အခန်း ၄၄
နေရာချပြီ
အဆုံးတွင် စုန့်ရန်သည် ဝမ်ရှန်းနှင့်အတူ စုန့်မိသားစု တားမြစ်နယ်မြေသို့ လိုက်လာခဲ့သည်။ ဇာမဏီ ယွမ်ဝိညာဉ်နှင့် မိန်းကလေးကို ရှာဖွေမည်ဟု အတိအလင်း ပြောထားသော ဝမ်ရှန်းကို တားဆီး၍ မရကြောင်း သူမ ကောင်းစွာ နားလည် ထားသည်ပင်။
စုန့်မိသားစု၏ အကူအညီဖြင့် ကူညီ၍ ရှာဖွေပေးမည်ဟု ဆိုထားသော်လည်း စုန့်ရန်သည် သူမအာဏာ တည်မြဲရန် ကြိုးစားရဉီးမည် ဖြစ်ပြီး ယခုအချိန်တွင် ကိစ္စတိုင်းကို တစ်ယောက်တည်း အားဖြင့် ဆုံးဖြတ်၍ မရသေးပေ။
ဝမ်ရှန်းနှင့် စုန့်ရန်သည် ရှန်းလင်မြို့မှ မထွက်လာခင် ပေါင်ချင်ယုတန်၌ အသေးစိတ် ကျသော မြေပုံလမ်းကြောင်း တစ်ခုကို ဝင်ရောက် ဝယ်ယူခဲ့သည်။ မြေပုံဟု ဆိုရသော်လည်း လတ္တီကျု၊ လောင်ဂျီကျုများ မပါဝင်ဘဲ အခြေခံ အကျဆုံးသော မြေပုံတစ်ခုသာ ဖြစ်သည်။ ကြမ်းရှသော တိရစ္ဆာန် အရေခွံတစ်ခု ပေါ်တွင် လက်ဖြင့် ဆွဲထားသော မျဉ်းကြောင်းများနှင့် စက်ဝိုင်း ပုံသဏ္ဍာန် မျဉ်းကွေးများသာ ပါဝင်သည်။
ဝမ်ရှန်းသည် ပေါင်ချင်ယုတန်မှ ထွက်လာစဉ် ခြေတံသွယ်သွယ်ဖြင့် အမျိုးသမီး တစ်ယောက်ကို အလိုအလျောက် ကြည့်လိုက်မိစဉ် စုန့်ရန်၏ မျက်စောင်းကို လက်ခံရရှိ လိုက်သည်။
စုန့်မိသားစု၏ တားမြစ်နယ်မြေသည် ယွမ်ဝိညာဉ်များ မရှိတော့သဖြင့် တားမြစ်နယ်မြေ မဟုတ်တော့ဘဲ စိတ်ရှိ ဝင်နိုင်ထွက်နိုင်ပြီ ဖြစ်သည်။ စုန့်ရန်၏ စုံစမ်းချက်အရ သိုက်စီရိနှင့် အခြားသူများသည် သုံးရက်အတွင်း ဂါရဝပြုပွဲ ကျင်းပကြမည် ဖြစ်သည်။ သို့သော် ဝမ်ရှန်းသည် ကြိုတင် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်လိုသဖြင့် စောစီးစွာ ထွက်လာခဲ့ခြင်း ဖြစ်သည်။
တားမြစ်နယ်မြေ အတွင်းမှ ရေကန်ငယ်၏ ပတ်ပတ်လည်ကို စူးစမ်း လေ့လာပြီးနောက် ဝမ်ရှန်းသည် မလှမ်းမကမ်းရှိ တောင်တန်းများမှ အသင့်လျော်ဆုံးသော ပစ်ကွင်းကို ရှာတွေ့သွားသည်။
သိုက်စီရိသည် ဂါရဝပြုပွဲအတွက် သိုက်ဟွမ် သေဆုံးခဲ့သော နေရာကိုသာ သေချာပေါက် ရွေးချယ်ပေလိမ့်မည်။ ထိုနေရာသည် အနည်းဆုံး လူတစ်ရာခန့် ဝင်ဆန့်သည်။
ပစ်ကွင်းနေရာကို ရွေးချယ်ပြီးနောက် ဝမ်ရှန်းသည် ပတ်ဝန်းကျင် အနေအထား၊ ရန်သူနှင့် အကွာအဝေး စသည်တို့ကို တစ်နေ့လုံး လေ့လာနေခဲ့ပြီး အဆုံးတွင် အကောင်းဆုံးသော နေရာကို ရှာတွေ့သွားသည်။
စုန့်ရန် သာမက နောက်မှ ချောင်းမြောင်း လိုက်ပါလာသော တုဟွာသည် ဝမ်ရှန်း၏ လုပ်ပုံကြောင့် အမျက်ခြောင်းခြောင်း ထွက်နေလေသည်။ သူသည် စုန့်ရန်နှင့် ဝမ်ရှန်း ပြောဆိုသည့် စကားများကိုလည်း နားထောင်ရသေးသည်။ ဝမ်ရှန်း နောက်မှလည်း တစ်နေကုန် လိုက်ပါနေရပြီး ဝမ်ရှန်း သတိမထား မိစေရန် အတွက်လည်း ကာကွယ်ရသေးသည်။ ဆိုရလျှင် တုဟွာသည် စုန့်ရန်နှင့် ဝမ်ရှန်း ပင်ပန်းသည်ထက် နှစ်ဆပို၍ ပင်ပန်းသည်။
ဝမ်ရှန်း ရွေးချယ်လိုက်သည့် နေရာမှာ အတန်ငယ် မြင့်မားသော တောင်ကုန်းတစ်ခု ဖြစ်ကာ တောင်နောက်တွင် တွင်းငယ်တစ်ခု ရှိသည်။ တစ်စုံတစ်ယောက် ရှာတွေ့သွားမည်ကို စိုးရိမ်စရာ မလိုဘဲ အေးဆေးစွာ အနားယူနေနိုင်သည်။
“နင်ဘာလို့ တစ်နေကုန် ပတ်နေရတာလဲ အမြင့်ဆုံးတောင်ကို ရွေးလိုက်လို့ မရဘူးလား၊ အမြင့်ဆုံးကနေ ကြည့်တော့ အရာအားလုံးကို အပေါ်စီးကနေ မြင်ရတယ်လေ”
“ပြီးတော့ မြေကြီးတွေကို ဘာလို့ လိုက်တူးနေတာလဲ” စုန့်ရန် စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
“မြေကြီး မာ မမာ စမ်းကြည့်နေတာ၊ မြေကြီးက ပျော့နေရင် စနိုက်ပါရိုင်ဖယ် ထောက်တိုင်က မငြိမ်ဘူး”
“ဘာပြောတာ ဘာထောက်တိုင် ”
စုန့်ရန်သည် စိတ်ပျက်စွာပင် ခေါင်းကို ခါယမ်းလိုက်မိသည်။ အနှီဝမ်ရှန်းသည် တစ်ကိုယ်လုံးတွင် ထူးဆန်းမှုများ ပြည့်နှက်နေသည်ဟု ခံစားနေရလေသည်။
နှစ်ရက်ခန့် ကြာသောအခါ အရာအားလုံး စီစဉ်ပြီး သွားလေပြီ။ ခန့်မှန်းချက်အရ သိုက်စီရိနှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရောက်လာနိုင်ချေ များသည်။
ဝမ်ရှန်းနှင့် စုန့်ရန် အနားယူ နေကြစဉ် တုဟွာသည် ဝမ်ရှန်းနှင့် စုန့်ရန်အကြောင်း တိတ်တဆိတ် စဉ်းစားနေသည်။ ဤလူနှစ်ယောက်သည် သိုက်စီရိကို သတ်ရန် နေရာပင် ရွေးချယ် ပြီးသွားလေပြီ။ တုဟွာသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ရုံဖြင့် စုန့်ရန်နှင့် ဝမ်ရှန်းကို မြင်နိုင်ပြီး ပြောသမျှ စကားတိုင်းကိုလည်း ရှင်းလင်းစွာ ကြားနေရသည်။
သိုက်စီရိနှင့် အဖွဲ့များ ရောက်လာပြီးနောက် သူသာ သတင်းပေး လိုက်ပါက ဝမ်ရှန်းနှင့် စုန့်ရန် ပြေးမလွတ် နိုင်တော့ချေ။ သိုက်စီရိသည် စုန့်မိသားစု၏ အကြီးဆုံး သမီးကို သတ်မိသွားလျှင် စုန့်မိသားစုနှင့် သိုက်မိသားစု၏ ကမ္ဘာမကြေရန်ပွဲ စတင်လာပေလိမ့်မည်။
တုဟွာကို အံ့အားသင့် စေသည်မှာ ဝမ်ရှန်း၏ မျက်လုံးများသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့် အလား သူပုန်းကွယ် နေရာဘက်သို့ မကြာခဏ ဝဲကျလာခြင်းပင်။ သူသာ အချိန်မီ မပုန်းနိုင်ပါက ရှာတွေ့သွားလောက်ပြီ ဖြစ်သည်။
သတိကြီးကြီးဖြင့် စောင့်ဆိုင်း နေကြစဉ်မှာပင် သိုက်စီရိနှင့် အခြားသူများ ရောက်ရှိလာသည်။
ဝမ်ရှန်းနှင့် စုန့်ရန်၏ အာရုံသည် ရေကန်ငယ် နံဘေးသို့ အလုံးစုံ ရောက်ရှိ သွားသော အခါမှသာ တုဟွာ သက်ပြင်း ချလိုက်သည်။ ယခု ပိုင်ရှီးတစ်ယောက် သူနှင့် လာရောက် ပူးပေါင်းမည့် အချိန်ကို စောင့်ရန်သာ ကျန်တော့သည်။
သိုက်စီရိ၏ နောက်တွင် နောက်လိုက်များ၊ မြင်းများအပြင် ကြိုးဖြင့် ဆွဲခေါ်ခြင်း ခံလာရသော လူတစ်စုလည်း ပါလေသည်။ ထိုလူစုထဲမှ တစ်ယောက်သည် အနည်းငယ် နှောင့်နှေးသွားစဉ် ဓားအလင်းတန်း တစ်ခု ဖြာထွက်သွားကာ ချက်ချင်း ခေါင်းဖြတ် ခံလိုက်ရသည်။ ခန္ဓာကိုယ်နှင့့် ဉီးခေါင်းသည် လမ်းပေါ်တွင် ပြန့်ကျဲသွားပြီး သွေးများ နေရာအနှံ့ စီးဆင်းသွားသည်။ တောင်ခြေတွင် လူပေါင်းများစွာ ရပ်နေသည့်အပြင် ဝမ်ရှန်းသည် သိုက်စီရိကို တွေ့မြင်ဖူးခြင်း မရှိသဖြင့် ပစ်မှတ်ကို ရှာမရဘဲ ရှိလေသည်။
“သိုက်စီရိက ဘယ်သူလဲ” ဝမ်ရှန်း နံဘေးမှ စုန့်ရန်ကို မေးသည်။
စုန့်ရန်သည် ပြန်မဖြေဘဲ ဝမ်ရှန်းကို ဒေါသတကြီး စိုက်ကြည့်သည်။ တစ်ခဏမျှ ကြာသော် အံတင်းတင်း ကြိတ်လျက် –
“ဒီလောက်အဝေးကြီးကနေ ငါက သူ့မျက်နှာကို ဘယ်လိုမြင်ရမှာလဲ နင်ရူးနေလား”
“အာ ဟုတ်သားပဲ”
ဝမ်ရှန်းသည် တစ်ချက် ပြုံးလိုက်ကာ အဝေးကြည့် မှန်ပြောင်းကို ထုတ်လိုက်သည်။
“ဒါနဲ့ဆို ရှင်းရှင်းလင်းလင်း မြင်ရမှာပါ”
အမှန်တကယ်မှာ စုန့်ရန်သည် ယခင်ကတည်းက ဤမှန်ပြောင်းကို စိတ်ဝင်စားနေခြင်း ဖြစ်ပြီး ယခု ဝမ်ရှန်း ကိုယ်တိုင် လက်ထဲ ထည့်ပေး လာသောအခါ ကျိတ်ပျော်သွားသည်။ ဝမ်ရှန်း လုပ်သည့် ပုံစံအတိုင်း အတုခိုးကာ မျက်စိရှေ့တွင် ထားလိုက်စဉ် ရုတ်တရက် အံ့သြသွားလေသည်။
“ဒါက ဘာလဲ ”
သုံးမိုင်ခန့် အဝေးမှ ရေကန်၏ ရေလှိုင်းများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရကာ ရေကန်နံဘေးမှ လူများကိုလည်း ကြည်လင်ပြတ်သားစွာ မြင်နေရသည်။
စွန့်ပစ်ထားသော ပိုက်ကွန်ဟောင်းများကိုပင် ပြတ်သားစွာ မြင်တွေ့နေရလေရာ စုန့်ရန်သည် ပါးစပ် အဟောင်းသားဖြင့် စူးစူးစိုက်စိုက် ကြည့်ရှုနေသည်။
“ဒါက ဘယ်လို ဖြစ်တာလဲ ဘယ်လို လုပ်လိုက်တာလဲ”
အလွန်အမင်း ထိတ်လန့် သွားသော်လည်း အသံကျယ်ကျယ် မထွက်ရဲသော စုန့်ရန်သည် ဝမ်ရှန်း နံဘေးသို့ တိုးကပ်သွားပြီး တီးတိုး မေးမြန်းနေသည်။
“ဘာလို့ ဒီလို မြင်နေရတာလဲ”
“ဒါက ဇာတ်လမ်း အရှည်ကြီး ပြောရမှာ”
ဝမ်ရှန်းသည် စုန့်ရန်၏ အပြုအမူကြောင့် နှစ်ခြိုက်စွာ ရယ်မော လိုက်သည်။ ပြီးမှ တောင်ခြေကို လက်ညှိုး ထိုးလိုက်ပြီး –
“အရင်ဆုံး ကြည့်ပါဉီး ဘယ်သူက သိုက်စီရိလဲ ဆိုတာ”
စုန့်ရန်သည် ဝမ်ရှန်းကို အလေးအနက် ကြည့်ကာ မှန်ပြောင်းကို ပြန်ယူပြီး သိုက်စီရိကို ရှာဖွေနေသည်။ တစ်ဖက်တွင်မူ တုဟွာသည် စုန့်ရန်၏ တိုးညင်းသော အသံကို ကြားရရန် သူ၏ အစွမ်းအစများကို အစွမ်းကုန် ထုတ်သုံး နေရလေသည်။
“တောင်ခြေနဲ့ ဒီနေရာက ၂ မိုင်ကျော်လောက် ဝေးနေတာကို စုန့်ရန်က ဘယ်လိုလုပ်ပြီး တောင်ခြေကို မြင်သွားရတာလဲ ဘာတွေ ပြောနေကြတာလဲ”
တုဟွာသည် ဝမ်ရှန်းနှင့် စုန့်ရန်၏ စကားကြောင့် ဉီးနှောက်ခြောက် သွားသည်။
တောင်ခြေတွင်မူ ဝိညာဉ်သခင် ၂၀၀ ခန့်သည် သာမန်လူ အချို့နှင့်အတူ ရေကန်ငယ်၏ နံဘေးသို့ ရောက်ရှိလာသည်။ အကျဉ်းသားဟု ယူဆရသော လူအချို့သည် ရံဖန်ရံခါတွင် နှောင့်နှေးခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကြောင့် ခေါင်းဖြတ် ခံနေရဆဲပင်။
ဝိညာဉ်သခင် ၂၀၀ ခန့်သည် သိုက်မိသားစု၏ ကျွမ်းကျင်သူများ ဖြစ်ကာ သိုက်စီရိ၏ အစောင့်အရှောက်များလည်း ဖြစ်သည်။
အံ့သြဖွယ် ကောင်းသည်မှာ ယခင်က သိုက်မိသားစု၏ အစောင့်ဖြစ်ခဲ့သော ဝိညာဉ်သခင် ၂၀ သည် ယခုအခါ အကျဉ်းသားများ အဖြစ် ပြောင်းလဲ သွားခြင်းပင်။
ထိုအကျဉ်းသားများသည် သိုက်ဟွမ်၏ ကိုယ်ရံတော်များ ဖြစ်ကြကာ သိုက်ဟွမ် သေဆုံးချိန်တွင် အနား၌ ရှိမနေခဲ့ကြသဖြင့် ကွပ်မျက် ခံရတော့မည် ဖြစ်သည်။ အကျဉ်းသားများသည် နေရာလွတ်တွင် ဒူးထောက်ကာ ခေါင်းငုံ့ ထားကြသည်။ သိုက်စီရိ၏ ပြင်းထန်သော အရှိန်အဝါများ အောက်တွင် မည်သူမျှ ထွက်ပြေးရန် မကြိုးစားရဲကြပေ။
သိုက်စီရိသည် ရွှေဘောင်ကွပ် ထားသော ထမ်းစင်ထက်မှ ရွှေပလ္လင်ထက်တွင် ထိုင်နေသည်။ ရွှေပလ္လင်၏ ဘယ်ဘက်တွင် လှပသော အစေခံ တစ်ယောက်သည် ဓားကိုင်၍ ရပ်နေပြီး ညာဘက်တွင်မူ လက်ဖက်ရည် ငှဲ့ပေးနေသော အစေခံ တစ်ယောက် ရှိသည်။ ရှေ့နှင့် နောက်တွင် ပုံစံအမျိုးမျိုးသော အမွှေးတိုင်များ သယ်ဆောင်လာသော အစေခံများ ခြံရံထားသည်။
သိုက်စီရိသည် လက်ဖက်ရည် တစ်ငုံကို ဖြည်းညင်းစွာ သောက်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။ လက်ဖက်ရည် ခွက်ကို အစေခံ၏ လက်ထဲသို့ ပြန်ထည့် လိုက်ပြီးနောက် ဒူးထောက် နေသော အကျဉ်းသားများကို စူးစိုက် ကြည့်လိုက်သည်။ အကြည့် တစ်ချက်တည်းကပင် မမြင်နိုင်သော ဖိအားများ ပါဝင် နေသည့်နှယ် အကျဉ်းသားများသည် အပြင်းအထန် ကြောက်ရွံ့လာကြကာ အော်ဟစ် ကြလေသည်။
“သိုက်သခင်ကြီး ညှာတာပေးပါ၊ အသက်ကို ချမ်းသာပေးပါ အသက်ကို ချမ်းသာပေးပါ သခင်ကြီး”
“သိုက်သခင်လေး သေဆုံးစဉ်က မင်းတို့တွေ အနားမှာ မရှိခဲ့ဘူး။ အပြစ်ကို အသက်နဲ့ ပေးဆပ်ရမယ်” သိုက်စီရိ၏ စကားလုံး များသည် ရေခဲအလား အေးစက်နေသည်။
“သတ်”
“ရွှပ် ရွှပ် ရွှပ် ”
ဓားခုတ်သံများ ဆက်တိုက် ပေါ်ထွက်လာကာ အစောင့် ၂၀ လုံး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ ဉီးခေါင်းများသည် နေရာအနှံ့ ပြန့်ကျဲနေလျက် သွေးများသည် စမ်းချောင်းငယ် တစ်ခုအလား ရေကန်ငယ်ထဲသို့ စီးဆင်းသွားကြပြီး ရေကန်တစ်ခုလုံး နီရဲသွားသည်။
ထိုအချိန်တွင် ဝမ်ရှန်း၏ စနိုက်ပါ ရိုင်ဖယ် မှန်ပြောင်းသည် သိုက်စီရိ၏ ဉီးခေါင်း တည့်တည့်သို့ ချိန်ထားလိုက်လေသည်။
***