အခန်း ၆၄
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ(၁)
မမြင်နိုင်သော ခွန်အားတစ်ခုသည် လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ပျံ့နှံ့လာပြီး မြေပြင်သည် ငလျင် လှုပ်သည့်အလား တုန်ခါ လာလေသည်။ များစွာသော ဝိညာဉ်သခင်များသည် ပြင်းထန်သော တုန်ခါမှု အောက်တွင် မြေပြင်ထက်သို့ တိုက်ရိုက် လဲကျသွားကြသည်။
ကြယ်ခြောက်ပွင့် မျောက်ဝံညိုကြီးကို မြေကမ္ဘာ အက်ကွဲမျောက်ဝံဟု ခေါ်ရခြင်း အကြောင်းမှာ သူ၏ ကြီးမားသော အဖျက်စွမ်းအင်ကြောင့် ဖြစ်သည်။ သူ၏ ပင်ကို အရည်အချင်းများ အရ မြေထုကို ဖနောင့်ဖြင့် ပေါက်လိုက်ရုံဖြင့် အချင်း တစ်ရာမီတာ ပတ်ပတ်လည်၌ ငလျင်လှုပ် နေသည့်အလား မြေထုသည် ပြင်းပြင်းထန်ထန် တုန်ခါလာတတ်သည်။
ဆိုရလျှင် ဤနေရာသည် တောတွင်း ဖြစ်နေသည့်အပြင် သစ်ပင်ကြီးများမှာ ခိုင်မာသော အမြစ်ကုပ်တွယ်မှု ရှိထားသဖြင့် မြေထု တုန်ခါခြင်းကို ခံနိုင်ရည် ရှိသော်လည်း မြို့တွင်း၌သာ ဆိုပါက တစ်မြို့လုံး ဒုက္ခရောက် သွားနိုင်သည်။
အရပ် ရှစ်မျက်နှာသို့ ထွက်ပြေး သွားကြသော ဝိညာဉ်သခင်များသည် မြေပြင်ထက်တွင် လဲကျကုန်ပြီး မြေပြင်၏ တုန်ခါခြင်းကို တောင့်ခံနေရသည့် အပြင် ခွန်အားပြင်း အော်ရာများ၏ ရိုက်ခတ်မှုကိုပါ ခုခံနေကြရသည်။
မျောက်ဝံညိုကြီး၏ တိုက်ခိုက်မှုတွင် ခွန်အားပြင်း အော်ရာများ ပါဝင်နေပြီး ၎င်းအော်ရာများသည် တုန်ခါနေသည့် မြေကြီးတစ်လျှောက် စီးဝင်လာခြင်း ဖြစ်လေသည်။ မီတာတစ်ရာ အကွာအဝေး အတွင်းတွင်ရှိသော ကျင့်ကြံရေးအဆင့် နိမ့်ပါးသူများသည် အော်ရာ တိုက်ခိုက်မှုကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။
ထိုသို့ မဟုတ်ပါက ပြင်းထန်သော တုန်ခါအားနှင့် အော်ရာ တိုက်ခိုက်မှုသည် တိုက်ခိုက် ခံရသူများကို ဟန်ချက်ပျက်စေကာ လမ်းလျှောက်ခြင်းနှင့် မတ်တပ်ရပ်ခြင်းများ ပြုလုပ်၍ မရနိုင်ပေ။
တန်အိုနှင့် နောက်လိုက်များသည် လျင်မြန်စွာ ထွက်ပြေး သွားနိုင်ခဲ့သော်လည်း အခြားသော ဝိညာဉ်သခင် ဆယ်ယောက်ကျော်သည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ မြေကမ္ဘာအက်ကွဲ မျောက်ဝံ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခံစားခဲ့ရသည်။
အန္တရာယ်ကို ခံစားမိကုန်ကြသော ဝိညာဉ်သခင်များသည် ထွက်ပြေး ချင်ခဲ့ကြသော်လည်း သူတို့၏ ခြေထောက်နှင့် လက်များကို ထိန်းချုပ်၍ မရတော့ကြောင်း ကူကယ်ရာမဲ့စွာ နားလည် သဘောပေါက် သွားကြသည်။
ထို့နောက်တွင် ထိုလူအုပ်သည် သနားဖွယ် ကောင်းသော တီကောင်လေးများ သဖွယ် မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုကြီး၏ ခြေထောက် ကောင်းကင်ပေါ်သို့ မြှောက်တက် သွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး ၎င်းတို့၏ ဉီးခေါင်းများမှာ အစိတ်စိတ်အမြွှာမြွှာ နင်းခြေခံလိုက်ရသည်။
ကြောက်လန့်တကြား အော်ဟစ်သံများသည် ငရဲခန်းသို့ ရောက်နေသည့် အလားပင်။
တန်အိုနှင့် အခြားသူများသည် နောက်ကျောမှ အော်ဟစ်သံများကို ကြားသော်လည်း လှည့်မကြည့်ရဲကြဘဲ ခြေကုန်သုတ်ကာ ပြေးလျက်ရှိသည်။
ကြယ်ခြောက်ပွင့် မြေကမ္ဘာအက်ကွဲ မျောက်ဝံညို၏ ခွန်အားသည် သူတို့ ရင်ဆိုင်နိုင်သော အရာမဟုတ်သဖြင့် ပြေးရုံမှလွဲ၍ အခြားမရှိတော့ပေ။
ဤကမ္ဘာမှ လူများသည် ဝိညာဉ်ဖမ်းသူ၏ အကူအညီဖြင့် ကြယ် ၇ ပွင့် ၈ ပွင့် ရှိသော ယွမ်ဝိညာဉ်များကို ဖမ်းဆီး နိုင်သော်လည်း ၎င်းဝိညာဉ်များသည် ခွန်အားပြင်း မိစ္ဆာ သားရဲများ သေဆုံးပြီးမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ယွမ်ဝိညာဉ်သည် မူလနေရာ၌ ထာဝစဉ် နေခြင်းမရှိဘဲ လွင့်ပျံလာတတ်လေရာ ဝိညာဉ် ဖမ်းသူများဖြင့် အလွယ်တကူ ဖမ်းယူလိုက်ရုံသာ ဖြစ်သည်။
ဆိုရလျှင် ယွမ်ဝိညာဉ် တစ်ခုတည်းသာ ဆိုပါက ကြောက်စရာ မလိုပေ။ ယွမ်ဝိညာဉ်တွင် တိုက်ခိုက်နိုင်စွမ်း မရှိချေ။ သို့ရာတွင် ကြယ်ခြောက်ပွင့် မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုသည် လူသားအနေဖြင့် ဆိုပါက ဆဌမအဆင့် အလယ်အလတ် ဝိညာဉ်သခင် တစ်ယောက်၏ ခွန်အားနှင့် အတူတူပင် ဖြစ်လေရာ မျောက်ဝံညိုကို သတ်ဖြတ်ရန်ပင် မဆိုထားနှင့် အသက်ရှင်ရန်ပင် အာမ မခံနိုင်သော အခြေအနေ ဖြစ်သည်။
ယခု ရောက်ရှိနေသော ဧရိယာသည် ဂျင်ဒီတားမြစ် နယ်မြေ၏ အစွန်းဘက်တွင်သာ ရှိသေးသော်လည်း ကြယ်ခြောက်ပွင့် မြေကမ္ဘာအက်ကွဲ မျောက်ဝံကြီး ထွက်ပေါ်လာလေပြီ။
ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်ရောက်သွားသော လူဆယ်ယောက်တွင် ကိုးယောက်ခန့် သေဆုံးသွားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ခွန်အားပြင်း မိစ္ဆာ သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရပါက ကျင့်ကြံရေးအဆင့် ဆဌမအဆင့်နှင့် အထက်တွင် မရှိပါက အသက်ရှင်ရန် မလွယ်ကူချေ။
ဝမ်ရှန်းသည် ချုံပုတ်ထဲတွင် ပုန်းအောင်းနေဆဲ ဖြစ်ပြီး ပြင်းထန်သော တုန်ခါမှုသည် ဝမ်ရှန်း အပေါ်တွင်လည်း သက်ရောက်မှု ရှိလေသည်။ သို့ရာတွင် ကြိုတင် ပြင်ဆင်ထားသည့် ဝမ်ရှန်းသည် ချုံပုတ်ထဲသို့ ဝင်လိုက် ကတည်းက မြေပြင်ထက်တွင် လဲလျောင်းနေခြင်း ဖြစ်သည်။
မြေပြင် တုန်ခါမှုသည် ခေါင်းကို အချိန် အတော်ကြာအောင် မူးနောက် စေခဲ့သော်လည်း ဝမ်ရှန်းသည် မတ်တပ် ရပ်နေခြင်း မဟုတ်သဖြင့် အကျိုးသက်ရောက်မှု များစွာ မခံစားရပေ။ ကြယ်ခြောက်ပွင့် မျောက်ဝံညိုကြီးသည် အလွန် အကင်းပါးလှပြီး ဝမ်ရှန်း ပုန်းအောင်း နေသည်ကို အာရုံခံနိုင်စွမ်း ရှိသည်။
ဝမ်ရှန်းမှာ သူ၏ တိုက်ခိုက်မှု အောက်တွင် တစ်ဉီးတည်းသော အသက်ရှင်သူ ဖြစ်သည်။ သို့ရာတွင် ဝမ်ရှန်း နေရာယူ ထားသည်မှာ မျောက်ဝံညို၏ မစင်စွန့်ရာ ဖြစ်နေလေသည်။ ဝမ်ရှန်း၏ ခန္ဓာကိုယ်မှာလည်း မျောက်ဝံညို၏ မစင်များဖြင့် ညစ်ပေနေလေရာ သတ္တဝါများ၏ ပင်ကိုဉာဏ်အရ ၎င်း ချုံပုတ်ကို ရှောင်ကွင်း သွားသည်။
ဝမ်ရှန်း ပစ်သွင်းလိုက်သော မြားသည် ချူမိသားစုမှ ဝိညာဉ်သခင်၏ လားရာနှင့် မျဉ်းဖြောင့် အတိုင်းရှိသည်။ ထို့ကြောင့် ဝမ်ရှန်းသည် ချုံပုတ်ထဲသို့ တိုးဝင်သွားစဉ် မြားပစ်သူမှာ ထိုချူမိသားစုမှ ဝိညာဉ်သခင်အဖြစ် အလိုလို ပြောင်းလဲ သွားတော့သည်။
မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုသည် စားသောက်ထားသည့် အပြင် လူများစွာကို သတ်ဖြတ် လိုက်ရသဖြင့် စိတ်ကျေနပ် သွားသည်။ ဝမ်ရှန်းသည် သူ့အား ခြိမ်းခြောက် နိုင်စွမ်း မရှိသည့်အပြင် နံစော်သော ခန္ဓာကိုယ်ဖြင့် မစင်ပုံအတွင်းတွင် ပုန်းနေခြင်းဖြစ်ရာ တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပေ။
ဝိညာဉ်သခင်များ၏ ပြားချပ်နေသော ခန္ဓာကိုယ်များကို တစ်ကိုက်တည်းဖြင့် ဝါးမျို လိုက်ပြီးနောက် ပို၍ ပြည့်အင့် လာဟန်ဖြင့် ဝမ်ရှန်းကိုပင် ဂရုမစိုက်တော့ဘဲ တောထဲသို့ ပြန်ဝင်ကာ အိပ်စက်လေသည်။
ဝမ်ရှန်း မူးဝေနေရာမှ ပြန်လည် သက်သာ လာချိန်တွင် မြေကမ္ဘာ အက်ကွဲ မျောက်ဝံကြီးထံမှ ဟောက်သံများပင် ထွက်ပေါ်လာလေပြီ။ ဝမ်ရှန်း၏ ကျင့်ကြံရေး အဆင့်သည် နိမ့်ပါးလှသဖြင့် မူးဝေမှုမှ ပြန်လည် သက်သာလာရန် ဆယ်မိနစ်ခန့် အချိန်ယူ လိုက်ရသည်။
သို့သော် ထိုအချိန်တွင် နောက်ယောင်ခံသူများ မရှိကြတော့ပေ။ မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုကို ကြောက်ရွံ့သဖြင့် ပြေးမိပြေးရာသို့ ပြေးသွားကြလေပြီ။ ဝမ်ရှန်းသည် ချုံပုတ်ထဲမှ ဖြည်းညင်းစွာ ထွက်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
ပြီးမှ စမ်းချောင်းတစ်ခုကို ရှာဖွေကာ ခန္ဓာကိုယ်ကို ဆေးကြောလိုက်၏။ နာရီမှ သံလိုက်အိမ်မြှောင်၏ ညွှန်ပြချက်အတိုင်း ဂျင်ဒီတားမြစ် နယ်မြေ၏ အတွင်းပိုင်းထဲသို့ ဆက်လျှောက် လာခဲ့သည်။
နောက်ယောင်ခံ လိုက်လာသော ဝိညာဉ်သခင် များသည် သူ့ကို အလွယ်တကူ လက်လွတ်လိမ့်မည် မဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ အလုံခြုံဆုံးသော ရွေးချယ်မှုမှာ တားမြစ် နယ်မြေ၏ အနက်ပိုင်းထဲထိ သွားရန် ဖြစ်သည်။ တိုက်ပွဲဝိညာဉ်၏ သတိပေးချက်ကြောင့် ဂျင်ဒီတားမြစ် နယ်မြေထဲမှ မိစ္ဆာ သားရဲများကို ရှောင်ရှားရခြင်းသည် အပြင်ဘက်မှ မိစ္ဆာ သားရဲများကို ရှောင်တိမ်း ရသည်ထက် ပို၍ပင် လွယ်ကူ နေသေးသည်။
များမကြာမီ သူ့နောက်မှ လိုက်ပါလာသော လူအုပ်သည် တစ်ဖန် ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း သတိပြုမိ လိုက်လေသည်။ ယခု တစ်ကြိမ်တွင် တန်အိုနှင့် အခြားသူများသည် မြေကမ္ဘာ အက်ကွဲမျောက်ဝံညိုမှ ပေးသော သင်ခန်းစာကြောင့် ပို၍ သတိထား လာကြသည်။
ခြေကုန်သုတ်ကာ ထွက်ပြေး လာကြပြီးနောက် မြေကမ္ဘာအက်ကွဲ မျောက်ဝံညိုကြီး ဆက်မလိုက်လာတော့ကြောင်း အတည်ပြု နိုင်သည်နှင့် လူအင်အား ပြန်လည် စုစည်းကာ ဝမ်ရှန်းကို ရှာဖွေခဲ့ကြသည်။
မြေကမ္ဘာအက်ကွဲ မျောက်ဝံညို၏ ပိုင်နက်ထဲတွင် ဂရုတစိုက် သွားလာရင်း ဝမ်ရှန်း၏ ခြေရာလက်ရာများကို အလွယ်တကူပင် ရှာတွေ့ကြကာ နောက်မှ လိုက်လာကြခြင်း ဖြစ်သည်။
အတွေ့အကြုံ နည်းပါးသည့်အပြင် ကျင့်ကြံရေး အဆင့်လည်း နိမ့်ပါးသည့် ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေ၏ အနက်ပိုင်းထဲထိ ဝင်ရောက် နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြချေ။ ဝမ်ရှန်းကို အရှုံးပေးကာ အိမ်ပြန်ရမည့်အစား မိစ္ဆာ သားရဲများ၏ လက်ထဲတွင် အသေခံရန်အထိ စိတ်ပိုင်းဖြတ် ထားကြလေသည်။
***