Switch Mode

Chapter – 54

လင်းလုံ ချိတ်ပိတ် သေတ္တာ

အခန်း ၅၄
လင်းလုံ ချိတ်ပိတ် သေတ္တာ

လင်ချွမ်းမြို့၌ လူသေမှု များပြားလာသဖြင့် ဝမ်ရှန်း၏ ဆေးခန်းမှာလည်း လူနည်းသွားလေသည်။ သို့သော် တစ်နေ့လျှင် လေးငါးခြောက်ယောက်ခန့် လာနေဆဲဖြစ်ကာ သတင်းများကို ယူဆောင် လာတတ်ကြသည်။

ဌာနခွဲလေးခုမှ ရှီခေါင်းဆောင်များသည် အချင်းချင်း တွေ့ဆုံကာ ငြင်းခုံကြပြီး ရှီလီရှင်းကို လွှဲပြောင်း ပေးရန် တောင်းဆိုကြသည်။

သို့သော် အဆုံးတွင် ပြဿနာ အဖြေမထွက်ဘဲ ဆွေးနွေးပွဲ ပြီးဆုံး သွားလေသည်။ နောက်ရက် အနည်းငယ် ကြာသောအခါ လင်ချွမ်းမြို့၏ အိမ်တိုင်းလိုလို၌ အစောင့်များ တင်းကျပ်စွာ ချထားသဖြင့် သေဆုံးမှု မရှိတော့ပေ။

သို့သော် ဝမ်ရှန်း၏ အမြင်အရ ထိုလူသတ်သမားများသည် တစ်ခဏမျှသာ ငြိမ်နေကြခြင်း ဖြစ်ပုံရလေသည်။

မည်သူကမှ အကြောင်းရင်း မရှိဘဲ မသတ်ပေ။ လူသတ်မှုများကို ရှီလီရှင်းနှင့် ဆက်သွယ်နေသည့် လူများကိုသာ ရွေး၍ သတ်ဖြတ်ရခြင်းမှာ တစ်စုံတစ်ရာ ထူးခြားမှု ရှိနိုင်သည်။

ဝမ်ရှန်းသည် ရှီမိသားစု ငြိမ်သက်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

လူတစ်ယောက်သည် တစ်ဘဝလုံး သူခိုးလုပ်နိုင်သော်လည်း မည်သူကမှ သူခိုးကို တစ်ဘဝလုံး မတားဆီးနိုင်ချေ။

ထိုလူသတ် အဖွဲ့သည် တစ်နေ့တွင် သေချာပေါက် ပြန်ပေါ်လာလိမ့်မည်။ ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်း ရှီမိသားစုသည် ရက်အနည်းငယ် ကြာပြီးနောက် ယခင်အတိုင်း ပြန်လည် ငြိမ်သက်သွားပြီး လင်ချွမ်းမြို့မှာလည်း ပြန်လည် စည်ကားလာသည်။

ဝမ်ရှန်း၏ ဖောက်သည်များမှာ ပို၍ တိုးပွားလာပြီး လူသတ်မှု၏ လွှမ်းမိုးမှုကြောင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြရသဖြင့် ဒဏ်ရာရသူများမှာ ပိုမို များပြားလာသည်။

ဝမ်ရှန်းသည် ဆယ်ရက်ကျော်ခန့် မနားမနေ ကုသပေးခဲ့ရပြီး ရံဖန်ရံခါတွင် ညဘက်အထိပါ ဆေးခန်းဖွင့် ထားရသည်။ ဤဆယ်ရက်အတွင်း ချီဝမ်နဂါးသည် ဝိညာဉ်စွမ်းအင်များ လုံလောက်စွာ ဝါးမျိုခဲ့သော်လည်း တောင်ငယ်ကို တစ်ကိုက်တည်းဖြင့် ဝါးမျိုနိုင်စွမ်း မရှိသေးပေ။

ဝမ်ရှန်းသည် ဤအခြေအနေကို ကြည့်ကာ သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းနှင့် ပြင်ပလူများ၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းတို့ဖြင့် မလုံလောက်တော့ကြောင်း နားလည်လိုက်သည်။

နောက်ထပ် အခွင့်အရေး ရှာဖွေရန် လိုအပ်နေလေပြီ။

သို့သော် ဝမ်ရှန်းသည် အလျင်မလိုဘဲ လူသတ်သမားများ ပြန်လည် ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်း နေလိုက်သည်။ မျှော်လင့်ထားသည့် အတိုင်း ရက်အနည်းငယ် အကြာတွင် ထိုလူစု ပြန်လည် ထွက်ပေါ်လာသည်။

ထို့ပြင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသူမှာ ဝမ်ရှန်း တစ်ယောက်တည်း မဟုတ်ပေ။ ရှီမိသားစု၏ ဌာနခွဲလေးခုသည်လည်း အစောင့်အကြပ်များစွာဖြင့် တိတ်တဆိတ် စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေခဲ့လေရာ လူသတ်သမားများ၏ သတ်ဖြတ်ရန် အကြံအစည်မှာ ကျရှုံးသွားခဲ့သည်။

၎င်းတို့ လူစုခွဲသွားသည်ကို ဝမ်ရှန်း တွေ့ရှိလိုက်ပြီးနောက် မကြာမီမှာပင် လင်ချွမ်းမြို့ တောင်ပိုင်းမှ ဆူညံသံများ ပေါ်ထွက်လာလေသည်။

လူတစ်ယောက်သည် လမ်းတစ်လျှောက် ခြေကုန်သုတ်၍ ပြေးလာနေပြီး ၎င်း နောက်မှ ဝိညာဉ်သခင်များစွာ လိုက်လံ ဖမ်းဆီးနေသည်။ ထိုလူ၏ ပြေးလွှားနေပုံကို ကြည့်၍ ဒဏ်ရာ ရထားကြောင်း သိသာလှသည်။

ဝမ်ရှန်း၏ ရောင်ခြည် မှန်ပြောင်းထဲ၌ ထိုလူ၏ ပုံရိပ်များကို ရှင်းလင်း ပြတ်သားစွာ မြင်နေရသည်။ ဝမ်ရှန်းအား အံ့သြသွားစေသည်မှာ ထိုလူ ဖြတ်ပြေးသွားသည့် တစ်ခုသော လမ်းထောင့်တွင် လူတစ်ယောက် ရှိနေခြင်းပင်။

ဖြတ်ပြေးသွားသည့် လူသည် လက်ထဲမှ တစ်စုံတစ်ခုကို လမ်းထောင့်မှ လူထံ ပစ်ပေးလိုက်သည်။ ထို့နောက် လမ်းထောင့်မှ လူသည် အစောင့်များ ကျော်တက်သွားသည့် အချိန်ထိ မလှုပ်မယှက် ရပ်နေပြီး မြစ်ကမ်းရှိရာသို့ ပြေးလွှားသွားလေသည်။

ဝမ်ရှန်း၏ အဝေးကြည့် မှန်ပြောင်းထဲတွင် ထိုလူသည် မြစ်ရေပြင် အောက်၌ တစ်စုံတစ်ခုကို အသေအချာ ဖွက်နေပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်သည်။ လူမရှိကြောင်း အတည်ပြုပြီးမှသာ လျင်မြန်စွာ ထွက်ခွာ သွားလေသည်။

ပစ္စည်းကို ဖွက်ထားသော မြစ်သည် ဝမ်ရှန်း၏ အိမ်နောက်နှင့် ကပ်လျက် ဖြစ်သည်။ ဝမ်ရှန်းသည် တစ်နာရီခန့်ကြာအောင် စောင့်ဆိုင်းနေခဲ့ပြီး ဆူညံသံများ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာနေသည်။

မည်သူကမျှ ထိုလူ၏ လုပ်ရပ်ကို သတိမထား မိလိုက်ကြပေ။

ဝမ်ရှန်းသည် ညသန်းခေါင်ယံတွင် အိမ်ထဲမှ ထွက်ကာ မြစ်ထဲသို့ တိတ်တဆိတ် ဆင်းလာခဲ့သည်။ ထို့နောက် ယခုနကလူ ဝှက်သွားခဲ့သည့် နေရာကို မှန်းဆ၍ တစ်ခဏမျှ ရှာဖွေကြည့်ပြီးနောက် မြစ်ကမ်းစပ်တွင် အုတ်ခဲအရွယ် သတ္တုသေတ္တာ တစ်လုံးကို တွေ့ရှိလိုက်ရသည်။

ဝမ်ရှန်းသည် သေတ္တာကို အလျင်စလို ဆယ်ယူကာ သိုလှောင် လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ခြံဝန်းထဲသို့ ပြန်ရောက် လာပြီးနောက် တံခါးအားလုံး ပိတ်လိုက်ပြီး ရေနံဆီ မီးအိမ်ကို ယူကာ သတ္တုသေတ္တာကို ထုတ်ယူလိုက်သည်။

သတ္တုသေတ္တာသည် ထူးဆန်းသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံရကာ လေးလံ၍ ရေစိုခံသည်။ သေတ္တာ၏ လေးဘက်နံရံ၌ အပေါက်ငယ် တစ်ခုစီ ပါဝင်ပြီး သော့ပေါက်များ ဖြစ်ပုံရသည်။ အနည်းငယ် လှုပ်ခါကြည့်သောအခါ အသံတစ်စုံတစ်ရာမျှ မကြားရချေ။

ဝမ်ရှန်းသည် စစ်နာရီထဲမှ ပါးလျသော သတ္တုကြိုးမျှင်များ ဆွဲထုတ်လိုက်ပြီး သော့ပေါက်များကို အသေအချာ တစ်ချက် ကြည့်သည်။ ဤသေတ္တာသည် သော့လေးချောင်းဖြင့် တစ်ပြိုင်နက်တည်း ဖွင့်မှသာ ဖွင့်၍ ရနိုင်အောင် စီမံထားခြင်းဖြစ်ကာ ကြည့်လိုက်သည်နှင့် ကျွမ်းကျင်သူ တစ်ယောက်၏ ထိပ်တန်းလက်ရာ ဖြစ်ကြောင်း သိသာလှသည်။

သို့သော် ထိုထိပ်တန်း လက်ရာသည် ဝမ်ရှန်း၏ မျက်လုံးထဲတွင် ကလေး ကစားစရာထက် မပိုချေ။ ခေတ်မီ နည်းပညာများ မပါဝင်သော သေတ္တာ တစ်လုံးသည် ဝမ်ရှန်းကို ဒုက္ခ မပေးနိုင်ပေ။ ထို့ပြင် ဝမ်ရှန်း၏ စူးရှသော အာရုံခံအင်္ဂါများနှင့် တည်ငြိမ်သော လက်အစုံသည် သတ္တုကြိုးမျှင်များကို ပို၍ လွယ်ကူစွာ ထိန်းချုပ် နိုင်ရန် ထောက်ပံ့ ပေးထားလေရာ မိနစ် ၂၀ အတွင်းမှာပင် သော့ပေါက် လေးခုစလုံး ပွင့်သွားတော့သည်။

“ခလောက်” 

သေးငယ်သော အသံနှင့်အတူ သတ္တုသေတ္တာတွင် အပေါက်တစ်ခု ပေါ်လာသည်။ ဤသတ္တုသေတ္တာသည် အမှန်တကယ် လက်ရာ မြောက်သည်ဟု ဆိုရပေမည်။ သော့ကိုသာ မဖွင့်ပါက သာမန် အုတ်ခဲတစ်ခုနှင့် အတူတူပင် ဖြစ်ကာ မည်သူမျှ သတိထားမိမည် မဟုတ်ပေ။

အပေါက်ငယ်လေးမှ တစ်ဆင့် အားအနည်းငယ် ထည့်၍ ဖွင့်လိုက်သောအခါ အထဲမှ ပစ္စည်းများ အားလုံး ပေါ်ထွက်လာလေသည်။ သေတ္တာသည် အလွန် သေးငယ်လှသည့်အပြင် ရှုပ်ထွေးသော သော့ပေါက်များကြောင့် အထဲမှ နေရာလွတ်မှာ အကန့်အသတ်ရှိသည်။ လက်သီးဆုပ် အရွယ်ခန့်သာ ရှိသော နေရာလွတ်ထဲ၌ တိရစ္ဆာန် အရေခွံများဖြင့် ကာရံထားသည်။ ထို့ကြောင့်လည်း သေတ္တာကို လှုပ်ခါကြည့်စဉ်က အသံမထွက်လာခြင်း ဖြစ်ပေသည်။

တိရစ္ဆာန် အရေခွံကို ကောက်ယူ၍ ကြည့်လိုက်သောအခါ ဝမ်ရှန်း စိတ်ပျက် သွားရပြီး ဤသေတ္တာကို ဆယ်ယူခဲ့ခြင်း အတွက် နောင်တ ရမိသွားသည်။ တိရစ္ဆာန် အရေခွံပေါ်တွင် ရေးမှတ်ထားသည်မှာ မြေပုံတစ်ခု ဖြစ်နေလေသည်။ အတိအကျဆိုရလျှင် မြေပုံသည် အပြည့်အစုံ မဟုတ်ဘဲ ချွန်မြသော ကိရိယာ တစ်ခုဖြင့် ဖြတ်တောက် ခံထားရသည့် မြေပုံတစ်ဝက်သာ ဖြစ်နေခြင်းပင်။

မြေပုံတွင် မြောက်မြားစွာသော မျဉ်းကြောင်းများ ပါဝင်နေပြီး အချို့နေရာများတွင် အနီစက်များ ချထားသည်။

ဝမ်ရှန်းသည် ခေါင်းကို ခါယမ်းကာ မြေပုံကို ဂရုတစိုက် ကြည့်လိုက်မိသည်။ မြေပုံကို စိတ်ထဲတွင် အသေအချာ မှတ်သားပြီးနောက် ပို၍ ဘေးကင်းစေရန် သူ၏ စစ်ဉီးထုပ်တွင် တပ်ဆင်ထားသည့် ကင်မရာဖြင့် ဓာတ်ပုံရိုက် ထားလိုက်သည်။

သူ၏ မှတ်ဉာဏ်ကို စိတ်ချသော်လည်း မည်သည့် အချိန်မှ မြေပုံကို ထုတ်သုံးရမလဲ မသိသဖြင့် ဓာတ်ပုံ ရိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ စစ်ဉီးထုပ်၌ နေရောင်ခြည်ဖြင့် အားသွင်းသော စနစ်ပါဝင်သဖြင့် အားကုန်သွားမည်ကို စိုးရိမ် နေစရာ မလိုပေ။

အရာအားလုံး ပြုလုပ်ပြီးနောက် တိရစ္ဆာန် အရေခွံကို နေရာတကျ ပြန်ထည့်ကာ သော့ပြန်ပိတ် လိုက်သည်။

ထို့နောက် မြစ်ကမ်းသို့ တစ်ဖန် ပြန်ရောက်သွားပြီး ယခင် အနေအထားအတိုင်း သေတ္တာကို ပြန်ထားလိုက်သည်။

ဤမျှ အရေးကြီးသော အရာကို လူပေါင်းများစွာ ရှာဖွေနေကြမည်ဖြစ်ရာ တစ်စုံတစ်ခု ချွတ်ယွင်းသွား၍ မရချေ။ ထို့နောက် ဝမ်ရှန်းသည် အခန်းထဲသို့ ပြန်ဝင်ကာ မိုးလင်းမည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေလိုက်သည်။

တစ်နာရီခန့် အနားယူပြီးနောက် အပြင်ဘက်မှ ဆူညံသံများကြောင့် ပြန်နိုးလာသည်။ ရှီမိသားစုမှ အစောင့်များသည် မနေ့ညက ခိုးယူခံလိုက်ရသော ပစ္စည်းကို အသည်းအသန် ရှာဖွေနေကြလေသည်။

လမ်းတစ်လျှောက်မှ ခြံဝန်းများ အားလုံး ထပ်ကာတလဲလဲ ရှာဖွေခံနေရပြီး ဝမ်ရှန်း၏ အိမ်ကိုလည်း လေးကြိမ်တိတိ မွှေနှောက်သွားသည်။

မွန်းတည့် ချိန်မှသာ ရှာဖွေခြင်းကို ရပ်တန့် လိုက်ကြပြီး လင်ချွမ်းမြို့၌ သတင်းတစ်ခု ထွက်ပေါ် လာလေသည်။ ၎င်းမှာ မနေ့ညက ပျောက်ဆုံးသွားခဲ့သော လင်းလုံခန်းမမှ သန့်စင် ပြုလုပ်ပေးထားသည့် ချိတ်ပိတ်သေတ္တာကို ရှာဖွေပေးနိုင်ပါက မြင့်မားသော ဆုငွေကို ရှီမိသားစုမှ ပေးအပ်ချီးမြှင့်မည့် အကြောင်းပင်။

“ချိတ်ပိတ်သေတ္တာကို သော့လေးချောင်း မရှိရင် ဘယ်သူမှ မဖွင့်နိုင်ဘူး၊ ခိုးထားလည်း အပိုပဲတဲ့” 

“ချိတ်ပိတ်သေတ္တာကို တွေ့ရင် ရှီမိသားစုကို လွှဲပြောင်း ပေးရမယ်တဲ့၊ လွှဲပြောင်း ပေးတဲ့သူကို ရွှေဒင်္ဂါး တစ်သောင်း ဆုချမယ်ဆိုပဲ”
***

Comment

Leave a Reply

Options

not work with dark mode
Reset