Switch Mode

Chapter – 52

ရန်စ

အခန်း ၅၂
ရန်စ

ကျင့်ကြံရေး လမ်းကြောင်းတွင် ယောက်ျား၊ မိန်းမဟူ၍ ခွဲခြားထားခြင်း မရှိဘဲ လူတိုင်းသည် တူညီသော လမ်းကို လျှောက်ကြရသည်။ သိုင်းပညာကို လေ့ကျင့်ကြရာ၌ အမျိုးသမီးများသည် ပြိုင်ဘက်၏ ညှာတာမှုကြောင့် ဒဏ်ရာရနိုင်ချေ နည်းပါးသော်လည်း ပြိုင်ဘက်ဟူသည် အမြဲညှာတာတတ်သူများ မဖြစ်နိုင်သဖြင့် အမျိုးသမီးများလည်း ဒဏ်ရာ ရရှိတတ်ကြသည်။

ဝမ်ရှန်းသည် ပြဿနာကို ရှောင်ရှားရန် သူ့ဆေးခန်းတွင် အမျိုးသားများကိုသာ လက်ခံခဲ့သည်။ အမျိုးသမီးများကို နှိပ်နယ် ကုသပေးခြင်းသည် ဝမ်ရှန်းအတွက် မထူးဆန်းသော်လည်း ထိုအမျိုးသမီး၏ နောက်ကွယ်မှ အမျိုးသားများ မနာလို ဖြစ်လာပါက မခက်ပါလော။

အမျိုးသမီးများသည် ဝမ်ရှန်း၏ ဂုဏ်သတင်းကို ကြားကြသော်လည်း အမျိုးသမီး လက်မခံသဖြင့် ဆေးခန်းသို့ မလာကြပေ။ သို့သော် အလွန်အမင်း စပ်စုချင်သော မိန်းမများလည်း ဒုနဲ့ဒေးပင်။

တစ်နေ့တွင် လင်ချွမ်းမြို့၏ အလှပဂေးများထဲမှ တစ်ယောက် အပါအဝင် ဖြစ်သော မိန်းမပျို တစ်ယောက်မှာ ဝမ်ရှန်း၏ ဆေးခန်းသို့ ရောက်ချလာပြီး သူမကိုလည်း နှိပ်နယ် ကုသပေးပါရန် ပြောကြား လာလေသည်။

ဝမ်ရှန်းသည် စကားကို ချိုသာစွာ ပြော၍ ငြင်းဆိုကာ ဆေးခန်း အပြင်ဘက်ထိ လိုက်ပို့ပေးခဲ့သည်။ သို့သော် အဆုံးတွင် ထိုမိန်းမပျိုသည် ဝမ်ရှန်း၏ ငြင်းဆန်မှုကို မကျေနပ်သဖြင့် ဒေါသတကြီးဖြင့် ပြန်သွားလေသည်။

ဤပြဿနာသည် မြန်မြန် အဆုံးသတ် သွားလိမ့်မည်ဟု ထင်ထားသော်လည်း ထိုမိန်းမပျိုအား ပိုးပန်းနေသော အမျိုးသားများ အတွက် အာရုံ စိုက်စရာ ဖြစ်လာလေသည်။

ရှီလီရှင်းသည် ထိုအမျိုးသားများထဲမှ တစ်ယောက်ဖြစ်ကာ အလွန် မောက်မာသူ ဖြစ်သည်။ ဝမ်ရှန်း၏ ငြင်းဆန်မှုကို ကျေနပ်သော်လည်း မိန်းမပျို၏ ဒေါသတကြီး ဖြစ်နေပုံကြောင့် ဝမ်ရှန်းကို သင်ခန်းစာ ပေးကာ မိန်းမပျိူကို မျက်နှာလုပ်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် ဝမ်ရှန်းသည် ဒုတိယမြောက် လူနာကို ကုသနေစဉ် ရှီလီရှင်းသည် အစောင့်ငါးယောက် နှင့်အတူ ဝမ်ရှန်း၏ ဆေးခန်းတံခါးကို ဆောင့်ကန်၍ ဝင်လာသည်။

ဆိုင်ရှေ့တွင် ကုသမှု ခံယူရန် စောင့်ဆိုင်းနေသော လူများ ဆယ်ယောက် ကျော်ခန့်ရှိပြီး အများစုမှာ ရှီမိသားစုမှ ကလေးများ ဖြစ်ကြသည်။

ရှီလီရှင်းသည် ဒုတိယအဆင့် အစောပိုင်းတွင် ရှိနေပြီး အသက် ၂၀ သာ ရှိသေးသဖြင့် မျိုးဆက်သစ် လူငယ်များကြားတွင် ပါရမီရှင် တစ်ယောက်ဟု ဆိုနိုင်ပြီး လင်ချွမ်းမြို့တွင် အတန်ငယ် ကျော်ကြားသူ ဖြစ်သည်။ မူလက ဝမ်ရှန်းကို ရိုက်နှိက် ဆုံးမရန် ပြင်ဆင်လာခဲ့သော ရှီလီရှင်းသည် ရှီမိသားစုမှ ကျင့်ကြံသူများကို မြင်သောအခါ ကိုယ်ရှိန် သတ်လိုက်ပြီး…

“ကောင်လေး၊ ဒီနေရာမှာ ဆိုင်လာဖွင့်နေတာ၊ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကိုရော သိလား”

ရှီလီရှင်းသည် ပြဿနာရှာရန် အကြောင်းရင်း တစ်ခုကို လျင်မြန်စွာ စဉ်းစားလိုက်ပြီး ဝမ်ရှန်းအား တိုက်ရိုက် အော်ဟစ် မေးမြန်းလိုက်သည်။ ဝမ်ရှန်းသည် နှိပ်နယ်ခြင်းကို ရပ်တန့်၍ အစောင့်ငါးယောက် နှင့်အတူ ရပ်နေသော ရှီလီရှင်းကို တစ်ချက် ကြည့်လိုက်သည်။

“မနေ့က ရောက်လာတဲ့ မိန်းကလေးကို ပိုးပန်းနေတဲ့ ကောင်တွေထဲက တစ်ယောက်ပဲ.. ကြည့်ရတာ ပြဿနာ လာရှာတာပဲ ဖြစ်မယ်” 

ဝမ်ရှန်းသည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောကာ ချိုသာစွာ ပြုံးလိုက်ပြီး –

“ကျွန်တော်က အသစ်ရောက်တဲ့ လူပါ၊ စည်းမျဉ်းတွေကို သေချာ မသိသေးလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ခင်ဗျာ”

ဝမ်ရှန်းသည် လေသံကို လျှော့ထားပြီး တောင်းပန်စကား ဆိုလိုက်သည်။

“ဒီက အစ်ကိုလေး ပြောသာ ပြောလိုက်ပါ၊ ကျွန်တော် လုပ်နိုင်တဲ့ အရာဆို အကုန် လိုက်နာပါ့မယ်”

ဝမ်ရှန်း၏ နှိမ့်ချသော အပြုအမူကြောင့် ရှီလီရှင်းမှာ ပို၍ အနေခက် လာသည်။ အများရှေ့တွင် လူရမ်းကားကဲ့သို့ ပြုမူခြင်းသည် သူ၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပြီး ဝမ်ရှန်းအား အကြောင်းမဲ့ ဒုက္ခ ပေး၍ မရလေရာ လေသံကို လျှော့ချလိုက်သည်။

“ကောင်းပြီလေ လတိုင်းလတိုင်း ရငွေရဲ့ တစ်ဝက်ကို ပေးရမယ်၊ ရှီမိသားစုရဲ့ ပိုင်နက်ဖြစ်တဲ့ အတွက် ဒါက စည်းမျဉ်းပဲ” 

ဝမ်ရှန်းသည် စကားတစ်ခွန်းပင် မဆိုဘဲ အခကြေးငွေ အဖြစ် ရရှိထားသော ကြေးဒင်္ဂါးပြားများကို ယူကာ ရှီလီရှင်း၏ လက်ထဲ ထည့်ပေးလိုက်သည်။

“ဆရာ ၊ လက်ခံပေးပါခင်ဗျာ”

ဝမ်ရှန်းသည် ဤကြေးဒင်္ဂါးများကို မမက်မောလှချေ။ သူ၏ သိုလှောင် လက်စွပ်ထဲတွင် ရှန်းလင်မြို့မှ ရှာဖွေလာခဲ့သော ရွှေဒင်္ဂါးများ မြောက်မြားစွာ ကျန်နေသေးသည်။ ထို့ကြောင့် ရှီလီရှင်း၏ လက်ထဲသို့ မျက်နှာတစ်ချက် မပျက်ဘဲ ထည့်ပေးလိုက်သည်။

ရှီလီရှင်းသည် နောက်လိုက် တစ်ယောက်သည် ငွေအိုးကို ယူရန် ရှေ့တိုးလာသည်။

ယခုအခါ တိုက်ခိုက်ရန် အကြောင်းပြချက်လည်း မရှိတော့သည့်အပြင် ဆေးခန်းထဲမှ လူများ၏ မျက်နှာထားများမှာလည်း တင်းမာလာကြပြီ ဖြစ်ရာ ရှီလီရှင်းသည် အစောင့်ငါးယောက် နှင့်အတူ ဆေးခန်းမှ ပြန်ထွက်လာခဲ့ရသည်။

သူသည် လမ်းတစ်လျှောက်တွင် အကြီးအကျယ် စိတ်ဓာတ် ကျနေသည်။ ပြဿနာရှာရန် သွားခဲ့သော်လည်း ထိုဆေးဆရာသည် ခေါင်းကို ငုံ့ကာ သူ၏ လုပ်အားခများကို မျက်နှာတစ်ချက် မပျက်ဘဲ ပေးလိုက်သေးသည်။

ရှီလီရှင်းသည် ဒေါသနှင့် ရှက်ရွံ့မှုကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ ဝမ်ရှန်းကို သင်ခန်းစာ ပေးကာ မျက်နှာ လုပ်ချင်ခဲ့သော်လည်း ယခု သူပိုးပန်းနေသည့် ဟွားမေ့သည် ဆေးခန်းမှ အထွက်တွင် အသုံးမကျရ ကောင်းလား ဟူသော အကြည့်ဖြင့် ဒေါသတကြီး စိုက်ကြည့် သွားလေသည်။

ရှီလီရှင်းသည် စိတ်ပျက်စွာပင် အစောင့် ငါးယောက် နှင့်အတူ စားသောက်ဆိုင်၌ အချိန်ဖြုန်းကာ မူးယစ်သောက်စား နေလိုက်ပြီး မှောင်ရီပျိုးခါမှ အိမ်ပြန်လာခဲ့သည်။

လမ်းမထက်တွင် ရှီလီရှင်းနှင့် အစောင့် ငါးယောက်မှ လွဲ၍ မည်သူမျှ မရှိတော့ဘဲ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်နေသည်။

ဤနေရာသည် ရှီစံအိမ်နှင့် နီးသည့်အပြင် ရှီမိသားစု၏ ပိုင်နက်လည်း ဖြစ်သဖြင့် ရှီလီရှင်းသည် လမ်းတစ်လျှောက်တွင် ခပ်နှေးနှေးသာ လျှောက်လာခဲ့သည်။

ထိုစဉ် –

“ဘုန်း ဘုန်း” 

မူးနေသော အစောင့် ၂ယောက်သည် ရုတ်တရက် တိုက်ခိုက် ခံလိုက်ရပြီး မြေပြင်ထက်တွင် မှောက်သွားသည်။ ကျန်သုံးယောက်မှာ တစ်စုံတစ်ရာ မတုံ့ပြန်ရသေးခင်မှာပင် တိုက်ခိုက်သူသည် ရှေ့ထွက်လာပြီး လက်သီးချက်များ ဆက်တိုက် ပစ်သွင်းလိုက်သည်။

ရှီလီရှင်းသည် အဖွဲ့ထဲတွင် ခွန်အား အကြီးဆုံး ဖြစ်သော်လည်း ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပြီး ချွေးဒီးဒီး ကျလာသည်။ တိုက်ခိုက်သူမှာ အခြားလူ မဟုတ်ပေ။ ရှီလီရှင်း၏ အပြုအမူကို မကျေနပ်သဖြင့် သင်ခန်းစာ ပေးရန် ထွက်လာသော ဝမ်ရှန်းပင် ဖြစ်လေသည်။

လင်ချွမ်းမြို့သို့ ရောက်ကတည်းက သူ၏ ခွန်အားများကို လက်တွေ့ အသုံးမချ ရသေးသဖြင့် ရှီလီရှင်းအား လက်ဝှေ့အိတ် တစ်ခုသဖွယ် သဘောထားကာ တိုက်ခိုက် လေတော့သည်။

 ရှီလီရှင်းသည် သနားဖွယ် ကောင်းလောက်ပင် ထိုးနှက်ခံနေရသည်။

ဝိညာဉ်စွမ်းအင် အကာအကွယ် သာမရှိပါက စုန့်လောင်ယုသည်ပင် ဝမ်ရှန်း၏ လက်ဝှေ့ နည်းလမ်းကို ခုခံနိုင်စွမ်း မရှိပေ။

ထို့ပြင် ထိုစဉ်က တိုက်ပွဲဝိညာဉ်၏ ခွဲခြမ်း စိတ်ဖြာမှုမှာလည်း ယခုလောက် အားမကောင်းသေးပေ။ ယခုအခါ တိုက်ပွဲဝိညာဉ်သည် တိုက်ကွက်များကို အကောင်းဆုံး အနေအထားသို့ ရောက်အောင် ပြုပြင် ပေးထားလေရာ ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအင်ပင် သုံးစရာမလိုဘဲ ရှီလီရှင်းကို အနိုင်ယူနိုင်သည်။

ရှီလီရှင်းသည် ဝိညာဉ်စွမ်းအင်ဖြင့် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူ၏ လှုပ်ရှားမှု များမှာ ဝမ်ရှန်းလောက် မမြန်ဆန်ပေ။ တစ်ခဏ အတွင်းမှာပင် ရှီလီရှင်းသည် အချက်နှစ်ဆယ်ခန့် ရိုက်နှက် ခံလိုက်ရလေပြီ။ သူသည် ခွန်အားကုန် သုံးကာ တုံ့ပြန် တိုက်ခိုက် ပါသော်လည်း အရာမထင်ချေ။

အဆုံးတွင် ရှီလီရှင်းသည် မြေပြင်ထက်တွင် နာကျင်စွာ လဲလျောင်း နေခဲ့ရပြီး တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေသည်။

အထူးသဖြင့် ရင်အုပ်နှင့် အစာအိမ်သည် အသက်ပင် မရှူနိုင်လောက်အောင် ကိုက်ခဲနေပြီး မြော့မြော့သာ ကျန်ရစ်ခဲ့သည်။

ရှီလီရှင်းကို သင်ခန်းစာ ပေးပြီးနောက် ဝမ်ရှန်းသည် အချိန်မဆွဲဘဲ ချက်ချင်း ပြန်ထွက် သွားလေသည်။

ရှီလီရှင်းသည် အိမ်ပြန်ရောက် သွားသော်လည်း နောက်ရက်ထိတိုင် တစ်ကိုယ်လုံး နာကျင်နေဆဲပင်။ ဝမ်ရှန်း၏ ရိုက်နှက်ချက်များသည် တိကျသေသပ်ပြီး ဒဏ်ရာ အပြင်းအထန် မရသော်လည်း တစ်ကိုယ်လုံး အညိုအမည်း စွဲနေသည်။

ရှီလီရှင်းသည် နောက် ၂ ရက်အကြာတွင် မြို့မြောက်ဘက်မှ အခြား ရှီမိသားစုနှင့် ယှဉ်ပြိုင်ရမည်ကို ရုတ်တရက် သတိရသွားသည်။

“ဒီလိုပုံစံနဲ့ ဘယ်လိုယှဉ်ပြိုင်ရမှာလဲ” 

“နေပါဉီး ငါ့ကို ရိုက်သွားတာ မြောက်ပိုင်းက လူတွေများလား၊ ပြိုင်ပွဲမှာ မယှဉ်ပြိုင်နိုင်အောင် အကောက်ကြံတာလား”

ရှီလီရှင်း၏ စိတ်ထဲတွင် သံသယစိတ်များ တိုးဝင်လာကာ ဒဏ်ရာများကို အလျင်အမြန် ကုသရန် ဆုံးဖြတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာ မရှိသဖြင့် ကုသရေး ဆေးပြားများ သုံး၍ မဖြစ်ချေ။

အဆုံးတွင် အစေခံတစ်ယောက်၏ ညွှန်းဆိုမှုဖြင့် ဝမ်ရှန်း၏ ဆေးခန်းငယ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိ သွားရသည်။

ရှီလီရှင်းသည် ဆေးခန်းထဲသို့ ဝင်လာရင်းဖြင့် မျက်နှာ တစ်ခုလုံး ပူထူနေသည်။ မနေ့ကမှ သူကိုယ်တိုင် အနိုင်ကျင့်ခဲ့သော ဝမ်ရှန်းထံ ယနေ့တွင် ဒဏ်ရာကုသရန် ရောက်လာရခြင်းမှာ အလွန်အမင်း ရှက်ရွံ့ဖွယ် ကောင်းနေလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset