အခန်း ၄၈
ငါလည်း မလုပ်နိုင်ဘူး
ရှန်းလင်မြို့ အရှေ့ပိုင်းနှင့် မိုင်ပေါင်း ရာချီဝေးကွာသော တောင်တန်း ဒေသသည် သာမန်လူများ ဝင်ရောက်နိုင်သော နေရာမဟုတ်ပေ။ ၎င်းသည် အမျိုးမျိုးသော ခွန်အားပြင်း မိစ္ဆာများ နေထိုင်ရာ နေရာများ ဖြစ်ကြပြီး ဝေးလံခေါင်သီသော တားမြစ်နယ်မြေများ ဖြစ်ကြသည်။
သိုက်မိသားစုနှင့် စုန့်မိသားစုသည် တားမြစ် နယ်မြေတွင် တစ်လခန့် ကြာအောင် တိုက်ခိုက် နေခဲ့ကြပြီး နှစ်ဉီးနှစ်ဖက်လုံး လူပေါင်းရာချီ ဆုံးရှုံးသွားသည်။
အစောင့် ၂၀ ခန့်၏ အလောင်းတို့ကို သိုက်အိမ်သို့ ပြန်လည် ယူဆောင်သွားပြီး ကျန်သော အလောင်းများအား တောတွင်း၌သာ မြှုပ်နှံလိုက်ကြသည်။ စုန့်မိသားစု အစောင့်များလည်း ဝမ်ရှန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။
ဝမ်ရှန်း တစ်ယောက်တည်းကပင် တောင်တန်း ဒေသထဲ၌ သိုက်မိသားစု အစောင့် ၃၀ ကျော်ကို သတ်ခဲ့ပြီး အနိမ့်ဆုံးမှာ ပထမအဆင့် အထွတ်အထိပ် ဖြစ်သည်။ အခြားသော ရန်သူများမှာ အများအားဖြင့် ဒုတိယအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြသည်။
သို့သော် တောင်တန်း ဒေသထဲတွင် စုန့်မိသားစုနှင့် သိုက်မိသားစုမှ လူများသာမက မြင့်မားသော ဆုကြေးငွေ အတွက် ရောက်လာကြသော လူသတ်သမားများလည်း ပါဝင်သည်။ အများစုမှာ ဝူရုံမြို့မှ လူသတ်သမားများ ဖြစ်ကြပြီး နောက်တစ်ဖွဲ့မှာ ရှန်းဝေထောင်မှ လူသတ်အဖွဲ့အစည်း ဖြစ်သည်။
ဝူရုံမြို့မှ လူသတ်သမားသည် ကြေးစားများသာ ဖြစ်ကြပြီး ပြီးပြည့်စုံသော လူသတ်သမား မဟုတ်ကြချေ။ ငွေသာ ရပါက ဘာမဆို လုပ်ကြသူများ ဖြစ်သည်။
သို့သော် ရှန်းဝေထောင်မှ လူသတ်သမားများသည် လူသတ်သမား စစ်စစ်များ ဖြစ်ကြပြီး လူသတ်ခြင်းမှလွဲ၍ အခြား ကိစ္စများကို စိတ်မဝင်စားကြချေ။ ထို့ကြောင့်လည်း ရှန်းဝေထောင်မှ လူသတ်သမားများသည် ဝူရုံမြို့မှ လူသတ်သမားများထက် ပို၍ ရေပန်းစားပြီး စျေးနှုန်းလည်း ပို၍ မြင့်မားကြသည်။
သိုက်မိသားစု သာမက စုန့်မိသားစုသည်လည်း အထင်လွဲခံရခြင်းမှ ကင်းလွတ် စေရန်အတွက် လူသတ်သမားများကို ဆုလာဘ်များ ချီးမြှင့်ကာ ဝမ်ရှန်းကို ဖမ်းဆီးစေခဲ့သည်။
တစ်လ ကြာပြီးနောက် တောတွင်း ဒေသထဲတွင် မိသားစု အစောင့်များ မရှိတော့ဘဲ ဝူရုံမြို့နှင့် ရှန်းဝေထောင်မှ လူသတ်သမားများသာ ကျန်ရစ်ခဲ့တော့သည်။
သိုက်စီရိ၏ အလောင်းနှင့် ပိုင်ရှီး၊ တုဟွာတို့၏ အလောင်းများကို သိုက်မိသားစုထံ စစ်ဆေးရန် ပြန်သယ် သွားကြသည်။ ထိုမျှမက ဝမ်ရှန်း၏ မြေမြှုပ်မိုင်းများကြောင့် သေဆုံးသွားခဲ့သော သိုက်မိသားစု အစောင့်များကိုလည်း ပြန်လည် သယ်ဆောင် သွားကြလေသည်။
၎င်းတို့ မည်သို့ သေဆုံးသွားကြောင်း အဖြေရှာရန် ဖြစ်၏။
ကျန်ရှိနေသော အလောင်းများကို စုန့်မိသားစုမှ ပြန်လည် သယ်ဆောင် သွားကြကာ လင်းလုံခန်းမမှ အလောင်း စစ်ဆေးသည့် သခင်များကို ခေါ်၍ ထူးဆန်းသော ဒဏ်ရာများကို ခွဲခြမ်းစိတ်ဖြာစေသည်။
ထိုမျှမက ရှန်းဝေထောင်မှ ကျွမ်းကျင် လူသတ်သမားများကိုပင် ဖိတ်ကြားကာ သေဆုံးရခြင်း အကြောင်းရင်းကို ရှာဖွေစေသည်။
“ငါ မလုပ်နိုင်ဘူး”
သိုက်မိသားစုမှ ဖိတ်ကြားထားသော သခင်သည် စိန်ပုံစံ ပါးလှ၍ ချွန်မြနေသော ဓားသွားကို ကိုင်ကာ ခေါင်းခါနေသည်။
“အရမ်းပါးပြီး ချွန်မြတယ်၊ ဘယ်လိုများ လုပ်ထားတာလဲ”
“ဘယ်လို လူမျိုးကများ ဒီလိုလက်နက်ကို လုပ်တာပါလိမ့်၊ ဒီလက်နက်က လင်းလုံ ခန်းမရဲ့ ထိပ်တန်း အဆင့် သံနက်နဲ့ တန်းတူ မာကျောတယ်၊ ဒါပေမဲ့ လင်းလုံခန်းမက သံနက်ကို ဒီလောက်ထိ ချွန်ပြီး ပါးနေအောင် မလုပ်နိုင်သေးဘူး”
“ဒီနှစ်ယောက်က ဝူရုံမြို့က လူသတ်သမားတွေ ဖြစ်လိမ့်မယ်”
ဝူရုံမြို့မှ ငှားရမ်းထားသော အဆင့် ၈ လူသတ်သမားသည် ပိုင်ရှီးနှင့် တုဟွာ၏ အလောင်းများကို စစ်ဆေးကာ အတည်ပြုသည်။
“သူတို့မှာ သိုက်သခင်ကို သတ်နိုင်တဲ့ အရည်အချင်းမျိုး မရှိဘူး”
အဆင့် ၈ လူသတ်သမားသည် ပိုင်ရှီးနှင့် တုဟွာ၏ လူသတ် သတ္တုပြားများကို ကြည့်ကာ ထပ်မံ အတည်ပြု ပေးလိုက်သည်။
“တကယ်ပဲ အဲ့ကောင် သတ်သွားတာ ဖြစ်နိုင်တယ်”
သိုက်မိသားစုမှ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အတိုင်း ဝူရုံမြို့မှ အဆင့် ၈ လူသတ်သမားသည်လည်း တရားခံမှာ ဝမ်ရှန်း ဖြစ်သည်ဟု ပြောဆိုလာလေသည်။
သို့သော် လူတိုင်း နားမလည်သည်မှာ ဝမ်ရှန်း သတ်လိုက်သည့် နည်းလမ်း ဖြစ်သည်။ သုံးမိုင်ခန့် အဝေးမှနေ၍ ဉီးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားစေရန် မည်သည့် လက်နက်များကို အသုံးပြုခဲ့ပါသနည်း။
သိုက်မိသားစုနှင့် တူညီစွာပင် စုန့်မိသားစုသည်လည်း အလောင်းများကို စစ်ဆေးနေသည်။
သို့သော် သူတို့သည် တောင်တန်း ဒေသထဲ၌ ဝမ်ရှန်း လက်ချက်ဖြင့် သေဆုံးသွားခဲ့သော စုန့်မိသားစုဝင်များကို စစ်ဆေးနေခြင်း ဖြစ်သည်။ စုန့်မိသားစုမှ ဖိတ်ကြားထားသော လင်းလုံခန်းမ၏ အလောင်း စစ်ဆေးမည့် သခင်သည် မရောက်လာ သေးသော်လည်း ရှန်းဝေထောင်မှ အဘိုးအို တစ်ယောက်နှင့် လူငယ်တစ်ယောက် ရောက်ရှိလာသည်။
အဘိုးအိုသည် သေလုမြောပါး ဖြစ်နေသည့်အလား တစ်ကြိမ် လမ်းလျှောက်လိုက်တိုင်း တစ်ကိုယ်လုံး တုန်ယင်နေပြီး အချိန်မရွေး လဲကျသွားတော့မည့် ဟန်ပင်။ လူငယ်လေးမှာမူ အိမ်ပြင်သို့ မထွက်ဖူးသည့်အလား မိန်းကလေး တစ်ယောက်ကို မြင်သည်နှင့် ရှက်ရွံ့နေသည်။
ဤလူနှစ်ယောက်သည် တစ်ချက် ကြည့်ရုံဖြင့် ပုံမလာသော်လည်း စုန့်မိသားစုသည် မလေးမခန့် မလုပ်ရဲဘဲ အရေးတယူ ဆက်ဆံ နေလေသည်။ တစ်စုံတစ်ရာ အဆင်မပြေ ဖြစ်သွားပါက တစ်ညတည်းဖြင့် ခေါင်းပြတ် သွားနိုင်လေသည်။
ရှန်းဝေထောင်သည် ထိပ်သီး လူသတ်သမား အဖွဲ့ဖြစ်ကာ မည်သူကမှ ကျားနှုတ်ခမ်းမွေးကို ဆွဲမနုတ်လိုကြပေ။
စုန့်မိသားစု၏ တတိယ အကြီးအကဲ အဘိုးအိုနှင့် လူငယ်ကို ဖော်ရွေစွာ ဆက်ဆံလျက် အလောင်းများထံ ခေါ်ဆောင်သွားသည်။ လူငယ်သည် မြောက်မြားစွာသော အလောင်းများကို စိတ်ဝင်စားစွာ လေ့လာနေပြီး အဘိုးအိုမှာမူ တိတ်တဆိတ် ငြိမ်သက်စွာ ထိုင်နေပြီး မျက်လုံးများကိုသာ အလုပ်ပေးထားသည်။
“အံ့သြဖို့ ကောင်းလိုက်တာ”
လူငယ်သည် အလောင်းပေါ်မှ ဒဏ်ရာများကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။
“သစ်ကိုင်းနဲ့ ဓားတစ်ချောင်းကို သုံးပြီး သေကွင်းသေကွက် ကို တိုက်ခိုက်ထားတယ်”
လူငယ်သည် ဒုတိယမြောက် အလောင်း၏ ခြေထောက်မှ သွေးပေါက်ကြီးကို ကြည့်ကာ ခေါင်းကို တဆတ်ဆတ် ညိတ်သည်။
“ခြေထောက်အောက်မှာ ပစ္စည်းသေးသေး တစ်ခုကို ထားတယ်၊ ခြေချော်ပြီး လဲကျသွားရင် သစ်ပင်ရဲ့ ပင်စည်နဲ့ ဝမ်းဗိုက်ကို အလိုအလျောက် ထိုးမိသွားတယ်၊ အစီအစဉ် ကောင်းပဲ”
“ဒီတစ်ယောက်ကတော့ ရှေ့မှာ ရုတ်တရက် ထွက်လာတဲ့ သစ်ကိုင်းကို ရှောင်ရင်း မြွေတွင်းထဲ ကျသွားတာပဲ”
“တော်တော် ကံမကောင်းတာပဲ”
“ဒီတစ်ယောက်က လည်ပင်းကို နောက်ကနေ ဓားနဲ့ ဖြတ်ခံထားရတာ”
ဒီတစ်ယောက်က ရေထဲပြုတ်ကျပြီး နစ်သေတယ်၊ ခြေချင်းဝတ်မှာ ဒဏ်ရာရှိတယ် ဆိုတော့ တစ်ယောက်ယောက်က ရေထဲ ဆွဲချသွားတာပဲ”
အလောင်း တစ်ခုချင်းစီ၏ မတူညီသော သေဆုံးပုံ နည်းလမ်းများကြောင့် လူငယ်၏ မျက်လုံးများ အရောင်တောက် လာသည်။
“ဒီတစ်ယောက်ကတော့ ကြိုးနဲ့ လည်ပင်းကို ချိတ်ခံလိုက်ရတာ”
လူငယ်သည် နောက်ဆုံး အလောင်းကို ကြည့်ကာ မှတ်ချက်ချသည်။
“ဒီကြိုးက တကယ့် ရတနာပဲ” ထိုင်ခုံထက်မှ အဘိုးအိုသည် ရုတ်တရက် ဝင်ရောက် ပြောဆိုလာသည်။
“ကြိုးက သိပ်ကို ပါးပေမယ့် လူတစ်ယောက်ကို အပေါ်ကနေ ချိတ်ဆွဲ ထားနိုင်တယ်၊ သာမန် ရတနာတော့ မဟုတ်ဘူး သတ်တဲ့ လူကလည်း တကယ့် လူသတ်သမားကောင်း တစ်ယောက်ပဲ သူ့ရဲ့ လှည့်ကွက်တွေကို သိနေရင်တောင် အသက်ရှင်ဖို့ မလွယ်ဘူး”
နံဘေးမှ နားထောင် နေသော တတိယ အကြီးအကဲသည် အဘိုးအို၏ စကားကြောင့် ထိတ်လန့် အံ့သြလာသည်။
ဝမ်ရှန်းကဲ့သို့ အဆင့်သုည ယွမ်ဝိညာဉ် ပိုင်ရှင်သည် လူသတ်သမားကောင်း တစ်ယောက် ဖြစ်နေလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။
“ဆရာ သူ့ကို ဖမ်းနိုင်လား”
လူငယ်သည် နံဘေးတွင် ရပ်ကာ နားထောင်နေရင်းဖြင့် ရုတ်တရက် မေးမြန်းလာသည်။
“ငါလား” အဘိုးအိုသည် တန်းစီနေသော အလောင်းများကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားနေသည်။
“အဘိုးလီသာ ကိုယ်တိုင် ရှေ့ထွက်ရင် အဲ့ကောင်ကို သေချာပေါက် မိမှာပါ” တတိယ အကြီးအကဲမှ မြှောက်ပင့်၍ ပြောဆို လိုက်သည်။
“ငါ မလုပ်နိုင်ဘူး”
အဘိုးအို သက်ပြင်းချ ကာဆိုသည်။
***