အခန်း ၄၃
ဘာလို့အမှန်တရားကို ဘယ်သူမှ မယုံကြတာလဲ
ဝမ်ရှန်းဖြစ်စေ၊ စုန့်ရန်နှင့် စုန့်လောင်ယု ပင်ဖြစ်စေ ဤကမ္ဘာတွင် သံအိုးကို ခေါင်းတွင် စွပ်ကာ သူတစ်ပါး၏ စကားသံများကို ခိုးနားထောင်၍ ရကြောင်း သိနိုင်လိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ဤကမ္ဘာတွင် နေထိုင်သည်မှာ သုံးလသာ ရှိသေးသော ဝမ်ရှန်း နားမလည်နိုင်သော အရည်အချင်းများနှင့် ထူးဆန်းသော လူများလည်း များစွာ ရှိနေသေးသည်။
စုန့်ရန်သည် ဇာမဏီနှင့် ပတ်သက်၍ တစ်စုံတစ်ခုကို သိနေပုံ ရသော်လည်း သာမန်ကဲ့သို့ ဟန်ဆောင်ကာ စုန့်လောင်ယုကို အမိန့်ပေး လိုက်သည်။
“ဉီးလေးယု၊ ချက်ချင်း အိမ်ပြန်ပြီး စုစည်းလို့ ရသမျှအထိ လူအင်အား စုလာခဲ့၊ ပြီးတာနဲ့ ဇာမဏီ ယွမ်ဝိညာဉ်နဲ့ အမျိုးသမီးကို ခြေရာခံပါ ”
“မဖြစ်ဘူး ကျွန်တော် သခင်လေးကို ကာကွယ် ပေးရဉီးမယ်”
စုန့်လောင်ယုသည် စုန့်ရန်၏ စကားကို ငြင်းဆန် လိုက်သော်လည်း အဆုံးတွင် အမိန့်ကို လက်ခံကာ ရှန်းလင်မြို့မှ အစောင့် ဆယ်ယောက်ကျော်ဖြင့် ထွက်ခွာ သွားလေသည်။ သူသည် အစောင့်များကို ထားခဲ့ချင်သော်လည်း စုန့်ရန် အတင်း မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
နှစ်ယောက်တည်းသာ ကျန်ခဲ့ချိန်တွင် စုန့်ရန်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် ဝမ်ရှန်း၏ ခုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ စုန့်လောင်ယုနှင့် အစောင့်များ ရှိနေစဉ်က စုန့်မိသားစု၏ အကြီးဆုံးသမီး ဟူသော ဂုဏ်သိက္ခာကို ထမ်းပိုး ထားရသဖြင့် စိတ်မွန်းကျပ်လှသည်။ ယခု အပြင်လူမရှိဘဲ ဝမ်ရှန်း တစ်ယောက်သာ ကျန်သဖြင့် သာမန် မိန်းမပျို တစ်ယောက်သဖွယ် ဖြစ်သွားလေ၏။
“သိုက်စီရိက ပြဿနာပဲ”
စုန့်ရန်သည် ဝမ်ရှန်း၏ အိပ်ရာထက်တွင် ထိုင်ကာ ခြေထောက်များကို လှုပ်ယမ်းနေသည်။ သူမသည် ဝမ်ရှန်းရှေ့တွင် ဟန်ဆောင်နေစရာ မလိုပေ။ သူမ စိတ်ပျက် အားနည်းနေသည့် အချိန်တွင် ဝမ်ရှန်းနှင့် တွေ့ဆုံခဲ့ရပြီး ဝမ်ရှန်းနှင့်သာ ဆိုပါက သူမ၏ စရိုက် အပြုအမူများကို ပွင့်လင်းစွာ ထုတ်ပြနိုင်သည်။
“သူ့ကို သတ်လိုက်လို့ မရဘူးလား”
ဝမ်ရှန်းသည် သိုက်စီရိအကြောင်း ခေါင်းထဲ များစွာ မထည့်ထားပေ။ သူ့တွင် စနိုက်ပါ ရိုင်ဖယ်နှင့် မီတာ ၂၀၀၀ အထိ ဖောက်ထွင်းနိုင်စွမ်း ရှိသော ကျည်ဆန်များ ရှိနေသေးသည်။
“သတ်မယ် ဟုတ်လား နင်နောက်နေတာလား”
စုန့်ရန်သည် ဝမ်ရှန်း၏ စကားကြောင့် အလန့်တကြား ဖြစ်သွားသည်။
“ဟွန့် တကယ်တော့ နင်သူ့ကို သတ်ဖို့ စိုးရိမ်နေစရာ မလိုပါဘူး၊ ဘာလိုလဲဆိုတော့ သိုက်စီရိနားမှာ ဝိညာဉ်သခင်တွေ အနည်းဆုံး တစ်ရာလောက် ရှိတယ်၊ ငါ့အဆင့်နဲ့တော့ သိုက်စီရိရဲ့ အနီး မီတာတစ်ရာကို ကပ်နိုင်မှာ မဟုတ်ဘူး၊ နင်က ဘယ်လို သတ်မှာလဲ”
“လူတစ်ယောက်ကို သတ်ဖို့ မီတာ တစ်ရာထိ ကပ်နိုင်ရမယ်လို့ ဘယ်သူပြောလဲ”
ဝမ်ရှန်း စိတ်ထဲတွင် သိုက်စီရိကို မျက်နှာချင်းဆိုင် သတ်ရန် တစ်ခါမှ မတွေးဖူးပေ။ သူ့တွင် မီတာ ၂၀၀၀ အထိ အသုံးချနိုင်သော စနိုက်ပါ ရိုင်ဖယ်တစ်ခုလုံး ရှိနေလျက်ဖြင့် အဘယ်ကြောင့် သိုက်စီရိအနား သွားရမည်နည်း။
စုန့်ရန်သာမက မလှမ်းမကမ်းမှ ခိုးနားထောင် နေသော တုဟွာသည်လည်း ဝမ်ရှန်းမှာ အခြေအနေမှန်ကို နားလည် သဘောပေါက်ခြင်း မရှိဟု ခံစားနေရသည်။ သို့သော် စုန့်ရန်သည် အဆိပ်တစ်ထောင် မြွေဟောက်များကို ဝမ်ရှန်း သတ်ပစ် လိုက်သည်ကို ရုတ်တရက် သတိရသွားသည်။
သူ့ရဲ့ လျှို့ဝှက်လက်နက်နဲ့ သတ်မလို့လား။
တုဟွာမှာမူ စုန့်ရန်ကဲ့သို့ ဝမ်ရှန်းအကြောင်း မသိသဖြင့် အနှီလူရိုင်းသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော အရူးတစ်ယောက်ဟု မှတ်ချက်ချ လိုက်သည်။
“နင် အလေးအနက် ပြောလို့ ရမလား၊ ငါနင့်ကို နောက်နေတာ မဟုတ်ဘူးနော်”
သူမသည် ဝမ်ရှန်းအတွက် သေမတတ် စိုးရိမ်နေသော်လည်း ဝမ်ရှန်းမှာ နောက်ပြောင်နေသည်ဟု ခံစားရသဖြင့် ဒေါသထွက် လာလေတော့သည်။
“ငါမနောက်ပါဘူး”
ဝမ်ရှန်းသည် ဒေါသထွက်နေသော စုန့်ရန်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“အိပ်မက်ပဲ ဆက်မက်နေလိုက်တော့”
စုန့်ရန်သည် ခေါင်းကို လှည့်ကာ ဝမ်ရှန်းကို စကားမပြောတော့ပေ။ စုန့်ရန်သာမက တုဟွာပင် ဒေါသတကြီး ဖြစ်နေသည်။ သူ့ဘဝတွင် ဝမ်ရှန်းလောက် မောက်မာသော သူမျိုး မတွေ့ခဲ့ဖူးချေ။ စုန့်ရန်ပြောသည့် အတိုင်း သိုက်စီရိ အပြင်ထွက်လျှင် အစောင့် တစ်ရာခန့် အနည်းဆုံး ပါသည်။
ထိုမျှမက ခွန်အားကြီး အစီအရင် ပညာရှင်များလည်း ပါဝင်ပြီး သိုက်စီရိကို အဝေးမှ အစီအရင်ဖြင့် လုပ်ကြံရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။
သိုက်စီရိကို သတ်ဖို့ မဆိုထားနှင့် မလှမ်းမကမ်းသို့ ချဉ်းကပ်ရန်ပင် မလွယ်လှချေ။ တုဟွာသည် ဝမ်ရှန်းနှင့်သာ မျက်နှာချင်း ဆိုင်နေပါက အသိဉာဏ် ကင်းမဲ့ခြင်းအတွက် သေချာပေါက် ရိုက်နှက် မိပေလိမ့်မည်။
“ငါ သူ့ကို မသတ်နိုင်ရင်တောင် ထွက်ပြေး နိုင်ပါသေးတယ် ”
စုန့်ရန်သည် သူ့အတွက် စိုးရိမ်နေကြောင်း ရိပ်စားမိသော်လည်း စုန့်ရန်သည် သူပြောသမျှ အရာအားလုံးကို နားလည်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဝမ်ရှန်းသည် စုန့်ရန် စိတ်သက်သာရာ ရစေရန် ခပ်နောက်နောက် ပြောလိုက်သည်။
“နင့်မှာ ပြေးစရာမြေရော ရှိလို့လား” စုန့်ရန်သည် ဒေါသတကြီးဖြင့် စူပုပ်ထားသော မျက်နှာကို တစ်ဖန် ပြန်လှည့်ကာ မေးလေသည်။
“နင့် အိမ်ကို ပြေးမယ်လေ ပြီးတော့ နင်နဲ့ လက်ထပ်ပြီး စုန့်အိမ်ရဲ့ သခင်လေး လုပ်တာပေါ့”
“နင့်ကို ဘယ်သူက ယူမယ်ပြောလို့လဲ ဆုတောင်းနေလိုက်”
“တခြား နေရာတွေမှာ ဆိုရင်တော့ မသိပေမယ့် တောင်တန်းထဲမှာသာ ဆိုရင် သိုက်စီရိ အယောက် တစ်ရာလောက် ငါ့ကို လိုက်ဖမ်းလည်း မကြောက်ဘူး”
စုန့်ရန်သည် ဝမ်ရှန်း၏ တောတွင်း ရှင်သန်ရေး နည်းလမ်းများ ကျွမ်းကျင်ပုံကို သိထားသဖြင့် ထောက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။ လူတိုင်းသည် ဝမ်ရှန်းမှာ လူရိုင်းတစ်ယောက်ဟုသာ သိထားကြပြီး လူရိုင်းတစ်ယောက် တောကျွမ်းခြင်းသည် အံ့သြစရာတော့ မဟုတ်ပေ။
“ဒါပေမဲ့ နင် သိုက်စီရိကို အထင်သေးလို့တော့ မရဘူး၊ စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်ရဲ့ ခွန်အားတွေက နင်ထင်ထားတာထက် အများကြီး ပိုစွမ်းတယ်၊ သူ့ရှေ့ ရောက်တာနဲ့ သေဖို့သာ ပြင်ထားတော့ ”
“ဘာပဲဖြစ်ဖြစ် သတိထားပါ ရန်သူကို လျှော့မတွက်မိစေနဲ့ ”
စုန့်ရန်သည် ဆက်ပြောချင် သေးသော်လည်း အနည်းငယ်သာ သတိပေး လိုက်ပြီး ငြိမ်သက်စွာ ထိုင်နေသည်။
“အခု သိုက်စီရိက ဘယ်မှာလဲ”
ဝမ်ရှန်းသည် သိုက်စီရိကို သတ်လိုပါက တည်နေရာကို အရင် ရှာဖွေရမည် မဟုတ်ပါလော။
“သိုက်စံအိမ်မှာပဲ ရှိလိမ့်မယ်”
“နေရာအတိအကျ မသိဘူးလား သူဘယ်အချိန်မှာ ဘာလုပ်တယ် ဘယ်သွားတယ် ဆိုတာမျိုး”
“နင် တကယ် ပြောနေတာလား” စုန့်ရန်သည် ဝမ်ရှန်းကို မျက်လုံးပြူး၍ ကြည့်သည်။
“သူ့ရဲ့ အချိန်ဇယားကို သိထားတော့ ရှောင်ရ လွယ်သွားတာပေါ့”
ဝမ်ရှန်း အတည်တစ်ဝက် အနောက်တစ်ဝက်ဖြင့် ပြန်ဖြေလိုက်သည်။ သိုက်စီရိကို သတ်ရန်အတွက် မေးမြန်းနေခြင်းဟုသာ ဖြေလိုက်ပါက စုန့်ရန်၏ ဒေါသမီး ဟုန်းဟုန်းတောက် လာနိုင်သည်။
စုန့်ရန်သည် ဝမ်ရှန်းကို မျက်စောင်းထိုး၍ ကြည့်လိုက်ကာ “ငါမသိဘဲ ဘာမှ လျှောက်မလုပ်နဲ့နော်”
“နောက် နှစ်ရက်လောက် ကြာရင် နင် သိုက်ဟွမ်ကို သတ်ခဲ့တဲ့ နေရာမှာ သိုက်ဟွမ်အတွက် ဂါရဝပြုပွဲ လုပ်လိမ့်မယ်။ ဂါရဝပြုပွဲမှာ နင့်ခေါင်းနဲ့သာ ဆိုရင် သိုက်စီရိက ဘယ်လောက်တောင် ကျေနပ်နေလိမ့်မလဲ”
” သိုက်ဟွမ်ကို သတ်တုန်းက မင်းလည်း ပါတာပဲလေ ”
“ဟုတ်တယ် ဒါပေမဲ့ ငါ့ခေါင်းထက် နင့်ခေါင်းက ရဖို့ ပိုလွယ်တယ်လေ”
ခိုးနားထောင်နေသော တုဟွာသည် စုန့်ရန်၏ စကားကြောင့် တခစ်ခစ် ရယ်မော လိုက်သည်။ စုန့်ရန် ပြောသည့်အတိုင်း သိုက်ဟွမ်ကို ဂါရဝပြုရာ၌ စုန့်ရန်နှင့် ဝမ်ရှန်း၏ ဉီးခေါင်းသာ ရှိပါက ပို၍ ပြည့်စုံသွားပေလိမ့်မည်။
တစ်ဖက်တွင်မူ ပိုင်ရှီးသည် စုန့်ရန်နှင့် ဝမ်ရှန်း ရှန်းလင်မြို့ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိုက်စီရိကို သတင်းပေးထားပြီ ဖြစ်သည်။ စုန့်ရန်သာ သိုက်စီရိ၏ လက်ချက်ဖြင့် သေဆုံးသွားပါက စုန့်မိသားစုနှင့် သိုက်မိသားစု၏ ရန်ပွဲ ပေါ်ထွက် လာပေလိမ့်မည်။ ထိုအခါ သူတို့အတွက် ကောင်းမွန်သော အရာများသာ ဖြစ်လာတော့မည်။
အားချီသည် အမှန်တကယ်ပင် ဉာဏ်ကောင်းလှသည်။ သူမသည် ဤအကွက်များကို ကြိုမြင်ခဲ့ပြီး ယခင်ကတည်းက ကြိုတင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“သွားကြစို့၊ ငါတို့ ကြိုရောက်နေမှ ဖြစ်မယ်”
သိုက်စီရိ အပြင်ထွက်လာမည့် သတင်းကြောင့် ဝမ်ရှန်းသည် အခွင့်အရေးကို လက်လွတ် မခံနိုင်ချေ။
“သိုက်စီရိကို သတ်ဖို့ အခွင့်အရေး ရှိမလား ကြည့်ရအောင်”
စုန့်ရန် စိတ်ပျက်စွာပင် ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။ သူမ မည်မျှပင် ပြောစေကာမူ ဤဝမ်ရှန်းသည် နားမလည်ပါတကား။
“သေချင်တယ် ဆိုရင် နင်တစ်ယောက်တည်းသွား”
သူမ၏ ကြင်နာမှု စိုးရိမ်မှုများ အားလုံး ဟာသလုပ်ခံ လိုက်ရသည့်နှယ် ခံစားနေရသော စုန့်ရန်သည် ဒေါသတကြီးဖြင့် အော်ဟစ် လေတော့သည်။
“စိတ်မပူနဲ့ နင်သေရင် ငါအလောင်း လာကောက်ပေးမှာမို့ စိတ်ချလက်ချ သွားသေ”
“ကျေးဇူးတင်ပါတယ်”
ဝမ်ရှန်းသည် စုန့်ရန်၏ ဒေါသကို မသိဟန်ပြုကာ ထွက်ခွာရန် ပြင်သည်။
အမှန်အတိုင်း ပြောနေသော်လည်း မည်သူမျှ မယုံကြချေ။ ဝမ်ရှန်းသည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး သက်ပြင်းချကာ ခြံဝန်းထဲမှ ထွက်လာခဲ့သည်။
ဝမ်ရှန်းသည် ရှန်းလင်မြို့မှ အပြီးတိုင် ထွက်ခွာရန် ပြင်ဆင် ထားပြီးသား ဖြစ်သည်။ အိပ်မက်ထဲမှ မိန်းကလေးကို ရှာဖွေရဉီးမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် အားကိုးသည်က ပို၍ ကောင်းသည် မဟုတ်ပါလော။
***