အခန်း ၅၀
ဒုတိယအဆင့်ပြောင်းလဲခြင်းအတွက် လိုအပ်သော အခြေအနေများ
စုန့်မိသားစုသည် များစွာသော ကိစ္စများကို စီမံအလုပ်ရှုပ်နေစဉ် ဝမ်ရှန်းသည်လည်း မအားလပ်ပေ။
တစ်လကျော် ကြာအောင် လိုက်လံ ဖမ်းဆီး ခံခဲ့ရပြီးနောက် ဝမ်ရှန်း၏ တိုက်ပွဲ အတွေ့အကြုံမှာ များစွာ တိုးတက်လာသည်။
ချီဝမ်နဂါး၏ ဝါးမျို နိုင်စွမ်းမှာလည်း အတန်အသင့် ကောင်းမွန်လာကာ အကျိုးအမြတ် များစွာ ရရှိခဲ့သည်။
ပထမဆုံးသော တိုးတက်မှုမှာ ခန္ဓာကိုယ် အင်အားဖြစ်သည်။ ခန္ဓာကိုယ်ကို ဝိညာဉ် စွမ်းအင်များဖြင့် မည်မျှ အားဖြည့်စေကာမူ ခန္ဓာကိုယ် အင်အားကို တစ်နေ့တည်း တစ်ညတည်းဖြင့် တိုးမြှင့်၍ မရကြောင်း ဝမ်ရှန်း နားလည် သဘောပေါက်ခဲ့သည်။
ဆိုရလျှင် ကြွက်သားများ ကြီးထွားလာရန် အချိန်ယူရသည်။ ထိရောက်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ် အင်အားကို နှစ်ဆအထိ တိုးမြှင့် နိုင်သေးသည်။
ဤလအတွင်း ဝမ်ရှန်းသည် ပြေးခြင်း၊ ခုန်ခြင်း၊ တောင်တက်ခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပြီး ခန္ဓာကိုယ် ကြွက်သားများ ပိုမို ကြံ့ခိုင်လာသည်။
ယခုအခါ ဒိုက်ထိုးခြင်းကို နှစ်နာရီအထိ ချွေးတစ်စက်မှ မထွက်ဘဲ လုပ်နိုင်လေပြီ။ ရံဖန်ရံခါတွင် သူ၏ နောက်ကျောပေါ်၌ ရွှေဒင်္ဂါး သုံးထောင် ထည့်ထားသော ကျောပိုးအိတ်ကို တင်ကာ လက်တစ်ဖက်တည်းဖြင့် ဒိုက်ထိုးလေ့ ရှိသည်။
တဖြည်းဖြည်းဖြင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် ခန္ဓာကိုယ် အင်အား၊ ပျော့ပျောင်းမှု၊ တုံ့ပြန်နိုင်စွမ်း၊ ခန္ဓာကိုယ် စွမ်းရည်တို့ အတိုင်းမသိ တိုးပွားလာလေသည်။
ဤအတောအတွင်း ဝမ်ရှန်းအား အံ့သြစေခဲ့သည်မှာ သူ၏ အမြင်အာရုံ ဖြစ်သည်။
ချီဝမ်နဂါးအဖြစ် ပြောင်းလဲ သွားပြီးနောက် သူသည် ညဘက် အချိန်များတွင်ပါ မြင်နိုင်ပြီ ဖြစ်သည့်အပြင် အရောင်များကိုပါ ခွဲခြား နိုင်လာလေပြီ။
သူ၏ အရောင် ခွဲခြားနိုင်စွမ်းသည် ယခင်က သာမန်လူများနှင့် အတူတူပင် ဖြစ်သော်လည်း ယခုအခါ သာမန် လူများထက်ပို၍ အရောင်များကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်လာသည်။
တောတွင်းဒေသတွင် လူသတ်သမားနှင့် ရင်ဆိုင်ရစဉ်က ထိုလူသတ်သမားသည် ဝမ်ရှန်းကဲ့သို့ အစိမ်းပုပ်ရောင် ဝတ်ရုံကို ဝတ်ဆင်ကာ အစိမ်းရောင် ချုံနွယ်များ ကြားတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။
သာမန်လူများသာ ဆိုလျှင် ကျော်သွားကြမည် ဖြစ်သော်လည်း ဝမ်ရှန်းသည် အနည်းငယ်သော အရောင် ကွဲပြားမှုကိုပင် မြင်နိုင်ပြီဖြစ်ရာ ပတ်ဝန်းကျင်နှင့် လူသတ်သမား၏ အင်္ကျီအရောင် ခြားနားချက်ကို တစ်ချက်တည်းဖြင့် သတိပြုမိသွားသည်။
ဝမ်ရှန်း ကိုယ်တိုင်ကပင် ရုပ်ဖျက်ရာ၌ ကျွမ်းကျင်သူ တစ်ဉီးဖြစ်ပြီး သူ၏ သာလွန်ထူးကဲသော အမြင်အာရုံနှင့် ပေါင်းစပ် လိုက်သောအခါ ရန်သူမှ သူ့ကို ရှာမတွေ့သေးခင်မှာပင် ထောင်ချောက်များ တပ်ဆင်၍ ရန်သူကို အလွယ်တကူ သတ်ဖြတ် လိုက်နိုင်သည်။
နောင်အခါတွင်လည်း ဝမ်ရှန်းသည် သူ၏ ထူးကဲသော မျက်လုံးများကို အားကိုးကာ ကြိုတင် စီစဉ်နိုင်ခဲ့သည်။
ရန်သူများသည် ဝမ်ရှန်းနှင့် ဆယ်ပေခန့် အကွာကို ရောက်မှသာ အန္တရာယ်ကို သတိပြုမိ သွားကြသည်။
ထိုအခါမျိုးတွင် ဝမ်ရှန်းသည် သစ်ပင်ပေါ်တွင် ပုန်းအောင်းနေ၍ သစ်ပင် အောက်မှ ရန်သူကို အသာတကြည် အနိုင်ယူနိုင်ခဲ့သည်။ ထောင်ချောက်များဖြင့် လူပေါင်းများစွာကို သတ်ပစ်ခဲ့သော ဝမ်ရှန်းမှာ ကိုယ်တိုင်လည်း မသက်သာလှပေ။
များစွာသော လူသတ်သမားများသည် ဒုတိယအဆင့်နှင့် တတိယအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြလေရာ တောတွင်းထဲမှ သူ အသက်ရှင်လျက် ရှိနေနိုင်ခြင်းကပင် ဂုဏ်ယူစရာ ဖြစ်နေလေပြီ။
ဝမ်ရှန်းသည် အနီးကပ် တိုက်ခိုက်မှု များစွာကိုလည်း ကြုံတွေ့ခဲ့ ရသော်လည်း အရည်ကျည်ကာ အကာအကွယ် ရှိနေသဖြင့် သူသည် ဒဏ်ရာ အပြင်းအထန် မရခဲ့ပေ။
တိုက်ပွဲဝိညာဉ် နှင့်တကွ သူ၏ တိုက်ပွဲ အတွေ့အကြုံများကို အားကိုးကာ ရန်သူ၏ အားနည်းချက်ကို အချိန်မီ ရှာတွေ့ခဲ့သည်။
သို့သော် ခွန်အားပြင်း ရန်သူများနှင့် သူသေကိုယ်သေ တိုက်ခိုက်ရသည့် အချိန်များတွင် ဝမ်ရှန်းသည် ဒဏ်ရာများစွာ ရရှိသွားတတ်ပြီး ဉီးခေါင်းနှင့် မျက်နှာကို ဖုံးအုပ်ထား၍သာ မသေခြင်းဖြစ်သည်။
ရန်သူများ၏ လက်နက်များသည် အများအားဖြင့် ခန္ဓာကိုယ်ကို ဉီးတည် တိုက်ခိုက်ကြခြင်း ဖြစ်ကာ ကျည်ကာအင်္ကျီ ရှိနေ၍သာ ခံသာခြင်း ဖြစ်သည်။
သို့သော် အော်ရာ တိုက်ခိုက်မှုများမှာ ရှောင်လွှဲ၍ မရသဖြင့် အတွင်းဒဏ်ရာ များမှာလည်း သေချာပေါက် ရှောင်တိမ်း၍ မရပါချေ။
အတွင်းဒဏ်ရာများ၏ အဓိက ပြဿနာသည် ခန္ဓာကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို နှောင့်ယှက် ဖျက်ဆီးခြင်း ဖြစ်သည်။
ပြင်ပ အော်ရာများ၏ အဖျက်စွမ်းအင်ကြောင့်သာ မဟုတ်ပါက ဝမ်ရှန်း ခန္ဓာကိုယ်၏ အလိုလို ကုသနိုင်စွမ်းသည် ဒဏ်ရာ အသေးအဖွဲများကို လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာစေသည်။
အတွင်းဒဏ်ရာများ ရရှိသွားပြီးနောက် ဝမ်ရှန်းသည် သူ၏ ယွမ်ဝိညာဉ် ချီဝမ်၏ လုပ်ဆောင် နိုင်စွမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ ချီဝမ်သည် ခန္ဓာကိုယ်ကို တိုက်ခိုက် လာသည့် ပြင်ပ အော်ရာများကို ဝါးမျိုနိုင်စွမ်း ရှိခြင်းပင်။
ပထမဆုံးအကြိမ် ဒဏ်ရာ ရသွားစဉ်က ချီဝမ်နဂါးသည် ဝါးမျိုစရာ တစ်ခုခု တွေ့သွားသည့်နှယ် ပါးစပ်ကျယ်ကြီးကို ဖွင့်ကာ စုပ်ယူဝဲကတော့ တစ်ခု ထုတ်လွှတ်လိုက်ပြီး ပြင်ပအော်ရာများကို ယွမ်ဝိညာဉ် နယ်မြေထဲသို့ တိုက်ရိုက် ဝါးမျိုသွားလေသည်။
အကြိမ်ပေါင်းများစွာ တိုက်ခိုက် ခံခဲ့ရပြီးနောက် ချီဝမ်သည် ဝိညာဉ်စွမ်းအင်များ အားလုံးကို တစ်ခါတည်း ဝါးမျိုနိုင်ခြင်း မရှိတော့ဘဲ ဖြည်းဖြည်းချင်းသာ ဝါးမျိုနိုင်တော့သည်။
ဝမ်ရှန်းသည် သူ၏ ကိုယ်ပိုင်အော်ရာ ကာကွယ်ခြင်းနှင့် အရည်ကျည်ကာ၏ အစွမ်းသတ္တိကို ပေါင်းစပ် လိုက်သောအခါ ဒုတိယအဆင့် အထွတ်အထိပ် နှင့်အထက် ဝိညာဉ်သခင်များကို ရင်မဆိုင် ရသေးသရွေ့ ဒဏ်ရာများ ထပ်မံ မရအောင် ရှောင်ရှားနိုင်ခဲ့သည်။
ထိတ်လန့်ဖွယ် အကောင်းဆုံးမှာ သေလုမြောပါး ဖြစ်နေသော ဒုတိယအဆင့် အလယ်အလတ် ဝိညာဉ်သခင် တစ်ယောက်သည် သေခါနီး၌ ဝမ်ရှန်း၏ နှလုံးသားကို ဓားဖြင့် လျှပ်တစ်ပြက် ထိုးစိုက်ခဲ့ခြင်းဖြစ်သည်။
ကြီးမားသော ခွန်အားနှင့် ပြင်းအားကြောင့် ဝမ်ရှန်းသည် ချက်ချင်း သွေးအန် သွားလျက် ရန်သူ၏လည်မျိုကို ဓားဖြင့် ဖြတ်တောက်ကာ ပြင်းထန်သော ဒဏ်ရာများနှင့် ထွက်ပြေး လာခဲ့ရသည်။
သို့ရာတွင် တော်ဝင်ရတနာ စံအိမ်မှ လဲလှယ်ခဲ့သော ကုသရေး ဆေးပြားများ၏ အစွမ်းကြောင့် ဒဏ်ရာများသည် နှစ်ရက်အတွင်း ၈၀% ခန့် ပြန်လည် ကောင်းမွန် လာခဲ့သည်။
ဝမ်ရှန်းသည် မူလက ယွမ်ဝိညာဉ် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူး များသည် ဤမျှ များပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အမြင်အာရုံနှင့် ခန္ဓာကိုယ် အင်အားအပြင် ကုသနိုင်စွမ်းမှာလည်း အံ့မခန်း တိုးတက် လာလေသည်။
ဝမ်ရှန်းသည် အကျိုးကျေးဇူး များကို ရှာတွေ့လေလေ နောက်ထပ် ပြောင်းလဲမှုများကို မျှော်လင့်လေလေ ဖြစ်သည်။
ငါးကြင်း ဝိညာဉ်သည် ချီဝမ်နဂါးအဖြစ် ပြောင်းလဲ သွားခြင်းမှာ နဂါးဂိတ်ကို ခုန်ကျော်ခဲ့သောကြောင့် ဖြစ်သည်။
ယခုအခါ ဝမ်ရှန်းသည် ချီဝမ်နဂါးကို ထပ်မံ အဆင့်မြင့်ရန် မည်သို့ လုပ်ဆောင်ရမည်ကို မသိသေးချေ။ သို့သော် ချီဝမ်နဂါးသည် ရန်သူများ၏ ပြင်ပအော်ရာများကို အဆက်မပြတ် ဝါးမျိုပြီးနောက် တိမ်တိုက် လမ်းကြောင်းပေါ်တွင် အဆင့်မြင့် ရန်အတွက် လိုအပ်သော အခြေအနေများ ပေါ်ထွက်လာလေသည်။
ဝမ်ရှန်းအား အံ့သြသွားစေသည်မှာ ယွမ်ဝိညာဉ် နယ်မြေထဲတွင် တောင်သုံးလုံး ပေါ်ထွက်လာခြင်းပင်။ တစ်လုံးသည် အလွန်ကြီးမားပြီး ဒုတိယမြောက် တောင်သည် အတန်ငယ်သာ ကြီးမား၍ နောက်ဆုံးသော တောင်သည် အသေးဆုံးဖြစ်သည်။
ဤတောင်များ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ယွမ်ဝိညာဉ် ချီဝမ်နဂါးသည် အလွန် စိတ်လှုပ်ရှား သွားပုံရကာ ပါးစပ်ကို ဖွင့်လျက် အသေးငယ်ဆုံးသော တောင်ကို စတင် ဝါးမျိုလေသည်။
မျှော်လင့်ထားသည့် အတိုင်းပင် တောင်၏ ထောင့်စွန်းလေးကိုသာ ဝါးမျိုနိုင်ပြီး ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေသည်။ ဝိညာဉ်စွမ်းအင်များ စုပ်ယူနိုင်လေလေ ပါးစပ်ကျယ် လာလေလေဖြစ်သည်။
ထိုချီဝမ်နဂါးသည် အကြီးဆုံး တောင်ကို တစ်ကိုက်တည်းဖြင့်သာ ဝါးမျိုနိုင်ပါက ဒုတိယအဆင့်ကို တက်လှမ်း နိုင်တော့မည် ဖြစ်ကြောင်း ဝမ်ရှန်း ချက်ချင်း မှန်းဆလိုက်နိုင်သည်။
ဝမ်ရှန်းသည် ဤအဖြစ်အပျက်ကြောင့် စိတ်လှုပ်ရှားမှုများ တစ်ဖန် ပြန်လည် ဝင်ရောက်လာသည်။
ယခုအချိန်တွင် သူ၏ ချီဝမ်နဂါးသည် အသေးငယ်ဆုံးသော တောင်ကိုပင် မဝါးမျို နိုင်သေးသော်လည်း တစ်နေ့တွင် အကြီးဆုံး တောင်ကို သေချာပေါက် ဝါးမျိုနိုင်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
သူသည် တောတွင်းထဲ၌ တစ်လကျော် တိုက်ခိုက်ခဲ့ပြီးနောက် အရည်အသွေး ဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည်။ အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်လိုက်စဉ်က ကဲ့သို့ပင် သူသည် များစွာ တိုးတက် လာသည်။
လိုက်လံ ဖမ်းဆီးမှုများ နှေးကွေးသွားသည့် အချိန် ဝမ်ရှန်းသည် တောထဲ၌ နှစ်ရက်ခန့်မျှ အနားယူ ကျင့်ကြံနေခဲ့သည်။ ထို့နောက် မိုင်တစ်ရာကျော် ကျယ်ဝန်းသော တောထဲမှ ထွက်ကာ လူအုပ်ထဲသို့ တစ်ဖန် ဝင်ရောက် လာခဲ့သည်။
***