အခန်း ၄၆
စုန့်ရန်၏ ထိတ်လန့်မှု
သိုက်စီရိသည် စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်သော်လည်း သူ၏ ဉီးခေါင်းသည် မီတာ ၃၀၀ အထူရှိသော သံမဏိပြားလောက် မာကျောမည် မဟုတ်ပေ။
ထို့ပြင် ဝမ်ရှန်းသည် ပစ်လိုက်စဉ်က ညာမျက်လုံးကို ရွေးချယ် ပစ်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်း၏ လက်ရှိ အမြင်အာရုံအရ သာမန် မျက်လုံးဖြင့် သိုက်စီရိ၏ အနေအထားကို ရှင်းလင်းစွာ မြင်နိုင်သည်။
စွမ်းအားမြင့် မြင်ကွင်းနှင့် လက်၏ တည်ငြိမ်မှုတို့ကို ချိန်ညှိပြီးနောက် ကျည်ဆန်သည် ညာမျက်လုံး၏ 1cm အတွင်းသာ တိမ်းစောင်း သွားနိုင်ပြီး ဘယ်မျက်လုံးကို ထိနိုင်လိမ့်မည် မဟုတ်ပေ။
ဝိညာဉ်သခင် တစ်ယောက်သည် မည်မျှ ခွန်အားကြီး နေစေကာမူ သူ့မျက်လုံးများသည် အဆိပ်တစ်ထောင် မြွေဟောက်၏ မျက်လုံးလောက် မမာကျောနိုင်ချေ။
ဝမ်ရှန်းသည် သိုက်စီရိ၏ မျက်လုံးကို အတိအကျ ပစ်ခတ် လိုက်သော်လည်း ကြီးမားသော စနိုက်ပါ ရိုင်ဖယ်၏ တုန်ခါမှုကြောင့် ဉီးခေါင်းတည့်တည့် စိုက်ဝင်သွားပြီး အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် လွန်ခဲ့သော နှစ်ရက်၊ ရေကန်နံဘေးတွင် မြေမျက်နှာ သွင်ပြင်ကို စူးစမ်းကြည့်နေစဉ် ကတည်းက တစ်စုံတစ်ယောက် နောက်က လိုက်နေကြောင်း သတိထားခဲ့မိသည်။
တုဟွာသည် အခန်းထဲတွင် ပုန်းအောင်းကာ နားထောင်နေစဉ်က ဝမ်ရှန်း မတွေ့သော်လည်း အပြင်သို့ ထွက်လာချိန်တွင် မတွေ့စရာ အကြောင်းမရှိပေ။
တုဟွာသည် သူ၏ ပုန်းကွယ် နိုင်စွမ်းနှင့် အကြားအာရုံကို ယုံကြည်မှု လွန်ကဲနေသည်ဟု ဆိုရပေမည်။ ဝမ်ရှန်းသည် သူ့နောက်သို့ ၂ ရက်တိတိ လိုက်ပါလာသော တုဟွာကို မရိပ်မိပါက သူဆယ်နှစ်ကျော် ကြာအောင် လေ့ကျင့်ခဲ့သော အတတ်ပညာများကို ခွေးစာ ကျွေးပစ်ရုံသာ ရှိတော့သည်။
ဝမ်ရှန်းသည် ပစ်ကွင်းကို အမြင့်ဆုံးတောင်ကို မရွေးဘဲ အတန်ငယ် နိမ့်သော တောင်ကုန်းကို ရွေးရခြင်းမှာ အမြင့်ဆုံး တောင်ကုန်းကို တုဟွာအတွက် သီးသန့်ထားခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် သူ့နောက်ကို မည်သူလိုက်မှန်း မသိသော်လည်း သေချာပေါက် မိတ်ဆွေ မဖြစ်နိုင်ကြောင်း သိပေသည်။
တစ်နေရာတွင် မြေတူးကြည့်သည့် အခါတိုင်း မြေကြီး မာ မမာ စမ်းသပ်ကြည့်ခြင်း ဖြစ်သည်ဟု စုန့်ရန်ကို ပြောခဲ့သော်လည်း ၎င်းမှာ အကြောင်းပြချက် သက်သက်သာ ဖြစ်သည်။
