Switch Mode

Chapter – 45

တစ်ချက်တည်းဖြင့် အဆုံးသတ်ခြင်း

အခန်း ၄၅
တစ်ချက်တည်းဖြင့် အဆုံးသတ်ခြင်း

သွေးသံရဲရဲမြင်ကွင်းက ထိတ်လန့် တုန်လှုပ်ဖွယ် အတိပင်။

အစေခံများ သာမက သိုက်မိသားစု၏ ဝိညာဉ်သခင်များပင် နှလုံးသားများ တုန်ယင် လာလျက် သိုက်စီရိကို မည်သူမျှ မော့မကြည့်ရဲကြပေ။

ကွင်းပြင် တစ်ခုလုံး အသံတစ်စပင် မရှိတော့ပဲ ရံဖန်ရံခါ ထွက်ပေါ် လာသော ရေလှိုင်းခတ်သံမှအပ အရာအားလုံး တိတ်ဆိတ်နေသည်။

သိုက်မိသားစု၏ ဝိညာဉ်သခင်များသည် အဆင်ပြေ နေသေးသော်လည်း အချို့သော အစေခံများမှာ ဤမြင်ကွင်းကြောင့် ခြေထောက်များ ပျော့ခွေယိုင်နဲ့ လာလျက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

အချို့သော လူများသည် ဆီးများ ထွက်ကျလာကာ သိုက်စီရိ၏ လုပ်ရပ်ကြောင့် မည်မျှ ကြောက်ရွံ့ သွားကြကြောင်း မြင်သာလှသည်။

မလှမ်းမကမ်း ၂ မိုင်ကျော် ၃ မိုင်ခန့် အကွာတွင် ချောင်းနေသော ဝမ်ရှန်းသည်ပင် သာလွန် ထူးကဲသော ဖိအားများကို မှိန်ပျော့ပျော့ ခံစားနေရသည်။ စတုတ္ထ အဆင့် ဝိညာဉ်သခင်များ၏ ခွန်အားက ကြောက်ခမန်း လိလိပင်။

သိုက်စီရိသည် တစ်စုံတစ်ခုကို ခံစားမိသည့်အလား စုန့်ရန်နှင့် ဝမ်ရှန်း ပုန်းအောင်း နေရာ တောင်ကုန်းဘက်သို့ လှမ်းကြည့်နေသည်။ ကံကောင်းစွာပင် ဝေးကွာလွန်းသဖြင့် ဝမ်ရှန်းကို မမြင်ရချေ။ သိုက်စီရိသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းကာ တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။

“တကယ့် ကျွမ်းကျင်သူ တစ်ယောက်ပဲ” 

ဝမ်ရှန်းသည် မိန်းမငယ် တစ်ယောက်အလား ချောမွတ်သော အသားအရေနှင့် သိုက်စီရိ၏ မျက်နှာ တည့်တည့်ကို ချိန်ထားလိုက်သည်။

“သနားစရာပဲ”

ဝမ်ရှန်း၏ စကားကြောင့် စုန့်ရန်သည် မှန်ပြောင်းကို ချကာ လှည့်ကြည့်သည်။ ဝမ်ရှန်းသည် ပိုက်သဏ္ဌာန် ထူးဆန်းသော အရာကို ကိုင်ဆောင်ထားသည်။ ထိုပိုက်ပေါ်တွင် ပို၍ ထူးဆန်းသော အခြားပိုက် တစ်ချောင်းကို တင်ထားပြီး တစ်ဖက်သို့ မျက်နှာမူထားသည်။ ဝမ်ရှန်း ဘာလုပ်နေလဲ သူမ မသိပေ။

“စောင့်နေ၊ သတင်းကြီးတစ်ခု လာတော့မယ်၊ အခွင့်အရေးကောင်းကို လက်မလွတ်စေနဲ့၊ တောင်အောက်ကို ကြည့်နေ”

ဝမ်ရှန်း စုန့်ရန်ကို သတိပေးလိုက်သည်။ စုန့်ရန်သည် အဖြစ်အပျက်များကို နားမလည်ပါချေ။ သို့သော် နာခံစွာပင် မှန်ပြောင်းကို ကိုင်လျက် တောင်အောက်သို့ စူးစိုက်ကြည့်နေသည်။

စနိုက်ပါ ရိုင်ဖယ်မှ ကျည်ဆန် ထွက်သွားပြီးနောက် တစ်စက္ကန့် ကြာလျှင် သိုက်စီရိ သေဆုံးသွားပေလိမ့်မည်။

စုန့်ရန်သည် သေနတ်သံကြောင့် အလန့်တကြား ဖြစ်သွားပြီး သူ့ဘက်ကို လှည့်ကြည့်ပါက သိုက်စီရိ အပစ်ခံလိုက်ရသည့် မြင်ကွင်းကို လွတ်သွားနိုင်သဖြင့် ဝမ်ရှန်း ကြိုတင်၍ သတိပေးထားခြင်း ဖြစ်သည်။

ဝမ်ရှန်း၏ အသံသည် တိုးညင်းသော်လည်း တုဟွာသည် စုန့်ရန်နှင့် ဝမ်ရှန်း၏ စကားသံများကို ကြားနေရရုံ သာမက  ရေကန်မှ မူမမှန်ခြင်းကိုလည်း မြင်တွေ့နေရသည်။ သူသည် ရှင်းလင်း ပြတ်သားစွာ မမြင်ရသော်လည်း ရဲရဲနီနေသော ရေကန်ကိုတော့ မြင်နိုင်သေးသည်။

အရေးကြီးဆုံးသော သတင်းများကို ဆုပ်ကိုင်နိုင်ရန် တုဟွာသည် သူ၏ စွမ်းရည်များကို အစွမ်းကုန် တိုးမြှင့်ထားရုံ သာမက ဉီးခေါင်းထက်မှ သံအိုးကိုလည်း အစားထိုး ထားသည်။ သူ ယခင်က အသုံးပြုခဲ့သော သံအိုး အသေးထက် ပို၍ ကြီးမားသော သံအိုးကို ခေါင်းပေါ်တွင် တင်ထားပြီး မလှမ်းမကမ်းမှ အသံငယ်များကိုပင် ပြတ်သားစွာ ကြားနိုင်သည်။

“ဂျွတ်”

တုဟွာ၏ အနောက်မှ သစ်ကိုင်းကျိုးသံ တစ်ခု ထွက်ပေါ်လာကာ ပိုင်ရှီး ရောက်လာလေသည်။

“ဘယ်လို ဖြစ်သွားပြီလဲ ” 

ပိုင်ရှီး စကားပြောရန် ပြင်နေစဉ်မှာပင် တုဟွာသည် အသံတိတ်ရန် အချက်ပြ လိုက်သည်။ ထို့နောက် တောင်ခြေမှ ရေကန်ကို လက်ညှိုး ထိုးပြကာ စုန့်ရန်နှင့် ဝမ်ရှန်း၏ ပြောစကားများကို ဂရုတစိုက် နားထောင်နေသည်။

“အကြီးဆုံး တစ်ယောက်က သိုက်စီရိ ဟုတ်တယ်မလား”

ဝမ်ရှန်းသည် ပစ်မှတ်ကို ထပ်မံ အတည်ပြု လိုက်သည်။ ထိုအခိုက်အတန့်တွင် စုန့်ရန်သည် ဝမ်ရှန်း၏ လက်ထောက် အလိုအလျောက် ဖြစ်သွားလေသည်။

“အမှန်ပဲ”

စုန့်ရန်သည် တိကျသော အဖြေတစ်ခု ပေးလိုက်ကာ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ် သွားသည်။ သိုက်စီရိသာ ရှာတွေ့သွားပါက မည်သည့်နေရာကို ပြေးရမည်နည်း။ တစ်ဖက်တွင် ဝမ်ရှန်းသည် လေတိုက်နှုန်း အပူချိန် တိုင်းတာခြင်းများ၊ ကမ္ဘာမြေဆွဲအား စသည်တို့ကို ချိန်ညှိလိုက်သည်။

“ဟူး ….”

ဝမ်ရှန်း အသက်ပြင်းပြင်း ရှိုက်လိုက်ကာ အာရုံများ အားလုံး ပစ်မှတ်ထံ စုစည်း ထားလိုက်သည်။ လက်ချောင်းများကို သေနတ်မောင်းပေါ်တွင် တင်ကာ အကောင်းဆုံးသော ပစ်ကွင်း အနေအထားကို စောင့်သည်။

သိုက်စီရိသည် အကျဉ်းသားများကို သတ်လိုက် ရပြီးနောက် အလွန်အမင်း ကျေနပ်နေသည်။ အစောင့်များ အားလုံး ကြောက်ဒူးတုန် နေပုံကို ကြည့်ကာ ပြုံးသည်။ သူလိုချင်သည်မှာ ဤအရာပင် မဟုတ်ပါလော။ သိုက်ဟွမ် ဂါရဝပြုပွဲ ပြီးလျှင် စုန့်ရန်နှင့် ဝမ်ရှန်းကို သတ်ရန် စိတ်ထဲတွင် တေးထားလိုက်သည်။

ထိုစဉ် သူ့စိတ်ထဲတွင် မသက်မသာ ဖြစ်လာသည်။ အန္တရာယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့ရတော့မည့် ခံစားချက်မျိုးပင်။ သိုက်စီရိသည် ပတ်ပတ်လည်ကို စူးစမ်းကြည့်သော်လည်း ထူထဲသော တောင်ကုန်းများမှအပ အခြား မတွေ့ရပေ။ တောင်ကုန်းများသည် ရေကန်နှင့် သုံးမိုင်ခန့် ကွာဝေးသဖြင့် ရန်သူများ သူ့ကို လုပ်ကြံချင်လျှင်တောင် လုပ်ကြံနိုင်မည် မဟုတ်။

သိုက်စီရိသည် သိုက်မိသားစု အစောင့်များကို ကြည့်ကာ စကားပြောရန် ပြင်လိုက်သည်။ သိုက်စီရိ ပါးစပ် ဟလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ရှန်း သေနတ်မောင်းကို ဆွဲချလိုက်သည်။

“ဒိုင်း” 

အထူး ပြုလုပ်ထားသော သံချပ်ကာဖောက် ကျည်ဆန်သည် ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ သိုက်စီရိ၏ ဉီးခေါင်းတည့်တည့် ပြေးဝင်သွားသည်။ ကျယ်လောင်သော အသံကြောင့် ထိတ်လန့်သွားသော စုန့်ရန်သည် ဝမ်ရှန်း သတိပေးထားသည့် အတိုင်း သိုက်စီရိကိုသာ စူးစိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် သူမဘဝ၌ အထူးဆန်းဆုံးသော မြင်ကွင်းကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့လိုက် ရလေသည်။ သုံးမိုင်ခန့် အဝေးမှ သိုက်စီရိ၏ ဉီးခေါင်းသည် ရုတ်တရက် ပေါက်ကွဲ ထွက်သွားကာ လည်ပင်းမှစ၍ ပြတ်ထွက် သွားသည်။ ခေါင်းမဲ့သွားသော ခန္ဓာကိုယ်သည် ပလ္လင်ထက်တွင် တောင့်တင်းနေပြီး သုံးစက္ကန့်မျှ ကြာသော် အောက်သို့ ညွှတ်ကျသွားသည်။

“အား” 

နံဘေးမှ အစေခံမိန်းကလေး နှစ်ယောက်သည် ကြောက်လန့်တကြား အော်ဟစ် လိုက်ကြပြီး တစ်ခဏအတွင်း သတိလစ် မေ့မြော သွားကြလေသည်။ ပလ္လင်ကို သယ်ဆောင် ထားကြသော အစောင့် ဆယ့်ခြောက်ယောက်မှ လွဲ၍ ကျန်သော အစောင့်များ အားလုံးသည် သိုက်စီရိ၏ အမိန့်ကို နာခံရန် မျက်နှာချင်းဆိုင် လှည့်ထားကြသည်ဖြစ်ရာ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ရုတ်ခြည်း တောင့်ခဲ သွားကြသည်။

ဝမ်ရှန်း၏ ပစ်ချက်သည် သိုက်စီရိကို သေဆုံးသွားစေရုံ သာမက တုဟွာကိုလည်း ဒဏ်ရာ အပြင်းအထန် ရသွားစေသည်။ သေနတ်သံသည် အလွန် ကျယ်လောင်လွန်း သော်လည်း သာမန် အတိုင်းသာ ဆိုပါက နားစည်များ တစ်ခဏမျှ တုန်ခါ သွားပြီးလျှင် အဆင်ပြေ သွားနိုင်သည်။

တုဟွာမှာမူ သေးငယ်သော အသံလေးများကိုပင် ကြားနိုင်သည်အထိ အစွမ်းအစကို တိုးမြင့်ထားသဖြင့်  ကျယ်လောင်သော အသံသည် နားစည်များ ပေါက်ကွဲ သွားစေလျက် နားနှစ်ဖက်လုံးမှ သွေးများစွာ ယိုစီး ကျလာသည်။

သူ၏ အကြားအာရုံသည် အလုံးစုံ ပျက်စီးသွားကာ အဝေးက အသံကိုပင် မဆိုထားနှင့် အနီးအနားမှ အသံကိုပင် ကြားနိုင်တော့မည် မဟုတ်ပေ။

ဝမ်ရှန်းသည် သူ၏ ပစ်ချက်မှာ တုဟွာ၏ ခြေရာခံမှုကို တိတ်တဆိတ် ဖြေရှင်း ပေးလိုက်ကြောင်း မသိပေ။ မှန်ပြောင်းထဲတွင် သိုက်စီရိ၏ ဉီးခေါင်းမဲ့ ခန္ဓာကိုယ်ကို မြင်တွေ့နေရပြီး  သေဆုံးသွားကြောင်း အတည်ပြုပြီးမှ ကျေနပ်စွာ ပြုံးလိုက်သည်။

စနိုက်ပါ ကျင့်ထုံးအရ ပစ်ခတ်မှုတစ်ခု အောင်မြင် ပြီးသည်နှင့် ချက်ချင်း ထွက်ခွာရမည်။ ဤကမ္ဘာမှ ရန်သူများသည် စနိုက်ပါသမားကို လိုက်ဖမ်းနိုင်သည်အထိ အသိတရား မရှိသော်လည်း မလိုလားအပ်သော အမှားများကို ရှောင်တိမ်းရန် လုံခြုံသော နေရာကို ချက်ချင်း ထွက်ခွာရမည် ဖြစ်သည်။

စုန့်ရန်သည် ဝမ်ရှန်း နောက်သို့  ရုပ်သေးရုပ် တစ်ရုပ်အလား လိုက်ပါလာခဲ့သည်။ မထွက်ခွာမီ ဝမ်ရှန်းသည် တုဟွာနှင့် ပိုင်ရှီးရှိရာ တောင်ကုန်းကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် အဝေးထိန်း ဖောက်ခွဲရေး ခလုတ်ကို နှိပ်ချလိုက်လေသည်။

“ဘုန်း” 

ပြင်းထန်သော ပေါက်ကွဲအားကြောင့် ပိုင်ရှီးနှင့် တုဟွာ၏ ခန္ဓာကိုယ်သည် မီတာပေါင်း များစွာအထိ မြင့်တက်သွားပြီး မြေပြင်သို့ လေးပင်စွာ ပြုတ်ကျလာသည်။ မြေမြှုပ်မိုင်းသည် ၎င်းတို့၏ ခြေထောက်အောက် 10cm ခန့်မှ ပေါက်ကွဲသွားခြင်း ဖြစ်ရာ ပွဲချင်းပြီး သေဆုံး သွားကြလေသည်။

ပေါက်ကွဲသံကြောင့် ယခင်က ကြောင်အမ်း နေကြသော သိုက်အစောင့်များ အားလုံး သတိဝင် လာကြသည်။ အစောင့် ဆယ်ယောက်ကျော်သည် ချက်ချင်း ဓားများကို ထုတ်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော  တောင်ထိပ်ထံ အရူးအမူး ပြေးထွက် သွားကြသည်။

သိုက်စီရိ သေဆုံး သွားပြီးနောက် လူသတ်သမားကိုသာ ရှာမတွေ့ပါက သူတို့ အားလုံးလည်း သိုက်စီရိနောက်သို့ လိုက်သွားရမည်ပင်။ ထိုအခိုက်အတန့်တွင် အစောင့်များ၏ မျက်လုံးများသည် နီရဲနေကာ လူသတ်သမားကို မရရအောင် ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset