အခန်း ၆၇
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ (၄)
ဝမ်ရှန်းသည် အခြားလူများ၏ သေရေးရှင်ရေးကို ဂရုမစိုက်အားချေ။ သူ့မျက်လုံးများသည် သူကုပ်တွယ်ထားသည့် သစ်ပင် ပင်စည်ကိုသာ စူးစိုက်ကြည့်နေသည်။ ခန္ဓာကိုယ်သည် ပင်စည်တွင် ချည်နှောင်ထားသည့် ဒုတိယမြောက် အဝတ်စ အရစ်ထံ လျှောဆင်းသွားပြီး မီးရှို့လိုက်သည်။
“ဘုန်း”
မလှမ်းမကမ်းမှ ဆူညံသံ တစ်ခုသည် ဝမ်ရှန်း၏ အာရုံကို ဆွဲဆောင်သွားသည်။ ခေါင်းစောင်းငဲ့ကာ ကြည့်လိုက်စဉ် ကြောက်မက်ဖွယ် မြင်ကွင်း တစ်ခုကို တွေ့မြင် လိုက်ရလေသည်။
ပုရွက်ဆိတ် တပ်ကြီး လာနေစဉ် အဖြူရောင် စပါးအုံး မိစ္ဆာ သားရဲကြီး၏ ခန္ဓာကိုယ်သည် အလွန် ကြီးမားလှသဖြင့် ခပ်ဝေးဝေးသို့ မပြေးနိုင်ခဲ့ဘဲ မီတာပေါင်း များစွာ ထူထဲသည့် သစ်ပင်ကြီး တစ်ပင်ထက်သို့ တွယ်တက် သွားသည်။ အနှီ သစ်ပင်ကြီး၏ လုံးပတ်မှာ ကြီးမား လွန်းလှသဖြင့် ဧရာမစပါးအုံးကြီး၏ အလေးချိန်ကို ခံနိုင်ရည် ရှိလေသည်။
သို့ရာတွင် ယခုအခါ သစ်ပင် တစ်ခုလုံးသည် လူသားစား ပုရွက်ဆိတ်များဖြင့် ဖုံးအုပ် ခံထားရပြီး ပင်စည်တစ်ခုလုံး အနီနှင့် အနက်ရောင် ပြောင်းနေသည်။ ဆူညံသော အသံသည် ဧရာမ စပါးအုံးကြီး သစ်ပင်ထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့် အသံဖြစ်သည်။
တန်ပေါင်းများစွာ လေးလံသော ဧရာမ စပါးအုံးကြီးသည် ဆယ်မီတာကျော် မြင့်မားသည့် သစ်ပင်ထက်မှ ပြုတ်ကျ လာပြီးနောက် လှုပ်ရှားချိန်ပင် မရလိုက်ဘဲ ပုရွက်ဆိတ်များ၏ ဝါးမျိုမှုကို ခံလိုက်ရသည်။
တစ်တိတစ်တိ ကိုက်စားသံများ ဆက်တိုက် ပေါ်ထွက်လာပြီး အရိုးထဲထိ ကြက်သီး ထလာစေသည်။ မီတာ ၂၀၀ ခန့် အဝေးမှ ဝမ်ရှန်းသည် ဧရာမ မြွေကြီးကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ နေရသည်။ မီတာ ၄၀ ခန့် ရှည်လျားသည့် ခန္ဓာကိုယ်သည် မြေပြင်ထက်တွင် ဆယ်ကြိမ်ခန့်မျှ တွန့်လိမ် နေပြီးနောက် အလုံးစုံ ငြိမ်သက်သွားလျက် လှုပ်ရှားမှု မရှိတော့ပေ။
တစ်ခဏမျှ ကြာသော် မြွေခန္ဓာကိုယ်သည် အရိုးဖြူများသာ ကျန်ရစ်ခဲ့ပြီး ဒီရေလှိုင်းများ အလား ပုရွက်ဆိတ် တပ်ကြီးသည် တလိမ့်လိမ့်ဖြင့် ရှေ့ဆက် တိုးသွားသည်။
ခွန်အားချင်းသာ ယှဉ်လိုက်ပါက ပုရွက်ဆိတ် တစ်ကောင်သည် မိစ္ဆာ သားရဲများကိုပင် မဆိုထားနှင့် သာမန်လူ တစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ သို့သော် အုပ်စု ဖွဲ့လိုက်ချိန်တွင် ကျားသစ်ဖြစ်စေ၊ ကျားဖြစ်စေ၊ စပါးအုံး ဖြစ်စေ ထွက်ပြေး လွတ်မြောက် နိုင်မှသာ အသက်ရှင် ပေလိမ့်မည်။
သို့မဟုတ်ပါက ဝမ်ရှန်း၏ မျက်စိရှေ့မှ စပါးအုံး ကဲ့သို့ပင် အရိုးဖြူများသာ ကျန်သည်အထိ ကိုက်စားဝါးမျို ခံရပေလိမ့်မည်။ စပါးအုံးကြီးသည် မသေခင် အချိန်အတွင်း လူသားစား ပုရွက်ဆိတ် တစ်ထောင်ကျော်ခန့်ကို သတ်ဖြတ်ကောင်း သတ်ဖြတ် နိုင်သော်လည်း ထိုမျှ အင်အားသည် ၂ သန်းကျော် ပုရွက်ဆိတ် တပ်ကြီးအတွက် အကျိုးသက်ရောက်မှု မရှိချေ။
ဤမြင်ကွင်းသည် ဝမ်ရှန်း၏ စိတ်ထဲတွင် ရိုက်နှိပ် လိုက်သည့် အလား စွဲထင် ကျန်ရစ်ခဲ့သည်။ ရုတ်တရက် ဝမ်ရှန်း၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်သွားသည်။
“ငါ့ရဲ့ ချီဝမ်နဂါးက ဘာလို့ အဲ့တောင်တွေကို တစ်ကိုက်တည်း ဝါးမျိုဖို့ လိုတာလဲ၊ ပုရွက်ဆိတ် တပ်လိုမျိုး အရေအတွက်ကို မူတည်ပြီး ပြိုင်ဘက်ကင်း ခွန်အားမျိုး မရနိုင်ဘူးလား”
ဤအတွေးမှာ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သော်လည်း ဝမ်ရှန်းအတွက် များစွာ စဉ်းစားနေရန် အချိန်မရှိပေ။ ဒုတိယမြောက် အဝတ်စမှ မီးတောက်သည် ဖြည်းညင်းစွာ သေးငယ် လာလေပြီ။ ဝမ်ရှန်းသည် ခန္ဓာကိုယ်ကို အောက်သို့ တစ်ဖန် လျှောဆင်းကာ တတိယမြောက် အဝတ်စကို မီးရှို့လိုက်ပြီးမှ အပေါ် ပြန်တက်သွားသည်။
အဝတ်စ တစ်ခုသည် သုံးမိနစ်ခန့်သာ အများဆုံး လောင်ကျွမ်းနိုင်သည်။ ကျန်ရှိနေသေးသည့် အဝတ်စများသည် ပုရွက်ဆိတ် တပ်ကြီး ထွက်ခွာသွားသည့် အချိန်ထိ မလောက်ငှပါက မည်သို့ ကြံရပါမည်နည်း။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် ရေစီးသံမှ လွဲ၍ အခြား အသံများ မကြားရတော့ပေ။ သူ၏ ပတ်ဝန်းကျင် မီတာ ၁၀၀ ပတ်ပတ်လည်၌ သက်ရှိ သတ္တဝါဟူ၍ မရှိတော့ချေ။ ပုရွက်ဆိတ်တပ် ဝင်လာသည်နှင့် တစ်ပြိုင်နက် သေဆုံးခြင်းကိုသာ ယူဆောင် လာတတ်ပြီး အခြား မျှော်လင့်၍ မရချေ။
ရေစီးသံသည် သေမင်းအော်သံ အလား အထိရောက်ဆုံးနှင့် အပြည့်စုံဆုံးသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်လာစေသည်။ ယခု ဝမ်ရှန်းသည် သူ၏ အဝတ်စများနှင့် မြွေဆီများ မှာ ပုရွက်ဆိတ် တပ်ကြီး၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ယုံသာ မျှော်လင့်နေမိသည်။
သူ့နောက်မှ လိုက်လာသည့် ဝိညာဉ်သခင်များ အတွက် တွေးပင် မတွေးရဲချေ။ တတိယမြောက် အဝတ်စသည် ထပ်မံ ငြိမ်းသေစ ပြုလာသဖြင့် စတုတ္ထမြောက် အဝတ်စကို မီးရှို့ရန် ပြင်ရပြန်သည်။ တတိယမြောက် အဝတ်စ ငြိမ်းသည်နှင့် တစ်ပြိုင်နက် မနှောင့်နှေး စေရဘဲ ချက်ချင်း မီးရှို့ လိုက်သည်။
ထိုအခိုက်အတန့်တွင် ညှင်းပန်း နှိပ်စက်ခံနေရသည့် အလား ခံစားနေရသည်။ ကြောက်မက်ဖွယ် လူသားစား ပုရွက်ဆိတ်များသည် ဤနေရာတွင် မည်မျှကြာမည် မသိလေရာ ဝမ်ရှန်း ကိုယ်တိုင်ပင် စိုးရိမ်ကြောင့်ကြ လာသည်။
တိုက်ပွဲ ဝိညာဉ်သည် သတိပေးချက်များ ဆက်တိုက် ထုတ်လွှတ်နေပြီး ယွမ်ဝိညာဉ် နယ်မြေမှာလည်း တုန်ခါနေဆဲပင်။ ဝမ်ရှန်းသည် အချိန်ကြာ လာသည်နှင့် အမျှ ခေါင်းများ မူးနောက်လာပြီး သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးနီး ဖြစ်သွားသည်။
ကံကောင်းစွာပင် ခန္ဓာကိုယ်နှင့် ပင်စည်ကို တွဲချည်ထားသည့် ကြိုးကြောင့် မတော်တဆ ပြုတ်ကျ မသွားခြင်းပေ။ သတ္တမမြောက်နှင့် အဌမမြောက် အဝတ်စများကို မီးရှို့ပြီးချိန်တွင် မိနစ်နှစ်ဆယ်ခန့် ကုန်လွန်သွားလေပြီ။
နောက်ဆုံး၌ ဝမ်ရှန်းသည် ပုရွက်ဆိတ် တပ်ကြီး၏ အဆုံးပိုင်းကို မြင်လာရပြီ ဖြစ်သည်။ သူ့တွင် မီးမရှို့ရသေးသည့် အဝတ်စသုံးခုခန့် ကျန်နေသေးသဖြင့် စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေလိုက်သည်။
ထို့နောက် နောက်ထပ် အဝတ်စ တစ်ခုကို ထပ်မံ မီးရှို့ကာ ပတ်ပတ်လည်ကို စစ်ဆေး ကြည့်လိုက်သည်။ အသားစား ပုရွက်ဆိတ်တပ်ကြောင့် သက်ရှိဟူ၍ မကျန်ခဲ့ဘဲ သားရဲဟိန်းသံများလည်း ပျောက်ခြင်းမလှ ပျောက်ကွယ် သွားသည်။
သို့ရာတွင် မလှမ်းမကမ်းမှ မီးခိုးလုံးများကြောင့် ဝမ်ရှန်း အံ့သြသွားသည်။
ဉာဏ်ပြေးသူမှာ ဝမ်ရှန်း တစ်ယောက်တည်း မဟုတ်ချေ။ ခြေရာခံ လိုက်လာသည့် ဝိညာဉ်သခင် အချို့သည် အတန်ငယ် စိုစွတ်နေသည့် သစ်တုံးများကို မီးရှို့ထားခြင်း ဖြစ်သည်။
ထိုအခါ အသားစား ပုရွက်ဆိတ်များ ဝင်ရောက်နိုင်စွမ်း မရှိတော့ဘဲ ဝမ်ရှန်းကဲ့သို့ပင် မိမိ၏ အသက်ကို ကာကွယ် လိုက်နိုင်လေသည်။
ဝမ်ရှန်း ခန့်မှန်းထားသည်မှာ အတိအကျကို မှန်ကန်နေခဲ့သည်။
ဝမ်ရှန်းနှင့် မီတာ တစ်ထောင်ခန့် အကွာအဝေး၌ လူပေါင်း ၂၀ ခန့် စုဝေးနေကြသည်။ ထိုလူများသည် စက်ဝိုင်းသဏ္ဌာန် ဖွဲ့ကာ ထိုမီးစက်ဝိုင်းထဲတွင် ရှိနေကြပြီး သစ်ကိုင်းအချို့ကို ဖြတ်တောက်ကာ မီးမြှိုက်နေကြသည်။
စက်ဝိုင်းသည် အချင်း ၁၀ ပေခန့်ရှိပြီး မီးငြိမ်းတော့မည် ဆိုသည်နှင့် တစ်ပြိုင်နက် ထင်းများ ထပ်ထည့်ကာ မီးတောက်များ ပေါ်ထွက်လာစေသည်။ သာမန်အားဖြင့် လူသတ်သော ဓားများသည် ယခုအခါ ထင်းခုတ်ဓား ဘဝသို့ ပြောင်းလဲ သွားလေသည်။
စက်ဝိုင်း အစွန်းဘက်တွင် ကင်းလှည့်နေသည့် ဝိညာဉ်သခင် အချို့လည်း ရှိနေပြီး ပုရွက်ဆိတ် တစ်ကောင် နှစ်ကောင်သည် စက်ဝိုင်းထဲသို့ ဝင်ရောက် လာပါက ချက်ချင်း ဓားဖြင့် ထိုးသတ် လိုက်သည်သာ ဖြစ်သည်။
သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရချိန်တွင် မည်သူကမှ ခွန်အားများကို မဖုံးကွယ်ရဲဘဲ အသက်ရှင်ရန် အစွမ်းကုန် ကြိုးပမ်းလျက် ရှိကြသည်။ ကျင့်ကြံရေးအဆင့် အမြင့်ဆုံး လူများသည် ပုရွက်ဆိတ် များကို ဖယ်ရှားရန် တာဝန်ယူ ထားကြသည်။
တန်အိုနှင့် အခြား မိသားစုမှ ပဉ္စမအဆင့် ဝိညာဉ်သခင် နှစ်ယောက်၏ ကာကွယ်မှုနှင့် အခြား ဝိညာဉ်သခင်များ၏ ကြိုးစားမှုဖြင့် မီးကို အဆုံးထိ လောင်ကျွမ်းနေစေရန် စီမံနိုင်ခဲ့ကြသည်။ တန်အိုသည် ပုရွက်ဆိတ် တပ်ကြီး၏ အဆုံးပိုင်းကို မြင်မှ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်မိသည်။
သူသည် ဝမ်ရှန်း၏ နည်းလမ်း အတိုင်း မီးကို အသုံးချခဲ့ခြင်းဖြစ်ပြီး ဤအတိုင်းသာ ဆိုပါက ဝမ်ရှန်းကိုပင် ကျေးဇူးတင်ရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ သူတို့သည် ပုရွက်ဆိတ်တပ် ပေါ်ထွက်လာစဉ် ကတည်းက အခက်အခဲကို ကျော်ဖြတ်ရန် အတူတကွ ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် နောက်လိုက် ဝိညာဉ်သခင်များကို အတူ စုစည်းစေကာ ဝမ်ရှန်း၏ နည်းလမ်း အတိုင်း အသက်ရှင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဒရောသောပါး ထွက်ပြေးသွားသည့် ဝိညာဉ်သခင် များလည်း ရှိခဲ့ပြီး ယခုအခါ လူပေါင်း ၁၀၀ ခန့် ရှိနေရာမှ ဆယ်ယောက်ကျော်သာ ကျန်ရစ်ခဲ့တော့သည်။
ပျောက်ကွယ် သွားသည့် ဝိညာဉ်သခင်များမှာ မည်သည့် နေရာသို့ ရောက်ရှိသွားကြောင်း မေးနေစရာပင် မလိုချေ။ သေချာပေါက် မိစ္ဆာ သားရဲများနှင့် အသားစား ပုရွက်ဆိတ် များ၏ အစာအိမ်ထဲတွင် ရှိနေပေလိမ့်မည်။
***