စစ်မှန်သော ရည်ရွယ်ချက်မှာ အဝေးထိန်း မြေမြှုပ်မိုင်းများ မြှုပ်နှံလို၍ ဖြစ်ပြီး ခလုတ်နှိပ်မှသာ ပေါက်ကွဲလာမည် ဖြစ်သည်။
ဤကမ္ဘာမှ လူများသည် စနိုက်ပါနှင့် ပတ်သက်သော အသိပညာများ မရှိကြသည်ဖြစ်ရာ ၂ မိုင် ၃ မိုင်ခန့် အကွာအဝေးမှနေ၍ လူတစ်ယောက်ကို သတ်၍ ရကြောင်း သိကြမည် မဟုတ်ပေ။
သေနတ်သံသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင် သွားသော်လည်း သိုက်မိသားစု၏ အစောင့်များသည် တိကျသော တည်နေရာကို ရှာမတွေ့ကြဘဲ ရှိလေသည်။ ဖောက်ခွဲမှုသည် သိုက်မိသားစု အစောင့်များ၏ ပစ်မှတ် ဖြစ်သွားပြီး တုဟွာနှင့် ပိုင်ရှီးမှာ သိုက်စီရိကို သတ်ခဲ့သော လူသတ်သမားများ ဖြစ်သွားနိုင်သည်။
သို့သော် ၎င်းမှာ မျှော်မှန်းချက် အဆင့်သာ ရှိသေးပြီး ဝမ်ရှန်း၏ စစ်မှန်သော ရည်ရွယ်ချက်သည် သိုက်မိသားစု၏ ကျွမ်းကျင်သူများကို အာရုံလွှဲရန် ဖြစ်သည်။
ဝမ်ရှန်းသည် နေရာတွင် မြေမြှုပ်မိုင်း တစ်လုံးကို ပစ်ချကာ စုန့်ရန်၏ လက်ကို ဆွဲလျက် အနောက်ဘက် တောင်တန်းများထဲသို့ ပြေးထွက်ခဲ့သည်။
စုန့်ရန်သည် သေနတ်သံ ပေါ်ထွက်လာသည့် အချိန်မှစကာ ယခုအချိန်ထိ ကြက်သေ သေနေသည်။ လက်ထဲတွင် အဝေးကြည့် မှန်ပြောင်းကို ကိုင်ကာ ပြေးလွှားနေပြီး အရူးတစ်ယောက် အလား လူနှင့် စိတ်အာရုံ မကပ်နိုင် ဖြစ်နေသည်။
ဖြန့်ကြက် အမျိုးအစား ခြေလျင်ဆန့်ကျင် မိုင်းများသည် ပင်ပေါင်ဘောလုံး အရွယ်အစားသာ ရှိပြီး တပ်ဆင်ရ လွယ်ကူသည်။ မြေပြင်ပေါ် ပစ်ချလိုက်ပြီးနောက် ဘဲဥပုံမိုင်းများ လုံးလုံးလျားလျား တည်ငြိမ် သွားသောအခါ တုန်ခါမှု ခလုတ်သည် အလိုအလျောက် ပွင့်သွားမည် ဖြစ်သည်။
တုန်ခါမှုခလုတ်ကို ပွင့်သွားသည်နှင့် ဆယ်မီတာအတွင်း ပေါက်ကွဲသွားမည် ဖြစ်သည်။ များသောအားဖြင့် 50 ကီလိုဂရမ် ရှိသော လူတစ်ဦးသည် ဆယ်မီတာ အကွာအဝေးတွင် အရှိန်ပြင်းပြင်းဖြင့် ပြေးခြင်း သို့မဟုတ် ပိုမိုနီးကပ်သော အကွာအဝေးတွင် လမ်းလျှောက်ခြင်းများ ပြုလုပ်နေပါက ပွဲချင်းပြီး သေဆုံး သွားပေလိမ့်မည်။
မိုင်းအတွင်းတွင် သေးငယ်ပြီး အလွန် ထက်မြက်သော စိန်ပုံစံ ဓါးသွား ခြောက်ဆယ့်လေးခု ရှိသည်။ ပေါက်ကွဲ ပြီးသည်နှင့် တစ်ပြိုင်နက် စိန်ပုံသဏ္ဌာန်ရှိသော ဓါးသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ကြွက်သားများနှင့် သွေးကြောများကို ဖြတ်တောက် လိုက်ပြီး ခန္ဓာကိုယ် လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားမည် ဖြစ်သည်။
ထို့ကြောင့် ပွဲချင်းပြီး သေဆုံးရခြင်းသည် ကောင်းချီး မင်္ဂလာ တစ်ခုဖြစ်ပြီး အများစုမှာ အဆုံးမရှိသော နာကျင်မှုမျိုးကို ခံစားရပြီးမှ သေဆုံး သွားတတ်ကြသည်။ စစ်ပွဲနှင့် စစ်မြေပြင်တွင် အသုံးပြုသည့် လက်နက်များသည် မည်သည့်အခါမှ ကောင်းကျိုး မပေးတတ်ချေ။
သိုက်မိသားစု၏ အစောင့်များသည် ပေါက်ကွဲမှုဖြစ်သည့် နေရာကို ရှာဖွေပြီးနောက် အခြားသော တောင်တန်းများကိုလည်း သေချာပေါက် ရှာဖွေကြပေလိမ့်မည်ပင်။
ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်း သိုက်မိသားစု ဝိညာဉ်သခင်များသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ချက်ချင်း ပြေးလွှား သွားကြသည်။ ကျန်ရှိနေသော အစောင့်များကို အုပ်စုနှစ်ခု ခွဲလိုက်ပြီး တစ်ဖွဲ့မှာ သိုက်စီရိ၏ သေဆုံးမှုကို စစ်ဆေးရန်နှင့် တစ်ဖွဲ့မှာ ကျန်ရှိနေသေးသော အကျဉ်းသားများကို သတ်ဖြတ်ရန် ဖြစ်သည်။
သိုက်စီရိ၏ သေဆုံးမှုသည် သိုက်မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်ပင်။ လူသတ်သမားသာ ရှာမတွေ့ပါက သူတို့လည်း ခေါင်းဖြတ် ခံရမည်မှာ သေချာပေါက်ပင်။
တစ်ဖက်တွင်မူ ဝမ်ရှန်းနှင့် စုန့်ရန်သည် အသည်းအသန် ပြေးလွှားနေကာ စုန့်ရန်သည် ဉီးတည်ချက် မရှိဘဲ ဝမ်ရှန်း နောက်သို့ လိုက်ပါသွားသည်။
သိုက်မိသားစု၏ ဝိညာဉ်သခင် ဆယ်ယောက်ကျော်သည် တုဟွာနှင့် ပိုင်ရှီး ရှိနေခဲ့သော တောင်ကုန်းသို့ မိနစ်ပိုင်းအတွင်း ရောက်ရှိ သွားကြသည်။ တောင်ထိပ်တွင် အလောင်း နှစ်လောင်းကို တွေ့ရှိလိုက်ရကာ သွေးအလိမ်းလိမ်းဖြင့် လူရုပ်ပင် မထွက်တော့ချေ။
ပေါက်ကွဲမှုကြောင့် ယမ်းနံ့နှင့် မီးခိုးနံ့များ မွှန်ထူနေကာ ဧရာမတွင်းကြီး တစ်တွင်း ပေါ်ထွက်လာသည်။ သိုက်မိသားစု၏ ဝိညာဉ်သခင်များ စဉ်းစား၍ မရသည်မှာ ဤမျှ ဝေးကွာသော အကွာအဝေး မှနေ၍ သိုက်စီရိကို မည်သို့ သတ်ပစ် လိုက်ပါသနည်း။
တစ်ခဏမျှ ကြာသော် သိုက်မိသားစု၏ ဝိညာဉ်သခင်များသည် ဝမ်ရှန်းနှင့် စုန့်ရန် နေထိုင်ခဲ့သော တောင်ကုန်းပေါ်သို့ ရောက်ရှိလာပြီး ရန်သူကို အပူတပြင်း ရှာဖွေကြလေသည်။
“ဝုန်း”
ဝိညာဉ်သခင် ဆယ်ယောက်ကျော် တစ်ခါတည်း လဲကျသွားသည်။ အမြန်ဆုံးသော ဝိညာဉ်သခင် တစ်ယောက်သာ လွတ်မြောက်သွားပြီး မိုင်းနှင့် အနီးဆုံးရှိ နှစ်ယောက်သည် ပွဲချင်းပြီး သေဆုံးသွားသည်။
အခြားသူများ အားလုံးသည် စူးရှသော နာကျင်မှုနှင့် အတူ သွေးကြောများ ဖြတ်တောက်သွားပြီး နာကျင်စွာ အော်ဟစ် လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် စုန့်ရန်နှင့် အတူ ငါးမိုင်ခန့် အဝေးထိ ရောက်ရှိသွားလေပြီ။
စုန့်ရန်သည် ပေါက်ကွဲမှုများကြောင့် အလုံးစုံ ထိတ်လန့်နေဆဲ ဖြစ်သည်။ ရုတ်တရက် သူမ၏ သေးငယ်သော လက်ဖဝါးသည် ဝမ်ရှန်း၏ လက်ထဲတွင် နစ်မြုပ်နေသည်ကို ကြည့်ကာ ရှက်ရွံ့သွားပြီး လက်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ သို့သော် ယခုအချိန်တွင် ရှက်ရွံ့မှုထက် ထိတ်လန့်ခြင်းက ပို၍ အင်အားကြီး နေလေသည်။
သိုက်စီရိ သာမက အဓိက အင်အားစု ငါးခု၏ ပြင်ပရေးရာ သခင်များ အားလုံး သူမ၏ မျက်စိရှေ့မှာပင် ဉီးခေါင်းများ ပြတ်ထွက်သွားခဲ့သည်။ စုန့်ရန်သည် ဝမ်ရှန်း၏ စကားကို အလုံးစုံ ယုံကြည် သွားလေပြီ။
သိုက်စီရိကို သတ်မည်ဟု ဆိုစဉ်က ဤဝမ်ရှန်းသည် စိတ်ကူးယဉ် ဆန်လှသည်ဟု တွေးခဲ့မိသည်။ သို့သော် ဝမ်ရှန်းသည် သိုက်စီရိကို အမှန်တကယ် သတ်လိုက်ရုံ သာမက အဆင့်မြင့် ဝိညာဉ်သခင် များစွာကိုလည်း အသေသတ်ပစ် လိုက်လေသည်။
စုန့်ရန်သည် ယခင်က ဝမ်ရှန်း၏ ယွမ်ဝိညာဉ်နှင့် ပတ်သက်၍ အထင်သေးခဲ့မိခြင်း အတွက် ရှက်ရွံ့နေမိသည်။ သုံးမိုင်ခန့် အဝေးမှ နေ၍ သိုက်စီရိကို သတ်ခဲ့သော ဝမ်ရှန်းအား အမှိုက်ဟု ဆိုလျှင် ကျန်လူများ အားလုံးသည် အမှိုက်လောက်တောင် တန်ဖိုးမရှိသော သူများဟု ဆိုရပေလိမ့်မည်။
စုန့်ရန်သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အချိန်၌ ဝမ်ရှန်းသည် သိုက်စီရိ၏ အပြုအမူကို ပြန်လည် တွေးတောနေသည်။ သူ သေနတ်မောင်းကို ဆွဲလိုက်စဉ်က သိုက်စီရိ၏ မျက်လုံးများသည် သူ့ထံ လှမ်းကြည့် နေခဲ့သည်။
ဤကမ္ဘာတွင် စနိုက်ပါ သဘောတရားကိုသာ နားလည် ထားကြပါက သိုက်စီရိသည် ယခင် ကတည်းက သူ့ကို ရှာတွေ့ သွားလောက်လေပြီ။ ကံမကောင်းစွာပင် သိုက်စီရိသည် မိုင်ချီသော အဝေးမှ လူသတ်၍ ရကြောင်း မသိထားသဖြင့် အချိန်မီ ရှောင်တိမ်း နိုင်စွမ်းမရှိဘဲ ဇာတ်သိမ်း သွားရခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ သိုက်စီရိနှင့် ဝိညာဉ်သခင်များစွာ ဆက်တိုက် သေဆုံး သွားကြပြီးနောက် မည်သူမျှ အလွယ်တကူ မလှုပ်ရှားရဲကြတော့ပေ။
ခွန်အား အကြီးဆုံးသော သိုက်စီရိ၏ အသက်ကိုပင် နုတ်ယူသွားသော လူသတ်သမားသည် အားနည်းသော အစောင့်များကိုလည်း သေချာပေါက် အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိပေလိမ့်မည်။ မည်သူကမျှ မိမိအသက်ကို စတေးကာ မစွန့်စားလိုကြပါချေ။
***