အခန်း ၆၃
ကံကောင်းမှုနှင့် ကြုံတွေ့ရခြင်း(၂)
ဝမ်ရှန်းသည် အလွန် သက်သောင့်သက်သာ ဖြစ်လှစွာဖြင့် အနားယူနေပြီး နောက်မှ လူအုပ်၏ မျက်စိရှေ့မှာပင် စားစရာ တစ်ခုခုကို ထုတ်ယူ လိုက်သေးသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ မျက်နှာ မည်သို့ရှိမည်ကို ပြေးကြည့်စရာပင် မလိုချေ။
ပျော်ရွှင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ လှောင်ရယ်ခြင်း များမှလွဲ၍ အခြားမရှိနိုင်ကြောင်း တွေးကြည့်ရုံဖြင့် ကောင်းစွာ သိနိုင်သည်။ ဤသို့သော အပြုအမူမျိုးသည် အမုန်းပွားစေရုံ မှလွဲ၍ အခြား သက်ရောက်မှု မရှိလေရာ တန်အိုနှင့် စုန့်မိသားစု ရှီမိသားစုမှ ဝိညာဉ်သခင်များသည် အံတင်းတင်းကြိတ်လျက် ဒေါသကို မျိုချနေကြသော်လည်း အချို့သော လူများမှာ ဒေါသမထိန်းနိုင်ဘဲ ရှေ့တိုးသွားကြသည်။
ပထမဉီးစွာ ပြေးဝင်သွားသူမှာ ချူမိသားစုမှ ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ပြီး ခေါင်းဆောင် ဖြစ်သူသည် တောင်ကြား ပေါက်ကွဲမှုတွင် သေဆုံးသွားပြီး ဖြစ်သည်။
လက်အောက် ငယ်သားများသည် ခေါင်းဆောင် သေဆုံးသွားပြီးနောက် မိသားစုသို့ ပြန်လျှင်လည်း အသတ်ခံရမည်သာ ဖြစ်သဖြင့် ဝမ်ရှန်းနောက်သို့ လိုက်လာကြခြင်းဖြစ်၏။
သူသည် ယခင် ကတည်းက ဒေါသထွက်နေခဲ့ခြင်းဖြစ်ပြီး ဝမ်ရှန်း၏ မထီမဲ့မြင် အပြုအမူကို မြင်သောအခါ ဒေါသမီး ဟုန်းဟုန်း တောက်လာသည်။ သုံးစား၍ မရသော အမှိုက်တစ်စသည် သူတို့ကို ခွေးများသဖွယ် သဘောထားနေပုံကို မြင်လိုက်ရချိန်တွင် အဘယ်မှာ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူ လာပြီးနောက် ချူမိသားစုမှ ထိုဝိညာဉ်သခင်သည် ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဝမ်ရှန်းထံသို့ ပြေးဝင်သွားသည်။
များစွာသော ဝိညာဉ်သခင်များသည် ဤအဖြစ်အပျက်ကို မြင်သော်လည်း တားဆီး ပိတ်ပင်ခြင်း မရှိကြချေ။ လူတိုင်းသည် ဝမ်ရှန်း မည်သို့ တုံ့ပြန်မည်ဖြစ်ကြောင်း သိချင်နေကြသဖြင့် ချူမိသားစုမှ လူတစ်ယောက်ကို ရင်းရန် ဝမ်းနည်း နေကြမည် မဟုတ်ပေ။
ဝမ်ရှန်းသည် ပြေးဝင်လာသည့် ဝိညာဉ်သခင်ကို မြင်သောအခါ ပထမဆုံး အနေဖြင့် ထိုင်နေရာမှ ခုန်ထလိုက်သည်။ ထို့နောက် ဘေးသို့ ကပ်သွားပြီး သူ၏ အနောက်မှ သစ်ပင်ကြီး တစ်ပင်၏ နောက်ကျောသို့ ရောက်ရှိ ပျောက်ကွယ် သွားသည်။
ဝမ်ရှန်းနှင့် လူအုပ်သည် မီတာ ၃၀၀ ကွာဝေးသော်လည်း ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အမြန်နှုန်းဖြင့် ဆိုပါက ဆယ်စက္ကန့်မျှသာ ကြာလေသည်။ ကျန်ရစ်ခဲ့သော ဝိညာဉ်သခင်များသည် တစ်စုံတစ်ရာ လှုပ်ရှားခြင်းမရှိဘဲ အရှိန်ကို လျှော့၍ ဖြည်းညင်းစွာ ရှေ့တိုးလာကြသည်။
လူအများ၏ မြင်ကွင်းမှ ထွက်ကာ သစ်ပင်နောက်တွင် ပုန်းကွယ်နေသော ဝမ်ရှန်းသည် အခြားလူများ အားလုံး မထင်မှတ်ထားသည့် တစ်စုံတစ်ခုကို ပြုလုပ်လိုက်ပေသည်။ လက်တစ်ဖက်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ရှည်လျားသည့် လေးတစ်ချောင်း ပေါ်ထွက်လာသည်။ လေးကြိုးတွင် ချွန်မြသည့် မြားတစ်စင်းကို တပ်ကာ တိုက်ပွဲဝိညာဉ်မှ အပြင်းထန်ဆုံးသော သတိပေးချက် ပြထားသည့် ဧရိယာထဲသို့ မြားကို ပစ်ထည့်လိုက်သည်။
မြားကို ပစ်ပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် တိတ်တဆိတ် လျင်မြန်စွာ နံဘေးမှ ချုံပုတ်ထဲသို့ တိုးဝင်သွားလေသည်။ တစ်ကိုယ်လုံးကို ချုံပုတ်ထဲတွင် မြုပ်နေအောင် တိုးဝင်နေခြင်းဖြစ်ကာ အနံ့ဆိုးများကို သည်းခံလျက် တွားသွား ဝင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူသည် နှာခေါင်း နှင့် ပါးစပ်တွင် အကာအကွယ် မျက်နှာဖုံးကို တပ်ဆင်ထားသဖြင့် အနံ့မှာ အလွန်တရာ ဆိုးရွားလှသော်လည်း ခံသာသေး၏။ ကမ္ဘာမြေတွင် လေ့ကျင့်စဉ်က အညစ်အကြေး မစင်များနှင့် တိရစ္ဆာန် အတွင်းကလီစာများ ပုပ်သိုးနေသည့် ရွှံ့နွံများထဲမှာပင် တွားသွားခဲ့ရဖူးသည် မဟုတ်ပါလော။
အနံ့ဆိုးဟူသည် အသေးအဖွဲသာ ဖြစ်သည်။ ချုံပုတ်ထဲတွင် များစွာသော တိရစ္ဆာန် အညစ်အကြေးများ ရှိနေသည်။ ဝမ်ရှန်း၏ ခန့်မှန်းချက်အရ ဤချုံပုတ်သည် ခွန်အားပြင်း မိစ္ဆာ သားရဲတစ်ကောင်၏ အညစ်အကြေး စွန့်ရာ နေရာတစ်ခု ဖြစ်ပုံရလေသည်။
မိစ္ဆာ သားရဲမှာလည်း အနီးအနား တစ်ဝိုက်တွင် ရှိနေဆဲဖြစ်သည်။ မီတာ သုံးရာ အဝေးမှ ဝိညာဉ်သခင်များသည် ဤအကြောင်းများကို မသိပေ။ မိစ္ဆာ သားရဲများသည် ၎င်းတို့၏ ကိုယ်ပိုင် အမူအကျင့်များ ရှိကြပြီး သူတို့၏ ပိုင်နက်နှင့် အသက်ကို ခြိမ်းခြောက် မခံရသရွေ့ အန္တရာယ် မပြုတတ်သောကြောင့် ဝိညာဉ်သခင်များသည် မိစ္ဆာ သားရဲများ၏ အန္တရာယ်ကို သတိမပြုမိကြခြင်း ဖြစ်သည်။
ထိုအစား ဝမ်ရှန်းနှင့် ချူမိသားစုမှ ဝိညာဉ်သခင်ကိုသာ မျက်တောင် မခတ်တမ်း ကြည့်ရှုနေကြသည်။
တစ်ဖက်တွင်မူ ဝမ်ရှန်း၏ မြားသည် ဧရာမ မိစ္ဆာ သားရဲကြီးကို တိုက်ရိုက် ထိတ်လန့် သွားစေခဲ့သည်။ မည်သည့် ခွန်အားကြီး မိစ္ဆာ သားရဲများမဆို ၎င်းတို့၏ ပိုင်နက်တွင် တစ်စုံတစ်ယောက်က လာရောက် ခြိမ်းခြောက် လာသည်ကို သည်းခံနေစရာ အကြောင်းမရှိချေ။
စည်းမျဉ်းများအရ ဂူတစ်လုံးတွင် ခြင်္သေ့နှစ်ကောင် မအောင်းပေ။ ဤသည်မှာ ခွန်အားကြီး သားရဲများ၏ ဗီဇဖြစ်လေရာ မည်သည့် သားရဲကမှ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ ယခု မိစ္ဆာ သားရဲကြီးမှာလည်း အစားစားပြီးနောက် အနားယူ အိပ်စက်ရန် ပြင်နေခြင်းဖြစ်ကာ ထိုအခိုက်အတန့်သည် သားရဲများ၏ သည်းခံနိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်သည်။
ရံဖန်ရံခါတွင် နယ်မြေထဲသို့ အခြားသူများ ကျူးကျော်လာလျှင်ပင် လျစ်လျူရှု ထားတတ်သည်။ ထို့ကြောင့်လည်း ဝမ်ရှန်းသည် အလွန်အမင်း မကြောက်ရွံ့ဘဲ ချုံပုတ်ထဲတွင် အေးဆေးစွာ နေနိုင်ခြင်းဖြစ်သည်။
ဝမ်ရှန်း၏ မြားသည် မိစ္ဆာသားရဲကြီး၏ ရက်စက် ကြမ်းကြုတ်မှုကို လှုံ့ဆော် ပေးလိုက်သည့် အလားပင်။
“ဂါး”
ကောင်းကင်နှင့် ကမ္ဘာမြေကြားမှ မြေကြီးတစ်ခုလုံး အက်ကွဲ သွားစေနိုင်သော သားရဲဟိန်းသံ တစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် ပခုံးအကျယ် ပေသုံးဆယ်၊ ခန္ဓာကိုယ် အရှည် ပေရှစ်ဆယ်ကျော်မျှ ရှိသော မျောက်ဝံညိုကြီး တစ်ကောင်သည် တောအုပ်ထဲမှ ဒေါသတကြီး ပြေးထွက်လာသည်။
မျောက်ဝံညိုကြီးနှင့် မျက်နှာချင်းဆိုင် ရှိနေသူမှာ ချူမိသားစုမှ ဝိညာဉ်သခင်ဖြစ်သည်။ ဝမ်ရှန်းမှာမူ မျောက်ဝံညို၏ မစင်ပုံထဲတွင် ရှိနေသည့်အပြင် မစင်များကိုပါ လိမ်းကျံ ထားလိုက်သေးသည်။ မစင်နံ့များနှင့် ချုံပုတ်၏ အကာအကွယ်ကို ယူကာ မျောက်ဝံညို၏ သတိမမူမိစေရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။
ဤသို့ဖြင့် မျောက်ဝံညိုကြီး၏ ဦးတည်ချက်မှာ မျက်နှာချင်းဆိုင်မှ ဝိညာဉ်သခင် တစ်ယောက်နှင့် ထိုလူ၏ နောက်မှ များစွာသော ဝိညာဉ်သခင်များထံ ကျရောက်သွားသည်။
“ကြယ်ခြောက်ပွင့် မြေကမ္ဘာ အက်ကွဲ မျောက်ဝံကြီးပဲ ပြေးကြ”
နောက်ဆုံးမှ တန်အိုသည် နားထဲတွင် သားရဲဟိန်းသံ ကြားလိုက်ရစဉ် ကတည်းက တစ်စုံတစ်ရာ မှားယွင်းနေပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ယခုမူ ဧရာမ မျောက်ဝံညိုကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပြီးနောက် ပို၍ပင် ထိတ်လန့် တုန်လှုပ်လာပြီး ချက်ချင်း နောက်လှည့်၍ ပြေးလေသည်။
ပဉ္စမအဆင့် ဝိညာဉ်သခင် တန်အို ထွက်ပြေး သွားသဖြင့် အခြားသော ဝိညာဉ်သခင်များသည် ရုတ်တရက် ကြောင်အမ်း ကုန်ကြသော်လည်း တန်အို၏ လက်အောက် ငယ်သားများမှာမူ တန်အို၏ နောက်သို့ လိုက်ပါ ထွက်ပြေးသွားကြသည်။
ထို့နောက်တွင်မူ များစွာသော ဝိညာဉ်သခင်များသည် ကြောက်လန့်တကြား အော်ဟစ်လျက် အရပ်ရှစ်မျက်နှာသို့ အသီးသီး ပြေးထွက်သွားကြသည်။
ကြယ်ခြောက်ပွင့် မြေကမ္ဘာ အက်ကွဲ မျောက်ဝံညိုကြီး၏ ဆိုးရွားသော နာမည်ကို မကြားဖူးသူဟူ၍ မရှိသလောက်ပင်။ ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးသော်ငြား နာမည်ကို ကြားဖူးကြသည်သာ ဖြစ်၏။
နောက်ဘက်မှ ဝိညာဉ်သခင်များ အားလုံး ထွက်ပြေးသွားကြစဉ် ချူမိသားစု၏ ဝိညာဉ်သခင်မှာ နေရာတွင် အေးခဲနေသည်။ သူသည် မျောက်ဝံညိုကြီးကို မြင်လိုက်သည်နှင့် ထွက်ပြေးရန် ပြင်လိုက်သော်လည်း ခြေလှမ်းများမှာ သားရဲဟိန်းသံကြောင့် ချက်ချင်း တောင့်ခဲသွားသည်။
ကြယ်ခြောက်ပွင့် မြေကမ္ဘာအက်ကွဲ မျောက်ဝံကြီး၏ အမြန်နှုန်းသည် ဤနေရာမှ ဝိညာဉ်သခင်များထက် မလျော့ချေ။ ချူမိသားစု၏ ဒုတိယအဆင့် ဝိညာဉ်သခင်သည် စက္ကန့်အနည်းငယ်မျှ မှင်သက်သွားစဉ် မျောက်ဝံညိုကြီးမှာ ရှေ့သို့ ပြေးထွက် လာလေသည်။
မျောက်ဝံညိုကြီးသည် ခွန်အား အနည်းငယ်ပင် သုံးစရာမလိုဘဲ ထိုဝိညာဉ်သခင်၏ ခေါင်းပေါ်မှ ဖိနင်းသွားသည်။ မျောက်ဝံညိုကြီး၏ ခြေထောက်ကို ပြန်ကြွလိုက်ချိန်တွင် ၎င်းမှာ တစ်ကိုယ်လုံး ပြားချပ်နေလေပြီ။
“ဂါး”
အဝေးသို့ ပြေးထွက်သွားသော လူများကို ကြည့်ကာ မြေကမ္ဘာအက်ကွဲ မျောက်ဝံကြီးသည် ကောင်းကင်ထက်သို့ မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး မြေပြင်ကို ခြေထောက်ဖြင့် ပေါက်လိုက်သည်။
***