Switch Mode

Chapter – 55

ငါ့လက်သီးချက်ကိုတောင် ခံနိုင်ရည်မရှိဘဲနဲ့

အခန်း ၅၅
ငါ့လက်သီးချက်ကိုတောင် ခံနိုင်ရည်မရှိဘဲနဲ့

ဝမ်ရှန်းသည် ဆေးခန်းသို့ ရောက်လာကြသော လူနာများ၏ ဆွေးနွေး ဝေဖန်သံများကို ကြားကာ မရယ်မိအောင် ထိန်းချုပ် နေရသည်။ လင်းလုံခန်းမ၏ သတ္တုသေတ္တာသည် ဤကမ္ဘာမှ လူများအတွက် အမှန်တကယ်ပင် ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။ ဤကမ္ဘာမှ သူခိုးများတွင် ဝမ်ရှန်းကဲ့သို့ အရည်အချင်းများ မရှိသည့်အပြင် သတ္တုကြိုးမျှင်ကဲ့သို့ ပါးလှပ်သော ပစ္စည်းတစ်ခုပင် မရှိကြပေ။

သို့သော် ရှီမိသားစုမှ ချီးမြှင့်မည့် ဆုကြေးကြောင့် များစွာသော လူများသည် သေတ္တာအကြောင်း စိတ်ဝင်စား လာကြပြီး သိထားသမျှကို ဖောက်သည် ချကြသည်။ လူအများ၏ ဆွေးနွေး ဝေဖန်သံများကို နားထောင်ရင်းဖြင့် ဝမ်ရှန်းသည် သေတ္တာ၏ မူလဇာစ်မြစ်ကို သိရှိလာသည်။

တစ်ချိန်က လင်းလုံခန်းမ သခင်သည် ဧကရာဇ်၏ တော်ဝင် တံဆိပ်တုံးကို သိမ်းဆည်းရန် အတွက် အထူးသေတ္တာတစ်လုံး တီထွင် ပြုလုပ်ပေးခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ထိုသေတ္တာ၏ လုံခြုံမှုကြောင့် သေတ္တာကို ရရှိခဲ့သော လူအများစုသည် ၎င်းတို့၏ တန်ဖိုးကြီး ပစ္စည်း ရတနာများကိုသာ သိမ်းဆည်း ခဲ့ကြသည်။ သော့ခလောက် များလေလေ ပို၍ ခေတ်မီလေဖြစ်ကာ လင်းလုံခန်းမ၏ သော့ခလောက် လေးခုပါသော သေတ္တာသည် ဤကမ္ဘာတွင် ဘေးကင်းလုံခြုံမှု၌ ထိပ်တန်းအဆင့် ဖြစ်သည်။

ထို့ကြောင့်လည်း ရှီမိသားစုသည် သေတ္တာကို ခိုးယူခံရသော်လည်း သေတ္တာတွင်းမှ ပစ္စည်းများ ပျောက်ရှမည်ကို မစိုးရိမ်ခြင်း ဖြစ်သည်။ သေတ္တာကို ဖန်တီးခဲ့သော သခင်ကိုယ်တိုင်ပင် သော့မပါလျှင် မဖွင့်နိုင်ချေ။ သေတ္တာတွင်း၌ အလွန် ရှုပ်ထွေးသော အဆိပ်သင့် ဖျက်ဆီးရေး ကိရိယာတစ်ခု ရှိသည်ဟု ဆိုပြီး သော့မှ လွဲ၍ အခြားနည်းလမ်းဖြင့် ဖွင့်ပါက သေတ္တာထဲတွင် သိမ်းဆည်း ထားသော အဆိပ်ငွေ့ များသည် အထဲမှ ပစ္စည်းများကို တိုက်ရိုက် ဖျက်ဆီး သွားပေလိမ့်မည်။

ဤသို့သော အာမခံချက်ကြောင့် ရှီမိသားစုသည် လင်းလုံခန်းမ၏ ထိပ်တန်း သေတ္တာကို ပြန်လည် ရရှိရန် ကြိုးစားနေသည့် ကာလပတ်လုံး အထဲမှ ပစ္စည်းများအတွက် စိုးရိမ်နေမှု ရှိမနေခြင်း ဖြစ်သည်။

“တော်တော်ညံ့တဲ့ ကောင်တွေပဲ”

ဝမ်ရှန်းသည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ကာ ခေါင်းခါလိုက်သည်။

လင်းလုံခန်းမသခင် အပါအဝင် ဤကမ္ဘာမှ လူများသည် သူတို့၏ အဖိုးတန် ရတနာသေတ္တာမှာ ဝမ်ရှန်း၏ လက်ထဲတွင် အလွယ်တကူ အဖွင့်ခံလိုက်ရကြောင်းသာ သိပါက သွေးပွက်ပွက် အန်သွားနိုင်သည်။

သို့သော် ဝမ်ရှန်းအား ထိတ်လန့် စေသည်မှာ သေတ္တာ၏ အလိုအလျောက် ဖျက်ဆီးခြင်း ပုံစံဖြစ်သည်။ ကံကောင်းစွာဖြင့် သူ၏ သော့ဖျက်စွမ်းရည်မှာ ကျွမ်းကျင်အဆင့်ထိ ရှိသောကြောင့်သာ အဆိပ်အိတ်ကို သွားရောက် မလှုံ့ဆော်မိခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သေတ္တာတစ်ခုလုံး အဆိပ်ငွေ့များ ပြည့်အိုင် နေလောက်သည်။

တစ်နေ့တာသည် ပုံမှန်အတိုင်း ကုန်ဆုံးသွားပြီး အမှောင်ထုမှ ချဉ်းနင်း ဝင်ရောက် လာသည်။ ရှီမိသားစုသည် တစ်နေကုန် အလုပ်များနေသဖြင့် ပင်ပန်း နွမ်းနယ် နေကြလေရာ စောစီးစွာ အနားယူ သွားကြသည်။

ဝမ်ရှန်းသည် ဆိုင်ပိတ်ရန် ပြင်နေစဉ်မှာပင် လူဆယ်ယောက်ကျော် ခန့်သည် ဆိုင်ရှေ့သို့ ရောက်ရှိလာပြီး ထွက်ပေါက်မှန်သမျှ ပိတ်ဆို့ ပစ်လိုက်သည်။

ခေါင်းဆောင်ဖြစ်သူမှာ ရှီလီရှင်းဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက ဝမ်ရှန်းကို အသေသတ်ရန် စဉ်းစားနေသူ ဖြစ်သည်။ ယခုအခါ လင်းလုံခန်းမ သေတ္တာခိုးယူ ခံရမှုကြောင့် သူ့အပေါ်တွင် ထားရှိသော သံသယ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက် ရှိရှိဖြင့် ရှီမိသားစုကို ရှုပ်ထွေးအောင် ပြုလုပ်သွားပြီးမှ ရတနာ သေတ္တာကို ခိုးယူသွားခြင်း ဖြစ်ကြောင်း လင်ချွမ်း တစ်မြို့လုံး သိသွားပြီ ဖြစ်သည်။

ရှီမိသားစုသည် သေတ္တာကို ရှာဖွေရန် အလုပ်များနေစဉ် ရှီလီရှင်းသည် ဝမ်ရှန်းကို သင်ခန်းစာ ပေးရဉီးမည်ဖြစ်ကြောင်း သတိရ သွားခဲ့သည်။

ဤအတောအတွင်း ကြုံတွေ့ခဲ့ရသော စိတ်ရှုပ်စရာ အားလုံးကို ဖွင့်ထုတ်ရန် ဝမ်ရှန်းကို သားကောင် အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။

တစ်ဖက်တွင်မူ ဝမ်ရှန်းသည် ပြင်ပမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေခြင်းသည် ချီဝမ်နဂါးအတွက် အထောက်အကူ မဖြစ်တော့သဖြင့် ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်သည်။ သို့သော် လမ်းပေါ်မှ ရှီလီရှင်းကို မြင်လိုက်ရချိန်တွင် ထွက်သွားရန် အချိန်ကောင်း မဟုတ်သေးကြောင်း နားလည်လိုက်သည်။

“မင်း သေလို့ရပြီ”

ရှီလီရှင်းသည် ပြင်းထန်သော လူသတ်စိတ်ကို ဖုံးကွယ်ထားခြင်း မရှိဘဲ ဝမ်ရှန်းကို ကြည့်ကာ ပြုံးလိုက်သည်။

“အခုဖြစ်သွားတဲ့ လူသတ်မှု တွေအားလုံးက ငါနဲ့ ဆက်နွှယ်နေတယ်၊ မင်းက ငါနဲ့ ရန်ငြိုး ရှိတဲ့ကောင်ဆိုတော့ ငါ့ကို မကျေနပ်လို့ တမင် ချောက်ချတာမလား မင်းက သံသယ အရှိဆုံးလူပဲ”

ရှီလီရှင်းသည် မတ်တပ်ရပ်ကာ ငြိမ်သက်နေသော ဝမ်ရှန်းကို ကြည့်၍ တစ်လုံးချင်း ခြိမ်းခြောက် နေသည်။

“စိတ်မပူပါနဲ့၊ ငါသာ မင်းကို သတ်ပြီးရင် ဆုငွေတွေက ငါ့အတွက် ဖြစ်လာမှာပဲ”

“ဟမ့် မင်းကို အခွင့်အရေး တစ်ခုပေးမယ်၊ အခု ချက်ချင်း ဒူးထောက်ပြီး သနားညှာတာပေးဖို့ တောင်းပန်မယ်ဆိုရင် မင်းကို သွားခွင့်ပေးမယ်လေ ဘယ်လိုလဲ”

ရှီလီရှင်းသည် ဝမ်ရှန်းနှင့် ဆယ်မီတာ အဝေးသို့ တိုးကပ်လာပြီး ရုတ်တရက် ဝမ်ရှန်း ဒူးထောက်ပုံကို မြင်လိုလာပြီး ခေါင်းကို မော့ကာ ပြောဆို လိုက်သည်။

ရှီလီရှင်း၏ နောက်လိုက် များထဲတွင် ဒုတိယအဆင့် အစောပိုင်း ဝိညာဉ်သခင် နှစ်ယောက်သည် ဝမ်ရှန်း၏ နောက်ဘက်နှင့် ဘေးဘက်ကို ပိတ်ဆို့ထားသည်။ ရှီလီရှင်းနှင့် အခြားသုံးယောက်မှ လွဲ၍ ကျန်လူများသည် ပထမအဆင့် ဝိညာဉ်သခင်များသာ ဖြစ်ကြသည်။

ဝမ်ရှန်းသည် ရှီလီရှင်း၏ စကားကို ယုံကြည်သော အရူးတစ်ယောက်နှယ် ရှီလီရှင်းထံ ဖြည်းညင်းစွာ လျှောက်သွားသည်။

ဒုတိယအဆင့် ဝိညာဉ်နှစ်ယောက်သည် ဝမ်ရှန်း၏ ပုံစံကြောင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြပြီး ဝမ်ရှန်း၏ အရှက်တကွဲ ဒူးထောက်မည့်ပုံကို လက်ပိုက်၍ ကြည့်နေကြသည်။

ဝမ်ရှန်းနှင့် ထိုအုပ်စုမှ လွဲ၍ လမ်းပေါ်တွင် မည်သူမျှ မရှိတော့ပေ။ နံဘေးမှ ကုန်ဆိုင်ကြီးများသည် ရှီလီရှင်းကို တွေ့သော်လည်း တစ်စုံတစ်ရာ မပြောရဲကြဘဲ တံခါးကို ပိတ်ကာ ငြိမ်သက် နေကြသည်။

ရှီလီရှင်း လိုချင်သည်မှာလည်း ဤအချက်ပင်။ ဆိုရလျှင် သူ၏ ဂုဏ်သိက္ခာကို အရောင်တင်ကာ သူသည် ရှီမိသားစု၏ တက်သစ်စ ကြယ်တစ်ပွင့် ဖြစ်နေဆဲဖြစ်ကြောင်း လူအများကို သတိပေး လိုခြင်းဖြစ်ပြီး ဝမ်ရှန်းကို ဓားစာခံ အဖြစ် အသုံးချလိုက်ခြင်းသာ ဖြစ်သည်။

ဝမ်ရှန်းသည် ရှေ့သို့ တုန်တုန်ရီရီဖြင့် လျှောက်သွားကာ ရှီလီရှင်းနှင့် တစ်မီတာခန့် အကွာအဝေးကို ရောက်မှ ရုတ်တရက် အရှိန်မြှင့်လိုက်သည်။

“ဘုန်း”

ဝမ်ရှန်း၏ ခွန်အားပြင်း လက်သီးချက်သည် ရှီလီရှင်း၏ လည်မျိုကို တိုက်ရိုက် ထိုးဖောက် သွားသည်။ ပြင်းထန်သော စွမ်းအင်၏ ရလဒ်အနေဖြင့် ရှီလီရှင်း၏ ခေါင်းသည် နောက်သို့ လန်ထွက်သွားလျက် အရိုးကျိုးသံ ရုတ်ခြည်း ပေါ်ထွက်လာသည်။

ဝမ်ရှန်း၏ လက်သီးချက်သည် ယခင်ကထက် အဆပေါင်းများစွာ သန်မာလာပြီး ပေါင် ၄၀၀၀ ခွန်အားနှင့် တူညီနေလေပြီ။

သတိလက်လွတ် ဖြစ်နေသော သာမန်လူ တစ်ယောက်သာ ဆိုပါက လက်သီး တစ်ချက်တည်းဖြင့် အဆုံးသတ် သွားနိုင်ပြီး ဝိညာဉ်စွမ်းအင် အကာအရံကို မသုံးထားသည့် ကျင့်ကြံသူ တစ်ယောက်အတွက် ကျောရိုးတစ်ခုလုံး ကျိုးထွက်သွား စေနိုင်သည်။ ဝမ်ရှန်း၏ လက်သီးချက်သည် ခန္ဓာကိုယ် အင်အားအပြင် အော်ရာ တိုက်ခိုက်မှုများကိုပါ ထည့်သွင်းထားခြင်း ဖြစ်လေရာ ဤအဖြစ်အပျက်ကို မမျှော်လင့်ထားသော ရှီလီရှင်းသည် ကျောရိုးတစ်ခုလုံး ကျိုးကျေသွားလျက် တုံ့ပြန်ချိန်ပင် မရလိုက်ချေ။

“ငါ့လက်သီးချက်ကိုတောင် ခံနိုင်ရည် မရှိဘဲနဲ့ မင်းရဲ့ မောက်မာမှုတွေက ဘယ်က ထွက်လာလဲ ငါစဉ်းစားလို့မရဘူး”

ဝမ်ရှန်းသည် လျင်မြန်စွာ နောက်ဆုတ်သွားပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ဖြစ်ပျက်သွားသည့် အရာအားလုံးသည် မြန်ဆန် လွန်းလှသဖြင့် ရှီမိသားစု အစောင့်များ အားလုံး ကြောင်အမ်း နေကြသည်။ ဝမ်ရှန်း၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်း လှသဖြင့် ရှီလီရှင်းသည် လူ၏ လည်ပင်းကို ကာကွယ်ရန် လက်မြှောက် လိုက်သော်လည်း နောက်ကျ သွားခဲ့သည်။ အရိုးကျိုးသံ နှင့်အတူ ခြေထောက်များ ပျော့ခွေလာလျက် ခန္ဓာကိုယ်သည် ရှေ့သို့ ကုန်းညွှတ် ကျသွားသည်။

ဒုတိယအဆင့် ဝိညာဉ်သခင် နှစ်ယောက်မှာ ပထမဉီးစွာ တုံ့ပြန်လာပြီး ထွက်ပြေးရန် ပြင်နေသည့် ဝမ်ရှန်းကို စတင် တိုက်ခိုက် လိုက်ကြသည်။ သို့သော် ဝမ်ရှန်းသည် ဤနေရာတွင် နှစ်လခန့် နေထိုင်လာခဲ့ခြင်း ဖြစ်ရာ အရေးပေါ် အခြေအနေများ အတွက် ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်သည်။

နောက်ပြန် ဆုတ်ခြင်းမှာလည်း ထွက်ပြေးရန် မဟုတ်ဘဲ မနီးမဝေးမှ သုံးလက်မခန့် ထူသော သစ်သားချောင်းကို ယူချိုး ပစ်လိုက်ခြင်း ဖြစ်သည်။

အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဝိညာဉ်သခင် နှစ်ယောက်၏ မျက်လုံးများတွင် ထိတ်လန့် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက်လာကာ အလျင်စလို ရှောင်တိမ်း လိုက်ကြသည်။

“ဘန်း” 

ပထမတစ်ယောက်သည် အဝေးမှ ပြေးဝင်လာသည့် ချွန်မြသော ထိပ်ချွန် သစ်သားချောင်းကို အချိန်မီ ရှောင်တိမ်း သွားသော်လည်း ဒုတိယ တစ်ယောက်မှာ ကံမကောင်းစွာပင် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘဲ ဝိညာဉ်စွမ်းအင်များဖြင့် အသည်းအသန် ကာကွယ် လိုက်ရလေသည်။

ဝိညာဉ်စွမ်းအင် အကာအရံ၏ ကာကွယ်ချက်ဖြင့် အနည်းငယ်သာ ထိခိုက်မိသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

“ဘုန်း”

ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ခြံဝန်းတစ်ခုလုံးနှင့် လမ်းပေါ်တွင် အဖြူရောင် မြူခိုးများ ဖုံးအုပ် သွားသည်။

အတိအကျ ဆိုရလျှင် ဝမ်ရှန်း အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သော ထုံးမှုန့်များပင်။ စျေးပေါ၍ အရည်အသွေး ကောင်းမွန်သော ထုံးမှုန့်များသည် သူ၏ တည်နေရာကို ဖုံးကွယ် ပေးထားနိုင်လေရာ ထုံးမှုန့် အမြောက်အမြားကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်သည် အလွန် လျင်မြန်စွာ တုံ့ပြန်လာပြီး လက်ကို မြှောက်၍ လှံကို ပစ်သွင်းလိုက်သည်။ ဝမ်ရှန်းသည် နောက်ကျောဘက်မှ အန္တရာယ်ကြောင့် လျင်မြန်စွာ ခေါင်းငုံ့ လိုက်သော်လည်း လှံတံသည် ခေါင်းထက်မှ အဝတ်စကို ပွတ်တိုက်သွားပြီး သူ့ဆံပင်တိုနံ့နံ့မှာ အထင်းသား ပေါ်ထွက် လာလေသည်။

ဝမ်ရှန်းသည် ထုံးမှုန့်များကြားမှ ကျင်လည်စွာ ထွက်ခွာသွားပြီး မြစ်ဘက်သို့ ပြေးလွှားလာခဲ့သည်။

ရှီမိသားစု အစောင့်များသည် မည်မျှပင် တော်နေစေကာမူ ဤနေရာတွင် နှစ်လကျော် နေထိုင်ခဲ့သော ဝမ်ရှန်းလောက် ခြံဝန်း အနေအထားကို ကျွမ်းကျင်သူ မရှိသဖြင့် ဝမ်ရှန်း မြစ်ထဲသို့ ခုန်ဆင်းသွားသည်ကို မသိလိုက်ကြပေ။

ထိုအခိုက်အတန့်တွင် လမ်း၏ ချောင်ကျသော ထောင့်တစ်နေရာ၌ လူတစ်စုသည် ဤအဖြစ်အပျက်ကို စိတ်လှုပ်ရှားစွာ ရပ်ကြည့် နေကြလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset