Switch Mode

Chapter – 58

တောင်ကြားတွင် ခြေရာဖျောက်ခြင်း

အခန်း ၅၈
တောင်ကြားတွင် ခြေရာဖျောက်ခြင်း

သူ့အား ရတနာမြေပုံကို မြင်တွေ့ခဲ့ပါသလောဟု မေးလျှင် မြင်တွေ့ခဲ့သည်ဟု ဆိုရပေမည်။ သို့သော် သူ့အခန်းထဲတွင်သာ ကြည့်ရှုခဲ့ခြင်းဖြစ်ကာ မည်သူမျှ မသိလိုက်ကြပေ။ ဝတ်ရုံနက်နှင့် လူသည် တမင်တကာ သူ့ကို ချောက်ချသွားကြောင်း သိသာလှသည်။

“ရှီမိသားစုက လူတွေက ဝက်ဉီးနှောက်တွေ ပိုင်ဆိုင် ထားကြတာလား၊ မသေခင် ပြောသွားတဲ့ လူတစ်ယောက်ရဲ့ စကားကိုယုံပြီး ငါ့ကိုဖမ်းဖို့ ဒီလောက် လူတွေအများကြီး လွှတ်လိုက်တယ်ပေါ့”

ဝမ်ရှန်းသည် ရှီမိသားစုကို ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲရင်းဖြင့် ထွက်ပြေးရန် လမ်းကြောင်းကို ရှာဖွေနေသည်။

တန်ဖိုးကြီး ရတနာမြေပုံသည် များစွာသော ဝိညာဉ်သခင်များကို သေချာပေါက် ဆွဲဆောင်လာမည်သာ ဖြစ်ပြီး သူ၏ လက်နက်များနှင့် ကျင့်ကြံရေးအဆင့် မည်မျှ မြင့်မားစေကာမူ အနယ်နယ် အရပ်ရပ်မှ ဝိညာဉ်သခင်များကို အပြတ်ရှင်းရန် မဖြစ်နိုင်ချေ။

ထို့ပြင် ယခုအခါ သိုက်မိသားစုနှင့် ရှီမိသားစုကပါ သူ၏ တည်နေရာကို ရှာတွေ့သွားကြပြီ ဖြစ်ရာ အင်အားစု သုံးခု၏ ပူးပေါင်း ရှာဖွေမှု အောက်တွင် သူ့လက်ထဲရှိ ကျည်ဆန်များမှာ လောက်ငှနိုင်မည်လည်း မဟုတ်ချေ။

ပို၍ ဆိုးဝါးသည်မှာ ဝမ်ရှန်းနှင့် ရန်ငြိုးရန်စ မရှိသော လူများကပင် ရတနာမြေပုံအတွက် သူ့ကို လိုက်လံ ဖမ်းဆီးလာကြခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် တွေးရင်း တွေးရင်းဖြင့် ဒေါသအလိပ်လိုက် ထွက်လာသည်။

“ငါ့ကို သောက်ရူးများ ထင်နေကြတာလား၊ ကျားမှန်းသိအောင် အစွယ်ထုတ်ပြ ရသေးတာပေါ့” 

ဝမ်ရှန်း၏ ယွမ်ဝိညာဉ် ပြောင်းလဲမှုများသည် အခြားလူများထက် ပို၍ ထူးခြားသော်လည်း လအနည်းငယ်သာ လေ့ကျင့်ထားရခြင်း ဖြစ်လေရာ ထိပ်တန်းအဆင့် ဝိညာဉ်သခင်များနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိပေ။

ဝမ်ရှန်း ကိုယ်တိုင်လည်း ဤအချက်ကို ကောင်းစွာ သဘောပေါက် ထားသည်။ များမကြာမီ အမျိုးမျိုးသော အင်အားစုများမှ စေလွှတ်လိုက်သည့် ဝိညာဉ်သခင်များ ထပ်မံ ရောက်ရှိ လာကြသည်။

သို့သော် ဝမ်ရှန်းသည် တောထဲတွင် ရုတ်တရက် ပျောက်ဆုံး သွားပြီး ခြေရာလက်ရာပင် မကျန်ခဲ့ပေ။ ယခင်က ဝမ်ရှန်း သတ်ဖြတ်ခဲ့သော လူသေအလောင်းများကို တွေ့သော်လည်း ဝမ်ရှန်းကိုမူ ထိုလူသေ အလောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် မတွေ့ရတော့ပေ။

အမျိုးမျိုးသော မိသားစု ကြီးများမှ ဝိညာဉ်သခင် တစ်ထောင်ခန့်သည် တောထဲတွင် စုရုံးမိသွားကြပြီး တိရစ္ဆာန်များကိုပါ အသုံးချကာ ခြေရာခံကြသော်လည်း အဆုံးတွင် တောင်ကြား တစ်ခု၏ အစွန်း၌ ဆုံမိသွားကြပြီး ဝမ်ရှန်းကိုမူ ရှာမတွေ့ကြပေ။

ဤမျှ များပြားသော ဝိညာဉ်သခင်များ၏ ရှေ့မှောက်တွင် ထွက်ပြေး လွတ်မြောက် သွားခြင်းမှာ သေချာပေါက် မဖြစ်နိုင်ပါချေ။

လူအုပ်ထဲတွင် ပဉ္စမအဆင့် ဝိညာဉ်သခင် ဆယ့်ငါးယောက်ခန့် အနည်းဆုံး ပါဝင်ပြီး အခြားသော ဝိညာဉ်သခင် များကိုပါ ထည့်တွက် လိုက်ပါက ဝမ်ရှန်းကဲ့သို့ ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက် ထွက်ပြေး လွတ်မြောက် သွားခြင်းသည် ဘယ်နည်းနဲ့မှ မဖြစ်နိုင်။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဝမ်ရှန်းသည် တောင်ကြားထဲသို့ ဝင်ရောက် သွားခြင်းပင်။ ဤအချက်သည် ဖြစ်နိုင်ချေ ၈၀% ရှိသော်လည်း ဝိညာဉ်သခင် များသည် ချက်ချင်း လိုက်မသွားဘဲ တောင်ကြားစွန်းတွင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် အကဲခတ် နေကြသည်။

“ဒီ တောင်ကြားကို ကျော်ရင် ဂျင်ဒီ တားမြစ်နယ်မြေကို ရောက်ပြီမလား”

အဆုံးတွင် မင်းမျိုးမင်းနွယ် မိသားစု တစ်ခုမှ ဝိညာဉ်သခင် တစ်ယောက်၏ အသံထွက် လာသည်။

“အမှန်ပဲ” 

လူတိုင်း ဂျင်ဒီ တားမြစ်နယ်မြေကို သိရှိကြသည်။ မည်သည့် အချိန်မှ စတင်ခဲ့မှန်း မသိသော်လည်း ဂျင်ဒီတားမြစ်နယ်မြေသည် ကျင့်ကြံသူ အားလုံးအတွက် တားမြစ် နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီး မိသားစုကြီးများ ဂိုဏ်းများ အပါအဝင် အင်ပါယာ ရုံးတော်ကပင် တားမြစ် နယ်မြေသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။

တားမြစ် နယ်မြေ ဖြစ်လာရခြင်း အကြောင်းရင်းမှာလည်း ခွန်အားပြင်း မိစ္ဆာ သားရဲများအပြင် တစ်နိုင်ငံလုံးမှ ထိပ်သီး မိစ္ဆာသားရဲများပါ ကျင်လည် ကျက်စားရာ နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

ခွန်အားပြင်း မိစ္ဆာ သားရဲများ သာမကဘဲ အဆိပ်ရှိ သတ္တာဝါများ၊ မီးတောင်များ၊ အရာအားလုံးကို ဝါးမျိုနိုင်သော ရွံ့နွံများ အန္တရာယ် ရှိသော တောင်တန်းများနှင့် သဲကန္တာရ များလည်း ရှိနေပြီး နေရာတိုင်းသည် အန္တရာယ်အပြည့် ဖြစ်နေသည်။

သတ္တမ အဆင့်နှင့် အဌမအဆင့် ဝိညာဉ်သခင်များပင် တားမြစ် နယ်မြေထဲသို့ ဝင်သွားပါက အသက်ရှင်လျက် ပြန်ထွက် မလာနိုင်ကြချေ။ နောက်ပိုင်းတွင် မိစ္ဆာသားရဲလိုက် မုဆိုးများသည် ဂျင်ဒီတားမြစ် နယ်မြေ၏ ပြင်ပဧရိယာများမှာပင် အမဲလိုက်လေ့ ရှိကြပြီး အတွင်းပိုင်းထဲသို့ ဝင်ရောက်ခြင်း မပြုကြတော့ပေ။

ယခု ဝမ်ရှန်းသည် ထိုတားမြစ်နယ်မြေထဲသို့ ဝင်ရောက် သွားပုံရသဖြင့် များစွာသော ဝိညာဉ်သခင် များမှာ ဆက်လိုက်ရန် ချီတုံချီချ ဖြစ်ကုန်ကြသည်။

“တောင်ကြားထဲမှာ လူရှိနေတယ်”

အမြင်အာရုံ စူးရှမှုတွင် ဝမ်ရှန်း နည်းတူ ကောင်းမွန်သော ချူမိသားစုမှ ဝိညာဉ်သခင် တစ်ယောက်သည် နံဘေးမှ ခေါင်းဆောင် ဖြစ်သူကို ရုတ်တရက် တီးတိုးပြောဆို လိုက်သည်။

“တောင်ကြားထဲမှာ ပုန်းနေတာ၊ ဂျင်ဒီ တားမြစ်နယ်မြေထဲ မရောက်သေးဘူး”

ခေါင်းဆောင် ဖြစ်သူ၏ မျက်လုံးများ အရောင်လက်သွားပြီး တောင်ကြား တစ်ဝိုက်ကို စူးစိုက် ကြည့်နေသည်။ ရှင်းလင်း ပြတ်သားစွာ မမြင်ရသော်လည်း လက်အောက်ငယ်သား၏ အမြင်အာရုံကို အပြည့်အဝ ယုံကြည်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။ နှစ်ယောက်လုံးသည် ဝမ်ရှန်း၏ အစီအစဉ်ကို ချက်ချင်း နားလည် လိုက်ကြသည်။

“အဲ့ကောင်က ဂျင်ဒီနယ်မြေထဲ တကယ် မဝင်ဘဲ တောင်ကြားမှာ ပုန်းနေပြီး လိုက်ဖမ်းတဲ့ ကောင်တွေ ကြောက်ပြီး ပြန်သွားတော့မှ ပြန်ထွက်လာဖို့ စီစဉ်ထားတာပဲ”

ခေါင်းဆောင် ဖြစ်သူသည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် နံဘေးမှ လက်အောက် ငယ်သားကို မေးလိုက်သည်။

“သူ့ရဲ့ တည်နေရာကို ခန့်မှန်းချေ ပြောပြနိုင်မလား” 

လက်အောက် ငယ်သားထံမှ တိကျသေချာသော အဖြေတစ်ခု ရရှိပြီးနောက် ချူမိသားစု၏ ပဉ္စမအဆင့် ဝိညာဉ်သခင်သည် စိတ်ကို ပြင်ဆင်ကာ လက်ကို ဝှေ့ယမ်း အချက်ပြ လိုက်သည်။ ထို့နောက် ချုမိသားစုမှ ဝိညာဉ်သခင် ဆယ်ယောက်ကျော် နှင့်အတူ တောင်ကြားထဲသို့ ပြေးဝင်သွားလေသည်။

အခြားသော ဝိညာဉ်သခင် များသည် ဤမြင်ကွင်းကြောင့် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ တစ်ဖက်တွင်မူ ဝမ်ရှန်းသည် လျင်မြန်စွာ ရွေ့လျားသွားပြီး တောင်ကြား၏ အနက်ပိုင်းထဲသို့ တိုးဝင်သွားလေသည်။

ဝမ်ရှန်း၏ လှုပ်ရှားမှုကို မြင်တွေ့လိုက်သော ဝိညာဉ်သခင် များစွာသည် ရုတ်တရက် ဝမ်ရှန်း၏ အစီအစဉ်ကို နားလည် သွားကြသည်။ ဂျင်ဒီနယ်မြေထဲသို့ ဝင်သွားဟန်ဖြင့် တောင်ကြားထဲတွင် ပုန်းအောင်းနေပြီး လူပေါင်းများစွာကို လှည့်စားလိုခြင်း ဖြစ်ကြောင်း သိရှိသွားကြပြီးနောက် များစွာသော ဝိညာဉ်သခင် များသည် ချူမိသားစုမှ ဝိညာဉ်သခင် များနည်းတူ တောင်ကြားထဲသို့ ပြေးဝင်လာကြသည်။

သို့သော် လူစု၏ သုံးပုံတစ်ပုံကို တောင်ကြား၏ အပြင်ဘက်တွင် ချန်ထားခဲ့ကြပြီး အင်အားစု အသီးသီးကို စုပေါင်း လိုက်ပါက လူပေါင်း သုံးလေးရာခန့် တောင်ကြား အပြင်ဘက်တွင် ကျန်ရစ်ခဲ့ကြသည်။

တောင်ကြားထဲသို့ ပြေးဝင်သွားကြသော ဝိညာဉ်သခင် များသည် တောင်ကြားထဲတွင် ထူးဆန်းသော အနံ့တစ်ခုကို ရှူရှိုက် မိလိုက်ကြသည်။ အဆင့်မြင့် ဝိညာဉ်သခင်များ ပီပီ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချက်ချင်း ရိပ်စားမိ လိုက်ကြလေသည်။

သို့သော် အသေအချာ စူးစမ်း ကြည့်လိုက်သောအခါ ထိုအနံ့သည် တောင်ကြားထဲရှိ ရွံ့အိုင် ရေပုပ်များမှ ထွက်ပေါ်လာသည့် ရွံရှာဖွယ် အနံ့တစ်မျိုး ဖြစ်နေပေသည်။

စိုစွတ်နေသည့် မြေပြင်ထက်တွင် ခြေရာများ၊ သစ်သားချောင်းဖြင့် တူးဆွထားသည့် တွင်းငယ်များ ကျန်ရစ်ခဲ့ပြီး ဝမ်ရှန်း၏ ခြေရာလက်ရာများ ဖြစ်ကြောင်း ပြောနေစရာပင် မလိုချေ။ လူတိုင်းသည် မြင်ကွင်းအဆုံးမှ ပြေးလွှားနေသော ဝမ်ရှန်းကို မြင်သောအခါ နှာခေါင်းနှင့် ပါးစပ်ကို အဝတ်စဖြင့် အုပ်ကာ နောက်မှ အသည်းအသန် လိုက်ပါသွားကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် များစွာသော ဝိညာဉ်သခင်များသည် စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ကြရသည်။ တစ်စုံတစ်ခုသည် ပုံမှန်မဟုတ်ကြောင်း ခံစားမိသော်လည်း မည်သည့်အရာ ဖြစ်ကြောင်း အတိအကျ မပြောနိုင်ကြပေ။

၎င်းမှာ လူသတ်သမားတို့၏ ပင်ကို အသိစိတ် ဖြစ်လေရာ ဝိညာဉ်သခင်များသည် အတင်းကာရော ရှေ့ဆက် မလိုက်ရဲကြတော့ဘဲ ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းရင်းဖြင့် ဖြည်းညင်းစွာ လိုက်ပါ သွားကြသည်။

ဝမ်ရှန်း၏ မှော်လက်နက်ကိုလည်း ကြောက်ရသေးသည် မဟုတ်ပါလော။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် ထောင့်ချိုး တစ်ခုသို့ ကွေ့ဝင်သွားကာ ဧရာမ ကျောက်တုံးကြီး နောက်တွင် ပျောက်ကွယ်သွားသည်။ မည်သူမျှ သတိမထား မိလိုက်ခင်မှာပင် မီးတောက်များ တောက်လောင်နေသည့် မီးတောက် ဝါးပြွန်ငယ်သည် ကျောက်တုံး၏ နောက်မှ ပျံထွက်လာပြီး တောင်ကြားထဲသို့ ကျဆင်း သွားလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset