Switch Mode

Chapter – 66

ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၃)

အခန်း ၆၆ – ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၃)

မိစ္ဆာ သားရဲများ ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် မိစ္ဆာသားရဲများ၏ ရှေ့တည့်တည့်နှင့် နောက်ကျောဘက်မှ ဝိညာဉ်သခင်များစွာ၏ မျက်နှာမှာ ချက်ချင်း ဖြူဆုတ်သွားကြသည်။

မိစ္ဆာကျား၊ ခြ‌ေင်္သ့၊ မြေခွေး၊ စပါးအုံး စသည်ဖြင့် ကြယ်ငါးပွင့်ထက် မနိမ့်သော မိစ္ဆာ သားရဲများစွာသည် လူသားအနေဖြင့် ဆိုလျှင် စတုတ္ထအဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်နှင့် ခွန်အားချင်း ညီမျှသည်။ မိစ္ဆာ သားရဲတစ်ကောင်သည် ပဉ္စမအဆင့် ဝိညာဉ်သခင်ကို အသေသတ်နိုင်စွမ်း ရှိလေရာ ယခုမူ မိစ္ဆာသားရဲ ဆယ်ကောင်မက ပြေးထွက်လာခြင်း ဖြစ်သည်။

မျက်နှာချင်းဆိုင်တွင် ရှိနေသော ဝိညာဉ်သခင်များ၏ မျက်နှာမှာ ချက်ချင်း သွေးရောင် ပျောက်သွားသည်။ ထိုအခိုက်အတန့်တွင် သစ်ပင် ပေါ်ပြေးတက်သွားသည့် ဝမ်ရှန်း၏ လုပ်ရပ်ကို စဉ်းစားနေချိန် မရတော့ဘဲ နံဘေးသို့ အလျင်စလို ရှောင်တိမ်း လိုက်ကြသည်။

“ဘုန်း”

“ဘုန်း” 

ရှောင်တိမ်းရန် အချိန်မမီ လိုက်ကြသော ဝိညာဉ်သခင် အချို့သည် မိစ္ဆာ သားရဲများနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ အသေးငယ်ဆုံးသော မိစ္ဆာ သားရဲကပင် ငါးမီတာရှည်၍ ပေါင်သုံးတန်ခန့် လေးလေရာ ၁၀၀ ကီလိုပင် မပြည့်သည့် လူသားခန္ဓာကိုယ်သည် အဘယ်မှာ အသက်ရှင်နိုင်ပါမည်နည်း။

ငါးယောက်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြကာ နှစ်ယောက်မှာမူ မိစ္ဆာ သားရဲများ၏ နင်းချေမှုဖြင့် မြေကြီးထဲတွင် နစ်ဝင်နေသည်။ အချို့သော ကံမကောင်းသည့် ဝိညာဉ်သခင်များမှာ ကြံ့ဆင်ကြီး တစ်ကောင်၏ ဉီးချိုဖြင့် ကော်ခံလိုက်ရကာ ပြင်းထန်သော ခွန်အားကြောင့် မြေပြင်ပေါ် ပြန်ကျသည်နှင့် အသက်ပျောက် ကုန်ကြသည်။

ကျန်ရှိနေသူများမှာ ကံကောင်းထောက်မစွာ မသေကြပေ။ သို့သော် အရိုးများ မည်မျှ ကျိုးထွက်သွားသည် မသိချေ။ အမြင့်မှ ပြင်းပြင်းထန်ထန် ပြုတ်ကျ လာပြီးနောက် လှုပ်ရှားနိုင်စွမ်း မရှိကြတော့ပေ။

သစ်ပင်ကြီး၏ နောက်တွင် ပုန်းကွယ်လိုက်နိုင်သည့် ဉာဏ်ကောင်းသော လူ ၆ ယောက်ခန့်သာ အကောင်းပကတိ ကျန်ရစ်ခဲ့ကြသည်။ မိစ္ဆာ သားရဲများသည် ပုံမှန်ရက်များတွင် ၎င်းတို့အတွက် အရသာရှိသည့် အစားအစာများ ဖြစ်သော လူသားကို နှစ်သက်ကြသည်။ ယခုတွင်မူ တစ်ချက်လေးပင် ငုံ့မကြည့်ဘဲ တစ်စုံတစ်ရာကို ကြောက်ရွံ့ နေကြသည့်အလား ဒရောသောပါး ပြေးထွက် သွားကြသည်။

ကျန်ရှိနေခဲ့သော ဝိညာဉ်သခင် အနည်းငယ်မှာ မိစ္ဆာ သားရဲများ ထွက်ခွာသွားမှသာ စိတ်သက်သာရာရစွာ သက်ပြင်း ချနိုင်ကြသည်။ ကံကောင်းစွာပင် မိစ္ဆာ သားရဲများမှ လျစ်လျူရှု သွားသဖြင့် အသက်မသေခြင်း မဟုတ်ပါလော။

သို့မဟုတ်ပါက ဤနေရာတွင် မြှုပ်နှံပြီးသား ဖြစ်သွားနိုင်သည်။ ထိုအချိန်၌ မည်သူကမှ ဝမ်ရှန်းအား သစ်ပင်ပေါ် တက်ပြေးခြင်းအတွက် အပြစ်မဆို ရဲကြတော့ပေ။ သူတို့ကိုယ်တိုင်ပင် မိစ္ဆာ သားရဲများ လက်မှလွတ်ရန် သစ်ပင်ကြီး နောက်တွင် ပုန်းကွယ် နေခဲ့ရသည်။ သို့သော် စဉ်းစားစရာ ရှိသည်မှာ ဝမ်ရှန်းသည် အဘယ်ကြောင့် သစ်ပင်ပေါ်ထိ ပြေးတက်ရုံ သာမက ကြိုးများ၊ အဝတ်စများဖြင့် သစ်ပင်ကို ချည်နှောင် ထားပါသနည်း။

မိစ္ဆာ သားရဲများကို သစ်ပင်နောက်တွင် ပုန်းကွယ်ရုံဖြင့် ရှောင်တိမ်း နိုင်ပါလျက် အဘယ်ကြောင့် ခွန်အားများစွာ စိုက်ထုတ်ကာ သစ်ပင်ပင်စည်ကို တစ်ခုပြီး တစ်ခု ချည်နှောင် နေပါသနည်း။

“မကောင်းတော့ဘူး” 

လူတိုင်း ရုတ်တရက် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။

မိစ္ဆာ သားရဲများ၏ အပြုအမူမှာလည်း သာမန် မဟုတ်ခဲ့ပေ။ သာမန်အားဖြင့် မိစ္ဆာ သားရဲများသည် သူတို့ကို အလွတ်ပေးစရာ အကြောင်းမရှိချေ။

ရက်စက် ကြမ်းကြုတ်သော မိစ္ဆာ သားရဲများကိုပင် ကြောက်ရွံ့ စေသူမှာ မည်သူနည်း။ လူတိုင်း ထိတ်လန့်တကြား တွေးတော နေစဉ်မှာပင် ရေစီးသံသည် ပို၍ ကျယ်လောင်လာကာ နံဘေးတွင် ဖြတ်သန်း စီးဆင်းနေသည့် အလားပင်။

ဝမ်ရှန်းသည် သစ်ပင်ထက်တွင် အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်ပြီး အန္တရာယ် ထွက်ပေါ်လာမည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေသည်။ မိစ္ဆာ သားရဲများစွာ အလျင်စလို ပြေးထွက် သွားသည်ကို ထောက်ချင့်၍ အန္တရာယ် နီးကပ်လာပြီ ဖြစ်ကြောင်း နားလည် လိုက်သည်။

ဝမ်ရှန်းသည် ခေါင်းကို ငုံ့၍ မျက်လုံးကို ကျယ်ကျယ် ဖွင့်ထားပြီး မြေပြင်ကို စူးစိုက် ကြည့်နေသည်။ ထိုအချိန်တွင် ဝမ်ရှန်း၏ အမြင်အာရုံသည် ယခင်ကထက် နှစ်ဆ ပိုကောင်းလာပြီး အရေးကြီးသော အခိုက်အတန့်ကို မလွတ်စေရန် အသေအချာ ကြည့်နေသည်။ တောအုပ်ထဲမှ အလင်းရောင်သည် တဖြည်းဖြည်း မှောင်လာပြီ ဖြစ်သော်လည်း ဝမ်ရှန်းသည် ရှင်းလင်းစွာ မြင်နေရဆဲပင်။

တောအုပ်ထဲမှ အနီနှင့် အနက်ရောင် ဒီရေတစ်ခု စီးဆင်းလာသည်။ ၎င်းဒီရေ ဖြတ်သန်းသွားသည့် သစ်ပင်ဖြစ်စေ ကျောက်တုံးဖြစ်စေ မြေပြင်ဖြစ်စေ ချက်ချင်း အနီနှင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

“မျှော်လင့်ထားတဲ့ အတိုင်းပဲ”

ဝမ်ရှန်းသည် မြေပြင်ထက်မှ အနီနှင့် အနက် ဒီရေသဏ္ဌာန် အရာများကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

သူသည် ဤမြင်ကွင်းမျိုးကို ကမ္ဘာမြေတွင် ရှိစဉ်က မြင်တွေ့ခဲ့ဖူးသည်။ အမေဇုန် မိုးသစ်တောတွင် တာဝန် ထမ်းထောင်စဉ်က တူညီသော မြင်ကွင်းမျိုး ကြုံတွေ့ခဲ့ရပြီး ယခုမြင်ကွင်းက ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

အသားစား ပုရွက်ဆိတ်ဟု ခေါ်ကြသည့် ပုရွက်ဆိတ် တပ်ကြီးသည် အရေအတွက် တစ်သန်းမှ နှစ်သန်းအထိ ရှိပြိီး သစ်တော အတွင်းတွင် မကြာခဏ ဖြတ်သန်း သွားလာတတ်သည်။ ဆယ့်ငါးမီတာမှ နှစ်ဆယ်မီတာအထိ ဖြန့်ကြက်ထားသည့် စစ်တပ်ကြီးဖြင့် အချို့သော သစ်ပင်များမှ လွဲ၍ သက်ရှိ သတ္တဝါ အားလုံးကို ဖျက်ဆီး ပစ်တတ်သည်။

မျောက်တစ်ကောင်သည် ထိုပုရွက်ဆိတ် တပ်ထဲသို့ ကျသွားမည် ဆိုပါက ၎င်းမှာ နှစ်မိနစ်အတွင်း အရိုးစုအဖြစ် ပြောင်းလဲ သွားမည်ဖြစ်၏။ ပုရွက်ဆိတ်တပ် ချီတက် လာနေစဉ် မြေပြင်ထက်မှ အသံသည် ရေစီးသံနှင့် ဆင်တူပေရာ ယခု ကြားနေရသည့် အသံနှင့် တစ်ထေရာတည်းပင် ဖြစ်လေသည်။

သို့ရာတွင် ယခုအခါ ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်မှာ ပုရွက်ဆိတ် တပ်ကြီးသည် အရေအတွက် နှစ်သန်း မကခြင်းပင်တည်း။

၎င်းတို့၏ ဖြန့်ကြက် ဧရိယာသည် ဆယ့်ငါး မီတာမှ နှစ်ဆယ်မီတာ အတွင်းရှိပြီး အပေါ်စီးမှ ကြည့်လျှင်ပင် အဆုံးပိုင်းကို မမြင်ရပေ။ ဤ အနီနှင့်အနက် ပုရွက်ဆိတ်များကို ဤကမ္ဘာတွင် မည်သို့ ခေါ်ကြောင်း သူမသိပေ။

သို့သော် ယခု မြင်တွေ့ရသည့် အနေအထားသည် ကမ္ဘာမြေမှ ပုရွက်ဆိတ် ဒီရေတပ်များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ အမှန်တကယ် ဖြစ်၏။ ပုရွက်ဆိတ် တစ်ကောင်သည် သုံးစင်တီမီတာ အထိ ရှည်လျားပြီး ကမ္ဘာမြေမှ ပုရွက်ဆိတ် များထက် အဆမတန် ကြီးမားလှသည်။

ဧရာမ ရှေ့ခြေထောက်များသည် တစ်စင်တီမီတာခန့် ရှည်လျားလေရာ သားရဲကြီးများ ကဲ့သို့ တူညီနေလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အနီနှင့် အနက် ဒီရေလှိုင်း သဖွယ် ပုရွက်ဆိပ် တပ်ကြီးသည် ဝမ်ရှန်း ပုန်းအောင်းနေသည့် သစ်ပင်ကြီး၏ အောက်သို့ ရောက်ရှိလာသည်။

ထိုအခိုက် အတန့်တွင် ဝမ်ရှန်းသည် စကားတစ်ခွန်း အသံတစ်သံပင် မထွက်စေဘဲ သစ်ပင်ကို ရစ်ပတ်ထားသည့် ပထမဆုံးသော အဝတ်စကို မီးရှို့လိုက်သည်။ အဆိပ်တစ်ထောင် မြွေဟောက်ဆီ သုတ်လိမ်း ထားသဖြင့် မီးတောက်များသည် ဝုန်းခနဲ ချက်ချင်း တောက်လောင်လာကာ သစ်ပင် ပင်စည်၏ အောက်ဆုံးမှ အဝတ်စသည် မီးတောက်များဖြင့် ဖုံးလွှမ်း သွားသည်။

မရေမတွက်နိုင်သော ပုရွက်ဆိတ်များသည် သစ်ပင်ထက်သို့ တက်လာသော်လည်း မီးလောင်နေသည့် အဝတ်စကြောင့် တားမြစ် ခံလိုက်ရလေသည်။ မိုက်မဲသော ပုရွက်ဆိတ် အချို့သည် မီးကွင်းကို ဖြတ်ကျော်ရန် တိုးဝင် လာကြသော်လည်း တစ်ကိုယ်လုံး လောင်ကျွမ်း၍ ပြုတ်ကျ သွားကြသည်။

ထို့နောက် မည်သည့် ပုရွက်ဆိတ်မှ သစ်ပင်ပေါ်သို့ မတက်လာကြတော့ပေ။ ဝမ်ရှန်းသည် အဝတ်ညှော်နံ့ကို သည်းခံကာ သစ်ပင်ထက်မှ ကြည့်နေသည်။ သစ်ပင်သည် ရေအလုံအလောက် ရထားသဖြင့် အပေါ်ယံ အခေါက်၏ အောက်တွင် စိုစွတ်နေသည့် ပင်စည်သား ရှိလေရာ သစ်ပင်ကို လောင်ကျွမ်းသည်အထိ မီးမကူးနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ပုရွက်ဆိတ် အုံထဲသို့ ကျသွားခြင်းထက် ညှော်နံ့ကို ရှူရှိုက်ရခြင်းက ပို၍ ကောင်းမွန်ပေသည်။

“ဒါ ဒါ လူသားစား ပုရွက်ဆိတ်တွေပဲ”

မြေပြင်ထက်မှ ဝိညာဉ်သခင် များစွာ၏ ကြောက်လန့်တကြား အော်ဟစ်သံများ ပေါ်ထွက်လာကာ ရုတ်ခြည်း ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။ မိစ္ဆာ သားရဲများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့သည့် ဝိညာဉ်သခင် အချို့မှာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိကြဘဲ ပုရွက်ဆိတ် တပ်ကြီး၏ ဝါးမျိုမှုကို ခံလိုက်ရသည်။ ပုရွက်ဆိတ်ကြီးများသည် အသားစိုင်များကို အရူးအမူး စုတ်ဖြဲနေကြပြီး အရှင်လတ်လတ် အမဲဖျက်နေသည့် အလားပင်။

များမကြာမီ ဝါးမျိုခံလိုက်ရသည့် ဝိညာဉ်သခင်များ၏ ခန္ဓာကိုယ်သည် အရိုးစုများအဖြစ် ပြောင်းလဲ သွားကြကာ အော်ဟစ်သံ များမှာလည်း ဖြည်းညင်းစွာ ပြန်လည် ပျောက်ကွယ် သွားတော့သည်။

ပုရွက်ဆိတ် တပ်ကြီးမှာမူ တစ်ခဏအတွင်း ဝါးမျိုစားသောက်ပြီး ရှေ့ဆက် တိုးသွားလေရာ အနီနှင့် အနက် ဒီရေထဲတွင် အရိုးဖြူဖြူများမှာ အထင်းသား ပေါ်ထွက်လာသည်။

လူသားစား ပုရွက်ဆိတ်တွေဟု တစ်စုံတစ်ယောက်မှ ကြောက်လန့်တကြား အော်ဟစ် လိုက်စဉ် ကတည်းက ဝိညာဉ်သခင်များ အားလုံး၊ ကျင့်ကြံရေးအဆင့် နိမ့်ပါးသူများ သာမက တန်အိုသည်ပင် ကြောက်လန့် တကြား ခြေဉီးတည့်ရာ အော်ဟစ်ပြေးလွှား သွားကြသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset