Chapter – 34 မာနကြီးခြင်းမှ နှိမ့်ချခြင်းသို့ ( ၂ )
ရှီဖုန်းက သူမကို တစ်ခုခု ပြန်ပေးချင်သည်ဟု ပြောလာသောအခါ ဂျမ်းတဲလ်စနိုး၏ မျက်လုံးများက အရောင်တောက်သွား၏။ စိတ်ထဲတွင်လည်း အံ့ဩသွားပြီး ရှီဖုန်းက စိတ်ဝင်စားစရာ ကောင်းသည့် လူတစ်ယောက်ဟု တွေးမိလိုက်သည်။ ရှီဖုန်းက လိုက်လျောညီထွေ နေတတ်ပြီး သူမ ထင်ထားသကဲ့သို့ ပေါင်းသင်းရ မခက်ပေ။
“နင်ကလား… စနိုးကို လက်ဆောင်ပြန်ပေးမယ်… ဟုတ်လား… စနိုးက နင့်လက်ဆောင်ကို လိုချင်မယ် ထင်နေလား… “ ကျောက်ယွဲ့က ခေါင်းပြန်လှည့်လာပြီး ပြောလိုက်သည်။
ရွှန်းစိုနေသော သူမ၏ အနီရောင်နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခု ဖန်ဆင်းလိုက်လေသည်။ သူမ၏ မျက်ဝန်းထဲတွင်တော့ လှောင်ရိပ်များ ရှိနေသည်။ ရှီဖုန်း၏ သူ့ကိုယ်သူ အထင်ကြီးခြင်းအား လှောင်ပြောင်နေသလိုပင်။ ဂျမ်းတဲလ်စနိုး မမြင်ဖူးသည့် အိုင်တမ်မျိုး ဘယ်မှာ ရှိမည်နည်း။ ဆယ်သန်းကျော်တန်သည့် ဇိမ်ခံကားများတောင်မှ သူမ၏ အာရုံကို မဆွဲဆောင်နိုင်ပေ။ ထို့ကြောင့် ဂိမ်းထဲမှ အိုင်တမ်ဆိုလျှင် ပြောနေစရာတောင် မလိုတော့ချေ။
ရှီဖုန်းက အိတ်ထဲမှ စက္ကူပိုင်းတစ်စကို ထုတ်ယူလိုက်သည်။ ထိုစာရွက်ကား ဘော့ထံမှကျသာ အိုင်တမ်များထဲမှ ဖြစ်သည်။ ရှီဖုန်းက တုန့်ဆိုင်းနေခြင်းမရှိဘဲ စာရွက်ကို ဂျမ်းတဲလ်စနိုးထံသို့ ပေးလိုက်သည်။
ရှီဖုန်းက စက္ကူတစ်ခုအား ပေးသည်ကို မြင်သောအခါ ကျောက်ယွဲ့ရူက အေးစက်စွာ ပြောလိုက်လေသည်… “ငါတို့ကို အရူးလုပ်နေတာလား… “
“မဟုတ်ဘူး… “ ရှီဖုန်းက လေးနက်စွာ ပြန်ပြောလိုက်သည်။
“စနိုးက နင့်ကို ကြေးအဆင့် အိုင်တမ်ပေးတာကို နင်က ဘာပြန်ပေးတာလဲ… စက္ကူစုတ်လေးတစ်ခုက ကြေးအဆင့် အိုင်တမ်ကို ယှဉ်နိုင်မယ် ထင်နေတာလား… ဒါ ငါတို့ကို အရူးလုပ်တာ မဟုတ်ရင် ဘာလုပ်တာလဲ… “
ရှီဖုန်း၏ အဖြေကို ကြားပြီး ကျောက်ယွဲ့ရူက ပို၍ပင် ဒေါသထွက်သွား၏။ ရှီဖုန်း၏ နောက်ရှိ ဘလက်ကီတို့သည်လည်း ချွေးစေးများ ထွက်လာသည်။
နတ်ဘုရားမလေးနှင့် စကားမပြောချင်လျှင်တောင်မှ အရူးမလုပ်သင့်ပေ။ ဒါက ကိုယ့်ကိုယ်ကို သတ်သေတာ မဟုတ်ဘူးလား။
သူတို့က မြေအောက်ဘုံမှ အိုင်တမ်ကောင်းများကို ရရှိလာခဲ့သည်။ ထိုအထဲမှ တစ်ခုပေးလိုက်လျှင်တောင်မှ အခြေအနေက ဆိုးမည် မဟုတ်ပေ။ ယခု ရှီဖုန်း၏ လုပ်ရပ်ကြောင့် နတ်ဘုရားမလေးသာ ဒေါသထွက်သွားလျှင် သူမကိုယ်တိုင်က ဘာမှ မလုပ်လျှင်တောင် ဘေးပတ်ဝန်းကျင်ရှိ ကစားသမားများက ကျိန်းသေ ဝိုင်းဝန်းသတ်ကြပေလိမ့်မည်။
ကံဆိုးမိုးမှောင်ကျတော့မည့် အဖြစ်ကို တွေးပြီး ဘလက်ကီက သူကိုင်ထားသည့် သစ်နက်မှော်တုတ်တံကိုပင် ပေးလိုက်ရန် စိတ်ကူးမိသည်။ သို့သော်လည်း ဂျမ်းတဲလ်စနိုးက ရှီဖုန်း၏ စက္ကူအပိုင်းအစကို ဝမ်းမြောက်စွာ လက်ခံလိုက်သဖြင့် ဘလက်ကီနှင့် ကျန်လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွား၏။
နတ်ဘုရားမလေးက လက်ခံလိုက်တာလား။ ဘာတွေ ဖြစ်ကုန်တာလဲ။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်… ဒီလက်ဆောင်ကို အရမ်းလည်း သဘောကျပါတယ်… လူရှင်းတဲ့နေရာမှာ စကားပြောကြမလား… “ ဂျမ်းတဲလ်စနိုးက ကျေးဇူးတင်လိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်လေသည်။
ရှီဖုန်းကလည်း ပြန်လည်ပြုံးပြလိုက်ကာ သဘောတူကြောင်း ခေါင်းညိတ်ပြသည်။ ဂျမ်းတဲလ်စနိုး၏ အပြုံးကို မြင်ရသူအပေါင်းသည် နှလုံးသားထဲတွင် စူးရှစွာ တောက်ပနေသော နေကို မြင်နေရသည့်အလား ခံစားလိုက်ရသည်။ ထိုအပြုံးကို သူတို့တစ်ဘဝလုံးတောင်မှ မေ့ပစ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
“စနိုး… သူက နင့်အပေါ် ဒီလောက်ရိုင်းတာကို မေ့သွားပြီလား… “ ကျောက်ယွဲ့ရူက နားမလည်စွာ မေးလိုက်သည်။
“ဒါက အဆင်ပြေပါတယ်… ငါ ဒီအိုင်တမ်ကို အရမ်း သဘောကျတယ်… “ ဂျမ်းတဲလ်စနိုးက ပြောပြီးသည်နှင့် ရှီဖုန်းကို ဦးဆောင်၍ ခေါ်သွားလိုက်သည်။
ကျောက်ယွဲ့ရူက အလွန်အံ့ဩသွား၏။ ဂျမ်းတဲလ်စနိုးကို ရှီဖုန်းက မည်သည့်ဆေးများ တိုက်လိုက်သည်ကို သူမ နားမလည်နိုင်ပေ။ စက္ကူအပိုင်းတစ်ခုလောက်ဖြင့် ဤမျှ ဖြစ်သွားစရာ မလိုပေ။ အဲ့စက္ကူက ဘယ်လိုစက္ကူမို့လို့လဲ။
“စနိုး… သူက နင့်ကို ဘာပေးလိုက်တာလဲ… “
ကျောက်ယွဲ့ရူက တီးတိုးမေးလိုက်သည်။ ရှီဖုန်း၏ ခါးရှိ မီးဆွတံကို ကြည့်ရုံနှင့် ရှီဖုန်းသည် မည်သည့်တန်ဖိုးကြီးအိုင်တမ်ကိုမှ ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သိနိုင်သည်။ သို့သော်လည်း ဂျမ်းတဲလ်စနိုးက ပျော်ရွှင်စွာ လက်ခံလိုက်ခြင်းက ကျောက်ယွဲ့ရူကို ပဟေဠိ ဖြစ်သွားစေသည်။
“အခြေခံခွန်အားဆေးရည်အတွက် ဆေးရည်လုပ်နည်းပဲ… ဆေးရည်ကို သောက်လိုက်ရင် ကစားသမားရဲ့ သန်မာမှုကို ၆မှတ် တိုးပေးနိုင်တယ်… အချိန်က နာရီဝက်ခံတယ်… “ ဂျမ်းတဲလ်စနိုးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဘာ… “ ကျောက်ယွဲ့ရူက အလန့်တကြား ဖြစ်သွား၏။
“သူ့ဆီမှာ ဘယ်လိုလုပ်ပြီး ဒီလောက်တန်ဖိုးကြီးတဲ့ ဆေးရည်အညွှန်း ရှိနေရတာလဲ… “
ဆေးရည်လုပ်ခြင်းပညာရပ်က သင်ယူရန် ခက်ခဲသော ပညာရပ်ဖြစ်သည်။ ဆေးရည်အညွှန်းများက ကျရန် ရာခိုင်နှုန်း အလွန်နည်းပါး၏။ လက်ရှိတွင် နာမည်ကျော်ကြားသော အိုရိုဘိုရို့စ်တောင်မှ သာမန်ဆေးရည်အညွှန်း အနည်းငယ်ကိုသာ ပိုင်ဆိုင်ထား၏။ ကစားသမား၏ သန်မာမှုကို ၆မှတ် တိုးပေးနိုင်သော ဆေးရည်အညွှန်းဟူ၍ တစ်ခုမှ မရှိပေ။
လက်ရှိတွင် အဆင့် ၂ ကစားသမားများကို သန်မာမှု ၆မှတ် ပေါင်းပေးနိုင်လျှင် တိုက်ခိုက်မှုစွမ်းအားကို ၁၂မှတ် ပေါင်းပေးသည်နှင့် ညီမျှသည်။ ထို့ကြောင့် ဤသို့သော ဆေးရည်မျိုးက မြေအောက်ဘုံကို ဝင်သည့်အခါ အလွန်အသုံးဝင်လေသည်။ မြေအောက်ဘုံများကို မကြာခဏ ဝင်ရောက်ရှင်းလင်းကြသော အစည်းအရုံးများအတွက် ဤဆေးရည်အညွှန်းသည် ကြေးအဆင့် အိုင်တမ် ဆယ်ခုထက်မက တန်ကြေးရှိ၏။ ဤဆေးရည်သာ ဈေးကွက်အတွင်းသို့ ရောက်လာလျှင် ရောင်းလိုအားက ဝယ်လိုအားကို ဘယ်တော့အခါမှ မီအောင် ဖြည့်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ရှီဖုန်းကတော့ ဤကဲ့သို့ ဆေးရည်အညွှန်းကို လက်ဆောင်အဖြစ် ပေးခဲ့လေသည်။
ဒီဆေးရည်အညွှန်းရဲ့ တန်ဖိုးကို သူ မသိတာလား။ သို့သော်လည်း ကျောက်ယွဲ့ရူက ခေါင်းကို ခါယမ်းလိုက်သည်။ ထိုယူဆချက်က မဖြစ်နိုင်ပေ။ အစောပိုင်းက သူမသည် ရှီဖုန်း၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသည့် အမူအရာကို မြင်တွေ့ခဲ့သည်။ ဤဆေးရည်အညွှန်းက သူမတို့ အစည်းအရုံးအတွက် အလွန်တန်ဖိုးကြီးသည်ကို သူ ကျိန်းသေ သိရမည်။
ချက်ချင်းပင် ကျောက်ယွဲ့ရူက ရှီဖုန်းထံသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ ပြောခဲ့သည့်စကားများကို ပြန်တွေးမိပြီး သူမ၏ ပါးထက်တွင် အနီရောင် သန်းလာသည်။ သူမ ရှက်ရွံ့မိသည်။ ရှားပါးဆေးညွှန်းတစ်ခုအား သူမက စက္ကူစုတ်ဟု ပြောမိခဲ့သည်။ ရှီဖုန်း၏ အပြုံးကို ပြန်တွေးမိပြီး သူမ၏ အသိဉာဏ်နည်းပါးမှုကို လှောင်ရယ်နေလိမ့်မည်ဟုလည်း တွေးမိလိုက်သည်။ ဒီကောင်က အရမ်းမုန်းစရာ ကောင်းတာပဲ။
“မင်း အခုတော့ သိပြီပေါ့… ငါ ပြောသားပဲ သူက မရှိးရှင်းပါဘူးလို့… “
ဂျမ်းတဲလ်စနိုးက ကျောက်ယွဲ့ရူအား ရယ်ပြလိုက်သည်။ ဂျမ်းတဲလ်စနိုးနှင့် ရှီဖုန်းတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် ပတ်ဝန်းကျင်ရှိ ကစားသမားများကား အံ့အားသင့်နေဆဲပင် ဖြစ်သည်။
“ဒါက ဘယ်လိုအခြေအနေကြီးလဲ… “
ငညံ့တစ်ယောက်က နတ်ဘုရားမလေး၏ စိတ်ဝင်စားမှုကို တစ်ကယ် ရသွားတာပဲ။ ဒီကောင်က တစ်ကယ်ရော ငညံ့တစ်ကောင်လား။
“ခေါင်းဆောင်… အဲ့ကောင်က နတ်ဘုရားမလေးနဲ့ ထွက်သွားပြီ… “ စကားလုံးမဲ့နွေညက အခဲမကြေ ဖြစ်နေလေသည်။ နတ်ဘုရားမက ရှီဖုန်းနှင့် တရင်းတနှီး စကားပြောနေသည်ကို ကြည့်ခြင်းအားဖြင့် ရှီဖုန်းက သာမန်ကစားသမားတစ်ယောက် မဖြစ်နိုင်မှန်း ငတုံးတစ်ယောက်ပင် သိနိုင်သည်။
“အဲ့တာကို စိတ်ထဲထားမနေနဲ့… အဲ့ကောင်က ငရဲအဆင့်ကို ဝင်သွားတယ်လို့ တခြားသူတွေဆီက ငါ ကြားခဲ့တယ်… နှင်းနတ်ဘုရားမက ငရဲအဆင့်အကြောင်း သိချင်လို့ သူ့ကို ဖိတ်ခေါ်တာနေမယ်… “
ညင်သာလှုပ်ရှားသည် သူက လူကဲခတ် မှားခဲ့သည်ကို မယုံကြည်ပေ။ ရှီဖုန်းက လုံးဝ ကျွမ်းကျင်သူတစ်ယောက် မဖြစ်နိုင်ပေ။ ရှီဖုန်းက ကံကောင်းသွားခြင်းသာ ဖြစ်ရပေမည်။ ယခင်က ကျွမ်းကျင်သူ၏ အကူအညီကို ရခဲ့သည်။ ယခု နတ်ဘုရားမလေး၏ မျက်နှာသာပေးမှုကို ခံရပြန်သည်။
သေဆုံးခြင်းသစ်တောနှင့် ကိုက်၂၀၀ခန့် အကွာတွင် ရှိသော ကျောက်ပုံကြီးတစ်ခု ပေါ်တွင် ဂျမ်းတဲလ်စနိုးနှင့် ရှီဖုန်းတို့ မျက်နှာခြင်းဆိုင်လျှက် ရှိသည်။ သူတို့၏ ဘေးပတ်လည်တွင် လှပသော ရှုခင်းနှင့် သွင်သွင်စီးနေသော စမ်းချောင်းတစ်ခု ရှိနေသည်။ တခြားသူများကတော့ ဘေးဘက်များတွင် ရပ်လျက် ရှိနေကြသည်။ မည်သူကမှ ရှီဖုန်းနှင့် ဂျမ်းတဲလ်စနိုး ပြောနေသည့်စကားများကို ခိုးနားထောင်ကြခြင်း မရှိပေ။ သူတို့က သက်တောင့်သက်သာဖြင့် ထိုင်ချလိုက်ကြပြီး စတင်ဆွေးနွေးကြသည်။
“မိန်းကလေးစနိုး… ကျွန်တော်နဲ့ ဆွေးနွေးချင်တာ ဘာကိစ္စများလဲ… “
“သေဆုံးခြင်းသစ်တော… “ ဂျမ်းတဲလ်စနိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“သေဆုံးခြင်းသစ်တောအတွက် နည်းဗျူဟာကို ကျွန်မ လိုချင်တယ်… ရှင့်ရဲ့ ဈေးကို ပြောပါ… “
“ဟီး… ဟီး… မိန်းကလေးစနိုးက အတွေးလွန်နေပြိ ထင်တယ်… ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး သေဆုံးခြင်းသစ်တောအတွက် နည်းဗျူဟာ ရှိရမှာလဲ… မြေအောက်ဘုံကိုတောင် တစ်ခါပဲ ဝင်ဖူးတယ်… “ ရှီဖုန်းက နည်းဗျူဟာရှိကြောင်း ဝန်ခံလိမ့်မည် မဟုတ်ပေ။ ထိုအရာက တခြားသူများ၏ သံသယများကို သယ်ဆောင်လာနိုင်သည်။
နတ်ဘုရားနယ်မြေသည် အဓိကနတ်ဘုရားစနစ်ဖြင့် တည်ဆောက်ထားသည့် ဂိမ်းဖြစ်သည်။ ဘီတာစမ်းသပ်သူများတောင်မှ မြေအောက်ဘုံအတွက် နည်းဗျူဟာကို မသိနိုင်ပေ။ သူက ဘလက်ကီကဲ့သို့ သူမျိုးကို လှည့်စားနိုင်သော်လည်း ဂျမ်းတဲလ်စနိုးကဲ့သို့ သူမျိုးကို လှည့်စားရန် မဖြစ်နိုင်ပေ။ ရှီဖုန်းက သူ၏ နည်းဗျူဟာကို အများကြီး ပြောပြလိုက်လျှင်လည်း ပြဿနာများစွာ ဖြစ်လာပေလိမ့်မည်။
ဂျမ်းတဲလ်စနိုးက ဖော်ရွေစွာ ပြုံးပြသည်။ သူမ၏ မျက်လုံးများက ရှီဖုန်း၏ အဖွဲ့သားများကို ဝေ့ကြည့်ပြီး ပြောလိုက်သည်… “ကျွန်မထင်တာ မမှားဘူးဆိုရင် ရှင့်အဖွဲ့သားတွေ ဝတ်ထားတဲ့အရာတွေက မြေအောက်ဘုံရဲ့ ငရဲအဆင့်က ရလာတာတွေပဲ… ရှင့်အဖွဲ့ထဲမှာ ကောင်းကောင်းကစားနိုင်တဲ့သူ တစ်ယောက်နှစ်ယောက် ပါတယ်ဆိုပေမဲ့ ယာယီအဖွဲ့ဝင်အဖြစ် အဆင့် ၁ ကစားသမား ၃ယောက်ကို ခေါ်သွားတယ်… အဲ့လိုအဖွဲ့က ငရဲအဆင့်ကို ဝင်သွားပြီး တန်ဆာတွေ အများကြီးနဲ့ ပြန်ထွက်လာတယ်… အဲ့တာကို ရှင်က ဘာသတင်းမှ မရထားဘူးလို့ပြောရင် ကျွန်မ ယုံမယ် ထင်နေလား… စကားတွေ လှည့်မနေတော့နဲ့… ရှင်က ဘီတာစမ်းသပ်သူတစ်ယောက်ဆိုတာ ကျွန်မ သိတယ်… ပြီးတော့ သေဆုံးခြင်းသစ်တောရဲ့ အချက်အလက်တွေကို အသေးစိတ်လေ့လာထားတဲ့ ဘီတာစမ်းသပ်သူပဲ ဖြစ်ရမယ်… မဟုတ်ရင် ရှင်က သေဆုံးခြင်းသစ်တောကို အောင်အောင်မြင်မြင်နဲ့ ရှင်းနိုင်ခဲ့မှာ မဟုတ်ဘူး… ဒီခွန်အားဆေးရည်အညွှန်းက ရှင်အောင်မြင်ခဲ့တယ်ဆိုတဲ့ အကောင်းဆုံး သက်သေပဲ… ရှင် စိတ်ချပါ… ကျွန်မ ရှင့်ရဲ့ လျှို့ဝှက်ချက်တွေကို မဖော်ပါဘူး… “
ရှီဖုန်အား အရာရာ ဖောက်ထွင်းမြင်နေသကဲ့သို့ ဂျမ်းတဲလ်စနိုး၏ အကြည့်က ရှီဖုန်း၏အပေါ်သို့ ကျရောက်နေသည်။
“ဟုတ်တယ်… မင်း ပြောတာ မှန်တယ်… “
ရှီဖုန်းက သက်ပြင်းတစ်ချက်ကို ဖွဖွလေး ချပြီး ပခုံးတွန့်ပြလိုက်သည်။ ဂျမ်းတဲလ်စနိုးက ချက်ကျလက်ကျ ပြန်လည်ပြောနိုင်လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ဂျမ်းတဲလ်စနိုးက ထိုသို့ တွေးလိုက်၍လည်း ရှီဖုန်းအတွက် ဒီထက်ဆိုးစရာ အခြေအနေ မရှိပေ။
“ရှင့်ရဲ ဈေးကို ပြောပါ… “ ဂျမ်းတဲလ်စနိုးက ရှီဖုန်းအား ပြုံးရင်း စကားဆိုလိုက်သည်။
သူမ၏ စိတ်ထဲတွင်တော့ “ရှင့်လို လူမျိုးကို ကျွန်မ မထိန်းချုပ်နိုင်ဘူးလို့ ရှင်ထင်နေတာလား.. ဒီက အကုန်သိပါတယ်နော်… “ ဟု တွေးနေလေသည်။