Switch Mode

Chapter – 62

ကံကောင်းမှုနှင့် ကြုံတွေ့ရခြင်း(၁)

အခန်း ၆၂
ကံကောင်းမှုနှင့် ကြုံတွေ့ရခြင်း(၁)

ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေထဲသို့ တိုးဝင်လာရခြင်းမှာ များစွာသော ဝိညာဉ်သခင် များကို တစ်ယောက်တည်း ရင်မဆိုင်နိုင်တော့ သောကြောင့်ပင်။ အမှန်အားဖြင့် ပဉ္မအဆင့်ကိုပင် မဆိုထားနှင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ဝိညာဉ်သခင်များပင် သူ့ပြိုင်ဘက်များ မဟုတ်ကြပေ။

ထို့ပြင် စနိုက်ပါရိုင်ဖယ်အတွက် ကျည်ဆန်များကို ရေတွက် ကြည့်သောအခါ ၁၈ ခုသာ ကျန်ပြီး လူ ၁၈ ယောက်ကိုသာ အပြတ်ရှင်း နိုင်မည်ဖြစ်သည်။ ဤအချိန် ခွန်အားကြီး ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းသည် သေချာပေါက် ပြဿနာ၏ အဖြေမဖြစ်နိုင်ချေ။

ထို့ကြောင့် အသက်ကို လောင်းကြေးထပ် စွန့်စားကာ ဂျင်ဒီနယ်မြေထဲသို့ ဝင်ရောက် လာခဲ့သည်။ သူ့ဘဝသည် ယခုအခါ ဂျင်ဒီတားမြစ် နယ်မြေထဲသို့ မဝင်လျှင်လည်း သေခြင်းမှအပ အခြား ရွေးချယ်စရာ မရှိသော အခြေအနေကို ဆိုက်ရောက်နေသည်။

ဝမ်ရှန်း၏ စိတ်ထဲတွင် ဂျင်ဒီတားမြစ် နယ်မြေအား စိန်ခေါ်ပွဲ တစ်ခုအဖြစ် မှတ်ယူပြီး တစ်ကိုယ်တည်း ရှင်သန်ရေး လေ့ကျင့်မှုဟု ယူဆလိုက်သည်။ သူ၏ ပန်းတိုင်မှာ ဂျင်ဒီတားမြစ် နယ်မြေ၏ တခြားတစ်ဖက်မှ ဝူရုံမြို့သို့ ရောက်ရှိရေး ဖြစ်သည်။

ယခုအခါ သူသည် တစ်ကမ္ဘာလုံးနှင့် ရန်သူဖြစ်နေလေရာ ဝူရုံမြို့ကို သွားရုံသာ ကျန်တော့သည်။

တန်အိုသည် တန်မိသားစုမှ ကျွမ်းကျင်သူများ နှင့်အတူ ဝမ်ရှန်းကို ခြေရာခံနေဆဲ ဖြစ်သည်။ နာရီ အနည်းငယ်ခန့် ကြာပြီးမှ တောင်ကြားထဲသို့ ဝင်ရောက်လာကြခြင်း ဖြစ်သော်လည်း ဝမ်ရှန်းနောက်ကို လိုက်မီရန် အချိန်များစွာ မကြာလိုက်ပေ။

သူတို့ တစ်ယောက်ချင်းစီ၏ ကျင့်ကြံရေး အဆင့်သည် ဝမ်ရှန်းထက် မြင့်မားသဖြင့် ဝမ်ရှန်းထက် ပို၍ မြန်ဆန်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေထဲတွင် သူ၏ တည်နေရာကို ဖုံးကွယ်ထားခြင်း မရှိပါချေ။ သူ့နောက်မှ လိုက်လာသော ဝိညာဉ်သခင်များထဲတွင် အရည်အသွေးမြင့် ခြေရာခံသူများလည်း ပါဝင်နေလေရာ ပုန်းကွယ်နေ၍လည်း အကျိုးမထူးသောကြောင့် လွတ်လပ်စွာ လျှောက်လှမ်း လာခဲ့သည်။

ဝမ်ရှန်း နောက်သို့ တန်မိသားစု သာမက မင်းမျိုးမင်းနွယ် မိသားစုတစ်ခုမှ ဝိညာဉ်သခင်များသည်လည်း ဂျင်ဒီတားမြစ် နယ်မြေထဲထိ လိုက်လာကြသည်။ သူတို့သည် သက်ဆိုင်ရာ အင်အားစု အသီးသီးထံ ပြန်မသွားလိုကြပေ။

မည်သို့ပင်ဖြစ်စေ ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို ပဉ္မမအဆင့် ဝိညာဉ်သခင်များမှ ဉီးဆောင်၍ လိုက်လံ ဖမ်းဆီးရာ၌ ကြောက်ရွံ့သဖြင့် နောက်ပြန် လှည့်ခဲ့သည်ဟုသာ လူအများက ပြောဆိုကြပါက သူတို့၏ မျက်နှာများကို ဓားဖြင့် လှီးပစ်ရုံသာ ရှိတော့၏။

ထို့ကြောင့်လည်း စိတ်ဓာတ် ပြင်းထန်သော ဝိညာဉ်သခင် အချို့သည် ဂျင်ဒီတားမြစ် နယ်မြေမှာ မည်မျှ အန္တရာယ်များကြောင်း သိသိလျက်ဖြင့် လိုက်ပါလာကြပြီး ဝမ်ရှန်း မသေမချင်း အိမ်မပြန်ဟု စိတ်ပိုင်းဖြတ် ထားကြသည်။

ဂျင်ဒီတားမြစ် နယ်မြေဟူသည် သတ္တမအဆင့်နှင့် အဌမအဆင့် ဝိညာဉ်သခင်များကိုပင် အသက်ပျောက် စေနိုင်ခဲ့သည့် နေရာဖြစ်လေရာ ကျိုးပဲ့ဝိညာဉ်ပိုင်ရှင် ဝမ်ရှန်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်၍ ရှင်သန်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြချေ။

တားမြစ်နယ်မြေထဲသို့ မိုင်ပေါင်း ၂၀ ခန့် ဝင်ရောက်ပြီးလျှင် ဝမ်ရှန်း သေချာပေါက် သေလိမ့်မည်။ ထိုအခါ သူတို့အားလုံး ဝမ်းသာအားရဖြင့် အိမ်ပြန်ကြမည် ဖြစ်သည်။

ယခင်က ဂျင်ဒီတားမြစ် နယ်မြေမှ လွတ်မြောက် လာခဲ့သော ဝိညာဉ်သခင်များ၏ အတွေ့အကြုံများ အရ သင်သည် တားမြစ်နယ်မြေ၏ အစွန်းပိုင်း ဆယ်မိုင်ကျော် အတွင်း၌သာ ဂရုစိုက် သွားလာ လှုပ်ရှားမည် ဆိုပါက အသက်ရှင်နိုင်ရန် မျှော်လင့်ချက် ရှိသည်ဟုဆိုသည်။

သို့ရာတွင် တစ်ခုတည်းသော လိုအပ်ချက်မှာ သင်၏ ကျင့်ကြံရေး အဆင့်သည် အနိမ့်ဆုံး အနေဖြင့် တတိယအဆင့် စတုတ္ထ အဆင့်သို့ ရောက်ရှိနေရမည်။

ဆိုရလျှင် လူတိုင်းသည် ဝမ်ရှန်းနောက်သို့ သတ်ဖြတ်ရန် လိုက်လာကြခြင်း မဟုတ်ဘဲ ဝမ်ရှန်း သေသွားပုံကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုလို၍ လိုက်လာကြခြင်းသာ ဖြစ်သည်။

တောင်ကြားထဲမှ သိမြင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် အနိုင်ရမည်ဟု မသေချာဘဲနှင့် မည်သူကမှ ဒေါသတကြီးဖြင့် ရှေ့မတိုးရဲကြချေ။ သူတို့သည် မလှမ်းမကမ်းတွင် တင်ပျဉ်ခွေ ထိုင်ကာ အနားယူနေသော ဝမ်ရှန်းကို မြင်လျှင် ခပ်လှမ်းလှမ်းမှသာ ရပ်နေကြပြီး အနားမကပ် ရဲကြတော့ပေ။

အမှန်အားဖြင့် ဝမ်ရှန်း အနားယူနေသည့် အခိုက်အတန့်မျိုးတွင် ဝိညာဉ်သခင်များသည် မီတာ ၃၀၀ ခန့်အဝေးတွင် ရှိနေကြပြီး ပဉ္မမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကသာ ရုတ်တရက် တိုက်ခိုက်လာပါက ဝမ်ရှန်းကို သေချာပေါက် အနိုင် ရနိုင်လေသည်။ သို့ရာတွင် အကြောက်တရား ဝင်နေပြီ ဖြစ်သော သူတို့သည် ကမူးရှူးထိုး မလုပ်ရဲပဲ ဖြစ်နေကြ၏။

တစ်ဖက်တွင်မူ ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်ရောက် လာပြီးနောက် ထူးဆန်းသော အခြေအနေ တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ ကိုယ်ပိုင် ယွမ်ဝိညာဉ် နယ်မြေထဲမှ တိုက်ပွဲဝိညာဉ်သည် တိုက်ခိုက်မှု တစ်စုံတစ်ရာ မရှိပါဘဲနှင့် အလွန်အမင်း စိတ်လှုပ်ရှားလာခြင်းပင်။

ဤသို့သော စိတ်လှုပ်ရှားမှုမျိုးကို စုန့်လောင်ယု ပေးအပ်ခဲ့သည့် လက်ဝှေ့ကျင့်စဉ်ကို လေ့ကျင့် သင်ကြားစဉ်က တစ်ကြိမ်သာ ခံစားဖူးသည်။ အခြားသော တိုက်ပွဲများ၌ တိုက်ပွဲ ဝိညာဉ်သည် သာမန် အတိုင်းသာ လှုပ်ရှားတတ်သည်။

ဆိုရလျှင် ဂျင်ဒီတားမြစ် နယ်မြေသည် တိုက်ပွဲဝိညာဉ်နှင့် သေချာပေါက် ဆက်သွယ်နေသည်။ တိုက်ပွဲဝိညာဉ်သည် အိပ်မက်ထဲမှ မိန်းကလေးနှင့် တစ်ဖန် ဆက်နွှယ်နေလေရာ ဝမ်ရှန်း၏ ခန့်မှန်းချက်အရ ဂျင်ဒီနယ်မြေသည် ဇာမဏီ ယွမ်ဝိညာဉ်ပိုင်ရှင် မိန်းကလေးနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပုံ ရလေသည်။

ဝမ်ရှန်းသည် ဤရှာဖွေတွေ့ရှိချက်ကြောင့် ဝမ်းသာလုံး ဆို့သွားသည်။ အဆုံးတွင် အိပ်မက်ထဲမှ မိန်းကလေးနှင့် ပတ်သက်သည့် သဲလွန်စကို ရှာတွေ့ခဲ့လေပြီ။

သို့သော် ယခုအချိန်သည် အန္တရာယ် တောထဲသို့ ကျရောက်နေခြင်း ဖြစ်သဖြင့် အိပ်မက်ထဲမှ မိန်းကလေးအကြောင်း များစွာ မတွေးတောနိုင်သေးချေ။ အသက်ရှင်လျက် ပြန်ထွက်နိုင်ရန် ပထမဉီးစွာ ရုန်းကန်ရဉီးမည် မဟုတ်ပါလော။

များမကြာမီ ဝမ်ရှန်းသည် နောက်ထပ် အံ့သြစရာ တစ်ခုကို တွေ့ရှိလိုက်ပြန်သည်။ သူသည် ညာဘက်ရှိ ဧရိယာတစ်ခုထဲသို့ ခြေလှမ်းရန် ပြင်လိုက်စဉ်မှာပင် တိုက်ပွဲဝိညာဉ်သည် ပြင်းထန်စွာ သတိပေးလာပြီး ခြေလှမ်းကို ပြန်ရုတ် လိုက်သည်နှင့် တစ်ပြိုင်နက် သတိပေးချက် ပျောက်ကွယ် သွားသည်။ အကြိမ်ပေါင်းများစွာ ဤသို့ ဆက်တိုက် ကြုံတွေ့ လာပြီးနောက် ဝမ်ရှန်း နားလည် လိုက်သည်မှာ တိုက်ပွဲ ဝိညာဉ်သည် အန္တရာယ်ကို ကြိုတင် သိရှိနိုင်ကြောင်းပင်။

ခြေလှမ်းရန် ပြင်နေသည့် ဧရိယာသည် ခွန်အားပြင်း မိစ္ဆာ သားရဲတစ်ကောင်၏ နယ်မြေ၊ သို့မဟုတ် အန္တရာယ်ရှိသော နေရာတစ်ခုသာ ဆိုပါက တိုက်ပွဲဝိညာဉ်သည် ပြင်းထန်စွာ သတိပေး လာမည်ဖြစ်ပြီး အကွာအဝေးသည် အလွန် နီးကပ်နေပါက သတိပေးချက်သည် အပြင်းထန်ဆုံးသော အခြေအနေထိ ရောက်ရှိလာပြီး ယွမ်ဝိညာဉ်နယ်မြေ တစ်ခုလုံး ကမောက်ကမ ဖြစ်လာပေလိမ့်မည်။

ဤအချက်ကြောင့် ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေကို ကျော်ဖြတ်ကာ ဝူရုံမြို့သို့ သွားရောက်မည့် အစီအစဉ်သည် အိပ်မက်သက်သက် မဟုတ်ဘဲ လက်တွေ့ ဆန်လာပြီဖြစ်ကြောင်း နားလည်လိုက်သည်။

သို့သော် ဝမ်ရှန်းသည် နောက်မှ လိုက်ပါ လာသူများ၏ ရှေ့မှောက်မှာပင် ရှိနေဆဲဖြစ်ကာ ခြေရာ မဖျောက်နိုင်သေးပေ။ အကြောင်းမှာ တိုက်ပွဲဝိညာဉ်မှ အန္တရာယ်မရှိဟု ယူဆထားသည့် နေရာများတွင်လည်း သတိအပြည့်ဖြင့် သွားလာနေရပြီး တစ်ဖက်တွင်လည်း နောက်မှ လိုက်ပါလာသူများ အတွက် ထောင်ချောက်များ စီမံရသောကြောင့် ဖြစ်သည်။

ရာနှင့်ချီသော ဝိညာဉ်သခင်များ၏ နောက်ယောင်ခံခြင်းကို ခံနေရခြင်းမှာ သက်သောင့်သက်သာ မရှိလှပေ။ ထိုလူများသာ ရုတ်တရက် တိုက်ခိုက်လာပါက သူ့အတွက် ကြီးစွာသော အန္တရာယ်ကို ဖြစ်ပေါ်စေလိမ့်မည်။

တောင်ကြား တစ်ခုလုံးကို မီးမြှိုက် လိုက်ကတည်းကပင် ထိုဝိညာဉ်သခင်များသည် သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားခဲ့သည်။ ဝမ်ရှန်း ကိုယ်တိုင်လည်း ရန်သူများကို အလွတ်ပေးရန် ဆန္ဒ မရှိပေ။

“မင်းတို့က သေရမှာ မကြောက်ဘဲ လိုက်လာတယ်ဆိုတော့ ဂျင်ဒီတားမြစ် နယ်မြေက မင်းတို့ကို မြှုပ်နှံရမယ့် နေရာ ဖြစ်သွားတာပေါ့”

 လူအများ၏ အမြင်တွင် ဝမ်ရှန်းသည် တစ်နေရာရာတွင် ထိုင်နေပါက အနားယူနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ တိုက်ပွဲဝိညာဉ်၏ သတိပေးချက်များ ပြင်းထန် လာသဖြင့် ရှေ့ဆက်မတိုးခြင်း ဖြစ်သည်။

ရှေ့ဆက်တိုးခြင်းသည် အလွန်အမင်း အန္တရာယ်များသော အခြေအနေတွင် ရှိနေပြီး ထိုစဉ် တစ်စုံတစ်ယောက်ကသာ ဝမ်ရှန်းကို တိုက်ခိုက်လာပါက ၎င်းအား အနည်းငယ် ဖိအား ပေးလိုက်ရုံဖြင့် မရဏနယ်မြေထဲသို့ တွန်းပို့နိုင်မည် ဖြစ်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset