Switch Mode

Chapter – 60

မိသားစုကြီးများ၏ ထိတ်လန့်မှု(၁)

အခန်း ၆၀
မိသားစုကြီးများ၏ ထိတ်လန့်မှု(၁)

“မင်းဘာပြောတယ်”

တန်မိသားစု ခေါင်းဆောင်၏ လက်ထဲမှ လက်ဖက်ရည် ခွက်သည် ဆက်တိုက် တုန်ခါလာပြီး မြေပြင်ပေါ်သို့ ကွဲကျလုနီးနီးပင်။ ကံကောင်းစွာပင် သူ့တွင် မြင့်မားသော ကျင့်ကြံရေး အဆင့် ရှိသဖြင့် လက်ကို အချိန်မီ ထိန်းနိုင်လိုက်သည်။ သို့သော် နှလုံးသားက တဒိတ်ဒိတ် ခုန်နေဆဲဖြစ်ကာ ကိုယ့်နားကိုယ်ပင် မယုံကြည် နိုင်သေးချေ။

“‌ခေါင်းဆောင် တန်အိုဆီက သတင်း ပြန်ရပါတယ်၊ သူတို့ ဝမ်ရှန်းကို ဂျင်ဒီ တားမြစ်နယ်မြေနဲ့ ကပ်လျက်က တောင်ကြားထဲထိ လိုက်ဖမ်းတာ၊ ဝမ်ရှန်းက ပဉ္မမအဆင့် ဝိညာဉ်သခင် ကိုးယောက်နဲ့ တခြား ဝိညာဉ်သခင် တစ်ရာကျော်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်” 

တန်ခေါင်းဆောင်ကို သတင်းပို့ နေသူမှာ အဘိုးအို တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်လည်း ဤသတင်းကို ကြားရချိန်က မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရသည်။

တန်ခေါင်းဆောင်သည် သူ့ကိုယ်သူ အချိန်မီ ထိန်းချုပ် လိုက်နိုင်သော်လည်း ဒုတိယ အကြီးအကဲမှာမူ သတင်းကြားသည်နှင့် တစ်ပြိုင်နက် တစ်အိမ်လုံး ဗြောင်းဆန် သွားသည်အထိ ဒေါသထွက်ခဲ့ပေသည်။

လက်ဖက်ရည် အနည်းငယ်သာ မှောက်သွားသည့် တန်ခေါင်းဆောင်၏ ထိန်းချုပ် နိုင်စွမ်းမှာ အတော်လေး ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ သို့သော် နံဘေးမှ အကြီးအကဲ နှစ်ယောက်သည် ချက်ချင်း ဝရုန်းသုန်းကား ထရပ်လိုက်ပြီး လက်ထဲမှ လက်ဖက်ရည် ခွက်များကို ဒေါသတကြီး ပေါက်ကွဲ ပစ်လိုက်ကြသည်။

“ငါ့ကို အသေးစိတ် ပြောစမ်း”

တန်ခေါင်းဆောင်သည် စိတ်တည်ငြိမ်စေရန် တစ်ခဏမျှ ငြိမ်သက် နေပြီးနောက် တစ်ဖန် အမိန့်ပေး လိုက်သည်။ တန်အိုသည် ဝမ်ရှန်းကို ဖမ်းဆီးရန် တန်မိသားစု ကျွမ်းကျင်သူများကို ဉီးဆောင် ထွက်ခွာသွားသည့် ပဉ္မမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်လေရာ တန်ခေါင်းဆောင်အတွက် စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်သည်။

“သတင်းလာပို့တဲ့ ကောင်လေးကို ခေါ်လာခဲ့”

ဒုတိယ အကြီးအကဲ၏ အမိန့်ကြောင့် အဘိုးအိုသည် အခန်းထဲမှ ပြန်ထွက်သွားကာ သတင်းလာပို့သော တန်မိသားစု၏ ဂိုဏ်းသားကို ခေါ်ဆောင် လာခဲ့သည်။ ထို ဂိုဏ်းသားသည် တန်မိသားစု စေလွှတ်လိုက်သော ခေါင်းဆောင်တန်အို နှင့်အတူ တောင်ကြားထဲသို့ လိုက်မသွားခဲ့ဘဲ အပြင်ဘက်တွင် နေရစ်ခဲ့သူ ဖြစ်သည်။

လူငယ်သည် တန်ခေါင်းဆောင်၏ အမိန့်အောက်တွင် အချိန်မဆွဲရဲတော့ဘဲ အဖြစ်အပျက် များအား အလျင်စလို ရှင်းပြနေသည်။ ဝမ်ရှန်းနောက်သို့ လိုက်သွားသည်မှစ၍ တောင်ကြား အပြင်ဘက်တွင် အင်အားစု အသီးသီးမှ ဝိညာဉ်သခင်များ စုရုံးမိကြကြောင်း၊ ဝမ်ရှန်းကို ဖမ်းဆီးရန် တောင်ကြားထံသို့ ပြေးဝင်သွားကြပုံ၊ တစ်ခဏ အတွင်းမှာပင် တောင်ကြား တစ်ခုလုံး မီးလောင်ကျွမ်း သွားပြီး မရဏတောင်ကြားအဖြစ် ပြောင်းလဲကာ ဝိညာဉ်သခင်ပေါင်း များစွာ မရှုမလှ အသက်ပျောက် သွားပုံများကို စီကာပတ်ကုံး ပြောပြလိုက်လေသည်။

“တန်အိုက မင်းတို့ကို တောင်ကြားထဲကို ခေါ်မသွားဘူး ဆိုတော့ တန်မိသားစုက လူတွေ ဘာမှ မဖြစ်ဘူးမလား”

အကြီးအကဲ တစ်ယောက်သည် ရင်ဘတ်ကို ဖိကာ ပျော်ရွှင်စွာ ဆိုသည်။

“အကြီးအကဲ ဒီလိုရှိပါတယ်”

လူငယ်သည် ထိုအကြီးအကဲဘက်သို့ လျင်မြန်စွာ လှည့်လိုက်ပြီး “အဲ့အချိန်တုန်းက တန်မိသားစု သာမကဘဲ စုန့်မိသားစု၊ ရှီမိသားစုကလည်း အပြင်မှာ နေခဲ့ပါတယ်၊ တခြား အင်အားစု အချို့ကလည်း လူအနည်းငယ်ကို တောင်ကြား အပြင်ဘက်မှာ ချန်ထားခဲ့ပါတယ်၊ ဒီသတင်းက အခုအချိန် လောက်ဆို တခြား မိသားစုတွေ ဆီကိုလည်း ပျံ့သွားလောက်ပါပြီ”

“တန်အို ထွက်သွားတဲ့ အချိန်တုန်းက ကမူးရှူးထိုး မလုပ်ဘဲ ဂရုတစိုက် ပြုမူဖို့ မှာကြားလိုက်တယ်၊ ကြည့်ရတာ ဒီကောင်လေးက စကားနားထောင်ခဲ့တာပဲ ကောင်းတယ် ကောင်းတယ်”

တန်ခေါင်းဆောင်က သူစေလွှတ်လိုက်သော ဉီးဆောင်သူ တန်အို၏ လုပ်ဆောင်ချက်ကို ကျေနပ်အားရစွာ ခေါင်းညိတ် လိုက်သည်။

“စုန့်မိသားစုက တောင်ကြားထဲထိ လိုက်မဖမ်းတာက ဝမ်ရှန်းနဲ့ နဂိုက ရင်းနှီးမှု လက်ကျန်ကြောင့်လို့ ပြောလို့ရပေမယ့် ရှီမိသားစုက ဘာလို့ အဲ့လောက် ငြိမ်နေတာလဲ… ဝမ်ရှန်းကို တောင်ကြားထဲမှာ မြင်တာတောင် ဘာမှမလုပ်ဘူးလား”

လူတိုင်းသည် တန်ခေါင်းဆောင်၏ စကားကြောင့် မျက်မှောင်ကုတ် သွားကြပြီး စဉ်းစားနေကြသည်။

“ရှီမိသားစုရဲ့ လျှို့ဝှက် ရတနာမြေပုံက အခိုးခံလိုက်ရတယ်၊ ဒီအချိန်ဆို အသည်းအသန် လိုက်ဖမ်းနေရမှာ မဟုတ်ဘူးလား၊ ဒါပေမဲ့ တခြား မိသားစုက လူတွေ ရောက်လာတာတောင် သူတို့က တောင်ကြားထဲကို မဝင်ကြဘူးဆိုတော့ ထူးဆန်းနေတယ်၊ ဒီလို ကိစ္စမျိုး ငါတို့မှာသာ ဖြစ်ရင် ဘယ်လိုနေမလဲ”

တန်ခေါင်းဆောင်သည် လက်ဖက်ရည် တစ်ငုံသောက်ကာ တွေးတွေးဆဆ ဆိုသည်။

“ရတနာမြေပုံ အခိုးခံလိုက်ရတဲ့ အကြောင်း ဘယ်သူမှ မသိစေဘဲ ထိပ်တန်းအဆင့် ဝိညာဉ်သခင် အချို့ငှားပြီး ဝမ်ရှန်းဆီက ရတနာမြေပုံကို ပြန်ရဖို့ အစွမ်းကုန် အားထုတ်မှာပေါ့” အကြီးအကဲ တစ်ယောက်မှ ချက်ချင်း ဝင်ဖြေသည်။

“ဒါဆို ရှီမိသားစုမှာ လှည့်ကွက် တစ်ခုခုတော့ ရှိနေပြီ” 

လူတိုင်း တွေဝေသွားကြသည်။ အမှန်တကယ်ပင် ရတနာမြေပုံ ခိုးခံလိုက်ရသည့် အကြောင်းကို လူသိရှင်ကြား ကြေညာစရာအကြောင်း မရှိချေ။ သို့လျှင် ရှီမိသားစုသည် အဘယ်ကြောင့် တစ်ကမ္ဘာလုံး သိအောင် ထုတ်ပြောခဲ့သနည်း။ သူတို့အားလုံး ရှီမိသားစု၏ လှည့်ကွက်ထဲတွင် ကစားခံလိုက်ရပြီလော။

“အဲ့ကိစ္စကို ခဏထားလိုက်ဉီး၊ အခု ဝမ်ရှန်း အခြေအနေ ဘယ်လိုလဲ” တန်ခေါင်းဆောင်ထံမှ အသံထွက် လာသည်။

“သူက သေရမှာ မကြောက်ရင် သူ့နောက် လိုက်ခဲ့လို့ ပြောပြီး ဂျင်ဒီနယ်မြေထဲ ဝင်သွားပါတယ်”

“သူ့အသံ ပျောက်သွားပြီး တော်တော်လေး ကြာတော့ ခေါင်းဆောင် တန်အိုနဲ့အတူ ကျွန်တော်တို့ တောင်ကြားထဲကို သွားကြည့်ခဲ့ပါသေးတယ်”

“ဘာတွေ့လဲ လူတွေ အများကြီးကို တစ်ချက်တည်းနဲ့ သေအောင် ဘယ်လို နည်းလမ်းတွေများ သုံးထားတာလဲ”

အကြီးအကဲ တစ်ယောက်ထံမှ အသံ ထွက်ပေါ်လာသည်။ သူ၏ အသံသည် အဖျားခတ် တုန်ယင်နေပြီး တောင်ကြား တစ်ခုလုံး မီးမြှိုက်ခဲ့ခြင်း နည်းလမ်းအား အလွန်အမင်း စိတ်ဝင်စားနေပုံ ပေါ်လေသည်။

သို့သော် လူငယ်သည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ဂဃနဏ မပြောနိုင်ပေ။

“အဲ့အချိန်တုန်းက ကျွန်တော်ကိုယ်တိုင် တောင်ကြားထဲကို လိုက်သွားပေမယ့် သစ်ရွက်ခြောက် အချို့ကလွဲရင် မီးလောင်စေတဲ့ ပစ္စည်းမျိုး မတွေ့ခဲ့ပါဘူး၊ တစ်စုံတစ်ယောက်က မီးတောက် ဝါးပြွန်ကို တောင်ကြားထဲ ပစ်ထည့် လိုက်တာကို စုန့်မိသားစုဝင် တစ်ယောက်က မြင်လိုက်ပေမယ့် မီးတောက် ဝါးပြွန်လေး တစ်ခုက တောင်ကြား တစ်ခုလုံးကို ပေါက်ကွဲ သွားစေမယ် ဆိုတာလည်း မဖြစ်နိုင်ပါဘူး”

အဆုံးတွင် လူတိုင်း၏ စိတ်ထဲ၌ တွေးတော နေကြသည်မှာ ဝမ်ရှန်းတွင် ပဉ္မအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို အဝေးမှ သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် မှော်လက်နက်အပြင် လူပေါင်းများစွာ၏ အသက်ကို တစ်ချက်တည်း နုတ်ယူသွားနိုင်သည့် လက်နက်လည်း ရှိနေကြောင်းပင်။

ရလဒ်အနေဖြင့် ဝမ်ရှန်း၏ အန္တရာယ်မှာ ပို၍ ကြီးမား လာလေသည်။ ဝမ်ရှန်းကိုသာ အပြတ်မရှင်း နိုင်ပါက အင်အားစုကြီးများ အတွက် ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။

“နောက်တော့ ဘာဖြစ်သွားလဲ၊ တန်အိုနဲ့ တခြားလူတွေကရော ဘာလုပ်နေကြလဲ”

“ခေါင်းဆောင် တန်အိုက ပထမအဆင့် ကောင်လေး တစ်ယောက်ကို ကြောက်နေရတာ ရှက်ဖို့ ကောင်းတယ်ဆိုပြီး ဆက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဝမ်ရှန်း သေတာကို မမြင်ရမချင်း ပြန်မလာဘူးလို့လည်း ပြောပါတယ် ကျွန်တော့်ကို သတင်းပို့ဖို့ ပြန်လွှတ် လိုက်တာပါ”

လူငယ်သည် ဖြေကြားစရာ ရှိသည်တို့ကို လျင်မြန်စွာ ဖြေကြားလိုက်သည်။

“သူကိုယ်တိုင် သတင်းမပို့နိုင်တဲ့ အတွက် ခွင့်လွှတ်ဖို့လည်း တောင်းပန် လိုက်ပါတယ်၊ သူကတော့ ဝမ်ရှန်း နောက်ကို လိုက်ပြီး သေသည်ထိ တွန်းအားပေးမယ်လို့ ပြောလိုက်ပါတယ်၊ ဝမ်ရှန်း ကိုယ်တိုင်လည်း ဝေးဝေးထိ မပြေးနိုင်တာမို့ ဝမ်ရှန်း သေတာနဲ့ ဂျင်ဒီနယ်မြေကနေ ချက်ချင်း ပြန်ဆုတ်ခဲ့ပါ့မယ်လို့ ပြောလိုက်ပါတယ်”

ဂျင်ဒီနယ်မြေ ဟူသည် ထိပ်သီးအဆင့် ဝိညာဉ်သခင်များပင် အသက်ရှင်လျက် ပြန်ထွက် မလာနိုင်သည့် နေရာမျိုး ဖြစ်သည်။ ဝမ်ရှန်းသည် ကျိုးပဲ့ဝိညာဉ် ပိုင်ရှင် ကောင်လေး တစ်ယောက်သာဖြစ်ပြီး ရှီမိသားစုသည် ပထမအဆင့် ဝိညာဉ်သခင်ဟု ပြောသော်လည်း ၎င်းမှာ သေချာပေါက် အတည်ပြု၍ မရသေးချေ။

ထိုသို့သော ကောင်လေးသည် ဂျင်ဒီနယ်မြေထဲသို့ ဝင်သွားပါက သေခြင်းမှအပ အခြား ရွေးချယ်စရာ မရှိပေ။ ဤသို့ဖြင့် တန်ခေါင်းဆောင်နှင့် အကြီးအကဲများ တစ်ခဏမျှ စိတ်သက်သာရာ ရသွားကြသည်။ တန်အိုသာ ဂရုစိုက်ပါက အသက်ရှင်လျက် ပြန်ထွက် လာနိုင်ရန် အခွင့်အရေးများ ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset