Switch Mode

Chapter – 51

ဆိုင် ဖွင့်ခြင်း

အခန်း ၅၁
ဆိုင်ဖွင့်ခြင်း

စုန့်မိသားစုနှင့် သိုက်မိသားစုသည် မည်မျှပင် အင်အားကြီး စေကာမူ မိုင်ပေါင်း များစွာသော နယ်ပယ် တစ်ခုလုံးကို ကာကွယ်ရန်မှာ မဖြစ်နိုင်ချေ။

ဝမ်ရှန်း၏ ကျွမ်းကျင်လှသော တောတွင်း ရှင်သန်နိုင်စွမ်းနှင့် တိုက်ပွဲ အတွေ့အကြုံများသည် သူ့အတွက် စားခြင်းနှင့် သောက်ခြင်းကဲ့သို့ လွယ်ကူလှသည်။

လူတိုင်းက ဝမ်ရှန်းကို လူရိုင်းတစ်ယောက်ဟု ထင်ရခြင်းမှာ သူ့မျက်နှာတွင် ပေကျံနေသော ဆီကြေးများကြောင့် ဖြစ်သည်။

ဆီကြေးများကို ဖယ်ရှား၍ သာမန် အဝတ်အစားကို ဝတ်ဆင်ကာ သူ့ဆံပင် တိုနံ့နံ့ကိုသာ ဖုံးထားလိုက်ပါက ဤကမ္ဘာမှ လူများနှင့် အတူတူပင်။

သူတို့သည် ဝမ်ရှန်းအား ကျိုးပဲ့ဝိညာဉ်နှင့် သာမန်လူ တစ်ယောက်ဟုသာ သိထားကြသည်။ သို့သော် ယခုအချိန်တွင် အတွေ့အကြုံ မြင့်မားသော ဝိညာဉ်သခင် တစ်ယောက်ကသာ တစ်ခဏမျှ ဂရုတစိုက် စစ်ဆေးကြည့်ပါက ဝမ်ရှန်းသည် ပထမအဆင့် အစောပိုင်းတွင် ရှိနေကြောင်း သတိပြုမိ သွားပေလိမ့်မည်။

ထို့ကြောင့် ဝမ်ရှန်းသာ လူအုပ်ထဲတွင် ရောနှောနေပါက သူသည် စုန့်မိသားစုနှင့် သိုက်မိသားစုမှ အသည်းအသန် ဖမ်းဆီးနေသော လူရိုင်း ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မသိနိုင်ချေ။

ဝမ်ရှန်းသည် ရထားလုံးကို စီးကာ မိုင်ပေါင်း ထောင်ချီ အဝေးသို့ ထွက်ပြေး လွတ်မြောက် လာခဲ့သော်လည်း မည်သူကမျှ သူ့ကို သတိမထားမိချေ။

ဤသို့ဖြင့် ဝမ်ရှန်းသည် လင်ချွမ်းမြို့သို့ ရောက်ရှိလာခဲ့ပြီး လင်ချွမ်းမြို့ ရှီမိသားစု ပိုင်နက်တွင် နေထိုင်လိုက်သည်။

သို့သော် ရှီမိသားစု ပိုင်နက်နှင့် စုန့်မိသားစု ပိုင်နက်သည် နယ်နိမိတ်ချင်း ထိစပ်နေပြီး စစ်ပွဲကာလ အတွင်း၌ အရှုပ်ထွေးဆုံး နေရာများ ဖြစ်ခဲ့ကြသည်။

ငြိမ်းချမ်းနေစဉ် ကာလအတွင်းမှာမူ ဧကရာဇ် အာရုံစိုက်မှုကို မရရှိဘဲ ဤနေရာမှ လူများသည် စုန့်ရန်၏ စေ့စပ်ထားသူ အကြောင်းကိုပင် မဆိုထားနှင့်၊ စုန့်မိသားစုနှင့် သိုက်မိသားစု အကြောင်းကိုပင် မပြောကြချေ။

မိုင်ပေါင်း ထောင်ချီအဝေးမှ သာမန်လူ တစ်ယောက် အကြောင်းကို အာရုံစိုက်ရန်မှာ အလွန် ထူးဆန်းရာ ကျနေလေသည်။

ဝမ်ရှန်းသည် လင်ချွမ်းမြို့၌ တစ်ခဏမျှ အခြေချရန် ဆုံးဖြတ် လိုက်ခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။

ပထမအချက်မှာ စုန့်ရန်သည် သူမ မထွက်ခွာခင် ဇာမဏီ ယွမ်ဝိညာဉ်အကြောင်း အလွယ်တကူ မေးမြန်းခြင်း မပြုရန်၊ ၎င်းမှာ တားမြစ်ချက် တစ်ခုဖြစ်ကြောင်း သတိပေးခဲ့သည်။ စုန့်ရန်သည် သူ့ကို လိမ်ပြောမည် မဟုတ်ဟု ဝမ်ရှန်း ယုံကြည်သည်။

ထို့ပြင် သူသည် ဤကမ္ဘာတွင် အခြားသော ဒဏ္ဍာရီများစွာကို ကြားဖူးသော်လည်း ဇာမနီယွမ်ဝိညာဉ် အကြောင်း မည်သူကမျှ မပြောကြချေ။

ဒုတိယ အချက်မှာ သူ၏ ခွန်အားများ တိုးတက်နိုင်ရန် ဖြစ်သည်။ ချီယွမ်နဂါးကို အဆင့်မြင့်ရန် အတွက် လိုအပ်သော အခြေအနေများကို ရှာတွေ့ သွားပြီးနောက် ထိုက်ချိ ဝဲကတော့ဖြင့် ဝိညာဉ်စွမ်းအင်များ စုပ်ယူကာ တောင်ကို တစ်ကိုက်တည်းဖြင့် ဝါးမျိုနိုင်မည့် အချိန်အား စိတ်ရှည်လက်ရှည် စောင့်မျှော်နေသည်။

သို့သော် တစ်နေ့တွင် ထိုက်ချိ ဝဲကတော့မှ စုပ်ယူသော ဝိညာဉ် စွမ်းအင်များသည် ပြင်ပအော်ရာများကို စုပ်ယူခြင်းလောက် အားမကောင်းကြောင်း သတိထားမိခဲ့သည်။

ဝမ်ရှန်း၏ ခန့်မှန်းချက်အရ အခြားလူများ၏ ကိုယ်ပိုင်ဝိညာဉ် စွမ်းအင်များကို စုပ်ယူခြင်းသည် ထိုက်ချိဝဲကတော့များဖြင့် စုပ်ယူခြင်းထက် ဆယ်ဆ ပို၍ အားကောင်းကြောင်း အတည်ပြု လိုက်နိုင်သည်။

ထို့ကြောင့် ဝမ်ရှန်းသည် အခြားသူများ၏ ဝိညာဉ်စွမ်းအင် များကို စုပ်ယူနိုင်မည့် နည်းလမ်းအား ရှာဖွေလေတော့သည်။

လင်ချွမ်းမြို့သည် ရှန်းလင်မြို့ထက် ပို၍ကြီးမားကာ လူဉီးရေလည်း များပြားသည်။ လင်ချွမ်းမြို့၌ ရှီမိသားစု၏ ဌာနခွဲ တစ်ခုရှိကာ ထောင်ပေါင်း များစွာသော ရှီဂိုဏ်းသားများ ဖြန့်ကြက်ထားသည်။

လင်ချွမ်းမြို့ ရှီမိသားစုတွင် ဌာနခွဲလေးခုရှိကာ တစ်ခုချင်း စီတိုင်းသည် ပြင်းထန်သော အင်အားနှင့် အတူ လင်ချွမ်းမြို့၏ အရပ်လေးမျက်နှာ၌ ကြီးမားသော စံအိမ်များကို ပိုင်ဆိုင်ထားကြသည်။

တောင်ပိုင်းမှ ရှီစံအိမ်နှင့် အနီးတွင် စည်ကားသော စျေးတစ်ခုရှိသည်။ ဝမ်ရှန်းသည် စျေးထဲတွင် ဆိုင်ခန်းတစ်ခု ငှားကာ ဒဏ်ရာ အသေးစားများကို ကုသပေးသော ဆေးခန်းတစ်ခု ဖွင့်လိုက်လေသည်။

မြို့တောင်ဘက်ကို ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ဆေးခန်း၏ အနောက်ဘက်တွင် ခြံဝန်းငယ် တစ်ခုရှိပြီး ခြံဝန်း၏ နောက်၌ ကျယ်ပြောသော မြစ်တစ်စင်း ရှိသောကြောင့်ပင်။ တစ်စုံတစ်ခု ဖြစ်လာပါက မြစ်ထဲသို့ ခုန်ချသွားနိုင်ပြီး မည်သူမျှ အစအနပင် ရှာရမည် မဟုတ်တော့ပေ။

ဝမ်ရှန်း၏ ဆေးခန်းငယ်လေးသည် အလွန် သေးငယ်လှသည်။ ပွန်းပဲ့ ဒဏ်ရာများကို ကုသသော်လည်း ဆေးဝါး မရောင်းပေ။ ဆိုရလျှင် ကြွက်သားများကို ဖြေလျော့ကာ သွေးလှုပ်ရှားမှုကို လှုံ့ဆော် ပေးနိုင်သော ရှေးဟောင်း နှိပ်နယ်နည်းလမ်း တစ်ခုဖြစ်ပြီး ကြီးမားသော ဆေးဝါး လုပ်ငန်းကြီးများကို မထိပါးသရွေ့ မည်သူမျှ အာရုံစိုက်ကြမ‌ည် မဟုတ်။

သို့သော် ဝမ်ရှန်း၏ ဆိုင်ငယ်လေးသည် ပထမဆုံးသော လူနာကို လက်ခံပြီးသည့် အချိန်မှစ၍ နောက်ထပ် လူနာများ တသောသော ရောက်လာလေသည်။

ရှီမိသားစုသည် မိသားစုကြီး တစ်ခုဖြစ်ကာ ကလန်မှ ကလေးများသည် အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် စတင် ကျင့်ကြံကြရသည်။

ကမ္ဘာမြေမှာ ကဲ့သို့ပင် သိုင်းပညာကို လေ့ကျင့်သည်နှင့် ဒဏ်ရာ အနာတရ ဖြစ်ခြင်းများကို မလွဲမသွေ ကြုံတွေ့ရမည်ပင်။

ဝမ်ရှန်းသည် ကမ္ဘာမြေတွင် ရှိစဉ်က တိုက်ပွဲစွမ်းရည်ကို တိုးမြှင့်ရန် လူသား ခန္ဓာဗေဒကို အသေးစိတ် လေ့လာခဲ့ရသည်။ အမျိုးမျိုးသော ကြွက်သားများ၊ သွေးကြောများ၊ အတွင်းအင်္ဂါများ စသည်ဖြင့် ဂရုတစိုက် လေ့လာခဲ့လေရာ ဤကမ္ဘာတွင် လူ့ခန္ဓာကိုယ်ကို သူ့လောက် နားလည် တတ်ကျွမ်းသောသူ မရှိဟု ယုံကြည်မိသည်။

ရှီမိသားစုတွင် သာမက အခြားသော ကျင့်ကြံသူများသည် သိုင်းပညာ လေ့ကျင့်ရင်းဖြင့် သေးငယ်သော ဒဏ်ရာများ ရရှိလာပါက ဆေးခန်းကြီးများသို့ မသွားကြတော့ဘဲ ဝမ်ရှန်း၏ ဆေးခန်းငယ်လေးသို့ ရောက်ရှိ လာကြသည်။

“လက်မောင်းက တော်တော် ဒဏ်ရာပြင်းတယ် ဒါပေမဲ့ အဆစ်တော့ မလွဲသွားဘူး” 

ဝမ်ရှန်းသည် လူနာ၏ လက်မောင်းကို ကိုင်ကာ ဖြည်းညင်းစွာ နှိပ်နယ်ရင်းဖြင့် ညွှန်ကြားနေသည်။

“ဝိညာဉ်စွမ်းအင်ကို ပခုံးကနေ လက်မောင်းထိ ဖြည်းဖြည်းချင်း စုသွား၊ ဝိညာဉ်စွမ်းအင်တွေ အချိတ်အဆက် မိသွားရင် ဒဏ်ရာက ပျောက်သွားလိမ့်မယ်၊ သိပ်မကြာတော့ဘူး၊ မနာပါဘူး နာရင် ပြောနော်၊ အားအများကြီး မသုံးနဲ့၊ ဟုတ်ပြီ ကျွန်တော့်ကို ဝိညာဉ်စွမ်းအင်နဲ့ တိုက်ခိုက်ကြည့်၊ ဖြည်းဖြည်းနော်၊ သက်သာ သွားပြီလား”

ဝမ်ရှန်းသည် လူနာ၏ နီရဲယောင်ကိုင်းနေသော လက်မောင်းကို ဆေးဆီဖြင့် ပွတ်လိုက်သည်။ ၎င်းဆေးဆီများသည် အနီးအနားရှိ ဆေးဆိုင်ကြီး တစ်ခုမှ ဝယ်လာခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် ဤစျေးထဲတွင် ပြဿနာ ကင်းကင်းဖြင့် ဆေးခန်း ဖွင့်နိုင်ခြင်းမှာ သူသည် ဆေးခန်းကြီး ဆေးဆိုင်ကြီးများမှ ဆေးဝါးများကို ဝယ်ယူသည့်အပြင် ဒဏ်ရာ ပြင်းထန်သော လူနာများကို ဆေးခန်း ကြီးများသို့ သွားရန် လမ်းညွှန် ပေးတတ်သောကြောင့်ပင်။ မည်သူကမျှ ပြဿနာမရှာရန် အခွင့်အရေး မရကြချေ။

ဝမ်ရှန်းသည် လူနာကို နှိပ်နယ်နေစဉ် ဝိညာဉ်စွမ်းအင်များဖြင့် တိုက်ခိုက်ရန် ခိုင်းစေတတ်သည်။ သို့သော် ဝိညာဉ်စွမ်းအင်ကို အနည်းငယ်သာ အသုံးပြုခိုင်းပြီး ၎င်းဝိညာဉ် စွမ်းအင်များသည် ချီဝမ်နဂါးအတွက် ကြီးစွာသော ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့် ဝမ်ရှန်းသည် ဒဏ်ရာရထားသော လူနာကို ဆယ့်ငါးမိနစ်ခန့် ကြာအောင် နှိပ်နယ် ပေးရသည်။ ထိုအခါမျိုးတွင် ချီဝမ်နဂါးသည် ဝမ်ရှန်း၏ လက်မှ တစ်ဆင့် လူနာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး ဝိညာဉ်စွမ်းအင်များ ကိုက်စား ဝါးမျိုတတ်သည်။

ယောင်ယမ်းခြင်း၊ ပွန်းပဲ့ခြင်း ဒဏ်ရာများသည် ဝမ်ရှန်း၏ ဆေးခန်းမှ ပြန်ထွက်လာလျှင် တစ်ဝက်ခန့် သက်သာသွားကြပြီး တစ်ည အနားယူပြီးပါက အလုံးစုံ ပျောက်ကင်း သွားကြသည်။ အစွမ်းထက် ကုသရေး အာနိသင်ကြောင့် အချိန်တို အတွင်းမှာပင် လင်ချွမ်းမြို့ တောင်ဘက်ခြမ်း၌ ဝမ်ရှန်း၏ ဆေးခန်းမှာ နာမည်ကြီး လာလေသည်။

အချို့သော လူများသည် ဒဏ်ရာ မရှိလျှင်ပင် ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ရန် ဆေးခန်းသို့ ရောက်လာကြသည်။ လူသိများလေလေ ဆေးခန်းသည် ပို၍ နာမည်ကြီး လာသည်ဖြစ်ရာ မနက်မှ ညနေတိုင်အောင် လူပြတ်သည် ဟူ၍မရှိချေ။

သာမန်အားဖြင့် လူတစ်ယောက်ကို ဆယ့်ငါးမိနစ်ခန့် ကုသရသည်ဖြစ်ရာ တစ်နေ့လျှင် လူ သုံးလေးဆယ်ခန့် ကုသရလေသည်။

ဝမ်ရှန်းသည် လူနာတစ်ယောက်လျှင် ကြေးဒင်္ဂါးပြား ငါးဆယ်သာ ယူသည်။ အခြားလူများသည် ဝမ်ရှန်းမှာ ချွေးဒီးဒီးကျအောင် နှိပ်နယ် ကုသပေးရာတွင် ကြေးဒင်္ဂါး ငါးဆယ်သာ ယူသဖြင့် အံ့သြကြသော်လည်း ဝမ်ရှန်း ကိုယ်တိုင်မှာ အလွန်အမင်း ပျော်ရွှင်နေသည်။

လူနာများက ၎င်းတို့၏ ကိုယ်ပိုင် ဝိညာဉ် စွမ်းအင်များဖြင့် တိုက်ခိုက်ပြစဉ် ချီဝမ်နဂါးသည် ဆက်တိုက် စုပ်ယူနေခဲ့သည်။ ဝမ်ရှန်းသည် တစ်နေကုန် အလုပ် လုပ်ရသော်လည်း နွမ်းနယ်ခြင်း မရှိပေ။

ထို့ပြင် သူရရှိလာသော တစ်နေ့တာ အကျိုးအမြတ်သည်လည်း ဆယ်ဆခန့်ပို၍ ကောင်းမွန် နေလေရာ အဘယ်မှာ မပျော်ဘဲ ရှိပါမည်နည်း။

အချို့သော လူနာများသည် ၎င်းတို့၏ အော်ရာများကို မထိန်းချုပ်နိုင်ဘဲ ဝမ်ရှန်းအား ပြင်းထန်စွာ တိုက်ခိုက်မိသည့် အခါမျိုးလည်း ရှိလေသည်။

ထိုသည်မှာ ဝမ်ရှန်းကို မနာကျင်စေသည့် အပြင် အချိန်ကြာ လာသည် နှင့်အမျှ သူ့ခန္ဓာကိုယ်သည် ပြင်ပအော်ရာ တိုက်ခိုက်မှုများကို ပို၍ ခံနိုင်ရည် ရှိလာသည်။

ဆိုရလျှင် လူနာများသည် ကြေးပြား ငါးဆယ်ပေး၍ ဝမ်ရှန်း ပျော်ရွှင်အောင် လုပ်ပေးနေကြခြင်း ဖြစ်နေလေသည်။

တစ်လအတွင်း ချီဝမ်နဂါးသည် ငါးဆခန့် ပို၍ ကြီးထွား လာလေပြီ။ ယခုအခါ အသေးဆုံးတောင်၏ တစ်ဝက်ကို တစ်ကိုက်တည်းဖြင့် ဝါးမျိုနိုင်တော့မည် အနေအထားပင်။

မကြာမီ အချိန်တွင်း၌ပင် ဝမ်ရှန်းသည် သူ၏ ချီဝမ်နဂါးမှာ အသေးဆုံးတောင် တစ်ခုလုံးကို ဝါးမျို နိုင်တော့မည်ဟု ယုံကြည်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset