အခန်း ၄၉
ဘယ်သူ သတ်နိုင်မှာလဲ
အဘိုးအို၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် တတိယ အကြီးအကဲ နှင့်တကွ လူငယ်သည် ကိုယ့်နားကိုယ်ပင် မယုံနိုင်ချေ။ အဘိုးလီသည် ရှန်းဝေထောင်၏ ထိပ်သီး လူသတ်သမား တစ်ယောက်ဖြစ်ကာ သူ့ဘဝတွင် လူပေါင်းမည်မျှ သတ်ခဲ့ပြီးပြီဟုပင် မသိနိုင်ပေ။ သို့သော် ယခု လူရိုင်းတစ်ယောက်ကို မသတ်နိုင်ပါဟု ဆိုလာလေသည်။
“မင်းတို့ မယုံဘူးလား”
အဘိုးလီသည် တစ်ချက် ပြုံးလိုက်ကာ-
“သူ့ရဲ့ လူသတ်နည်းလမ်းတွေကို ကြည့်လေ၊ ကြိုးနဲ့ ဆွဲခံရတဲ့ တစ်ယောက်က လွဲရင် ကျန်တဲ့လူတွေကို အသာလေး သတ်သွားတယ်၊ လမ်းသွားရင်း ပေါ့ပေါ့ပါးပါး ဆင်ခဲ့တဲ့ ထောင်ချောက်တွေပဲ၊ မျက်နှာချင်းဆိုင် ဆိုရင်တော့လား၊ ဒီအဘိုးကြီးက ကြွားတာ မဟုတ်ပေမယ့် ဆယ်ယောက်တစ်ယောက် ဆိုရင်တောင် မကြောက်ဘူး”
“ရှောင်လုဇီဆိုလည်း မျက်နှာချင်းဆိုင်သာ ရင်ဆိုင်ရမယ်ဆို အဲ့ကောင်ကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်”
အဘိုးလီသည် လူငယ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။ ရှောင်လုဇီသည် အဘိုးအို၏ စကားကြောင့် ပြုံးရွှင်သွားကာ ခေါင်းကို မော့ထားသည်။
“ဒါပေမဲ့ ရန်သူက မျက်နှာချင်းဆိုင် ခွင့်ပေးမှာ မဟုတ်ဘူး၊ မင်းက ရန်သူထက် ဆယ်ဆပိုပြီး ခွန်အားကြီး နေရင်တောင် သူ့ကို မမြင်ရမှတော့ ဘယ်လို သွားသတ်မှာလဲ၊ မင်းမှာ အဝေးကနေ သတ်ပစ်နိုင်တဲ့ နည်းလမ်းလည်း မရှိဘူးလေ”
“ခုနက အလောင်းတွေပေါ်မှာ မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ကောင်းမွန်ပေမယ့် မတွေ့လိုက်တဲ့ အဓိက အချက်ရှိတယ်”
“ဘာများလဲ အဘိုးလီ”
လူငယ်နှင့် တတိယ အကြီးအကဲသည် အနည်းငယ် တွေဝေသွားပြီး အဘိုးလီ၏ ရှင်းပြချက်ကို စောင့်ဆိုင်း နေကြသည်။
“အခု သေသွားတဲ့ လူတွေအားလုံးက ဝိညာဉ်သခင်တွေပဲ၊ ဝိညာဉ်စွမ်းအင် အကာအကွယ် ရှိတဲ့ ဝိညာဉ်သခင် တစ်ယောက်က သာမန်သစ်ကိုင်းလေး တစ်ခုကြောင့် သေနိုင်ပါ့မလား”
များစွာသော အလောင်းများတွင် ဝမ်ရှန်းကိုယ်တိုင် သတ်ပစ် လိုက်သူများနှင့် မိစ္ဆာ သားရဲများကြောင့် သေဆုံးသွားသူများမှ လွဲ၍ အခြားသူများသည် သာမန် ရိုးရှင်းသော ထောင်ချောက်များကြောင့် အသတ်ခံရခြင်း ဖြစ်လေရာ အဘိုးလီ၏ စကားမှာ သဘာဝ ကျလေသည်။
“ထောင်ချောက် တစ်ခုချင်းစီတိုင်းက ချိတ်ဆက် ထားတာပဲ၊ ပထမဆုံး တစ်ခုက မင်းရဲ့ ဟန်ချက်ကို ပျက်သွားစေမယ်၊ ဟန်ချက် ပျက်သွားတာနဲ့ လဲကျတာ ပြုတ်ကျတာမျိုး ဖြစ်သွားမယ်၊ ဒါပေမယ့် ဝိညာဉ်စွမ်းအင် အကာအကွယ် ရှိနေတဲ့အတွက် ဒဏ်ရာရမှာ မဟုတ်ဘူး”
“ဒါပေမဲ့ ပထမ တစ်ကြိမ်မှာ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို နှောင့်ယှက်သလို ဖြစ်သွားတဲ့အတွက် ဒုတိယ မြောက်ထောင်ချောက်နဲ့ တွေ့တော့ ဝိညာဉ်စွမ်းအင် အကာအရံက အလုံအလောက် မရှိသေးဘူး၊ အဲ့အချိန်မှာ မင်းဟာ သာမန်လူ တစ်ယောက်နဲ့ မခြားတော့ဘူး၊ ဒါကြောင့်လည်း ထောင်ချောက် အသေးလေးတွေက သေစေနိုင်တဲ့ ထောင်ချောက်တွေအဖြစ် ပြောင်းလဲ သွားတာပဲ”
“သစ်ကိုင်းနဲ့ ငြိမိသွားတဲ့ တစ်ယောက်ရဲ့ နောက်ကျောနဲ့ လည်ပင်းကို အနီးကပ် ကြည့်မယ်ဆိုရင် အစင်းကြောင်းတွေ တွေ့လိမ့်မယ်၊ ဆိုလိုတာက ဒီလူဟာ လမ်းမှာ ထောင်ချောက်တွေနဲ့ ကြုံခဲ့ရပြီးပြီ၊ အဲ့တော့ သူ့ ဝိညာဉ်စွမ်းအင် အကာအကွယ် ကလည်း အားနည်းနေပြီ၊ ဒါကြောင့်လည်း သစ်ကိုင်း ထောင်ချောက်နဲ့ တွေ့တဲ့အခါ တစ်ခါတည်း သေသွားတာ”
“မြွေတွင်းထဲကို ပြုတ်ကျသွားတဲ့ တစ်ယောက်ကို ကြည့်လိုက်၊ သူ့မျက်ခွံရဲ့ အောက်နားမှာ မီးခိုးရောင် သန်းနေတယ်၊ ဒါက ဘာကို ပြောတာလဲ ဆိုတော့ သူက အရင်ဆုံး မျက်လုံး ကန်းသွားတယ် ပြင်းထန်တဲ့ နာကျင်မှုက ဝိညာဉ်စွမ်းအင် တွေကို ဆုံးရှုံး သွားစေတယ်”
“အကျဉ်းချုပ်ရရင် ဒီလူတွေက သူတို့ရဲ့ ဝိညာဉ်စွမ်းအင် အကာအကွယ်ကို အရင်ဆုံး ဆုံးရှုံး လိုက်ရပြီးမှ နောက်ဆုံးမှာ အလွယ်တကူ အသတ်ခံ လိုက်ရတာပဲ”
“ဒီလူတွေက သေတွင်းထဲကို တမင် တိုးဝင်နေကြတာပဲ၊ သူတို့ သေရတာ အားလုံး အချည်းနှီးပဲ ဖြစ်သွားလိမ့်မယ်၊ လူသတ်သမားဟာ သိုက်စီရိကို သတ်သလို အဝေးကနေ လှမ်းသတ်လို့ ရတဲ့ ခွန်အားပြင်း လက်နက်ကို မသုံးရင်တောင် သူ့ရဲ့ ထောင်ချောက်တွေက ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုပါ သတ်ပစ်နိုင်တယ်”
“သာမန် လူတွေက ဒီလို အကြောင်းအရာတွေ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး၊ ဒီအဘိုးကြီးက ကံကောင်းလို့ လူသတ်သမား ဘဝမှာ အချိန်အတော်ကြာ ရှင်သန်ခဲ့လို့သာ ရန်သူရဲ့ နည်းလမ်းတွေကို ဖော်ထုတ်နိုင်တာ”
ထို့နောက်တွင် အဘိုးလီသည် မောသွားဟန်ဖြင့် ထိုင်ခုံတွင် ပြန်ထိုင်နေကာ လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်သုံးနေသည်။
“မင်းက မြွေပွေးကို တုတ်နဲ့ သွားထိုးနေတာပဲ”
အဘိုးလီသည် မှိိုင်တွေနေသော တတိယအကြီးအကဲကို ကြည့်ကာ ဆိုသည်။
“ငါ ပြောတာ နားထောင်ပါ မင်းမှာ သူနဲ့ အမုန်းတရား မရှိဘူးဆိုရင် သူ့နောက်ကို ဆက်မလိုက်နဲ့တော့”
“အဘိုးလီ၊ အဘိုးလီက ရှန်းဝေထောင်ရဲ့ ဒုတိယ အဆင့် လူသတ်သမားပဲ သူ့ကို မသတ်နိုင်တော့ဘူးလား”
“လူသတ်သမားတွေလည်း လူပဲကွ၊ ဘယ်သူ့ အသက်က တန်ဖိုးမဲ့လို့လဲ၊ ငါတို့က ငါတို့အသက်နဲ့ လောင်းကြေးထပ်ပြီး လူသတ်ရတာ မသတ်နိုင်တဲ့လူကို မသတ်တာ အကောင်းဆုံးပဲ”
အဘိုးလီ၏ စကားကြောင့် တတိယအကြီးအကဲ စိတ်ဓာတ်ကျစွာ သက်ပြင်းချသည်။ ရှန်းဝေထောင်၏ ဒုတိယအဆင့် လူသတ်သမားက လူရိုင်း တစ်ယောက်ကို မသတ်ရဲဟု ဆိုခြင်းမှာ အနည်းငယ် ရယ်မောဖွယ် ဖြစ်နေလေသည်။
“ဒါပေမဲ့ အဲ့ကောင်လေးကို သတ်ဖို့ ငါပြန်စဉ်းစားပေးမယ် တစ်ခုရှိတာက စျေးကို နှစ်ဆပေးရမယ်”
“စိတ်မပူပါနဲ့ အဘိုးလီ၊ စျေးက အရေးမကြီးပါဘူး ခဏနေရင် ရှန်းဝေထောင်ကို ငွေပို့ဖို့ ဘဏ္ဍာထိန်းကို လွှတ်လိုက်ပါ့မယ်”
“ဟူး ”
အဘိုးလီသည် စိတ်မောဟန်ဖြင့် သက်ပြင်း ချလိုက်ကာ –
“ဒီလို မှော်လက်နက်နဲ့ အဆင့်မြင့် ထောင်ချောက်တွေ၊ အဲ့ကောင်လေးက မိသားစုကြီး တစ်ခုခုကများ ဖြစ်နေမလား၊ ငါတို့တော့ မီးစကို သွားထိသလို ဖြစ်နေမလား”
အဘိုးလီ၏ စကားကြောင့် တတိယ အကြီးအကဲ မှင်သက်သွားသည်။ ယခင်က မတွေးခဲ့ဖူးသော အတွေးများ စိတ်ထဲသို့ ရုတ်တရက် တိုးဝင်လာသည်။
စုန့်မိသားစုသည် မိသားစု စစ်ဆေးပွဲ၌ တစ်စုံတစ်ခု မူမမှန်ကြောင်း သတိထားခဲ့မိသည်။ အဆိပ်တစ်ထောင် မြွေဟောက်၏ ဉီးခေါင်းကို ဖောက်ထွင်း ထားသော လက်နက်သည် သိုက်စီရိ၏ ဉီးခေါင်းကို ဖောက်သွားသည့် လက်နက်နှင့် အတူတူပင် ဖြစ်သည်။ ထို့ပြင် စုန့်ရှုနှင့် အဖော် လေးယောက်မှာလည်း စုန့်အိမ်သို့ ပြန်မရောက် လာခဲ့ကြပေ။
“မဟုတ်မှလွဲရော အဲ့လူရိုင်းက လျှို့ဝှက်မိသားစုကြီး တစ်ခုခုကများလား”
အကြောင်းအရာများ အားလုံးကို ဆက်စပ်၍ စဉ်းစား လိုက်သောအခါ ဝမ်ရှန်းသည် လျှို့ဝှက်အင်အားကြီး မိသားစုတစ်ခုမှ ဖြစ်နိုင်လေသည်။
“စုန့်ရန်က ဒီအကြောင်းတွေကို သိထားပြီးသားပဲနေမှာ ဒါကြောင့်လည်း သူ့ရဲ့ စေ့စပ်ထားသူအဖြစ် မိတ်ဆက် ပေးခဲ့တာပေါ့ ”
“ဝမ်ရှန်းမှာ နောက်ခံအင်အား အကြီးကြီး ရှိနေလို့ စုန့်ရန်က သူ့ကို လက်ထပ်ဖို့ စဉ်းစားထားတာပဲ ဟမ့် ”
တတိယ အကြီးအကဲမှာ ရုတ်တရက် ရယ်မော ချင်လာသည်။ စုန့်ရန်ထက် အသက် သုံးဆခန့် ကြီးသော သူတို့သည် အသက် ၁၈ နှစ် မိန်းမငယ်လေး လောက်ပင် ဉာဏ်မပြေးကြချေ။
စုန့်ရန်သည် ဝမ်ရှန်း၏ နောက်ခံ အင်အားကို သိထား၍သာ လူရိုင်းတစ်ယောက်ကို စေ့စပ်သူအဖြစ် ကြေညာခဲ့ခြင်းသာ ဖြစ်ပေသည်။
တတိယ အကြီးအကဲသည် ရုတ်တရက် ပေါ်ထွက်လာသော အတွေးများကြောင့် နှလုံးသား တစ်ခုလုံး နောင်တများ ပြည့်နှက်လာသည်။
“စုန့်မိသားစုကတော့ ဒုက္ခ ရောက်ပြီ ထင်တယ်၊ ဝမ်ရှန်း တစ်ယောက်တည်း ကတောင် သိုက်စီရိကို သုံးလေးမိုင် အဝေးကနေ သတ်ပစ်နိုင်တာ၊ သူ့မိသားစုပါ ပါလာရင် ဘယ်လို လုပ်ရမလဲ”
အဆုံးတွင် တတိယ အကြီးအကဲသည် သက်ပြင်း ရှည်ကြီးကို ချကာ ဆုံးဖြတ်ချက် ချလိုက်သည်။
“အဘိုးလီ ပြောတာတွေက အမှန်ပါပဲ၊ အဘိုးလီရဲ့ ဉာဏ်ပညာက ဝူရုံမြို့က လူတွေနဲ့ နှိုင်းယှဉ်လို့တောင် မရပါဘူး၊ ကျုပ်မှာ တိုင်ပင်စရာလေး ရှိလို့ ခွင့်ပြုပါဉီး”
ထို့နောက် တတိယ အကြီးအကဲသည် အဘိုးလီနှင့် ရှောင်လုဇီကို နှုတ်ဆက်ကာ အခြား အကြီးအကဲများနှင့် တိုင်ပင်နေလေသည်။
“ရှောင်လုဇီ၊ မှတ်ထား ”
အဘိုးလီသည် နံဘေးမှ ရှောင်လုဇီကို ကြည့်ကာ ပြုံးလိုက်ပြီး –
“ရှန်းဝေထောင်က ဝူရုံမြို့ထက် ဘာလို့ နာမည် ပိုကြီးလဲဆိုတော့ ငါတို့ ရှန်းဝေထောင်က လူသတ်သမားတွေဟာ ဘယ်သူ့ကို သတ်နိုင်လဲ၊ ဘယ်သူ့ကိုတော့ မသတ်နိုင်ဘူးလဲ ဆိုတာ ကောင်းကောင်း သိလို့ပဲ”
***