Chapter – 33 မာနကြီးခြင်းမှ နှိမ့်ချခြင်းသို့ ( ၁ )
ရှောင်ယွဲ့အာ၏ ပေါ်ထွက်လာမှုက လူအားလုံးကို အံ့အားသင့် မှင်သက်သွားစေသည်။
လက်ရှိကစားသမားအားလုံးသည် ရှောင်ယွဲ့အာက မည်သူဖြစ်သည်ကို သိကြသည့်အပြင် သူမက နတ်ဘုရားမ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ရှောင်ယွဲ့အာ၏ လှပမှုနှင့် ကျော့ရှင်းမှုတို့ကြောင့် သူမက လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်၏။
သို့သော်လည်း ဤကဲ့သို့ အလှပဂေးလေးက ခပ်ညံ့ညံ့ကစားသမားတစ်ယောက်ကို ဖိတ်ခေါ်နေသည်။ ထို့အပြင် ဖိတ်ခေါ်သည့်သူ အစစ်က ရှောင်ယွဲ့အာ မဟုတ်ဘဲ ဂျမ်းတဲလ်စနိုး ဖြစ်နေသည်။
ဂျမ်းတဲလ်စနိုးကရော မည်သူလဲ။
လူတိုင်း သူမကို ပုံရိပ်ယောင်ဂိမ်းလောကတွင် နှင်းနတ်ဘုရားမဟု သိကြသည်။ သူမကို ချဉ်းကပ်ချင်နေကြသည့် လူချော၊လူသန့် အများအပြား ရှိ၏။ ဂျမ်းတဲလ်စနိုးနှင့် ထမင်းတစ်နပ် အတူစားရန်ကိုပင် ခရက်ဒစ် ဆယ်သန်း ပေးခဲ့သည့် သူဌေးသားတစ်ယောက်လည်း ရှိခဲ့ဖူး၏။ သို့သော်လည်း ထိုလူက သူမထံမှ ပြန်ကြားချက် တစ်စုံတစ်ရာကိုပင် မရရှိခဲ့ပေ။
ထို့ကြောင့် သူဌေးသားလေးက ဒေါသထွက်ပြီး ဂျမ်းတဲလ်စနိုးကို သိမ်းပိုက်ရန် ကြံစည်ခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ် ကြာပြီးနောက်တွင် သူဌေးသားလေးကို မှင်သက်စေသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ အကြောင်းရင်းမှာ သူ့အဖေ လူချမ်းသာကြီးက တစ်ညတည်းနှင့် သူဆင်းရဲဘဝသို့ ပြောင်းသွားခြင်း ဖြစ်သည်။ သူ့အဖေက ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းကို ရှာတွေ့သောအခါ သူ့သားကို သေလောက်အောင် ရိုက်နှက်ခဲ့သည်။ ထိုအချိန်မှစ၍ လူတိုင်းက ဂျမ်းတဲလ်စနိုး၏ ကြောက်စရာကောင်းပုံကို သိသွားကြတော့သည်။ သို့သော်လည်း ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ဂျမ်းတဲလ်စနိုး၏ ဖန်ပုရိသတ်များက ပို၍ပင် များလာသေး၏။ ဂျမ်းတဲလ်စနိုးသည် ဒဏ္ဍာရီထဲမှ နတ်ဘုရားမတစ်ဦးကဲ့သို့ ဖြစ်လေသည်။
ဤကဲ့သို့ နတ်ဘုရားမတစ်ပါးက ရှီဖုန်းကဲ့သို့ ခပ်ညံ့ညံ့ကောင်ကို ဖိတ်ခေါ်နေသည်။ ဒါကို တခြားသူများက အံ့အားမသင့်ဘဲ ဘယ်လိုနေနိုင်ပါ့မလဲ။
ယခုအချိန်တွင် အားလုံးက မပျော်ရွှင်တော့ဘဲ ရှီဖုန်းအပေါ် မနာလိုစိတ်များ ဖြစ်လာကြသကဲ့သို့ ဒေါသလည်း ထွက်လာကြသည်။
“သေစမ်းပါလားကွာ… ဒီလိုကောင်က စောက်ရမ်းတွေ ကံကောင်းနေပါလား… ငါ ဒီလောက် ခန့်ညားနေတာကို နတ်ဘုရားမက စကားတစ်ခွန်း မပြောဖူးဘူး… “
“ငါ…ဂျိတ်ဝင်းထရီးက နတ်ဘုရားနယ်မြေမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်တာတောင် နတ်ဘုရားမက ဘာလို့ ငါနဲ့ စကားလာမပြောတာလဲ… ငါက အရမ်းကို ခန့်ညားနေလို့လား… ဒါမှမဟုတ် နတ်ဘုရားမက ကြမ်းကြမ်းတမ်းတမ်း ပုံစံတွေကိုပဲ ကြိုက်လို့လား… “
“နတ်ဘုရားမက မြေအောက်ဘုံရဲ့ ငရဲအဆင့်အကြောင်း သိချင်လို့ သူ့ကို ရှာတာ ဖြစ်ရမယ်… ဒီငညံ့ကောင်က ဒီလိုအခွင့်ထူးကြီး ရသွားလိမ့်မယ်ဟု ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး… ဒီအကြောင်းကိုသာ စောစောသိခဲ့ရင် ငရဲအဆင့်ကို တစ်ခေါက်လောက်တော့ ဝင်ကြည့်ခဲ့မှာပဲ… “
လူတိုင်းက အမျိုးမျိုး၊အထွေထွေ တွေးတောနေကြသည်။ သူတို့က ရှီဖုန်းကို အထင်သေးမှု၊မနာလိုမှုများနှင့် စိုက်ကြည့်နေကြသည်။ ဖြစ်နိုင်လျှင် သူတို့က ရှီဖုန်းကို ချက်ချင်းပင် သတ်ပစ်ချင်နေကြ၏။
“ခေါင်းဆောင်… ကျွန်တော် နားကြားမှားတာတော့ မဟုတ်ဘူးမလား… ဒီငညံ့ကောင်က နတ်ဘုရားမဆီကနေ ဖိတ်ခေါ်ခံရတယ်… ကျွန်တော် နားကြားမှားတာပဲ နေမှာပါ… “ စကားလုံးမဲ့နွေညက သူ့ပါးသူ ပြန်ဆွဲဆိတ်ပြီး အရူးတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။
“အမှန်ပဲ… ဒါပေမဲ့ နတ်ဘုရားမက မေးစရာရှိလို့ ခေါ်တာပါ… ဒီလောက်ပါပဲ… “
ရှီဖုန်းက နတ်ဘုရားမနှင့် စကားပြောခွင့် ရလိုက်ခြင်းသည် ကံကောင်းခြင်းတစ်ခုဟုသာ ညင်သာလှုပ်ရှားက မှတ်ယူလိုက်သည်။ အဆုံးသတ်တိုက်ပွဲကတော့ ညင်သာလှုပ်ရှား၏ အမြင်ကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဂျမ်းတဲလ်စနိုးကဲ့သို့ သူမျိုးသည် သူတို့ မော့ကြည့်နေရသည့် ဖြစ်တည်မှုမျိုး ဖြစ်ပြီး ဘယ်သောအခါမှ တန်းတူဖြစ်ရန် မဖြစ်နိုင်ချေ။ သူမနှင့် စကားပြောခွင့် ရရန် မဆိုထားနှင့် သူမက သေဆုံးခြင်းသစ်တောသို့ ရောက်လာသည်ကပင် သူတို့အတွက် ကံအရမ်းကောာင်းသည်ဟု မှတ်ယူနိုင်သည်။
အားလုံးက ရှီဖုန်းသည် ဖိတ်ခေါ်မှုကို လက်ခံလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ရှီဖုန်းက ငြင်းဆန်လိုက်လေသည်။
“စိတ်မဝင်စားဘူး… ငါ အလျင်လိုနေတယ်… “ ရှီဖုန်းက ပြောပြီးသည်နှင့် ချက်ချင်း ထွက်သွား၏။ သူ့ရှေ့မှ ရှောင်ယွဲ့အာကို ဂရုမစိုက်သကဲ့သို့ ဂျမ်းတဲလ်စနိုး၏ ဖိတ်ခေါ်မှုကိုလည်း စိတ်မဝင်စားပေ။
ယခု ပန်းပဲဒီဇိုင်းက သူ့လက်ထဲ ရောက်နေလေပြီ။ ပန်းပဲထုရန်အတွက် သတ္တုရိုင်းများကိုသာ လိုအပ်တော့၏။ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို မြန်မြန် လုပ်နိုင်လေ ပိုက်ဆံကို မြန်မြန် ရှာနိုင်လေ ဖြစ်သည်။ သူသာ ဤအခွင့်အရေးကို လက်လွတ်သွားခဲ့မည်ဆိုလျှင် ငွေကြေးများစွာကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်၏။
ဘလက်ကီကတော့ နတ်ဘုရားမနှင့် တွေ့ရတော့မည့်အတွက် စိတ်လှုပ်ရှားနေသော်လည်း ရှီဖုန်း၏ အဖြေက သူ့ကို ရူးသွပ်လုနီးပါး ဖြစ်လာစေသည်။ ဖိတ်ခေါ်မှုကို ငြင်းလိုက်တယ်ဆိုတော့ ဒီကောင့်ရဲ့ ခေါင်းထဲမှာ တစ်ခုခုများ မှားနေတာလား။
ဘလက်ကီတင် မဟုတ်ဘဲ ရှောင်ယွဲ့အာပါ မှင်သက်သွား၏။ အစ်မစနိုး၏ ဖိတ်ခေါ်မှုကို ငြင်းဆန်သည့် ယောက်ျားကို သူမ ပထမဦးဆုံး မြင်ဖူးသွားလေပြီ။ ယောက်ျားသား အများအပြားက ဤအခွင့်အရေးကို တောင်းဆိုနေတာတောင်မှ မရခဲ့ကြပေ။ ဒီလူက ရူးများ ရူးနေတာလား။
“သွားကြစို့… မင်းတို့ ဘာတွေ နေခင်းကြောင်တောင် အိမ်မက် မက်နေတာလဲ… “
ရှီဖုန်းက သူ့နောက်ကို မည်သူမှ လိုက်မလာသည်ကို သတိထားမိလိုက်သောအခါ မှင်သက်နေသည့် သူ့အဖွဲ့ကို တွေ့လိုက်ရသည်။
“အစ်ကိုဖုန်း… ဒါ ဂျမ်းတဲလ်စနိုးက ဖိတ်ခေါ်တာနော်… ထပ်စဉ်းစားပါဦး… “ ဘလက်ကီက တောင်းဆိုလိုက်သည်။ ယခုအချိန်တွင် သူ ရူးချင်နေလေပြီ။ ရှီဖုန်းကို လက်ခံပါစေဟု စိတ်ထဲတွင်လည်း ထပ်ကာထပ်ကာ ဆုတောင်းနေမိသည်။ အနာဂါတ်တွင် ဤကဲ့သို့ အခွင့်အရေးက နောက်တစ်ကြိမ် ရရန် မဖြစ်နိုင်တော့ချေ။
“ငါ့မှာ အချိန်မရှိဘူးလို့ ပြောပြီးပြီ… “ ရှီဖုန်းက ပြုံးပြီး ဖြေပေးလိုက်သည်။ သို့သော်လည်း သူက ဘလက်ကီ၏ အသနားခံသည့် မျက်လုံးများကို မြင်ပြီး ဆွံအသွားလေတော့သည်။ မည်သို့ပင် ဆိုစေကာမူ နှင်းနတ်ဘုရားမအပေါ် ထားရှိသော ဘလက်ကီ၏ လေးစားမှုက နည်းနည်းပင် ပြောင်းလဲမသွားခဲ့ပေ။
ထိုအချိန်တွင် ဂျမ်းတဲလ်စနိုးနှင့် ကျောက်ယွဲ့ရူက ရောက်လာသည်။ ငွေဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဂျမ်းတဲလ်စနိုးက သေဆုံးခြင်းသစ်တောတစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိနေသည်။ လူတိုင်း၏ မျက်လုံးများက သူမ၏ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်တွင် ငြိတွယ်လျက် ရှိနေကြသည်။
အားလုံးက ဂျမ်းတဲလ်စနိုးကိုယ်တိုင် ထွက်လာလိမ့်မည်ဟု မထင်ခဲ့ကြချေ။
လူတိုင်း၏ မနာလိုမှုနှင့် ဒေါသများက ပို၍ပင် ကြီးမားလာသည်။
“မပူပါနဲ့… ငါ မင်းရဲ့အချိန်ကို အများကြီး မယူပါဘူး… ဒီကြေးအဆင့် အိုင်တမ်က မင်းအတွက် နစ်နာကြေးပဲ… “
ဂျမ်းတဲလ်စနိုးက ရှီဖုန်းကို စေ့စေ့စပ်စပ် ကြည့်ပြီး ပြောလိုက်သည်။ ရှီဖုန်းက တခြားသူများနှင့် လုံးဝ မတူပေ။ ရှီဖုန်းက ပြောရခက်သည့် ပုံစံ ရှိသော်လည်း သူ့ခန္ဓာကိုယ်မှ တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်၏။ ထို့အပြင် သူ့ကိုယ်မှ သတ်ဖြတ်ခြင်းအငွေ့အသက် အနည်းငယ်လည်း ဖြာထွက်နေသည်။ ထို့ကဲ့သို့ အရာမျိုးကို သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ရင်ဆိုင်ကြုံတွေ့ဖူးမှသာ ရနိုင်သည်။
“စနိုး… “ ကျောက်ယွဲ့ရူက အံ့အားသင့်သွား၏။ ဂျမ်းတဲလ်စနိုးက ရှီဖုန်းကို ဤမျှအထိ အထင်ကြီးနေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ သူမ၏ လှပသော မျက်လုံးများက ရှီဖုန်းကို အင်တင်တင်ဖြင့် ကြည့်လိုက်ပြီး အထင်သေးသည့် ပုံစံဖြင့် ပြောလိုက်သည်… “ငါကတော့ ဒီလူက ကြေးအဆင့် အိုင်တမ်နဲ့ တန်မယ်လို့ မထင်ဘူး… မီးခိုးရောင်အဆင့် အိုင်တမ်ဆို လုံလောက်ပြီ… “
သူတို့ဘက်က စကားပြောရန် ဖိတ်ခေါ်သည်ကို အနည်းဆုံးတော့ လေးစားသမှုဖြင့် လက်ခံသင့်ပေသည်။ သို့သော်လည်း ရှီဖုန်းက သူမတို့၏ ကြင်နာမှုကို အသိအမှတ် မပြုသည့်အပြင် ချက်ချင်း ငြင်းလိုက်၏။ တစ်စုံတစ်ယောက်ကသာ ဤသို့ ဖိတ်ခေါ်မှုကို ရရှိမည်ဆိုလျှင် ချက်ချင်း ပြေးလာကြမှာ သေချာလှသည်။ သို့သော်လည်း ကျောက်ယွဲ့ရူကတော့ ဤကဲ့သို့ အပြုအမူမျိုးနှင့် ဆွဲဆောင်မှု မရှိသည့် ယောက်ျားမျိုးကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူမ၏စိတ်ထဲတွင် ရှီဖုန်းသည် အကြံသမားဖြစ်ပြီး မည်သည့်ကောင်းကွက်မှ မရှိဟု ယုံကြည်ထား၏။
“ကြေးအဆင့် အိုင်တမ်လား.. မလိုပါဘူး… ငါ့မှာလည်း ရှိတယ်… “ ရှီဖုန်းက ဂရုမစိုက်သည့်ဟန်ဖြင့် လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။ စုန်းမက သူ့ကို ဤသို့ ပုံစံမျိုးဖြင့် စကားပြောလာလိမ့်မည်ဟု မထင်မိခဲ့ချေ။ သို့သော်လည်း သူက သနားစရာကောင်းသည့် ဆင်းရဲသားတစ်ယောက် မဟုတ်သကဲ့သို့ မည်သည့်ပေးကမ်းမှုမှလည်း မလိုအပ်ပေ။
ကျောက်ယွဲ့ရူက ရှီဖုန်းကို ကြည့်ပြီး တိုးတိုးလေး ရယ်လိုက်သည်။
“ခေါင်းမာတဲ့ကောင်လေး… မင်းက ဒါကို လိုချင်နေပါတယ်… ဒါပေမဲ့ မင်းက ဒါကို ဝန်ခံဖို့ ငြင်းဆန်နေတယ်… စနိုး ဒီလူက တစ်ကယ်ကို မရိုးသားဘူး… “
“ယွဲ့ရူ… “ ဂျမ်းတဲလ်စနိုးက အလွန်အကျွံ မဖြစ်စေရန် ကျောက်ယွဲ့ရူထံသို့ စိတ်မရှည်သည့် အကြည့်တစ်ချက် ပို့လိုက်သည်။ ပြောရလျှင် သူတို့က အရင် ဖိတ်ခေါ်ခြင်း ဖြစ်ပြီး ယခု သူတို့ဘက်မှ အထင်သေးနေသည်က မဖြစ်သင့်ပေ။
ကျောက်ယွဲ့ရူက နှုတ်ခမ်းစူပြီး ရှီဖုန်းထဲသို့ မျက်စောင်းတစ်ချက်ပစ်ကာ ခေါင်းကို တခြားဘက်ကို လွဲလိုက်သည်။ ရှီဖုန်းကဲ့သို့ လူဆင်းရဲတစ်ယောက်ထံမှ သူတို့လိုချင်သည့်အရာ ရှိလိမ့်မည်ဟု မထင်ချေ။
“တောင်းပန်ပါတယ်… ဒီအိုင်တမ်ကို တောင်းပန်းတဲ့အနေနဲ့ လက်ခံပေးပါ… “
ဂျမ်းတဲစနိုးက ဓားသမားများအတွက် ဖြစ်သည့် အဆင့် သုည ကြေးအဆင့် ခါးပတ်တစ်ခုကို ထုတ်ယူကာ ရှီဖုန်းထံသို့ ကမ်းပေးလိုက်သည်။ သူမက ဤကိစ္စကို သည်ထက်ပိုပြီး မဆိုးရွားချင်ပေ။
ဂျမ်းတဲလ်စနိုး၏ သဘောထားကို မြင်ပြီးနောက်တွင် ရှီဖုန်းက သူမ၏ ရိုးသားမှုအစစ်အမှန်ကို မငြင်းတော့ချေ။ သူသာ ငြင်းလိုက်လျှင် သဘောထား သေးသိမ်သည့် သူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူက ဂျမ်းတဲလ်စနိုးတို့နှင့် ပြန်လည်မသင့်မြတ်လိုဟု အဓိပ္ပါယ်သက်ရောက်သွားပေလိမ့်မည်။ ထို့အပြင် သူက ကြေးအဆင့် ခါးပတ် လိုနေ၏။ တစ်ဖက်မှ ကြင်နာမှုကို ဆက်တိုက်ငြင်းရန်မှာလည်း မသင့်တော်ပေ။
“ဟီး… ဟီး… ငါကတော့ မင်းမှာ အရည်အချင်းတစ်ချို့ ရှိနေတယ် ထင်တာ… နောက်ဆုံးတော့လည်း မင်းက ဒါကို လိုအပ်နေတာလပဲ… “ ကျောက်ယွဲ့ရူက စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။ သူမတို့ဘက်မှ ကြေးအဆင့် အိုင်တမ်တစ်ခု ဆုံးရှုံးလိုက်ရသည့်အတွက် ကံမကောင်းဟု ခံစားနေရလေသည်။
သူမတို့က ထိုအိုင်တမ်ကို ရှားပါးလက်ရွေးစင်တစ်ကောင်အား ခက်ခက်ခဲခဲ သတ်ဖြတ်ခဲ့ပြီးမှ ရလာခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ထိုအားထုတ်ခဲ့မှုက ရှီဖုန်းအတွက် ဖြစ်သွားလေပြီ။
ရှီဖုန်းက မျက်မှောင်ကျုံ့လိုက်သည်။ ယောက်ျားတစ်ယောက်အနေဖြင့် ဤကဲ့သို့ စော်ကားနေမှုကို သည်းခံနေစရာ အကြောင်း မရှိပေ။ ထို့အပြင် သူက ပြန်လည်မွေးဖွားလာသည့် လူတစ်ယောက် ဖြစ်သည်။
“မိန်းမလှလေး စနိုးက ကျွန်တော့်ကို ကြေးအဆင့် အိုင်တမ်တစ်ခု ပေးတယ်ဆိုတော့ ကျွန်တော့်ဘက်က တစ်ခုခု ပြန်ပေးမှ သင့်တော်လိမ့်မယ်… ဒီအိုင်တမ်ကို လက်ဆောင်အဖြစ် မှတ်ယူပေးပါ… “