အခန်း ၄၇
ဖိအား
သိုက်စီရိ၏ သေဆုံးမှုသည် သေချာပေါက် အရေးကြီးသော ဖြစ်ရပ်တစ်ခုပင်။ အဓိက အင်အားစုငါးခုကို ဟန်ချက်ပျက် သွားစေရုံသာမက အခြားသော အင်အားကြီး မိသားစု အချို့ကိုပါ တုန်လှုပ်စေနိုင်သည်။
စုန့်ရန်သည် အဆုံးတွင် ထိတ်လန့်နေရာမှ လန့်နိုးလာပြီး သိုက်စီရိ၏ သေဆုံးမှုသည် စုန့်မိသားစု အပေါ်တွင် မည်မျှအထိ ရိုက်ခတ်နိုင်ကြောင်း သတိပြုမိ သွားသည်။ ဤကိစ္စကိုသာ နည်းလမ်း မှန်မှန်ဖြင့် ကိုင်တွယ်နိုင်ပါက စုန့်မိသားစု အနေဖြင့် အကျိုးအမြတ် များစွာ ရရှိလာနိုင်သည်။
ဝမ်ရှန်း နှင့်အတူ ရှိနေခြင်းသည် အခွင့်အရေးကို အရယူရမည့် အချိန်များအား ဖြုန်းတီးပစ်နေခြင်းနှင့် အတူတူပင်။
ထို့ပြင် ဝမ်ရှန်း ကိုယ်တိုင်ကလည်း သူမနှင့် ပြန်လိုက်လာတော့မည် မဟုတ်ပေ။ အပြင်လူများ၏ အမြင်တွင် လူရိုင်းတစ်ယောက်၊ အမှိုက်တစ်စသာ ဖြစ်သော ဝမ်ရှန်း၏ စိတ်သဘောထားကို ဤရက်များ အတွင်း စုန့်ရန် အကဲခတ်ခဲ့သည်။
ဝမ်ရှန်းသည် သူမ မြင်ဖူးသမျှထဲတွင် မာနအကြီးဆုံးဖြစ်ကာ မိန်းမတစ်ယောက်ကို အကာအကွယ် ယူလျက် ပုန်းအောင်းနေမည့် သူမျိုးမဟုတ်ချေ။
“ငါသွားရတော့မယ်”
ဝမ်ရှန်းနှင့် စုန့်ရန်သည် လုံခြုံသော တောတွင်း တစ်နေရာတွင် ထိုင်ကာ အမောဖြေနေကြသည်။ လမ်းတစ်လျှောက်တွင် ထောင်ချောက် ငယ်များကိုလည်း စီစဉ်ထားခဲ့သဖြင့် မည်သူမျှ လိုက်လာနိုင်တော့မည် မဟုတ်ပေ။ စုန့်ရန်၏ ခေါင်းထဲတွင် ကိစ္စများစွာ တိုးဝင်လာလေရာ ချက်ချင်း ထရပ်၍ နှုတ်ဆက်လိုက်သည်။
“သွားတော့လေ”
ဝမ်ရှန်း ခေါင်းညိတ်လိုက်သည်။
“မင်းသာ ကိစ္စတွေကို ကြိုတင်စီမံထားရင် အာဏာနဲ့ အကျိုးအမြတ်တွေ အများကြီး ရနိုင်တယ်”
“ငါ စုန့်မိသားစုကို ထိန်းချုပ်နိုင်တဲ့ အချိန်ကျရင် ငါ့ဆီ ထပ်လာခဲ့ပါ။ အဲ့အချိန်ကျ ငါ့လက်ထဲက အာဏာနဲ့ ငါလုပ်ချင်တာ မှန်သမျှ လုပ်နိုင်ပြီ”
စုန့်ရန်၏ မျက်ဝန်းများ နီရဲလာသည်။
“အဲဒါ တကယ့် အာဏာအစစ် မဟုတ်ဘူး” ဝမ်ရှန်းသည် လျှို့ဝှက်စွာ ပြုံးလိုက်ပြီး –
“တကယ့် အာဏာက မင်းလုပ်ချင်တဲ့ အရာတွေကို လုပ်နိုင်ရုံသာ မကဘူး မင်းမလုပ်ချင်တာတွေကိုလည်း မလုပ်ဘဲ နေနိုင်ရတယ် ဒါကမှ တကယ့် အာဏာပဲ”
ဝမ်ရှန်း၏ စကားကြောင့် စုန့်ရန် အံ့သြသွားသည်။
“မလုပ်ချင်တဲ့ အရာကို မလုပ်နဲ့။ ဟုတ်တယ် ဒီစကားက ပြောဖို့လွယ်သလောက် လုပ်ဖို့ ခက်ခဲတယ်”
သူမသည် ဂုဏ်သိက္ခာ ရှိသော စုန့်သခင်မလေး တစ်ယောက် အနေဖြင့် မိသားစု၏ သေခြင်းရှက်ခြင်း အရေး ကိစ္စများတွင် ပါဝင် ပတ်သက်ခဲ့ရသည်။ မိမိ မနှစ်သက်သော သူများကိုပင် ငြင်းဆန်ခွင့် မရှိဘဲ လက်ထပ်ရမည့် အခြေအနေမျိုးကိုလည်း ရင်ဆိုင်ခဲ့ရသည်။
“ဒီလို ဆိုတော့လည်း ငါ့ဘဝက တစ်ဘဝလုံး ငါမကြိုက်တာတွေပဲ လုပ်နေခဲ့ရသလိုပဲ”
စုန့်ရန်သည် တစ်ယောက်တည်း တီးတိုးရေရွတ်ကာ ရုတ်တရက် ခေါင်းငုံ့လိုက်သည်။
“တောင်းပန်ပါတယ်”
“ရပါတယ်”
ဝမ်ရှန်းသည် သဘောထားကြီးသော ယောက်ျား တစ်ယောက် ဖြစ်လေရာ စုန့်ရန်၏ တောင်းပန်မှုကို ချက်ချင်း လက်ခံလိုက်သည်။
“ငါဘာလို့ တောင်းပန်လဲ သိလို့လား”
စုန့်ရန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“သိုက်စီရိကို သတ်လိုက်တဲ့ အတွက် မင်း မိသားစုက ငါ့ကို တိုက်ခိုက်တော့မှာမလား”
ဝမ်ရှန်း ချက်ချင်း ပြန်ဖြေသည်။
“ဒါက မိသားစုကြီးတွေရဲ့ လုပ်ထုံးလုပ်နည်းပဲ မဟုတ်လား၊ သိုက်စီရိ အသတ်ခံ လိုက်ရပြီးတဲ့နောက် ဘယ်အင်အားကြီး မိသားစုက ငါ့ကို အရှင်ထားချင်မှာလဲ”
ဝမ်ရှန်း ပြောသည်မှာ အမှန်ပင်။ ၎င်းတို့၏ အသက်ကို သုံးမိုင်ခန့် အကွာမှ ခြိမ်းခြောက် နိုင်စွမ်းရှိသော ဝမ်ရှန်းကို မည်သည့် အကြီးအကဲက အရှင်ထားမည်နည်း။
မမျှော်လင့် ထားစွာပင် ဝမ်ရှန်းသည် သူမထက်ပင် ဉာဏ်ပြေး နေလေရာ စုန့်ရန် မအံ့သြဘဲ မနေနိုင်ပေ။
“ငါမင်းကို သိလာတာ ကြာလှပြီ မင်းရဲ့ ယွမ်ဝိညာဉ်က ဘာမှန်း မသိသေးဘူး၊ ငါ့ကို ပြောပြလို့ရမလား”
“ရတာပေါ့ ” စုန့်ရန် ခေါင်းကို ဖြည်းညင်းစွာ ညိတ်သည်။
“ငါ့ရဲ့ ယွမ်ဝိညာဉ်နဲ့ ပေါင်းစပ်တဲ့ အချိန်တုန်းက ငါလှည့်စားခံခဲ့ရပြီး ကြယ်ခြောက်ပွင့် ရေခဲလိပ်ကို ပိုင်ဆိုင်ခဲ့တယ်”
သူမ ငယ်စဉ်က မိသားစု၏ လှည့်စားခြင်းကို ခံခဲ့ရကာ အဆင့်နိမ့် ယွမ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သည်။ စုန့်ရန်သည် ခါးသီးစွာ ပြုံးလိုက်ပြီး –
“ငါ့ယွမ်ဝိညာဉ်က အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်မလား၊ တကယ်တော့ ငါက အသုံးမကျတဲ့ လူပါပဲ၊ ငါ့ရဲ့ ယွမ်ဝိညာဉ်ကို ဘယ်လိုမျိုး တိုးတက်အောင် လုပ်ရမလဲ ငါမသိဘူး”
ဝမ်ရှန်းသည် စုန့်ရန်၏ ယွမ်ဝိညာဉ်မှာ ရေအမျိုးအစား ရေခဲလိပ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်လုံးများ အရောင်လက် သွားသည်။
“မင်းရဲ့ ယွမ်ဝိညာဉ် ခွန်အားကို အသုံးချနိုင်အောင် ကြိုးစား၊ ကျင့်ကြံရေးအဆင့် ဆဌမအဆင့်ကို ရောက်တဲ့အခါ မင်းရဲ့ ယွမ်ဝိညာဉ်ကို ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာ ငါပြောပြမယ်”
စုန့်ရန်သည် ရုတ်တရက် အံ့သြ သွားသော်လည်း ကျိုးပဲ့ဝိညာဉ်ကိုပင် ပထမအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော ဝမ်ရှန်းကြောင့် နာခံစွာ ခေါင်းညိတ် လိုက်သည်။ ဝမ်ရှန်းသည် ပြောသည့်အတိုင်း အမှန်တကယ် လုပ်မည့် လူစားမျိုး ဖြစ်လေရာ စုန့်ရန်၏ မျက်လုံးများ အရောင် လက်သွားပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာများ ရုန်းကြွလာသည်။
“ငါသွားတော့မယ်”
စုန့်ရန်သည် သူမ တစ်ကိုယ်လုံး တိုက်ခိုက်ရေး စွမ်းအင်များ ပြည့်နှက် နေသည်ဟု ခံစားနေရပြီး အလျင်စလို ထွက်ခွာရန် ပြင်သည်။
ထို့နောက် ဝမ်ရှန်းကို တစ်ချက် ကြည့်ကာ “မသေစေနဲ့ ပြီးတော့ ဇာမဏီ ဝိညာဉ်နဲ့ မိန်းကလေး အကြောင်း သူများတွေကို ထပ်မမေးနဲ့တော့၊ ငါ့ကိုယုံ၊ အဲဒါက အန္တရာယ် များတယ်”
“စိတ်မပူပါနဲ့”
ဝမ်ရှန်းသည် လက်ကို ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်ကာ စုန့်ရန်ကို စနောက် လိုက်သေးသည်။
“ငါ ဝူရုံမြို့ရဲ့ လူသတ်သတ္တုပြား ရသွားတဲ့ အချိန်ကျ မင်းသတ်ချင်တဲ့ လူတွေကို ငါ စျေးတစ်ဝက် လျှော့ယူပြီး သတ်ပေးမယ်”
စုန့်ရန် ပြုံး၍ ထွက်ခွာသွားသည်။ သူမသည် မိသားစုကိစ္စများနှင့် ပတ်သက်၍ ပင်ပန်းနွမ်းနယ် နေသော်လည်း ဝမ်ရှန်း၏ အပြုအမူနှင့် စကားတို့ကြောင့် ခွန်အားများ ပြန်လည် ပြည့်တင်း လာသည်။
အနာဂတ်တွင် သူမကို အနိုင်ကျင့် ဖိနှိပ်ခဲ့သော အကြီးအကဲများကို ကျော်လွန်ကာ စုန့်မိသားစု၏ ခေါင်းဆောင် တစ်ယောက် ဖြစ်လာရမည်ဟု ဆုံးဖြတ်ချသည်။
စုန့်ရန် ထွက်သွားပြီးနောက် ဝမ်ရှန်း၏ စိတ်များ ပို၍ လွတ်လပ် ပေါ့ပါးလာသည်။ ထူးဆန်းသော ကမ္ဘာ၏ တောအုပ်ထဲတွင် ရောက်ရှိ နေလျှင်ပင် သူသည် ရေကန်ထဲ ရောက်နေသော ဘဲတစ်ကောင် အလား ခံစားနေရပြီး သိုက်မိသားစုမှ ဝိညာဉ်သခင် အယောက်တစ်ရာနှင့် ရင်ဆိုင်ရမည် ဆိုပါကလည်း သူဂရုမစိုက်ချေ။
သို့သော် ဝမ်ရှန်းသည် သူ၏ ခွန်အားများကို အတတ်နိုင်ဆုံး မြှင့်တင်ရမည် ဖြစ်ကြောင်း နားလည်လိုက်သည်။
သိုက်စီရိ တစ်ယောက်တည်းကပင် ပြင်းထန်သော ဖိအားကို ဖြစ်ပေါ်စေခဲ့ရာ အမျိုးမျိုးသော အင်အားစုများမှ ဝိညာဉ်သခင် များနှင့် ရင်ဆိုင်ရပါက အသက်ရှင်ခွင့်ရရန် မလွယ်ကူပေ။ သူသည် ဤကမ္ဘာတွင် ရပ်တည်နိုင်ရန် ဒုတိယအဆင့်နှင့် တတိယ အဆင့်အထိ ရောက်အောင် အမြန်ဆုံး မြှင့်တင်ရမည် ဖြစ်သည်။
သို့မဟုတ်ပါက မိသားစုကြီးများ ထံတွင် ယုန်ငယ်အလား အရေခွံဆုတ်ကာ အခြောက်လှန်း ခံထားရပေလိမ့်မည်။ သိုက်မိသားစုသည် ဝမ်ရှန်းအတွက် တွန်းအားများစွာ ဖြစ်ပေါ်စေခဲ့ပြီး ကျားကုတ်ကျားခဲ လေ့ကျင့်လေတော့သည်။
ယွမ်ဝိညာဉ်သည် ပထမဆုံးအဆင့်တွင် ချီဝမ်နဂါးအဖြစ် ပြောင်းလဲ သွားသည်။ ဒုတိယ အဆင့်တွင် မည်သို့ရှိမည် မသိသော်လည်း ဝမ်ရှန်းတွင် အကြံဉာဏ် တချို့ ရှိလေသည်။
ဒဏ္ဍာရီအရ နဂါးကိုးကောင် ရှိရာတွင် နဂါးကိုးကောင်သည် တိုက်ခိုက်ရေး စွမ်းအင်အမြင့်ဆုံး၊ ခွန်အား အကြီးဆုံး စသည်ဖြင့် အရည်အချင်း ကိုယ်စီ ပိုင်ဆိုင်ကြပြီး ချီဝမ်နဂါးမှာမူ ဝါးမျိုနိုင်စွမ်း အမြင့်ဆုံးဖြစ်သည်။
ထို့ကြောင့် သူ၏ ဒုတိယအဆင့် ပြောင်းလဲမှုတွင် ယွမ်ဝိညာဉ်၏ ဝါးမျိုနိုင်စွမ်းကို အဆင့်မြှင့်ရန် ဆုံးဖြတ်ထားသည်။
သိုက်မိသားစု ယူဆောင် သွားခဲ့သော ကြယ်ကိုးလုံး ယွမ်ဝိညာဉ်တွင် ယွမ်ဝိညာဉ် ငါးကြင်း ကိုးဆယ့်ကိုးကောင် ပါဝင်သည်။ ဝမ်ရှန်း၏ အမြင်တွင် ဇာတ်တူသား အချင်းချင်း ဝါးမျို စားသောက်ခြင်းသည် ကောင်းမွန်သော အရာ မဟုတ်သော်လည်း ၎င်းမှာ အမှန်တကယ် အစွမ်းထက်လှသည်။
ထိုစဉ်က ရေကန်ငယ်ထဲတွင် ယွမ်ဝိညာဉ် ငါးကြင်း တစ်ရာရှိခဲ့ပြီး ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ တစ်ကောင် ဝင်သွားခဲ့သည်။ ဆိုရလျှင် သိုက်မိသားစု ရရှိသွားသော ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်သည် မပြည့်စုံပေ။
စုန့်ရန်နှင့် သူ၏ ခန့်မှန်းချက်အရ ထိုယွမ်ဝိညာဉ်ကို နောင်လာမည့် သိုက်မိသားစု ခေါင်းဆောင်နှင့် ပေါင်းစပ် ပေးကြလိမ့်မည် ဖြစ်သည်။ မူလက သိုက်ဟွမ်ကို ရည်ရွယ် ထားသော်လည်း ယခု သိုက်ဟွမ် မရှိတော့သဖြင့် သိုက်ဟွမ်၏ ညီနှင့် ၎င်းယွမ်ဝိညာဉ်ကို ပေါင်းစပ် ပေးကြမည် ဖြစ်သည်။
ထိုအခါ သိုက်မိသားစုသည် ယွမ်ဝိညာဉ် တစ်ခု လိုအပ်နေကြောင်း သိရှိသွားပြီး ဝမ်ရှန်းကို ရှာဖွေကာ သူ၏ ယွမ်ဝိညာဉ်ကို ဝါးမျိုခိုင်းမည်မှာ သေချာလေသည်။
သူ၏ ယွမ်ဝိညာဉ်သည် တစ်ချိန်တွင် အခြား ခွန်အားပြင်း ယွမ်ဝိညာဉ် တစ်ခု၏ ဝါးမျိုခြင်းကို ခံရမည်ဟု သိရှိနေသော ဝမ်ရှန်းသည် သူ၏ ယွမ်ဝိညာဉ်ကိုလည်း အခြား ယွမ်ဝိညာဉ်များကို ဝါးမျိုနိုင်စွမ်း ရှိသည်အထိ ကြိုတင် အဆင့်မြှင့်ထားရန် ဆုံးဖြတ် လိုက်လေသည်။
ဝမ်ရှန်းသည် စိတ်ကို ပြင်ဆင် လိုက်သည်နှင့် တစ်ပြိုင်နက် ယွမ်ဝိညာဉ် နယ်မြေထဲမှ ချီဝမ်နဂါး၏ ရှေ့၌ တိမ်တိုက် လမ်းကြောင်းတစ်ခု ပေါ်ထွက် လာလေသည်။
ဝမ်ရှန်းသည် အဆင့်မြင့်ရန် အတွက် ကိုယ့်ကိုယ်ကိုသာ အားကိုးရမည်ဖြစ်ပြီး သင်ကြား ထောက်ပြပေးမည့် သူလည်း မရှိချေ။ တိုက်ပွဲဝိညာဉ်သည်လည်း ငြိမ်သက်နေကာ တိုက်ပွဲများမှ လွဲ၍ အခြားအရာများကို စိတ်ဝင်စားဟန် မပြပေ။
တစ်ဖက်တွင် သိုက်မိသားစုသည် သိုက်စီရိ သေဆုံးသည့် သတင်းကို ဖုံးကွယ် ထားသော်လည်း အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေခဲ့သော စုန့်ရန်ကြောင့် စုန့်မိသားစု တစ်ခုလုံး သိုက်စီရိ အကြောင်း သိသွားကြလေသည်။
စုန့်ရန်သည် ရှန်းလင်မြို့မှ စုန့်အင်အားစုများကို သာမက ထျန်းဟီမှ ဝိညာဉ် သခင်များကိုပါ ခေါ်ဆောင်လိုက်ပြီး သိုက်မိသားစု ဝင်များကို ဖမ်းဆီးစေသည်။ အကြောင်းပြချက်မှာ သိုက်မိသားစုသည် စုန့်မိသားစု၏ တားမြစ်နယ်မြေတွင် လူပေါင်းများစွာကို ခွင့်ပြုချက် မရှိဘဲ သတ်ဖြတ် ခဲ့သောကြောင့်ပင်။
ဤသတင်းကို သိုက်ခေါင်းဆောင် ကြားသောအခါ အမျက်ခြောင်းခြောင်း ထွက်သွားလေသည်။ သိုက်ဟွမ်အပြင် သိုက်စီရိသည်လည်း စုန့်နယ်မြေတွင် ဝမ်ရှန်း၏ လက်ချက်ဖြင့် သေဆုံး သွားကြသည်ဖြစ်ရာ အဆုံးတွင် သိုက်ခေါင်းဆောင်သည် သိုက်စီရိ သေဆုံးသည့် အကြောင်းကို သတင်းဖြန့် လိုက်သည်။
စုန့်မိသားစုမှ ကျိုးပဲ့ဝိညာဉ် ပိုင်ရှင် လူရိုင်းဝမ်ရှန်းသည် သုံးမိုင်ခန့် အဝေးမှနေ၍ သိုက်စီရိကို သတ်ပစ်ခဲ့ကြောင်း ကြားသောအခါ မိသားစု ခေါင်းဆောင်များ ပြင်းစွာ တုန်လှုပ် ချောက်ချား လာကြသည်။
အဆုံးတွင် လူထုဖိအားသည် စုန့်မိသားစု အပေါ် တစ်ဖန်ပြန်လည် ကျရောက်လာပြီး မရေမတွက်နိုင်သော သခင်များသည် ဝမ်ရှန်းအကြောင်း မေးခွန်း ထုတ်လာကြသည်။
ပြင်းထန်သော ဖိအားပေးမှုကြောင့် စုန့်မိသားစု၏ အကြီးအကဲများသည် ဝမ်ရှန်းနှင့် စုန့်ရန် မျှော်လင့် ထားခဲ့သည့် အတိုင်း ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဝမ်ရှန်းကို အသေသတ်ရန် ကြေညာ လိုက်လေသည်။
***