်းအကျန်များသည် အကောင်းဆုံးသော သဘာဝမြေသြဇာများ ဖြစ်လာကြသည်။ အပင်များသည် ၎င်း မြေသြဇာများကို စုပ်ယူ၍ ရှင်သန်မှုအတွက် ကောင်းမွန်သင့်လျော်သော သဘာဝကို အထောက်အကူ ပြုနိုင်သည်။

သို့သော် အသားစား ပုရွက်ဆိတ်တပ်ကြောင့် ဤဧရိယာ တစ်ဝိုက်တွင် ခွန်အားပြင်း မိစ္ဆာ သားရဲများ မရှိကြတော့သော်လည်း အချိန်တို အတွင်းသာ ဖြစ်သည်။

ထို့ကြောင့်လည်း ဝမ်ရှန်းသည် ပုရွက်ဆိတ်များ ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက် သစ်ပင်ပေါ်မှ ဆင်းကာ အပြေးအလွှား ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ ဝိညာဉ်ထံမှ သတိပေးချက်များ ပျောက်ကွယ် သွားသည်ကို ထောက်ချင့်ပါက သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သိနိုင်လေသည်။ လူသားစား ပုရွက်ဆိတ် တပ်သည် လမ်းတစ်လျှောက်မှ မိစ္ဆာ သားရဲများကို ရှင်းလင်း ပေးသွားသကဲ့သို့ ခွန်အားပြင်း မိစ္ဆာ သားရဲများကိုပင် မဆိုထားနှင့် သာမန် မိစ္ဆာ သားရဲလေးများကိုပင် မတွေ့ရတော့ပေ။

လမ်းတစ်လျှောက်လုံး အန္တရာယ်ဟူ၍ မရှိဘဲ ချောမွေ့သော ခရီးလမ်း ဖြစ်လာသည်။ ဂျင်ဒီတားမြစ် နယ်မြေထဲသို့ စဝင်စဉ် ကတည်းက ယခု အချိန်ထိ ဝမ်ရှန်းသည် တည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့သည်။

သူ၏ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အရည်အချင်းကြောင့် မျက်နှာထက်သို့ မြွေတစ်ကောင် ဖြတ်သွားစဉ်ကလည်း ကျောက်တုံး တစ်တုံးအလား မလှုပ်မယှက် ငြိမ်သက် နေနိုင်ခဲ့သည်။ ဤသို့သော သူ၏ အရည်အချင်းကြောင့် တန်အိုနှင့် အခြားသူများမှာ သေလုမြောပါး အရှက်ရနေကြသည်။

ကံမကောင်းစွာပင် တန်အိုနှင့် အခြားသူများသည် ဝမ်ရှန်း ခရီးစနေပြီကို မသိကြဘဲ ခန္ဓာကိုယ် အင်အားများ ဖြည့်တင်း၍ မဆုံးဖြစ်နေကြသည်။

ဝမ်ရှန်းသည်  ပထမဆုံးသော မိစ္ဆာသားရဲကို မတွေ့မီ နာရီဝက်ခန့် လမ်းလျှောက် လာခဲ့သည်။ ဝမ်ရှန်း ကံကောင်းသည်မှာ ၎င်းသားရဲသည် အရွက်စား သတ္တဝါ ဖြစ်နေခြင်းပင်။ သားရဲကြီးသည် အာဖရိကရှိ တောရိုင်းပျားများနှင့် သဏ္ဌာန်တူသော်လည်း သုံးဆခန့် ပို၍ ကြီးမားသည်။ ဂျင်ဒီတားမြစ် နယ်မြေသည် အစွမ်းထက် မိစ္ဆာ သားရဲများသာမက ပြီးပြည့်စုံသည့် အစာကွင်းဆက်လည်း ရှိနေပေသည်။ ထိုမှသာလျှင် ခွန်အားကြီး မိစ္ဆာ သားရဲများ ရှင်သန်နိုင်မည်ဖြစ်ကာ အရွက်စား သတ္တဝါများသည် အသားစား မိစ္ဆာ သားရဲများအတွက် အစာဖြစ်လေသည်။

ဝမ်ရှန်း၏ အရှေ့ဘက်တွင် မီတာ ၂၀၀ ခန့် ကျယ်ပြောသည့် မြစ်တစ်စင်းရှိပြီး မည်မျှ နက်စောက်သည် မသိပေ။ မြစ်ရေစီးကြောင်းသည် သိပ်မမြန်လှဘဲ ညင်သာသည်။ ရေမျက်နှာပြင်ထက်တွင် အသားစား ပုရွက်ဆိတ်နီများ ပေါလော ပေါ်နေကြပြီး ရံဖန်ရံခါတွင် ရေထဲမှ ငါးများ၏ ဝါးမျိုမှုဖြင့် ပျောက်ကွယ် သွားတတ်သည်။

ဤမြင်ကွင်းကြောင့် အသားစား ပုရွက်ဆိတ်တပ်သည် ဤဘက်အထိပါ ရောက်လာခဲ့ကြောင်း ဝမ်ရှန်း ရိပ်စားမိလိုက်သည်။

ပုရွက်ဆိတ်များသည် မြစ်ကို ဖြတ်သွားခဲ့ကြောင်း ရေမျက်နှာပြင်ပေါ်မှ ပုရွက်ဆိတ် အသေကောင်များက သက်သေ ပြနေလေသည်။ မလှမ်းမကမ်းတွင် အမြီးကို နှံ့၍ ရေသောက်နေသော တောရိုင်းကောင် သုံးလေးကောင်ခန့်ရှိပြီး ဝမ်ရှန်းကို မြင်သော်လည်း ၎င်း တောရိုင်းကောင်များသည် တစ်ချက်သာ မော့ကြည့်ကာ ရေဆက် သောက်နေကြသည်။

ဝမ်ရှန်းသည် ၎င်းတို့ကို ခြိမ်းခြောက် နိုင်စွမ်း မရှိဟန်ဖြင့် လျစ်လျူရှု ထားကြပြီး ခေါင်းကိုငုံ့ကာ ရေအဝ သောက်နေကြသည်။ ဝမ်ရှန်းသည်လည်း မီတာတစ်ရာခန့်အဝေးမှ ၎င်း တောရိုင်းကောင်များကို လျစ်လျူရှုကာ မြစ်ကမ်းသို့ ချဉ်းကပ်သွားပြီး အဝေးကြည့် မှန်ပြောင်းကို ထုတ်ယူလျက် တစ်ဖက်ကမ်းသို့ မျှော်ကြည့်လိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset