အခန်း ၆၁
မိသားစုကြီးများ၏ ထိတ်လန့်မှု(၂)
ကျိုးပဲ့ဝိညာဉ်ပိုင်ရှင် ဝမ်ရှန်းသည် တောင်ကြား တစ်ခုလုံးကို မီးမြှိုက်ကာ ဝိညာဉ်သခင် ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် သတင်းသည် တန်မိသားစုကို သာမက သိုက်မိသားစု၊ ရှီမိသားစု၊ စုန့်မိသားစု၊ ချူမိသားစုနှင့် ရှားမိသားစု၊ ဂန်မိသားစု၊ ဖန်းမိသားစုနှင့် အခြား အင်အားစုများကိုပါ ကြီးစွာ ထိတ်လန့် တုန်လှုပ်စေခဲ့သည်။
ဤတစ်ခေါက်တွင် ဝိညာဉ်သခင်များ စေလွှတ်ခဲ့သည့် များစွာသော အင်အားစုများ အပြင် အခြားသော ခွန်အားကြီး ဝိညာဉ်သခင်များလည်း ကိုယ့်အားကိုယ်ကိုးကာ ရတနာမြေပုံကို ရလိုဇောဖြင့် ဝမ်ရှန်းအား လိုက်လံ ဖမ်းဆီးခဲ့ကြသူများလည်း ရှိပေသည်။
မည်သို့ပင်ဖြစ်စေ အဆုံး၌ တန်မိသားစု၊ စုန့်မိသားစုနှင့် ရှီမိသားစုမှ လွဲ၍အခြားသော အင်အားစုများမှ ကျွမ်းကျင်သူများမှာ တောင်ကြားအတွင်း၌ ဝမ်ရှန်း၏ မီးတောက်ဝါးပြွန် လက်ချက်ဖြင့် အသက်ပေး သွားရသည်။
ပဉ္စမအဆင့် ဝိညာဉ်သခင်များ အားလုံး ဆုံးရှုံးလိုက်ရသော အင်အားစုများ အတွက် ကြီးစွာသော ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရသည်။ လူတစ်ယောက်ကို ပဉ္စမအဆင့်အထိ ပြုစုပျိုးထောင်ရန်မှာ မလွယ်ကူလှပေ။ ငွေကြေးနှင့် အချိန်များစွာ ကုန်ကျပြီး ထိုလူတစ်ယောက် ဆုံးရှုံးသွားပါက မိသားစု အင်အားသည်လည်း ကြီးမားစွာ လျော့ကျသွားသည်။
ထို့ပြင် လူအများကို ပို၍ ထိတ်လန့်စေသည်မှာ ဝမ်ရှန်းသည် သူ့တွင် ဝိညာဉ်သခင် များစွာကို အဝေးမှ တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် လက်နက်ရှိကြောင်း သက်သေပြ သွားခြင်းပင်။
ကီလိုမီတာ အနည်းငယ်သာ ကျယ်ပြောသော်လည်း တောင်ကြားထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်သခင်များ အသက်ပျောက် သွားရသည် မဟုတ်ပါလော။
မိမိအား မိုင်အနည်းငယ် အဝေးမှ သတ်ဖြတ် နိုင်သော လူတစ်ယောက် ရှိနေသည်ဟု သိလိုက်ရခြင်းသည် စိုးရိမ်မှု ဒီရေများကို တလိမ့်လိမ့် တိုးတက်လာစေပြီး ကြောက်ရွံ့မှုကသာ အစဉ် ကြီးစိုးလာစေသည်။
ဤမျှအထိ ခြိမ်းခြောက် နိုင်စွမ်း ကြီးမားနေသော သူမျိုးသည် သေကို သေရမည်ဖြစ်ပြီး သို့မဟုတ်ပါက တော်ဝင် မိသားစုများသည် ဝမ်ရှန်း အသက်ရှင် နေသရွေ့ ကောင်းစွာ အိပ်စက်နိုင်ကြမည် မဟုတ်ပါချေ။
သို့ရာတွင် ပဉ္မအဆင့် ဝိညာဉ်သခင် ကိုးယောက်၊ စတုတ္ထနှင့် တတိယအဆင့် ဝိညာဉ်သခင် တစ်ရာကျော်ကို တစ်ယောက်တည်းအားဖြင့် သတ်ဖြတ် လိုက်သူကို မည်သည့် နည်းလမ်းများဖြင့် ပြန်လည် သတ်ရပါမည်နည်း။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဝမ်ရှန်းအား ဂျင်ဒီနယ်မြေထဲတွင် သေဆုံးသွားသည် အထိ တွန်းအားပေးရန် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လူတိုင်းသည် တူညီစွာ တွေးတောနေကြပြီး ဝမ်ရှန်းအား ဂျင်ဒီနယ်မြေ၏ အနက်ပိုင်းထဲထိ တိုးဝင်သွားပြီး ဘယ်သောအခါမှ ပြန်မလာစေရန် ဆုတောင်း နေကြသည်။
မိမိအား လိုက်လံ သတ်ဖြတ်နေသည့် ဝိညာဉ်သခင်ပေါင်း တစ်ရာကျော်နှင့် ရင်ဆိုင် နေရလျှင်လည်း ဝမ်ရှန်း မကြောက်ပေ။ ၎င်းမှာ သူ၏ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အရည်အချင်း ကြောင့်ဖြစ်သည်။
“သေရမှာ မကြောက်ရင် လိုက်ခဲ့”
တောင်ကြား၏ အပြင်ဘက်မှ အသက်ရှင် ကျန်ရစ်ခဲ့သော ဝိညာဉ်သခင်များကို မထီမဲ့မြင်ပြုကာ ခနဲ့ လိုက်ပြီးနောက် ဂျင်ဒီ တားမြစ်နယ်မြေထဲသို့ မဆိုင်းမတွ ပြေးဝင်လာခဲ့သည်။ လမ်းတစ်လျှောက်တွင်လည်း “သေရမှာ မကြောက်ရင် လိုက်ခဲ့” ဟု တရစပ် အော်ဟစ် လာခဲ့သေးသည်။
တောင်ကြားထဲမှ ပေါက်ကွဲမှုသည် အသက်ရှင် ကျန်ရစ်ခဲ့သော ဝိညာဉ်သခင်များကို နာရီ အနည်းငယ်အထိ အချိန်ဆွဲ ထားနိုင်ခဲ့သည်။
ထိုနာရီ အနည်းငယ်ကပင် ဝမ်ရှန်းအတွက် ဂျင်ဒီနယ်မြေ၏ အနက်ပိုင်းထဲထိ ရောက်ရှိသွားရန် လုံလောက်လေသည်။
ပတ်ပတ်လည်မှ တောင်တန်းများ ကြားတွင် ပုန်းအောင်း ချောင်းမြောင်းနေမည် ဖြစ်သော ဝိညာဉ်သခင် များကြောင့်သာ မဟုတ်ပါက ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေထဲသို့ ဝင်ရောက်စရာ အကြောင်းမရှိချေ။ သူ့တွင် နောက်ပြန်လှည့်စရာ လမ်းမရှိသဖြင့် မရဏ နယ်မြေကိုသာ ရွေးချယ် လိုက်ခြင်းဖြစ်သည်။
ဂျင်ဒီတားမြစ်နယ်မြေ အကြောင်း သူမသိဘဲ မနေပါချေ။
ဤကမ္ဘာတွင် လအနည်းငယ် ကြာအောင် နေထိုင်ခဲ့ပြီးနောက် ဗဟုသုတများစွာ၊ အကြောင်းကိစ္စ များစွာကို လေ့လာကြားသိ ခဲ့ရသည်။
ဆိုရလျှင် ဤဂျင်ဒီတားမြစ် နယ်မြေသည် တစ်ကမ္ဘာလုံး၏ တစ်တိုင်းပြည်လုံးတွင် အန္တရာယ် အရှိဆုံးသော ထိပ်တန်း တားမြစ်နယ်မြေ ဖြစ်ကြောင်း သူကောင်းစွာ သိပေသည်။
ဝမ်ရှန်းသည် အသာအယာပင် လမ်းလျှောက် လာခဲ့သည်။ နောက်မှ လိုက်ပါလာသည့် ဝိညာဉ်သခင်များသည် နောက်ထပ် ပေါက်ကွဲမှုများ ပေါ်ထွက်လာမည်ကို ကြောက်ရွံ့သဖြင့် ဆက်လိုက်ရန် ချီတုံချီချ ဖြစ်ကုန်ကြပြန်သည်။
အစောပိုင်း ကြောက်မက်ဖွယ် အဖြစ်အပျက်တို့သည် သူတို့ နှလုံးသားထဲ အထိပါ စွဲထင်သွားခဲ့ပြီ ဖြစ်ရာ တောင်ကြားထဲမှ ဝမ်ရှန်း ပျောက်ကွယ် သွားမှသာ အသက်ရှင် ကျန်သူတို့သည် ထိုနေရာသို့ ဝင်ရဲကြသည်။
၎င်းမှာလည်း ပဉ္မမအဆင့် ဝိညာဉ်သခင် အချို့၏ ဉီးဆောင်မှုကြောင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက တောင်ကြား အပြင်မှ လှည့်ပြန်သွားရုံသာ ရှိတော့သည်။ ဤသို့ဖြင့် ဝိညာဉ်သခင်များသည် တောင်ကြားထဲသို့ ကြောက်ကြောက်ရွံ့ရွံ့ ဝင်ရောက် သွားကြပြီး ပေါက်ကွဲမှု ထပ်မံ ပေါ်ထွက်လာမည်ကို ကြောက်ရွံ့ နေကြသည်။
တောင်ကြားထဲတွင် ဖြည်းညင်းစွာ လျှောက်လာရင်းဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြပြီး နဖူးမှ ချွေးဒီးဒီး ကျလာသည်။ တောင်ကြားထဲတွင် ဝမ်ရှန်း မရှိတော့ကြောင်း သေချာသွားမှသာ စိတ်ချလက်ချ စစ်ဆေး ကြည့်နိုင်ကြသည်။
စုန့်မိသားစုမှ ကျွမ်းကျင်သူ တစ်ယောက်သည် ဝမ်ရှန်း မီးတောက်ဝါးပြွန်ကို ပစ်လွှတ်လိုက်သည့် မြင်ကွင်းကြောင့် ဝမ်ရှန်း ပုန်းကွယ် နေခဲ့သည့် ကျောက်တုံးနား တစ်ဝိုက်ကို စစ်ဆေးကြည့်နေကြပြီး တစ်ဖက်တွင်မူ အခြား ကျွမ်းကျင်သူများသည် သေဆုံးသူများကို ရှာဖွေစစ်ဆေး ကြည့်နေကြသည်။
တောင်ကြား၏ အလယ်ဗဟိုသို့ ရောက်သောအခါ မည်းတူး လောင်ကျွမ်းနေသော အလောင်းများကို တန်းစီ၍ မြင်တွေ့လိုက်ရပြီး ပဉ္မမအဆင့် ဝိညာဉ်သခင်များပင် အလိုအလျောက် တုန်ယင် သွားကြသည်။
ဝမ်ရှန်း မရှိတော့သဖြင့် ငြိမ်သက်စ ပြုနေသော နှလုံးသားသည် ကြောက်ခမန်းလိလိ မြင်ကွင်းကြောင့် တစ်ဖန် ပြန်လည် လှုပ်ရှားလာပြီး သတိအပြည့် ဖြစ်ကုန်ကြသည်။ တစ်ခဏ ကြာအောင် စစ်ဆေးကြည့်ပြီးနောက် အကုန်သေဆုံး နေကြပြီဖြစ်ကြောင်း အတည်ပြု လိုက်နိုင်သည်။
တောင်ကြား အလယ်မှ အုပ်စုသည် ပေါက်ကွဲသည်နှင့် တစ်ပြိုင်နက် ပွဲချင်းပြီး သေဆုံးသွားကြခြင်းဖြစ်ကာ ကျန်လူများသည် ပေါက်ကွဲအား၏ ရိုက်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။ အချို့သော ဝိညာဉ်သခင်များမှာ မသေခင် အချိန်အတွင်း အပြင်းအထန် ရုန်းကန်ခဲ့ကြရပုံ ပေါ်လေသည်။
ဤတောင်ကြားသည် နက်စောက်၍ ကျဉ်းမြောင်းသဖြင့် လေဝင်လေထွက် မကောင်းလှဘဲ အောက်ဆီဂျင် လုံလောက်မှုလည်း မရှိချေ။ ဤကမ္ဘာမှ ဝိညာဉ်သခင်များသည် ကျင့်ကြံရေးအဆင့် မြင့်မားကြသော်လည်း ခေတ်မီနည်းလမ်းများကို မသိကြသဖြင့် မီသိန်းဓာတ်ငွေ့၊ ပေါက်ကွဲအား စသည်ဖြင့် နားမလည်နိုင်ကြ။ သူတို့သိသော တစ်ခုတည်းသော အရာမှာ ဝမ်ရှန်းတွင် ခွန်အားပြင်း မှော်လက်နက်တစ်ခု ရှိနေကြောင်းသာ ဖြစ်သည်။
ထိုထက်ပို၍ မတွေးတတ်တော့ပေ။
ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီအနည်းငယ်ခန့် ကြာပြီးနောက် တောင်ကြားထဲမှ လေထုသည် ပြန်လည် ကောင်းမွန်လာသဖြင့် အသက်ရှူကျပ်ခြင်းကို သက်သာ လာစေသည်။ သို့သော် နှစ်ပေါင်းများစွာ ပုပ်သိုး ဆွေးမြည့်နေခဲ့သော သစ်ရွက်ခြောက်များနှင့် မြက်ခြောက်များ တမြည့်မြည့် လောင်ကျွမ်းမှုကြောင့် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ မြောက်မြားစွာ ထွက်ပေါ်လာသည်။
တောင်ကြားထဲတွင် စူးစမ်း ရှာဖွေနေကြသော ဝိညာဉ်သခင်များသည် ပြင်းထန်သော ဓာတ်ငွေ့နံ့ကြောင့် စိတ်ထဲတွင် လေးလံလာကြပြီး တောင်ကြားထဲ၌ အချိန်ကြာမြင့်စွာ မနေရဲကြတော့ပေ။
ထိုအခိုက်တွင် ဝမ်ရှန်း၏ သတင်းသည် တစ်နိုင်ငံလုံးကို ပျံ့နှံ့နေပြီဖြစ်ပြီး ဝမ်ရှန်းကို လက်ဝယ် ဖမ်းဆီး လိုသူများမှာ ပို၍ များပြားလာသည်။ နိုင်ငံကို နှစ်ပေါင်းများစွာ ကြာအောင် ထိန်းချုပ်ထားခဲ့သော သိုက်မိသားစု၊ စုန့်မိသားစု၊ တန်မိသားစုနှင့် ချူမိသားစုတို့သည် ဝမ်ရှန်း၏ အကူအညီကို သာရပါက အခြေအနေသည် အလုံးစုံ ပြောင်းလဲ သွားလိမ့်မည်ဟု တိတ်တဆိတ် တွက်ဆ ထားကြသည်။
ဂျင်ဒီတားမြစ်နယ်မြေထဲတွင် ရှိနေသော ဝမ်ရှန်းမှာမူ သူ၏ တန်ဖိုးမှာ ပို၍ပင် မြင့်တက်လာပြီ ဖြစ်ကြောင်း မသိပါချေ။
***