အခန်း ၅၃
တစ်ယောက်ယောက်ကတော့ ပြဿနာရှာနေပြီ
“ကျွန်တော် ဒီဒဏ်ရာကို မကုသနိုင်ဘူး”
ရှီလီရှင်း မျှော်လင့်ထားသည့် အတိုင်းပင် ဝမ်ရှန်း၏ သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းခါ လိုက်ပြီး “ဆရာရှင်း ဒီနားတစ်ဝိုက်က ဆေးခန်းတွေဆီ သွားပြီး ဆေးပြားတွေနဲ့ ကုသသင့်တာ၊ ဒါဆို အမြန်ဆုံး ပြန်ကောင်း သွားလိမ့်မယ်”
ဝမ်ရှန်း စိတ်ထဲမှ ကြိတ်ပြုံးနေသည်။
ရှီလီရှင်း၏ အပြုအမူနှင့် နီတစ်လှည့် ပြာတစ်လှည့် ဖြစ်နေသော မျက်နှာကို ကြည့်ရုံဖြင့် မည်မျှ ရှက်ရွံ့နေကြောင်း သိသာလှသည်။
ရှီလီရှင်းသည် ဝမ်ရှန်းကို ရိုက်နှက်ကာ ဆုံးမလိုသော်လည်း ဆေးခန်းရှေ့မှ တန်းစီနေသော လူနာများထဲတွင် ရှီမိသားစုမှ လူများ ပါဝင်နေသဖြင့် အကြမ်းမဖက်ရဲချေ။
“ရော့ ဒီမှာ ရွှေဒင်္ဂါးနှစ်ပြား၊ မနေ့က မင်းရဲ့ ဆုံးရှုံးမှုအတွက် ပြန်ပေးတာ”
ရှီလီရှင်းသည် ရွှေဒင်္ဂါး ပြား ၂ ပြားကို ပစ်ပေးလိုက်ပြီး ထိုရွှေဒင်္ဂါးပြား ၂ ပြားသည် ဝမ်ရှန်းထံမှ ယူသွားခဲ့သော တန်ဖိုး၏ နှစ်ဆခန့်ပို၍ များပြားသည်။
“မင်းသာ ငါ့ဒဏ်ရာတွေကို သက်သာအောင် လုပ်ပေးနိုင်ရင် နောက်ထပ် ၂ ပြား ထပ်ပေးမယ်”
ရှီလီရှင်းသည် စိတ်ထဲတွင် ဒေါသမီး ဟုန်းဟုန်း တောက်နေသော်လည်း ဒေါသကို မျိုချ၍ ချိုသာစွာ ပြုံးလိုက်သည်။ ရှီလီရှင်းအကြောင်း သိနေပြီ ဖြစ်သော ရှီမိသားစုမှ လူငယ်အချို့သည် ရှီလီရှင်း၏ မျက်နှာထက်မှ အပြုံးကြောင့် ဝမ်ရှန်းအတွက် စိတ်မကောင်း ဖြစ်သွားကြသည်။
ထိုအပြုံးသည် မုန်တိုင်း မလာခင် တိုက်ခတ်သော လေပြည်နှင့် သဘောတရားချင်း တူညီလေသည်။
“ယောင်ယမ်း ဒဏ်ရာတွေနဲ့ နာကျင်မှုကို တစ်ရက်တည်းနဲ့ ကုသဖို့ အထူး ဆေးဖက်ဝင် ပစ္စည်းတွေ လိုအပ်ပါတယ်”
“ကျွန်တော့် ဆေးခန်းက အဲ့လောက်ထိ ငွေကြေး မတတ်နိုင်ပါဘူး” ဝမ်ရှန်း ပြုံး၍ ဆိုလိုက်သည်။
“ဘယ်လောက် လိုတာလဲ ငါ့ဆီကယူသွား”
ရှီလီရှင်းသည် ရွှေဒင်္ဂါး ဆယ်ပြားကို ဝမ်ရှန်း၏ လက်ထဲသို့ ထည့်ကာ ဆေးခန်း အတွင်းထဲသို့ ဝင်ရောက် သွားလေသည်။ ထို့နောက် အဝတ်အစား များကို ချွတ်ကာ လဲလိုက်ချိန်တွင် အပြင်ဘက်မှ စောင့်ဆိုင်းနေသော လူနာများထံမှ ရယ်မောသံများ ပေါ်ထွက် လာတော့သည်။
ရှီလီရှင်း၏ ခန္ဓာကိုယ်မှာ အပြာတစ်ကွက်၊ ခရမ်းတစ်ကွက်ဖြင့် တစ်ကိုယ်လုံး ယောင်ကိုင်း နေလေသည်။
ဝမ်ရှန်းသည် အထူး ဆေးဖက်ဝင် အရည်များကို ရှီလီရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်ပြီး ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ရန် ခိုင်းစေ လိုက်သည်။ ထို့နောက် စတင်၍ နှိပ်နယ်လေသည်။
ဝမ်ရှန်းသည် ရှီလီရှင်း၏ အပြုံးနောက်ကွယ်မှ သတ်ဖြတ် လိုစိတ်ကို သတိပြုမိသော်လည်း ကြောက်ရွံ့ခြင်း မရှိပါချေ။ ဝမ်ရှန်းသည် စိတ်အား တက်ကြွစွာပင် ကုသပေးနေပြီး ရှီလီရှင်း၏ ဝိညာဉ်စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေလိုက်သည်။
ရှီလီရှင်းသည် ဒုတိယအဆင့် အစောပိုင်း ဝိညာဉ်သခင် ဖြစ်သဖြင့် သူ၏ ဝိညာဉ်စွမ်းအင် များသည် ပထမအဆင့် သာမန်လူများထက် ပို၍ အားကောင်းသည်။
ချီဝမ်နဂါးသည် ဝိညာဉ်စွမ်းအင်ကို အနည်းငယ်သာ ဝါးမျိုနိုင်သော်လည်း တစ်ကြိမ် ဝါးမျိုရုံဖြင့်ပင် အခြားဝိညာဉ် သခင်များ၏ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုခြင်းထက် ငါးဆခန့် ပို၍ အားကောင်းလာသည်။
ဝမ်ရှန်း၏ လက်ချောင်းများသည် ကျွမ်းကျင် နယ်ပယ်သို့ ရောက်ရှိနေလေပြီ။ သူသည် ခြေချောင်း လက်ချောင်းများမှ စတင်၍ ဉီးခေါင်းအထိ နှိပ်နယ် ပေးခဲ့သည်။
ရှီလီရှင်း တစ်ယောက်တည်းကပင် တစ်နာရီခန့် အချိန်ယူ သွားသည်။ သို့သော် သူသည် ဝမ်ရှန်း၏ နှိပ်နယ်မှုကို အလွန်အမင်း စိတ်ကျေနပ် သွားလေသည်။
နာရီဝက်ခန့်ဖြင့် ခန္ဓာကိုယ်မှ နာကျင်မှုများ တစ်ဝက်ခန့် သက်သာ သွားသည့်အပြင် ယောင်ကိုင်းနေသော ဒဏ်ရာများမှာလည်း များစွာ ကောင်းမွန် သွားသည်။ ဝမ်ရှန်း ပြောသည့်အတိုင်း တစ်ည အနားယူလိုက်ပါက အလုံးစုံ ပျောက်ကင်း သွားနိုင်လေသည်။
“မင်းသာ မမောက်မာဘူးဆိုရင် သေချင်မှ သေလိမ့်မယ်၊ ဒါပေမဲ့ မနေ့တုန်းက မင်းကြောင့် ငါအရှက်ရခဲ့တဲ့ အတွက် မင်း သေကို သေရမယ်၊ မဟုတ်ရင် လူရယ်စရာ ဖြစ်ကုန်လိမ့်မယ်”
ရှီလီရှင်းသည် အနှိပ်ခံနေရင်းဖြင့် စိတ်ထဲမှ တိတ်တဆိတ် ကြုံးဝါးနေခြင်းပင်။
တစ်နေ့တာသည် တိတ်တဆိတ် ကုန်ဆုံးသွားပြီး လင်ချွမ်းမြို့ တစ်ခုလုံး ညအမှောင်ယံ၌ ငြိမ်သက်နေသည်။ ဝမ်ရှန်းသည် သူ့အစီအစဉ် အတိုင်း ရှီအိမ်သို့ သွားရန် ပြင်နေစဉ်မှာပင် အသံတချို့ကြောင့် အနည်းငယ် ထိတ်သွားသည်။
ဝမ်ရှန်းသည် အမှောင်ထဲတွင် တိတ်တဆိတ် ငြိမ်သက်နေပြီး တစ်ခဏကြာမှ ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြား နှစ်ချပ်ကို တွန်းဖယ် လိုက်သည်။ သေးငယ်သော အပေါက်လေးမှ တစ်ဆင့် ခေါင်းကို မော့၍ အပြင်ဘက်သို့ ဖြည်းညင်းစွာ ကြည့်လိုက်သည်။
အပြင်တွင် မှောင်မိုက်နေလျက် ဘာတစ်ခုမှ မမြင်ရပေ။ ဝမ်ရှန်းသည် အဝေးကြည့် မှန်ပြောင်းကိုယူ၍ ကြည့်လိုက်ရာ ကျော်ခွ ပြေးလွှားနေသော လူသားသဏ္ဌာန်များ တွေ့လိုက်ရသည်။
အရိပ်သဏ္ဌာန်တို့၏ လှုပ်ရှားမှုများသည် ပေါ့ပါးလှပြီး ကောင်းစွာ လေ့ကျင့်ထားသည်မှာ သိသာလေသည်။ ထိုလူများထဲမှ တစ်ယောက်သည် ဝမ်ရှန်း ချောင်းကြည့် နေသည်ကို သတိပြုမိဟန်ဖြင့် ဝမ်ရှန်း ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်သည်။ တစ်ခဏမျှ စိုက်ကြည့်ပြီးမှသာ ခေါင်းကို ပြန်လှည့်၍ ဆက်လက် ရွေ့လျားသွားသည်။
ဝမ်ရှန်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ပိတ်ပိတ်ပိန်းအောင် မှောင်နေသော ညတွင် ဆယ်မီတာခန့် အဝေးမှနေ၍ အုတ်ကြွပ်ပြားများ ကြားမှ သူ့ကို ဘယ်လိုနည်းနှင့်မှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
သူကိုယ်တိုင်ပင် ထိုသို့သော စွမ်းရည်မျိုး မရှိသေးချေ။ ထိုအုပ်စုသည် လူ ၈ ယောက်ခန့် ရှိပြီး ဝမ်ရှန်း၏ မျက်စိအောက်မှာပင် လူစုခွဲ၍ နေရာ အသီးသီးသို့ ထွက်ခွာ သွားကြသည်။
ဝမ်ရှန်းသည် ထူးဆန်းသော လူတစ်စု ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ရှီလီရှင်းထံ မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ လင်ချွမ်းမြို့တွင် ထူးဆန်းသော အဖြစ်အပျက်များ ပေါ်ထွက် လာတော့မည်ဟု ခံစားနေရလေသည်။
ဝမ်ရှန်းအား ရယ်မောစေသည်မှာ သူ့အိမ် ပတ်ဝန်းကျင်၌ လူတချို့ စောင့်ကြည့် နေခြင်းပင်။ ထိုလူမှာ ရှီလီရှင်း စေလွှတ်ထားခြင်း ဖြစ်ကြောင်း မေးနေစရာပင် မလိုချေ။ ဝမ်ရှန်းအတွက် ထိုလူများကို ဖယ်ရှားရန်မှာ လွယ်ကူသဖြင့် ဒီအတိုင်းသာ လွှတ်ထားလိုက်သည်။
ဝမ်ရှန်းသည် ပျောက်ကွယ် သွားသော လူစုကို ကြည့်ကာ တိတ်တဆိတ် ပြုံးလိုက်သည်။
“လင်ချွမ်းမြို့မှာ စိတ်ဝင်စားစရာလေးတွေ ဖြစ်လာတော့မှာပဲ”
နောက်တစ်နေ့ နံနက်တွင် ဝမ်ရှန်းသည် ပုံမှန်အတိုင်း ဆိုင်ဖွင့်ကာ ဒဏ်ရာရသူများ ရောက်အလာကို စောင့်ဆိုင်းနေလိုက်သည်။
သို့သော် လူအနည်းအကျဉ်းသာ ရောက်လာပြီး ရှီမိသားစုမှ အနည်းငယ်သော ဂိုဏ်းသားများသည် လက်နက် အသီးသီးကို ကိုင်ဆောင်လျက် တစ်စုံတစ်ခုကို သတိအပြည့် ဖြစ်နေကြသည်။
ဝမ်ရှန်းသည် ဆိုင်သို့ လာနေကျ လူငယ်တစ်ယောက်ကို လက်ဖက်ရည်ဖြင့် ဧည့်ခံကာ စကားစရန် ပြင်လိုက်စဉ်မှာပင် လူငယ်သည် သူသိထားသမျှအား အိတ်သွန်ဖာမှောက် ပြောပြလာလေသည်။
အကြောင်းမှာ လင်ချွမ်းမြို့၏ အနောက်ပိုင်း ရှီမိသားစုမှ ဒုတိယ အဆင့် ဝိညာဉ်သခင် ဖြစ်သော သခင်လေး တစ်ယောက် သေဆုံး သွားသောကြောင့်ပင်။
သတင်းများအရ သူ၏ အိပ်ရာထက်တွင် သေဆုံးနေခြင်း ဖြစ်ကာ လည်ပင်း သွေးကြောကို ဖြတ်တောက် ခံထားသည်ဟု ဆိုလေသည်။ အနောက်ပိုင်း ရှီသခင်ကြီးသည် ဤကိစ္စကြောင့် ဒေါသတကြီး ဖြစ်ကာ တရားခံကို ရှာဖွေစေသော်လည်း သဲလွန်စ တစ်စုံတစ်ရာပင် ရှာမတွေ့ချေ။
“ရှီလီရှင်းကတော့ ဒုက္ခ ရောက်ပြီဗျ”
လူငယ်သည် ရှီလီရှင်းနှင့် ဝမ်ရှန်း၏ ပဋိပက္ခကို သိသဖြင့် အားတက်သရော ပြောဆိုလာသည်။
“ညတုန်းက အနောက်ပိုင်း ရှီအိမ်မှာ သေသွားတဲ့ တစ်ယောက်က ဟွားမေ့ကို ပိုးပန်းနေတဲ့ လူတွေထဲက တစ်ယောက်ပဲ ပြောရရင်တော့ ရှီလီရှင်းရဲ့ အချစ်ပြိုင်ဖက်ပေါ့”
ရှီလီရှင်းသည်လည်း ဤသတင်းကြောင့် ထိတ်လန့်တကြား ဖြစ်နေလေသည်။
သူရိုက်နှက်ခံရပြီး နောက်တစ်ရက် အကြာတွင် သူ၏ အချစ်ပြိုင်ဖက်က သေဆုံး သွားခဲ့သည် မဟုတ်ပါလော။ အထူးသဖြင့် သူသည် မနေ့ညက ဝမ်ရှန်းကို ချောင်းမြောင်း တိုက်ခိုက်ရန် အတွက် လူအချို့ စေလွှတ် စောင့်ကြည့်ခိုင်းခဲ့သည်။ ဤအကြောင်းကြောင့် လူသေမှုအတွက် သူသည် သံသယ အရှိဆုံးလူ ဖြစ်လာလေသည်။
အနောက်ပိုင်း ရှီအိမ်မှ ခေါင်းဆောင်များသည် တောင်ပိုင်းသို့ ချက်ချင်း ရောက်ရှိလာပြီး ရှင်းပြချက် ပေးရန် တောင်းဆို လာကြသည်။ သူတို့သည် ရှီမိသားစုဝင်များ ဖြစ်ကြသော်လည်း သီးခြားစီ နေကြကာ ဆက်ဆံရေးမှာ ဝေးကွာလေသည်။
အချစ်ပြိုင်ဖက်ကို သတ်ဖြတ်၍ လက်စားချေခြင်းသည် ဖြစ်နိုင်ချေ အရှိဆုံး အကြောင်းရင်း ဖြစ်လေရာ အရာအားလုံးသည် ရှီလီရှင်း၏ ခေါင်းပေါ်သို့ ပုံကျလာသည်။ ယခုအချိန်တွင် ရှီလီရှင်းသည် ဝမ်ရှန်းကိုပင် ခေါင်းထဲ မထည့်န်ုင်တော့ဘဲ လူအများ၏ သံသယကို ဖြေရှင်းရန် ကြိုးစားနေရသည်။
ဝမ်ရှန်း၏ မျက်နှာသည် ပြုံးရွှင်လျက် အလွန် ပျော်ရွှင်နေသည်။ သို့သော် မနေ့ညက သူတွေ့လိုက်သော လူများသည် အဘယ်ကြောင့် ဤသို့သော လုပ်ရပ်မျိုးကို လုပ်ရပါသနည်း။
“ရှီမိသားစုကိုတောင် သွားပြီး ရန်စရဲတယ် ဆိုတော့ သေချာပေါက် အကြောင်းတစ်ခုခု ရှိလိမ့်မယ်”
ဤသို့ဖြင့် တစ်နေ့တာသည် ကုန်ဆုံးသွားပြီး ညသန်းခေါင်တွင် ဝမ်ရှန်းသည် ထိုလူစုကို ထပ်မံ တွေ့ရှိလိုက်ရပြန်သည်။
နောက်တစ်နေ့ နံနက်တွင်လည်း လူသေသည့် သတင်းကို ထပ်မံ ကြားသိလိုက်ရကာ သေဆုံးသူသည် ရှီလီရှင်း၏ အချစ်ပြိုင်ဖက် အရှေ့ပိုင်း ရှီအိမ်မှ သခင်လေး တစ်ယောက်ပင်တည်း။
အဖြစ်အပျက်များမှာ ပို၍ စိတ်ဝင်စားဖွယ် ကောင်း၍ လာလေပြီ။
***