အခန်း ၅၉
မီးတောင်ကြား
ဤကမ္ဘာမှ လူတိုင်းသည် ဆေးဖက်ဝင် နွယ်ပင်များနှင့် ပတ်သက်၍ ဗဟုသုတ မြောက်မြားစွာ ရှိနိုင်သော်လည်း ဓာတုဗေဒနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုခြင်းမျိုးကို သိနားလည်ကြမည် မဟုတ်ပေ။
ထို့ကြောင့်လည်း ဝိညာဉ်သခင် များစွာနှင့် အခြားသော လူများသည် မီသိန်းဟု ခေါ်သည့် ဓာတ်ငွေ့ တစ်မျိုးကိုလည်း ကြားဖူးမြင်ဖူးကြမည် မဟုတ်ပါချေ။
ကမ္ဘာပေါ်တွင် အထက်တန်းအဆင့် ဓာတုဗေဒကို သင်ကြားဖူးသော သူမှန်သမျှ မီသိန်းဆိုသည်မှာ မည်သည့် အရာကို ခေါ်ဆိုကြောင်း နားလည်ကြသည်။
သဘာဝတွင် မီသိန်း ဓာတ်ငွေ့များစွာ ရှိပြီး ဤတောင်ကြားတွင်လည်း များစွာသော မီသိန်းဓာတ်ငွေ့များ ရှိနေသည်။ အဆိုပါ ဓာတ်ငွေ့များသည် သဘာဝ ပတ်ဝန်းကျင်၏ ရွှံ့နွံများမှ ပေါ်ထွက် လာတတ်ပြီး အများအားဖြင့် ရေသို့မဟုတ် နုန်းမြေများ၏ အောက်ခြေတွင် ရှိနေတတ်သည်။
ဝမ်ရှန်းသည် ဤတောင်ကြားကို ဂရုတစိုက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မိသားစု အသီးသီးမှ ဝိညာဉ်သခင် များကို မရောက်လာမီ မီသိန်းဓာတ်ငွေ့များကို အသုံးချနိုင်မည့် နည်းလမ်းအား ရှာဖွေနေခဲ့သည်။
လမ်းတစ်လျှောက်တွင် မြေပြင်ထက်၌ သစ်သား ချောင်းများဖြင့် ထိုးစိုက်ခဲ့၍ တွင်းငယ်များ တူးခဲ့ခြင်းမှာလည်း ဝိညာဉ်သခင်များ ယူဆသည့်အတိုင်း ရွှံ့နွံထဲ ပြုတ်ကျမည် စိုးသဖြင့် မြေပြင်ကို စမ်းသပ်ကြည့်ခြင်း မဟုတ်ပေ။ ၎င်းတွင်းငယ်များ မှတစ်ဆင့် မြေအောက်မှ မီသိန်းဓာတ်ငွေ့များကို ထွက်လာစေရန် ဖြစ်သည်။
ဤတောင်ကြားသည် လေဝင်လေထွက် ကောင်းသော နေရာမျိုး မဟုတ်သဖြင့် မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ရန် သင့်တော်ပြီး သာမန်အားဖြင့် လေထဲတွင် မီသိန်း ဓာတ်ငွေ့များစွာ ရောနှော နေတတ်သည်။ သို့သော် ရွှံ့ပုပ်နံ့များနှင့် ရောထွေးနေသဖြင့် ဝိညာဉ်သခင်များ သတိမထားမိကြခြင်း ဖြစ်သည်။
ဝမ်ရှန်း ပြုလုပ်ခဲ့သော တွင်းငယ်များထဲမှ ထွက်လာသည့် မီသိန်း ဓာတ်ငွေ့များသည် လေထဲတွင် လျင်မြန်စွာ ပျော်ဝင် သွားကြသည်။ ဝမ်ရှန်း၏ ခန့်မှန်းချက်အရ ၎င်းမှာ ပေါက်ကွဲ နိုင်စွမ်းသည့် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မီးပွား တစ်ခုသာ ထွက်လာပါက တောင်ကြား တစ်ခုလုံး ပြာကျသွားနိုင်သည်။
တောင်ကြားထဲမှ ဓာတ်ငွေ့သည် အဆိပ်ရှိသော်လည်း ဝမ်ရှန်းသည် သူ၏ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်ထားသဖြင့် ပြဿနာမရှိချေ။ ထို့ပြင် သူ့တွင် အကြိမ် အနည်းငယ်သာ အသုံးပြုရသေးသည့် လေအိတ် အများအပြား ရှိနေသေးသည်။
ဝမ်ရှန်းသည် တောင်ကြားထဲသို့ ဝင်ရောက်လာသည့် ဝိညာဉ်သခင် မြောက်မြားစွာကို ကြည့်ကာ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ အပြင်တွင် ကျန်ရစ်ခဲ့သော လူသုံးလေးရာခန့်ကို မြင်သော အခါတွင်လည်း မချင့်မရဲ ဖြစ်သွားမိပြန်သည်။ ဝိညာဉ်သခင်များ အားလုံးသာ ဝင်ရောက် လာပါက ပြီးပြည့်စုံသော အဆုံးသတ် ဖြစ်သွားပေလိမ့်မည်။
ဝမ်ရှန်းသည် ကျောက်တုံး နောက်တွင် ပုန်းကွယ်ရင်းဖြင့် ဤကမ္ဘာ၏ မီးလုပ် ကိရိယာ တစ်မျိုးကို ဖွင့်လိုက်သည်။ ၎င်းကိရိယာသည် ဝါးပြွန်ငယ်လေးထဲတွင် မီးတောက်မြက် တချို့ ထည့်ထားပြီး အချိန်အတော် ကြာအောင် လောင်ကျွမ်း နေတတ်သည်။ မီးတောက်မြက် လောင်ကျွမ်း နေသရွေ့ မီးရနိုင်သည်။
ဝါးပြွန်ကို ပစ်ထုတ် လိုက်ပြီးနောက် ဝမ်ရှန်း ကိုယ်တိုင်လည်း မနေရဲတော့ဘဲ ခြေကုန်သုတ်ကာ ပြေးတော့သည်။ မည်သို့ပင် ဖြစ်စေ သူသည် ထောင့်ချိုးဘက်သို့ ကွေ့ပြေးလာခြင်း ဖြစ်သဖြင့် ပေါက်ကွဲမှုကို တိုက်ရိုက် ခံစားရတော့မည် မဟုတ်ပေ။
“ဘုန်း”
မီးတောက် ဝါးပြွန်သည် မြေပြင်ပေါ်သို့ မကျရောက်သေးခင်မှာပင် လေထုထဲ၌ အပြာရောင် မီးတောက်ကြီးများ ဝုန်းခနဲ ပေါ်ထွက်လာသည်။ ထို့နောက်တွင်မူ တောင်ကြား တစ်ခုလုံး ကူးစက်ပျံ့နှံ့ သွားလျက် ပေါက်ကွဲသံများ နေရာအနှံ့ ပေါ်ထွက် လာလေသည်။
တစ်မိုင်ကျော် ကျယ်ဝန်းသည့် တောင်ကြား တစ်ခုလုံးသည် မီသိန်းဓာတ်ငွေ့များဖြင့် ပြည့်နှက် နေလေရာ ရုတ်တရက် ပေါက်ကွဲမှုသည် ကြောက်ခမန်း လိလိပင်။
ဧရာမ တူကြီးများဖြင့် ရိုက်နှက် ခံရသည့်အလား မြေပြင်သည် အကြိမ်ပေါင်း များစွာ ခါယမ်းသွားပြီး ပေါက်ကွဲမှု စွမ်းအင်သည် ငလျင်တစ်ခုနှင့် ပြင်းအားချင်း တူညီသည်။
တောင်ကြား အလယ်မှ မီးခိုးလုံးများ လှိုက်တက်လာပြီး မကြာမီ တောင်ကြား တစ်ခုလုံး အနက်ရောင် မီးခိုးများဖြင့် ဖုံးလွှမ်း သွားသည်။ တောင်ကြား အလယ်ရှိ ဓာတ်ငွေ့ ပေါများသော ဧရိယာ တစ်ဝိုက်တွင် အပူချိန်သည် ဒီဂရီ ထောင်ပေါင်း များစွာအထိ ထိုးတက်သွားပြီး ထိုနေရာမှ လိုက်လံဖမ်းဆီးသူ ဝိညာဉ်သခင် တစ်ရာကျော်မှာ အသံမထွက်ဘဲ ပြာမှုန်ဘဝသို့ ပြောင်းလဲ သွားတော့သည်။
အစွန်းပိုင်း ဧရိယာမှ ဝိညာဉ်သခင်များမှာမူ ဘေ့စ်ဘောများ အလား လေထဲသို့ မြှောက်တက် သွားကြသည်။ ဝိညာဉ်သခင် တစ်ယောက်ချင်းစီတွင် ပျမ်းမျှအားဖြင့် ရာနှင့်ချီသော တိုက်ပွဲ အတွေ့အကြုံများ၊ သေခြင်းနှင့်ရှင်ခြင်း အတွေ့အကြုံများ ရှိကြသော်လည်း ဤတစ်ကြိမ်တွင်မူ လူအများစု၏ အသက်ကို ပွဲချင်းပြီး သေဆုံး သွားစေခဲ့သည်။
ပြင်းထန်သော ပေါက်ကွဲအားသည် ခွန်အားအကြီးဆုံး ဝိညာဉ်သခင် တစ်ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ပြီး ဝိညာဉ်သခင် ၇၀% သည် လေထဲမှာပင် သွေးအန်ပြီး သေဆုံးသွားကြသည်။
ဤသို့သော ပေါက်ကွဲမှုမျိုး၏ အဖျက်စွမ်းအင် အောက်တွင် မသေဘဲ ကျန်ခဲ့သူမှာ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသာ ဖြစ်ကြပြီး အများအားဖြင့် စတုတ္ထအဆင့်နှင့် ပဉ္စမ အဆင့်ဝိညာဉ် သခင်များ ဖြစ်ကြသည်။
သို့သော် ထိုလူများသည်လည်း မသက်သာကြချေ။
၎င်းတို့သည် တောင်ကြားထဲသို့ ဝင်လာကတည်းက မီသိန်း ဓာတ်ငွေ့ကို ရှူရှိုက်ခဲ့ကြပြီး ဝမ်ရှန်းကို လိုက်လံ ဖမ်းဆီးစဉ်က ဒေါသတကြီးဖြင့် ပြေးလွှားခဲ့ကြသဖြင့် အဆိပ်ပြင်း ဓာတ်ငွေ့များကို များစွာ ရှူရှိုက် မိခဲ့ကြသည်။
ဆိုရလျှင် ပေါက်ကွဲမှုမှ လွတ်မြောက်ခဲ့လျှင်တောင် လူတိုင်း၏ အသက်ရှူ လမ်းကြောင်း စနစ်သည် မလွဲမသွေ ထိခိုက်မိမည်မှာ သေချာပေါက်ပင်။
ပေါက်ကွဲအားကြောင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားချိန်တွင် ၎င်းတို့၏ အတွင်းအင်္ဂါများ လှုပ်ခါကာ သွေးပွက်ပွက် အန်ထွက် လာကြသည်။
ထို့ပြင် ပေါက်ကွဲအားကြောင့် လေထုသည် ဆက်တိုက် လောင်ကျွမ်းနေပြီး မီးခိုးလုံးကြီးများ ကောင်းကင်ထက်တွင် ပြည့်နှက်နေသည်။ တောင်ကြားသည် လေဝင်လေထွက် မရှိသည့်အပြင် မီးခိုးလုံးများကပါ ပြည့်နှက်လာသဖြင့် အောက်ဆီဂျင် ပြတ်လပ်သွားပြီး အသက်ရှူ ကျပ်လာကြသည်။
ပေါက်ကွဲမှုမှ လွတ်မြောက် လာခဲ့သော ဝိညာဉ်သခင် အနည်းငယ်မှာ အသက်ရှူကျပ်၍ သေဆုံး သွားကြသည်။
တောင်ကြား၏ အပြင်ဘက်တွင် စောင့်ကြည့် နေကြသော ဝိညာဉ်သခင်များထဲမှ သုံးဆယ်ခန့်သည် ပေါက်ကွဲအား၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက် သွားကြပြီး တစ်ဝက်ခန့်မှာ သေဆုံးသွားရပြန်သည်။
ပေါက်ကွဲမှု၏ အကျိုးဆက်များကို မခံစားရသော ဝိညာဉ်သခင်များသည် မျက်စိရှေ့မှ အဖြစ်အပျက် များကြောင့် ကြက်သေ သေနေကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်ကြား တစ်ခုလုံးသည် မရဏ တောင်ကြားအဖြစ် ပြောင်းလဲ သွားလေပြီ။
လူတိုင်းသည် အသက်ကိုပင် အနိုင်နိုင် ရှူနေကြရပြီး မည်သူကမှ တောင်ကြား ထဲသို့ ကမူးရှူးထိုး ပြေးမဝင် သွားရဲကြချေ။ တောင်ကြားထဲမှ အသက်ရှင် ကျန်ရစ်ခဲ့သော ဝိညာဉ်သခင်များ အားလုံး လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ရုန်းကန်ရင်းဖြင့် အသံပင် မထွက်နိုင်ဘဲ တဖြည်းဖြည်း ငြိမ်သက် သွားကြသည်ကိုသာ အပြင်ဘက်မှ ကြည့်ရှူ နေခဲ့ကြရသည်။
ဤမြင်ကွင်းသည် အမှန်တကယ်ပင် ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်နေခဲ့ကာ များစွာသော ဝိညာဉ်သခင်များသည် ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ရီလျက် တစ်ကိုယ်လုံး အေးစက် နေကြသည်။
ထိုအခိုက်အတန့်တွင် တောင်ကြား၏ အပြင်ဘက်မှ လူတိုင်းသည် အထဲသို့ လိုက်မသွားခဲ့ခြင်း အတွက် ကံကောင်း လှပေသည်ဟု တူညီစွာ တွေးတော မိကြသည်။
လူတိုင်းသည် အသက်ကို ပြင်းပြင်းရှိုက်ကာ ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း လည်ပတ်နိုင်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ ယခုအချိန်တွင် လိုက်ဖမ်းရန်ပင် မဆိုထားနှင့်၊ တောင်ကြားထဲကိုပင် မဝင်ရဲတော့ချေ။
ရှေ့ဆုံးမှ လိုက်ပါသွားသော ချူမိသားစုမှ ပဉ္စမအဆင့် ဝိညာဉ်သခင်သည် ပေါက်ကွဲမှု၏ အဖျက်စွမ်းအင်နှင့် အနည်းငယ်သာ ဝေးကွာလေရာ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တက်သွားပြီး ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။ ပါးစပ်ထဲမှ သွေးများ တလိမ့်လိမ့် ယိုစီးကျလာကာ အသက်ရှူ ကျပ်လာသည်။ ဤအခိုက်အတန့်မှာပင် သူ၏ ပစ်မှတ်ဖြစ်သော ဝမ်ရှန်းကို မြင်တွေ့ လိုက်ရလေသည်။
ဝမ်ရှန်းသည် မျက်နှာထက်တွင် မျက်မှန်များ၊ ခမောက်များ စသည့် ထူးဆန်းသော ပစ္စည်းများဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားသည်ကို ဝါးတားတား မြင်တွေ့နေရပြီး မျက်လုံးများ ပြာဝေလာသည်။
“စောစောသိခဲ့ရင် ငါဒီကို မလာခဲ့ပါဘူး”
သေလုမြောပါး အခြေအနေတွင် သူတွေးနေမိသည်မှာ ထိုစာကြောင်းလေး တစ်ခုတည်းပင်။ ထို့နောက် အသိစိတ်သည်အမှောင်ထုထဲသို့ လုံးလုံးလျားလျား နစ်ဝင်သွားတော့သည်။
မီးခိုးလုံးများ ဖုံးလွှမ်း ထားမှုကြောင့် တောင်ကြား တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဝမ်ရှန်း၏ အော်ဟစ်သံမှာ ကျယ်လောင်စွာ ပေါ်ထွက်လာလေသည်။
“သေရမှာ မကြောက်ရင် လာဖမ်းကြစမ်း”
တောင်ကြားသည် အကောင်းဆုံးသော အသံချဲ့စက် တစ်ခုအလား ဝမ်ရှန်း၏ အသံကို ပဲ့တင်ထပ် သွားစေသည်။
“သေရမှာ မကြောက်ရင် လိုက်ခဲ့ ….”
“သေရမှာ မကြောက်ရင် လိုက်ခဲ့….”
“လိုက်ခဲ့ …”
“လိုက်ခဲ့ …”
***