အခန်း ၅၆
အရှုပ်တော်ပုံ
လင်ချွမ်းမြို့ တောင်ပိုင်းမှ ရှီမိသားစု၏ သခင်လေးသည် လမ်းမထက်တွင် အသတ်ခံခဲ့ရပြီး လူသတ်သမားသည် ထွက်ပြေး သွားခဲ့သည်။
ဤသတင်းသည် လင်ချွမ်းတစ်မြို့လုံး ပျံ့နှံ့သွားပြီး ရှီမိသားစုဝင်များမှာ ဒေါသမီးဟုန်းဟုန်း တောက်နေလေသည်။ တောင်ပိုင်းမှ ရှီအိမ်သာမက အခြားသော ဌာနခွဲသုံးခုမှ ရှီမိသားစုဝင် များသည်လည်း ရန်သူကို ပူးပေါင်း ရှာဖွေလာကြသည်။
သာမန် ရက်များတွင် ဌာနခွဲလေးခုသည် အချင်းချင်း မတည့်ကြသော်လည်း အဆုံးတွင်မူ အားလုံးသည် ရှီမိသားစုဝင်များသာ ဖြစ်ကြလေရာ အရေးကြုံသည်နှင့် သွေးစည်း ကြလေသည်။
ထိုထက်ပို၍ အရေးကြီးသည်မှာ အခိုးခံလိုက်ရသော သေတ္တာ ဖြစ်သည်။ ရှီမိသားစု၏ ဌာနခွဲလေးခုသည် လင်ချွမ်းမြို့တွင် အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ခြင်းမှာ ထိုသတ္တု သေတ္တာကြောင့် ဖြစ်သည်။
အထဲမှ ပစ္စည်းသည် ဌာနခွဲလေးခု၏ ဘုံဘိုးဘေး တစ်ယောက် ချန်ထားပေးခဲ့သော ရှီမိသားစု၏ အခြေခံအုတ်မြစ် ရတနာမြေပုံ တစ်ဝက် ပါဝင်သည်။ ထို မြေပုံတစ်ဝက်ကို ရရှိရန်အတွက် လင်ချွမ်းမြို့မှ ရှီခေါင်းဆောင် လေးယောက်သည် များစွာ ခွန်အား စိုက်ထုတ်ခဲ့ရပြီး ထိုမြေပုံကို လက်ဝယ် ပိုင်ဆိုင်ထား၍သာ ဂုဏ်သိက္ခာ ရှိရှိနှင့် ရပ်တည်နိုင်ပြီး အလိုရှိသမျှ ရနေခြင်းဖြစ်သည်။
သေတ္တာတွင် သော့ခလောက် လေးခုပါဝင်ပြီး သော့လေးချောင်းကို ရှီခေါင်းဆောင် လေးယောက်၏ လက်ထဲတွင် အသီးသီး ခွဲဝေသိမ်းဆည်း ထားသည်။ သေတ္တာကိုမူ အလှည့်ကျ သိမ်းဆည်းကြပြီး ယခု အလှည့်ကျသူမှာ မြို့တောင်ပိုင်း၏ ရှီမိသားစု ဖြစ်သည်။
ဆိုရလျှင် သတ္တုသေတ္တာကို ခိုးယူခံလိုက်ရခြင်းသည် ရှီမိသားစု၏ အခြေခံအုတ်မြစ် တံခါးကို ဆွဲဖွင့်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။
ဝမ်ရှန်းအတွက် လမ်းမထက်တွင် လူသတ်ခဲ့ခြင်းသည် ကျားနှုတ်ခမ်းမွေးကို သွားဆွဲလိုက်သည့် အလား အချိန်တို အတွင်းမှာပင် မြို့တစ်ခုလုံး အုတ်သောင်းအုတ်နင်း ဖြစ်လာသည်။
များမကြာမီ တစ်စုံတစ်ယောက်သည် ဝမ်ရှန်းမှာ ရေလမ်းမှ ထွက်ပြေး သွားကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ ဝမ်ရှန်း သတိမထားခြင်း မဟုတ်ဘဲ ခြေရာများကို တမင် ချန်ထားခဲ့ခြင်း ဖြစ်သည်။ ခြေရာချန်ခဲ့သည့် နေရာမှာလည်း သတ္တုသေတ္တာကို ဝှက်ထားသည့် မြစ်ဆိပ်တွင် ဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ ဂရုတစိုက် လေ့လာ ရှာဖွေပါက သေတ္တာကို သေချာပေါက် ရှာတွေ့မည်သာ ဖြစ်သည်။
သို့မှသာ ဝမ်ရှန်းအပေါ်တွင် အာရုံစိုက်မှု လျော့နည်းသွားမည် ဖြစ်လေသည်။
ထို့ပြင် သေတ္တာကို ခိုးယူခဲ့သော အနက်ရောင် ဝတ်ရုံနှင့် အုပ်စုသည် သေတ္တာအား ရှီမိသားစု လက်ထဲသို့ ဘယ်နည်းနဲ့မှ ပြန်ထည့် ပေးလိမ့် မဟုတ်ပေ။
ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်းပင် ရှီမိသားစုမှ အစောင့်တစ်ယောက်သည် ရေထဲသို့ ခုန်ဆင်းရန် ပြင်နေစဉ်မှာပင် မြားဆယ်ချောင်းခန့် ရုတ်တရက် ထွက်ပေါ်လာပြီး အစောင့် ဆယ်ယောက်ကျော်မှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
ဝမ်ရှန်းကို လိုက်လံ ဖမ်းဆီးရန် ပြင်နေသော ရှီမိသားစုသည် ရုတ်တရက် တိုက်ခိုက် ခံလိုက်ရမှုကြောင့် ကြောင်အမ်း ကုန်ကြသည်။ သို့ရာတွင် ဝတ်ရုံနက်နှင့် လူတစ်ယောက်သည် ရေထဲသို့ ခုန်ဆင်း၍ ရေထဲမှ သတ္တုသေတ္တာကို ဆယ်ယူလိုက်သည့် အခိုက်အတန့်တွင် ရှီမိသားစုဝင်များမှာ ချက်ချင်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။
ရက်အတော်ကြာအောင် ရှာဖွေနေခဲ့သော သေတ္တာသည် အမှန်တကယ်ပင် မြစ်ထဲတွင် ဝှက်ထားခြင်း ဖြစ်သည်။
“ရန်သူ”
အနီးအနားမှ လူများသည် ရုတ်တရက် အော်ဟစ်လိုက်ကြပြီး မိနစ်ပိုင်း အတွင်းမှာပင် ဌာနခွဲလေးခုလုံးမှ ရှီမိသားစုဝင်များ ရောက်ရှိလာကြသည်။
ဝတ်ရုံနက်နှင့် လူများသည် ဆယ်ယောက်ကျော်ခန့်ရှိပြီး အနိမ့်ဆုံး အဆင့်မှာ ဒုတိယ အဆင့် အထွတ်အထိပ် ဝိညာဉ်သခင်များ ဖြစ်ကြသည်။ သို့သော်လည်း လင်ချွမ်း တစ်မြို့လုံးမှ ရှီမိသားစုဝင်များနှင့် အဘယ်မှာ ယှဉ်နိုင်ပါမည်နည်း။
ဝတ်ရုံနက်နှင့် လူများသည် တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံး သွားကြသည်။ သို့သော် တစ်ခုတည်းသော အားသာချက်မှာ သူတို့၏ မျက်နှာကို မည်သူမျှ မြင်တွေ့ခွင့် မရသဖြင့် မည်သည့် အင်အားစုမှ ဖြစ်ကြောင်း ရှီမိသားစုဝင်များ မသိကြချေ။
“တော်တော် ဒုက္ခပေးတဲ့ ကောင်ပဲ”
ခေါင်းဆောင် ဖြစ်သူသည် ကျဆုံးသွားသော အဖော်များကို ကြည့်ကာ ဝမ်ရှန်းကို စိတ်ထဲမှ ကျိန်ဆဲနေသည်။ ဝမ်ရှန်းကြောင့်သာ မဟုတ်ပါက သေတ္တာ၏ တည်နေရာကို ရှာတွေ့သွားစရာ အကြောင်း မရှိပေ။
ထိုအခါ လူလစ်ချိန်မှ သေတ္တာကို ပြန်လည် သိမ်းဆည်း လိုက်ရုံသာ ဖြစ်သည်။ သို့သော် ဝမ်ရှန်းကြောင့် သူ၏ အစီအစဉ် များ ပျက်စီး သွားရသည်။
သို့သော် ဝမ်ရှန်းကိုလည်း အပြစ်တင်၍ မရပေ။ ဝမ်ရှန်းနှင့် ရှီလီရှင်း၏ ဆက်ဆံရေးကို လူတိုင်း သိကြသည်။
အနက်ရောင် ဝတ်ရုံနှင့် ခေါင်းဆောင်သည် လမ်းဘေးစျေး၌ အများဆုံး ပုန်းအောင်းနေရပြီး ဆိုင်မျက်နှာစာရှိ အခန်းထဲမှ တစ်ခုသည် ၎င်းတို့၏ လျှို့ဝှက်စခန်း ဖြစ်သည်။
ဝမ်ရှန်းသည် သူ၏ အဝေးကြည့် မှန်ပြောင်းထဲတွင် အနက်ရောင် ဝတ်ရုံနှင့် လူများကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့သည်။ ရှီလီရှင်း ဝမ်ရှန်းကို သတ်ရန် ရောက်လာစဉ်က သူတို့ အားလုံးသည် လမ်းထောင့်မှ စိတ်လှုပ်ရှားစွာ ချောင်းမြောင်း ကြည့်ရှုနေခဲ့ကြသည်။ သို့သော် သူတို့ မထင်ထားသည်မှာ နောက်တစ်ကြိမ် ကံဆိုးမည်မှာ သူတို့အလှည့် ဖြစ်ကြောင်းပင်။
ထွက်ပြေး၍ မရနိုင်တော့ပြီ ဖြစ်သော ခေါင်းဆောင်သည် လက်ထဲမှ ဓားကို မြှောက်ကာ ဝိညာဉ်စွမ်းအင်များ စီးဆင်း စေလိုက်ပြီး လက်ထဲမှ သေတ္တာကို ဓားဖြင့် ထိုးချလိုက်သည်။
“မင်း ကများ…..”
ဤမြင်ကွင်းကြောင့် ရှီမိသားစုဝင်များ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။ သော့လေးချောင်းမှ လွဲ၍ အခြားပစ္စည်းဖြင့် သေတ္တာကို ဖွင့်ပါက အတွင်းတွင် သိမ်းဆည်း ထားသည့် အရာသည် အလိုအလျောက် ဖျက်ဆီး ခံလိုက်ရမည် မဟုတ်ပါလော။
“ခွမ်း…”
ကွဲအက်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာကာ ခေါင်းဆောင်ဖြစ်သူ၏ လက်ထဲမှ ဓားသည် သေတ္တာကို မထိုးဖောက် ရသေးခင်မှာပင် နှစ်ပိုင်း ကျိုးထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ထိုလူ၏ လက်မောင်းမှ အရိုးကျိုးသံများ ပေါ်ထွက်လာပြီး လက်မောင်းမှာ ချက်ချင်း ညွှတ်ကျသွားလေသည်။
လူအများသည် ရှီခေါင်းဆောင်၏ ခွန်အားမှာ စတုတ္ထ အဆင့် အစောပိုင်းတွင်သာ ရှိသည်ဟု ထင်ထားသော်လည်း ဝတ်ရုံနက် ခေါင်းဆောင်အား လက်သီး တစ်ချက်တည်းဖြင့် ခုခံနိုင်စွမ်း ကင်းမဲ့နိုင်သွားအောင် လုပ်လိုက်သည်ကို မြင်သောအခါ ရှီခေါင်းဆောင်၏ ခွန်အား အစစ်အမှန်သည် စတုတ္ထအဆင့် နှောင်းပိုင်းတွင် ရှိနေလိမ့်မည်ဟု ခန့်မှန်းလိုက်ကြသည်။
ဝတ်ရုံနက်နှင့် ခေါင်းဆောင်သည် အရူးတစ်ယောက်နှယ် ရယ်မောလိုက်သည်။ သူသည် သေတ္တာကို ဖျက်ဆီး ပစ်ချင်သော်လည်း ရှီမိသားစု ခေါင်းဆောင်၏ ခွန်အားကို ကြည့်ကာ မဖြစ်နိုင်တော့ကြောင်း နားလည် လိုက်သည်။
သို့သော် သူသည် သေတ္တာကို ဖျက်ဆီးရန် နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးစားခဲ့ရသည် ဖြစ်ရာ လွယ်လင့်တကူ အလျှော့မပေးနိုင်ခဲ့ပေ။ လက်နှစ်ဖက်ဖြင့် သေတ္တာကို ကိုင်မြှောက်ကာ ကျောက်တုံးပေါ်သို့ ရိုက်ချလိုက်လေသည်။
“ရိုင်းပျလိုက်တာ”
ရှီခေါင်းဆောင်သည် ဝတ်ရုံနက်နှင့် လူ၏ အပြုအမူကြောင့် ဒေါသမီး ဟုန်းဟုန်း တောက်သွားပြီး ချွန်မြသော ကျောက်စိမ်းပြားငယ်ကို ချက်ချင်း ပစ်သွင်းလိုက်သည်။ မထင်မှတ်ထားစွာပင် ဝတ်ရုံနက်နှင့် လူသည် လက်ကို မြှောက်ကာ လက်ထဲမှ သေတ္တာဖြင့် ကျောက်စိမ်းပြား၏ တိုက်ခိုက်မှုကို ပိတ်ဆို့ ကာကွယ်လိုက်သည်။
“ဗုန်း”
ပြင်းထန်သော ရိုက်ခတ်မှု နှင့်အတူ ကျောက်စိမ်းပြားသည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားသည်။ ဝတ်ရုံနက်နှင့် လူသည် ခွန်အားပြင်း တန်ပြန်အားကြောင့် နောက်သို့ လန်ထွက်သွားပြီး ရေထဲသို့ လဲကျသွားသည်။
လင်းလုံခန်းမ၏ သတ္တုသေတ္တာသည် အမှန်တကယ်ပင် ခိုင်ခံ့သည်ဟု ဆိုရမည်ပင်။ ပြင်းထန်သော ခွန်အား၏ ထိခိုက်မှု အောက်တွင် နက်စောက်သော အက်ကွဲကြောင်း တစ်ခုသာ ပေါ်ထွက်လာသည်။
သို့သော်လည်း ထိုအက်ကွဲကြောင်းထဲမှ အဖြူရောင် အငွေ့များ လျှံထွက် လာသည်ကို ကြည့်ကာ အဖြစ်အပျက်ကို လူတိုင်း နားလည်လိုက်ကြသည်။ ရှီမိသားစု၏ အဖိုးတန် ရတနာမြေပုံသည် ရှီမိသားစု၏ တောင်ပိုင်း ခေါင်းဆောင်ထံတွင် အမှန်တကယ် ပျက်စီး သွားလေပြီ။
“ဟားဟား”
ဝတ်ရုံနက်နှင့် လူသည် ထိတ်လန့် တုန်လှုပ်နေသော ရှီမိသားစုဝင်များကို ကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။ လူတစ်ယောက်၏ အဖိုးတန် ရတနာကို ထိုလူ၏ လက်ဖြင့် ကိုယ်တိုင် ဖျက်ဆီး လိုက်သည်ကို ကြည့်ရှုရခြင်းထက် ပို၍ ပျော်ရွှင်ဖွယ် ကောင်းသော မြင်ကွင်းမျိုး မရှိတော့ပေ။
ဤအဖြစ်အပျက်ကြောင့် ရှီခေါင်းဆောင်၏ မျက်နှာသည် ရေခဲအလား အေးစက်သွားသည်။ တစ်ဉီးတည်းသော ရှင်သန်သူဖြစ်သည့် ဝတ်ရုံနက်နှင့် လူကို အရအမိဖမ်းကာ မည်သည့် အင်အားစုမှ ရှီမိသားစုကို ပြဿနာ လာရှာကြောင်း ဖော်ထုတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ရှီမိသားစုကို တိတ်တဆိတ် တိုက်ခိုက် နေသည်မှာ စုန့်မိသားစုလော၊ သိုက်မိသားစုလော၊ ချူမိသားစုလော သို့မဟုတ် တန်မိသားစုလော စစ်ဆေးရဉီးမည်ပင်။
တစ်ဖက်တွင်မူ ဝတ်ရုံနက်နှင့် ခေါင်းဆောင်သည် ယခင်တည်းက အသက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားပြီးလေပြီ။ တစ်ခုတည်းသော ကျန်ရှိနေသည့် ဆန္ဒမှာ ဤကိစ္စများကို ဖြစ်ပျက်စေကာ ထွက်ပြေး သွားခဲ့သည့် ဝမ်ရှန်းကို ဒုက္ခ ပေးလိုခြင်းပင်။
” ထွက်ပြေးသွားတဲ့ ငါ့အဖော်က သေတ္တာထဲက အကြောင်းအရာတွေကို သိထားပြီးသားပဲ၊ မင်းတို့ရဲ့ နာမည်ကြီး သေတ္တာက အစစ်ရော ဟုတ်ရဲ့လား စစ်ကြည့်ပါဉီး၊ သိပ်ဝမ်းနည်းဖို့ ကောင်းတာပဲ ဟားဟား ”
ဝမ်ရှန်းသာ နေရာတွင် ရှိပါက ထိုလူ၏ စကားကြောင့် ဆွံ့အနေမည်သာ ဖြစ်သည်။ ဤလူသည် မသေခင် သူ့ကိုပါ ဒုက္ခ ပေးနေလေပြီ။
ရှီခေါင်းဆောင်သည် ထိတ်လန့် တကြားဖြင့် မော့ကြည့် လိုက်စဉ်မှာပင် ဝတ်ရုံနက်နှင့် ခေါင်းဆောင်၏ နှုတ်ခမ်းထောင့်မှ သွေးများစွာ ယိုစီး ကျလာသည်။ ဤလူသည် ဘယ်အချိန် ကတည်းက အဆိပ်သုံး လိုက်လေသည်နည်း။
“ထွက်ပြေးသွားတာ ဘယ်သူလဲ သွားရှာစမ်း”
ရှီခေါင်းဆောင်သည် စိတ်ထဲမှ ဒေါသများကို ဖိနှိပ်၍ တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ ဝတ်ရုံနက်နှင့် လူ၏ စကားမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စစ်ဆေးကြည့်ရမည်ဖြစ်ပြီး ရှီမိသားစုကို လာရောက် ထိပါးရဲသော သူမှန်သမျှအား လက်ပိုက်ကြည့် မနေနိုင်ချေ။
***