အခန်း၆၅
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၂)
ဝမ်ရှန်းသည် ထပ်မံ၍ နောက်ယောင်ခံ လိုက်ခံရခြင်းအတွက် မည်သို့မျှ မနေချေ။ ထိုလူများသည် ဂျင်ဒီတားမြစ် နယ်မြေ၏ အစွန်းပိုင်း မိုင်အနည်းငယ် အတွင်းမှ မိစ္ဆာ သားရဲတစ်ကောင်ကို ကြောက်ရွံ့သဖြင့် နောက်ပြန်လှည့် လာသည်ဟု သိပါက ၎င်းတို့၏ မိသားစုထံတွင် သေချာပေါက် ခေါင်းဖြတ် ခံရလိမ့်မည်သာ ဖြစ်သည်။
တန်အိုသည် ဝမ်ရှန်းကို ဖမ်းဆီးရန် လာခဲ့ခြင်းအတွက် အနည်းငယ် နောင်တရ နေသည်။ ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် နောက်ပြန် လှည့်ရန်မှာလည်း ရှက်ဖွယ်ကောင်း လှသည်။ ဤ အစီအစဉ်ကိုသာ ကျရှုံးပါက ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ဂုဏ်သတင်း ဆုံးရှုံးရပေလိမ့်မည်။
ယခု အခြေအနေသည် ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်ရှိနေပြီး အမှောင်ထဲသို့ စမ်းတဝါးဝါး လျှောက်လှမ်း နေရသည့်အလားပင်။
ဝမ်ရှန်းသာ နောက်ပြန် မလှည့်ပါက သူတို့သည်လည်း ဂျင်ဒီတားမြစ် နယ်မြေ၏ အနက်ပိုင်းထဲထိ လိုက်ပါရမည်သာ။ တန်အိုနှင့် တူညီစွာပင် စုန့်မိသားစုနှင့် ရှီမိသားစုမှ ပဉ္စမအဆင့် ခေါင်းဆောင် နှစ်ယောက်သည်လည်း ဘေးကျပ်နံကျပ် အခြေအနေသို့ ဆိုက်ရောက် နေလေသည်။
များစွာသော ဝိညာဉ်သခင်များသည် ဝမ်ရှန်း နားနေစဉ် အတောအတွင်း ကမူးရှူးထိုး မလုပ်ရဲကြတော့ပေ။ ဝမ်ရှန်း၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာရင်းဖြင့် ဂျင်ဒီတားမြစ် နယ်မြေထဲသို့ မိုင်ပေါင်း သုံးလေးဆယ်ခန့်ထိ ရောက်ရှိလာချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ အတွေးတချို့ ပေါ်ထွက်လာသည်။
၎င်းမှာ ဝမ်ရှန်း၏ ခြေလှမ်းအတိုင်း သွားခြင်းဖြင့် အန္တရာယ် တစ်စုံတစ်ရာနှင့် မတွေ့ကြုံရခြင်း ဖြစ်၏။ နာမည်ကြီးလှသော ဂျင်ဒီ တားမြစ် နယ်မြေသည် ဝမ်ရှန်း၏ ဉီးဆောင်မှု အောက်တွင် ယခု အန္တရာယ် တစ်စုံတစ်ရာပင် ရှိနေမသဖြင့် လူတိုင်း အံ့သြသွားကြသည်။
မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုမှ လွဲ၍ အခြားသော မိစ္ဆာ သားရဲများကို တစ်ကောင်တလေမှ မတွေ့ရပေ။ တစ်နည်းအားဖြင့် ဆိုရလျှင် ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေမှ မိစ္ဆာ သားရဲများ အကြောင်းကို ရှင်းလင်းတိကျစွာ သိနေသည့် အတိုင်းပင်။ တားမြစ်နယ်မြေထဲမှ မိစ္ဆာ သားရဲများကို ရှောင်ရှားရန် ပြိုင်ဘက်ကင်း နည်းလမ်းတစ်ခု ရှိနေသည့်အလား လူတိုင်းကို စိတ်လှုပ်ရှားစေသည်။
ဂျင်ဒီတားမြစ် နယ်မြေဟူသည် အဘယ်နည်း။ မရဏ နယ်မြေ၊ မိစ္ဆာသားရဲများ ကျင်လည် ကျက်စားရာ နယ်မြေတစ်ခု ဖြစ်ကာ ကောလာဟလများ အရ တန်ဖိုးဖြတ်၍ မရနိုင်သော ရတနာများလည်း ရှိနေသည်ဟု ဆိုကြသည်။
၎င်းမှာ ဘိုးဘေးများ ချန်ထားရစ်ခဲ့သော ကောလာဟလများသာ ဖြစ်ပြီး မည်သူမျှ အတည်မပြုနိုင်ကြပေ။
တစ်ဖက်တွင်မူ ဝမ်ရှန်းသည် တစ်ဖန် ရပ်တန့် လိုက်ပြန်သည်။ ရုတ်တရက် သတိ အနေအထားတွင် ရပ်နေခြင်းဖြစ်ရာ ထိုအပြုအမူကြောင့် နောက်မှ လိုက်လာသော ဝိညာဉ်သခင်များ အားလုံး ကြောင်အမ်း ကုန်ကြသည်။
တိုက်ပွဲ ဝိညာဉ်၏ သတိပေးချက်သည် ပို၍ ပို၍ ပြင်းထန် လာသည်။ ဝမ်ရှန်းသည် မလှုပ်ရှားဘဲ ရပ်နေခြင်း ဖြစ်သော်လည်း ခံစားချက်သည် ပို၍ ကြောက်မက်ဖွယ် ကောင်းလာဆဲပင်။ ဤခံစားချက်အတွက် တစ်ခုတည်းသော အကြောင်းပြချက်မှာ အန္တရာယ်သည် ဖြည်းညင်းစွာ နီးကပ် လာကြောင်းပင်။
သို့ရာတွင် မည်သည့် အန္တရာယ်ဖြစ်ကြောင်း မသိချေ။ ဝမ်ရှန်းအတွက် သေချာသည့် တစ်ခုတည်းသော အရာမှာ နီးကပ်လာသော အန္တရာယ်သည် သေချာပေါက် သေစေနိုင်သည့် အန္တရာယ် ဖြစ်ကြောင်းပင်။
ဝမ်ရှန်းသည် တစ်ခဏမျှ ချီတုံချီချ ဖြစ်နေစဉ် ရေစီးသံ တစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ အသံသည် မူလက အားနည်းသော်လည်း တဖြည်းဖြည်း ကြည်လင်လာသည်။
“ဘယ်လို ဖြစ်တာလဲ၊ ရေစီးသံက ဘယ်လို ဖြစ်ပြီး ရုတ်တရက် ထွက်လာတာလဲ”
ဝမ်ရှန်း မြေကြီးကို ငုံ့ကြည့်သည်။ မြေပြင်သည် ပုံမှန် အတိုင်းသာ ရှိနေပြီး ထူထပ် သိပ်သည်းသည်။ ချုံနွယ် ပိတ်ပေါင်းများနှင့် ရှုပ်ပွေနေလျက် ရေစီးဆင်းရာ လမ်းကြောင်းကို ရှာမတွေ့ပေ။
“ဒါဆို ရေက ဘယ်လို ထွက်လာတာလဲ”
ဤနေရာသည် ရေစီးဆင်းရာ လမ်းကြောင်းသာ ဆိုပါက အနည်းဆုံး မြေပြင်သည် စိုစွတ်နေရမည်။ ပတ်ပတ်လည်၌ သစ်ပင်စိမ်းများဖြင့် ရေစီးဆင်းရာ လမ်းကြောင်း ဖြစ်ကြောင်း ဖော်ပြချက်များ ရှိနေရမည်။ သို့သော် ယခု မြေထုသည် မာကျောနေလျက် အလွန် ထူးဆန်းနေသည်။ ဝမ်ရှန်းသည် မျက်မှောင်ကုတ်ကာ ရေသံကို နားထောင်နေသည်။ ထိုစဉ် ဖြစ်နိုင်ချေ တစ်ခုကို တွေးတောမိ သွားသည်။
“မဟုတ်မှလွဲရော….”
ဝမ်ရှန်းသည် ရုတ်တရက် ကြက်သီး မွေးညင်းများပင် ထလာမိသည်။ ထို့နောက် စကားတစ်ခွန်းပင် မဆိုတော့ဘဲ သူ၏ ခန္ဓာကိုယ် အလေးချိန်ကို တောင့်ခံ ထားနိုင်မည့် သစ်ပင်ကြီး တစ်ပင်ကို ရှာကာ လျင်မြန်စွာ တွယ်တက် သွားသည်။
နောက်မှ လူများသည် ရုတ်တရက် သစ်ပင်ထက်သို့ တက်သွားသည့် ဝမ်ရှန်းကို ကြည့်ကာ နားဝေတိမ်တောင် ဖြစ်ကုန်ကြသည်။
“ငါတို့ မမြင်အောင် ပုန်းနေတာလား”
ဝိညာဉ်သခင် များသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဝမ်ရှန်း ဘာလုပ်နေကြောင်း သိရန် ရှေ့သို့ ဖြည်းညင်းစွာ တိုးလာကြသည်။ ကံကောင်းစွာပင် ဝမ်ရှန်းသည် သစ်ပင် ပင်စည်၏ အလယ်ထိသာ တက်သွားပြီး ထိုနေရာတွင် ရပ်နေသည်။ ထို့နောက် ခန္ဓာကိုယ်မှ အဝတ်စကို စုတ်ဖြဲ၍ စက်ဝိုင်း သဏ္ဌာန်ရစ်ပတ်ကာ သစ်ပင် ပင်စည်ကို တစ်ရစ်ချင်း ချည်နှောင်လျက် ရှိသည်။
ရေစီးသံ ခပ်ယဲ့ယဲ့သည် ဝိညာဉ်သခင်များ၏ နားစည်ထဲသို့ တိုးဝင်လာသည်။ လူတိုင်းသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမဆို နိုင်ကြပေ။
ဤနေရာသည် တောတွင်း ပိုင်းဖြစ်ပြီး ရေသံမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။
မိုးပြေးလား…၊
မဖြစ်နိုင်ချေ။
ရာသီဥတုသည် နေသာ၍ ကောင်းကင် တစ်ခွင်သည် ကြည်လင်နေပြီး မိုးရွာမည့် အရိပ်အယောင်ပင် မရှိချေ။
“အဲ့ကောင်က ရေလွှမ်းမိုးမှု ဖြစ်တော့မယ် ထင်ပြီး သစ်ပင်ပေါ် တက်ပြေးနေတာလား ဟားဟား”
“ရေသံကို နားထောင် ရသလောက်တော့ စမ်းချောင်းငယ်လေး တစ်ခုဖြစ်ပုံရတယ်၊ အဲ့လောက်ထိလည်း မဟုတ်ဘဲနဲ့ အဲ့အမှိုက်လိုကောင်က ဘာတွေ ကြောက်နေတာလဲ”
သစ်ပင်ထက်မှ ဝမ်ရှန်းသည် သူ့နောက်မှ ဝိညာဉ်သခင်များ မည်သို့ တွေးတော နေသည်ကို ဂရုမစိုက်အားချေ။ အဝတ်စများကို သစ်ပင် ပင်စည်တွင် အကြိမ်ပေါင်း များစွာ ရစ်ပတ် လိုက်ပြီးနောက် ပထမဆုံးသော အဝတ်စမှ စတင်၍ ဆီလိမ်းလိုက်သည်။ ထိုဆီသည် အသီးအရွက်ဆီ မဟုတ်ဘဲ တိရစ္ဆာန် ဆီဖြစ်သည်။
အတိအကျ ဆိုရလျှင် အဆိပ်တစ်ထောင် မြွေဟောက် ဆီဖြစ်သည်။ အသားများကို စားသောက်ပြီးနောက် ၎င်းအဆီများကို ငါးအနည်းငယ်နှင့် ချက်ပြုတ်ရန် သိမ်းဆည်းထားခြင်း ဖြစ်ပြီး ၎င်းအဆီများသည် အလွန် ကောင်းမွန်သော လောင်စာဆီများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ဆီအနည်းငယ်ကို မီးထဲသို့ ထည့်လိုက်ရုံဖြင့် ၎င်းဆီများသည် အချိန် အတော်ကြာအောင် လောင်ကျွမ်းနိုင်သည်။
သစ်ပင် ပင်စည်ကို တစ်ရစ်ချင်း ပတ်ထားသည့် အဝတ်စများကို အဆီသုတ်ပြီးနောက် ရှန်းလင်မြို့တွင် လိုရမည်ရ ဝယ်ယူခဲ့သည့် ကြိုးကို ထုတ်ကာ သူ့ခန္ဓာကိုယ်ကို ပင်စည်နှင့် ကပ်ချည် လိုက်သည်။ လက်ထဲမှ ကျားသွားဓားကို ပင်စည်၏ အခေါက်တွင် စိုက်ကာ ကျားကန် ထားရင်းဖြင့် ခေါင်းကို ငုံ့ကာ အောက်သို့ ကြည့်လိုက်သည်။
ရေစီးသံသည် တဖြည်းဖြည်း ပို၍ ကျယ်လောင်လာကာ အမှန်တကယ်ပင် အနီးတစ်ဝိုက်၌ စမ်းချောင်းငယ်တစ်ခု ရှိနေသည့် အလားပင်။ ထို့နောက် တွင်မူ သားရဲဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တောတွင်း တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာသည်။
တန်အိုသည် ဝမ်ရှန်းကို ဘယ်သောအခါမှ အထင်မသေးခဲ့ဖူးချေ။ သူသည် ဝမ်ရှန်း၏ လုပ်ရပ်ကို တွေးတော နေစဉ်မှာပင် သားရဲဟိန်းသံများ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ရုတ်တရက် တန်အို၏ မျက်နှာသည် တစ်စုံတစ်ခုကို သတိရသွားသည့် အလား မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။
တန်အို၏ သတိပေးသံ ထွက်မလာခင်မှာပင် သားရဲဟိန်းသံများသည် ပို၍ နီးကပ်လာလျက် မိစ္ဆာ သားရဲများစွာသည် လူတိုင်း၏ မျက်စိရှေ့သို့ ရုတ်တရက် ပြေးဝင်လာကြသည်။ သို့ရာတွင် ဝမ်ရှန်းကို စောင့်ကြည့်နေသည့် ဝိညာဉ်သခင်များမှာ မိစ္ဆာ သားရဲများ ပြေးလွှားရာ လမ်းကြောင်း၌ တိုက်ရိုက် ပိတ်ဆို့လျက်သား ဖြစ်နေလေသည်။
***