အခန်း ၅၇
ဘယ်လောက်တောင်ကြီးတဲ့ ဒုက္ခ အိုးကြီးလဲ
အမိန့်ပေးပြီးနောက် ရှီခေါင်းဆောင် ပထမဆုံး ပြုလုပ်သော အရာမှာ ကျောက်စိမ်းပြားကြောင့် ပျက်စီးသွားခဲ့သော သတ္တုသေတ္တာကို ဖွင့်လိုက်ခြင်း ဖြစ်သည်။
ကံကောင်းထောက်မ၍ အဆိပ်ငွေ့များသည် မြေပုံကို အလုံးစုံ မဖျက်ဆီး လိုက်မိစေရန် ဆုတောင်း နေကြသည်။ လူတိုင်း၏ မျက်စိအောက်တွင် ရှီခေါင်းဆောင်သည် သေတ္တာကို အလျင်စလို ဖွင့်လိုက်သည်။
သေတ္တာ၏ ထောင့်စွန်းတွင် ကျန်နေသေးသည့် ရတနာမြေပုံ၏ သေးငယ်သော ထောင့်စွန်းလေးကို ကောက်ယူလိုက်သည်။ သို့သော် အနီးကပ် ကြည့်လိုက်မိချိန်တွင် နှလုံးသား တစ်ခုလုံး အေးခဲသွားသည်။
တိရစ္ဆာန် အရေခွံ၏ အကြွင်းအကျန်ငယ်လေး တစ်ခုသာ ကျန်ရှိခဲ့ပြီး ၎င်းမှာလည်း အမှန်တကယ် သေးငယ်လွန်းလှသည်။ ဝတ်ရုံနက်နှင့် လူ၏ မျက်နှာထက်မှ အပြုံးကို ပြန်လည် စဉ်းစားမိသောအခါ ရှီခေါင်းဆောင်သည် ဒေါသထွက်ခြင်းနှင့် စိတ်ပျက်ခြင်းကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။
ထွက်ပြေး လွတ်မြောက်သွားသည့် လူကို ဖမ်းမိလျှင်ပင် ရတနာမြေပုံကို ပြန်အဖတ်ဆယ်၍ မရတော့ပေ။
သို့သော်လည်း ဝတ်ရုံနက်နှင့် လူသည် လင်းလုံခန်းမ၏ သတ္တုသေတ္တာမှာ ပြဿနာ ရှိနေသည်ဟု လူအများရှေ့တွင် ပြောဆိုသွားခဲ့သည်။
ထွက်ပြေးနေသော ဝမ်ရှန်းမှာ ဤဖြစ်စဉ်များကို လုံးဝ မသိပေ။ အထူးသဖြင့် ဤပြဿနာသည် စုန့်ရန်၏ စေ့စပ်သူ ဖြစ်ခြင်းထက် ပို၍ ကြီးမားသော ဒုက္ခ အိုးဖြစ်ကြောင်းပင်။
ရှီမိသားစု၏ ဌာနခွဲလေးခုသည် လင်ချွမ်းမြို့လေးတွင် နေထိုင်ခြင်း ဖြစ်သော်လည်း အမှန်တကယ် တိုက်ခိုက်လိုပါက အဓိက ရှီမိသားစုလောက် အင်အား မနည်းပေ။
ထို့ပြင် ဤသတင်းသည် အဓိက မိသားစုကိုပါ တိုက်ရိုက် ပေါက်ကြားသွားပြီး ရှီမိသားစု တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ရှီမိသားစုသည် သတ္တုသေတ္တာကို လင်းလုံခန်းမသို့ ယူဆောင်သွားကာ ဆုံးရှုံးမှု၏ တစ်စိတ်တစ်ပိုင်းကို တာဝန်ယူရန် တောင်းဆိုခဲ့သည်။
လင်းလုံခန်းမသည် သတ္တုသေတ္တာမှာ သော့လေးချောင်းမှ လွဲ၍ အခြားပစ္စည်းများဖြင့် ဖွင့်၍ မရကြောင်း အာမခံခဲ့ပြီး အထဲတွင် အဝတ်စ တစ်ခုကို အစားထိုးကာ စမ်းသပ်ပြခဲ့သည်။
နောက်နေ့ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်း၏ မူလဇာစ်မြစ်ကို သိရှိသွားကြလေသည်။ သူ၏ ဆံပင်တိုနံ့နံ့သည် အမှန်တကယ်ပင် လူအများ သတိထားစရာ ဖြစ်နေခဲ့သည်။ ဝမ်ရှန်း၏ ဆံပင်သည် လအနည်းငယ် အတွင်း ဤကမ္ဘာမှ လူများကဲ့သို့ ရှည်လာရန်မှာ မဖြစ်နိုင်ချေ။
ဤထူးဆန်းသော အသွင်အပြင်ကြောင့် သူသည် သခင်လေး သိုက်ဟွမ်နှင့် သိုက်စီရိကို သတ်ဖြတ် သွားခဲ့သည့် စုန့်မိသားစုနှင့် သိုက်မိသားစု၏ အလိုရှိဆုံး ရာဇဝတ်ကောင် ဖြစ်ကြောင်း အတည်ပြု လိုက်နိုင်ကြသည်။
ယခုအခါတွင် ရှီမိသားစု၊ လင်းလုံခန်းမနှင့် ဆန်းကြယ် ဝတ်ရုံနက်နှင့် လူများ၏ နောက်ကွယ် အုပ်စုကပါ ဝမ်ရှန်းကို လိုက်လံ ဖမ်းဆီးနေကြသည်။
ဝမ်ရှန်းသည် မကြုံဖူးသော ဖိအားများကို ဆက်တိုက် ရင်ဆိုင်နေခဲ့ရပြီး တစ်ညတည်းဖြင့် အဝေးထိ ပြေးရန်မှာလည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် တောင်တန်း ထဲသို့ ပြန်ဝင်ရန်သာ ရွေးချယ် လိုက်ရသည်။ ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုညမှာပင် တောအုပ်ထဲသို့ ချက်ချင်း ဝင်ရောက် လာခဲ့သည်။
ရှီမိသားစုသည် မိုင်ပေါင်းရာချီ ဧရိယာအထိ ဖြန့်ကြက် ရှာဖွေခဲ့ပြီး သံသယရှိသူကို တွေ့ပါက ဆံပင်ကို အလျင်ဉီးစွာ စစ်ဆေးရန် အမိန့်ထုတ် ထားသည်။ တင်းကျပ်သော စစ်ဆေးမှု အောက်တွင် ဝမ်ရှန်းပင် ယခင်အတိုင်း အလွယ်တတူ မကျော်ဖြတ်နိုင်ခဲ့ပေ။
သို့သော်လည်း ဝမ်ရှန်းသည် စိတ်ပျက်အားငယ်ခြင်း မရှိပေ။ ပြဿနာ၏ အဖြေမှာ ကျင့်ကြံရေး ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ စုန့်မိသားစုနှင့် သိုက်မိသားစု၏ ပြောကြားချက်အရ ဝမ်ရှန်းသည် ကျိုးပဲ့ဝိညာဉ် ပိုင်ရှင်တစ်ယောက် ဖြစ်ကာ အဆင့်မတက်နိုင်ဟု ဆိုသည်။ သို့ရာတွင် ဝမ်ရှန်း၏ ကုသမှုကို ခံယူခဲ့သော ရှီမိသားစုဝင်များ၏ ပြောစကားအရ ဝမ်ရှန်းသည် ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်ကြောင်းပင်။
ဤသတင်း ပျံ့နှံ့သွားပြီးနောက် လောကကြီး တစ်ခုလုံး အုတ်သောင်းအုတ်နင်း ဖြစ်နေကြတော့သည်။
ပထမဉီးစွာ ဝမ်ရှန်းတွင် စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို မိုင်ပေါင်းများစွာ အဝေးမှ သတ်ဖြတ်နိုင်သော မှော်လက်နက် တစ်ခုရှိပြီး ဒုတိယ အချက်မှာ ကျိုးပဲ့ဝိညာဉ်သည် ပထမအဆင့်သို့ ဝင်ရောက် သွားကြောင်း ဖြစ်သည်။
ပေါင်ချင်ယုတန်မှ ထုတ်လုပ် ရောင်းချနေသော နှင်းသကြားသည်ပင် ဝမ်ရှန်း၏ နည်းလမ်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် လူအများသည် ဝမ်ရှန်းကို စောင့်နေကြပြီး မိသားစုကြီးများသည် ဝမ်ရှန်းကို ဖမ်းဆီးရန် ပဉ္စမအဆင့် ဝိညာဉ်သခင်များကိုပင် စေလွှတ်ခဲ့သည်။ ဝမ်ရှန်းကို သတ်ဖြတ်လိုစိတ်သာ ရှိသော သိုက်မိသားစုမှလွဲ၍ အခြားသော အင်အားစုများသည် ဝမ်ရှန်းကို ဖမ်းဆီးကာ လျှို့ဝှက်ချက်များကို အပိုင်စီး လိုကြခြင်းဖြစ်သည်။
ဤမျှ များပြားသော လူများ၏ လိုက်လံဖမ်းဆီးမှု အောက်တွင် ဝမ်ရှန်းတွင် အတောင်ပံ ပါလျှင်တောင် လွတ်မြောက်နိုင်ရန် မသေချာပေ။ စစ်မှန်သော ဝိညာဉ်သခင်များ မပေါ်လာခင်အထိ ဝမ်ရှန်း၏ နောက်သို့ ခြေရာခံ လိုက်လာခဲ့သော လူများသည် တောထဲတွင် သေဆုံး သွားခဲ့ကြသည်။
အယောက် တစ်ရာ ရှစ်ဆယ်ခန့် အထိ သေဆုံးသွားပြီး ဖြစ်သော်လည်း လောဘသားများသည် ရပ်တန့်သွားခြင်း မရှိသေးပေ။
ယခုအခါ ဝမ်ရှန်း၏ လက်ထဲတွင် ဝူရုံမြို့၏ လူသတ်သတ္တုပြား ၃၀ ကျော် ရှိနေပြီဖြစ်ပြီး လေးခုခန့်မှာ ငွေရောင်များ ဖြစ်သည်။ ထိုမျှမက သိုလှောင် လက်စွပ်ထဲ၌ ကောင်းမွန်သော လက်နက် အနည်းငယ်ကိုလည်း ယူဆောင် လာခဲ့သည်။
ကျောထက်တွင် အတန်ငယ် ရှည်လျားသော လေးတစ်ခုကို သယ်ဆောင် ထားသည်။ ဤလေးပိုင်ရှင်သည် ဝမ်ရှန်းကို မြားနှင့် ပစ်ရန် ကြံစည်ခဲ့သော်လည်း ဝမ်ရှန်း၏ ပစ္စတိုမှ ကျည်ဆန်သည် ထိုလူ၏ ဉီးခေါင်းထဲသို့ အရင်ဆုံး ဖောက်ဝင်သွားခဲ့သည်။
သူ၏ လေးသည် အရည်အသွေးမြင့် ပစ္စည်းကောင်းဖြစ်ပြီး မီတာ ၂၀၀ အထိ ပစ်ခတ်နိုင်သည်။ ထို့ကြောင့် ဝမ်ရှန်းသည် ၎င်းကို သိမ်းဆည်းကာ သူနှင့်အတူ ယူဆောင်လာခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် ထိုလေးဖြင့် ယုန်တစ်ကောင်အား ပစ်ခတ်လိုက်ပြီး မီးကင်လိုက်လေသည်။
ဝမ်ရှန်းသည် လင်ချွမ်းမြို့တွင် နောက်ပိုင်း ဖြစ်ပျက်သော အရာများကို မသိပေ။ လိုက်လံ သတ်ဖြတ်ခံရမှု အောက်တွင် အချို့သော လူသတ်သမားများကို အရှင်ဖမ်းကာ အဘယ်ကြောင့် သူ့နောက်သို့ လူသတ်သမားများစွာ လိုက်လံ ဖမ်းဆီးနေကြောင်း မေးမြန်းသော်လည်း မည်သူကမှ အကြောင်းရင်းကို ဂဃနဏ မပြောနိုင်ကြချေ။
ဝမ်ရှန်းသည် ယုန်သားကို စားနေရင်းဖြင့် ဤတစ်ကြိမ်တွင် လင်ချွမ်းမြို့၌ ဖြစ်ပျက်နေသမျှ အကြောင်းစုံကို အသေအချာ သိအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့မဟုတ်ပါက သူ့ဘဝသည် တောထဲတွင်သာ တစ်သက်လုံး ကုန်ဆုံး သွားရပေလိမ့်မည်။
ပြင်းထန်သော ဖိအားသည် ဝမ်ရှန်းကဲ့သို့ စိတ်ဓာတ် ပြင်းထန်သော ယောက်ျား တစ်ယောက်အတွက် အကြီးမားဆုံးသော တွန်းအား တစ်ခုဖြစ်သည်။ သာမန် လူများသာဆိုလျှင် အကန့်အသတ်သို့ ရောက်ရှိသွားပါက လဲကျသွားမည် ဖြစ်သော်လည်း ဝမ်ရှန်းသည် လဲကျသွားသည်နှင့် ပြန်ထလာမည့်လူ ဖြစ်သည်။
လဝက်ခန့် မရပ်မနား လိုက်လံ သတ်ဖြတ် ခံခဲ့ရပြီးနောက် ဝမ်ရှန်း၏ ချီဝမ်နဂါးသည် အကန့်အသတ်သို့ ရောက်ရှိလာပြီး လွန်ခဲ့သော သုံးနာရီကပင် အသေးငယ်ဆုံးသော တောင်ကို ဝါးမျိုနိုင်သွားလေပြီ။
ယွမ်ဝိညာဉ် ငါးကြင်း နဂါးဂိတ်ကို ခုန်ကျော်စဉ်ကအတိုင်း ပြင်းထန်သော အော်ရာများ အရူးအမူး စီးဝင်လာကြသည်။ ချီဝမ်နဂါး ဝါးမျိုခဲ့သည့် ဝိညာဉ်စွမ်းအင် များသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ပေါင်းစည်း သွားကြသည်။
ဝမ်ရှန်းသည် တိုက်ပွဲ ဝိညာဉ်၏ အကူအညီဖြင့် ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ကာ မျက်လုံးများကို ပို၍ သန်မာလာစေသည်။ နှစ်နာရီခန့် ကြာပြီးနောက် ဝိညာဉ်စွမ်းအင် စီးဆင်းမှု ရပ်တန့်သွားသည်။
ဝမ်ရှန်းသည် ခြေလက်များကို လှုပ်ကြည့်ရုံဖြင့် သူ၏ ခန္ဓာကိုယ် အင်အားသည် ထပ်မံ တိုးတက်လာကြောင်း ခံစားမိလိုက်သည်။ စားသောက်ပြီးနောက် ဝမ်ရှန်းသည် ခြေရာလက်ရာ ဖျောက်လိုက်ပြီး တောထဲသို့ ဆက်လက် တိုးဝင်သွားသည်။
“ဘုန်း”
ဝမ်ရှန်းကို လိုက်လံ သတ်ဖြတ်နေသော ဝိညာဉ်သခင် တစ်ယောက်သည် မြေပြင်ပေါ်မှ ကျောက်တုံး တစ်တုံးကို တက်နင်းမိသွားပြီး ဟန်ချက်ပျက် သွားသည်။
“ခွပ်”
လက်သီးချက် တစ်ချက် ပြေးဝင်လာသည်။ ပြင်းထန်သော နာကျင်မှုနှင့် တစ်ပြိုင်နက်တည်း မှာပင် သူ၏ ပခုံးစွန်းသည် ထူပူသွားပြီး ချွန်မြသော ဓားသွားဖြင့် ထိုးစိုက်ခံလိုက်ရကာ သွေးများစွာ ယိုစီးကျလာသည်။
သူသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ပြင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံးသည် လေထဲသို့ မြှောက်တက်သွားပြီး ခြေချင်းဝတ်မှာ ချည်နှောင် ခံလိုက်ရသည်။
၎င်းမှာ ရှည်လျား ပျော့ပျောင်းသည့် ကြိုးတစ်ကြိုးဖြင့် သစ်ပင်တစ်ပင်၏ ကိုင်းထက်တွင် တွဲလောင်းကျလျက် ချိတ်ဆွဲခံလိုက်ရခြင်း ဖြစ်လေသည်။
“ရွှပ်”
ဓားမြှောင် တစ်ချောင်းသည် သူ၏ ညာလက်ကို ဖောက်ဝင်ကာ သစ်ပင်ထဲသို့ စိုက်ဝင်သွားသည်။
“ရွှပ် ရွှပ် ရွှပ် ”
ဓားမြှောင်သုံးချောင်း ဆက်တိုက် ပေါ်ထွက်လာကာ ထိုလူ၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ် အတွင်း သစ်ပင်တွင် သံနှင့် ရိုက်ခံထားရသည့်အလား မလှုပ်ရှားနိုင်တော့ပေ။
“မင်း ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ ဘာအတွက်လဲ”
ဝမ်ရှန်းသည် လက်ထဲရှိ ကျားသွားဓားဖြင့် ပင်စည်နှင့်ကပ်လျက် ဇောက်ထိုး ဖြစ်နေသော လူ၏ လည်မျိုကို ထောက်ကာ အေးစက်စက် မေးလိုက်သည်။
“ဒါ ဒါက ”
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်းသည် စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ သွားကြသည်ဖြစ်ရာ ထိုဝိညာဉ်သခင်သည် သူသိထားသမျှကို မခြွင်းမချန် ပြောဆို လာလေသည်။
“သေစမ်း”
ဝမ်ရှန်းသည် ထိုဝိညာဉ်သခင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဒေါသတကြီး ဆဲရေးလိုက်မိသည်။
ဝတ်ရုံနက်နှင့် လူသည် သူမသေခင် မိမိ၏ ခေါင်းပေါ်သို့ ဒုက္ခအိုးကြီးကို တင်ပေးခဲ့လေပြီ တကား..။
သူ လုံးဝ မထင်ထားခဲ့ချေ။ ယခု ကံဆိုးမိုးမှောင် ကျလေပြီ။
***