Chapter – 32 မှင်သက်စေသော ဖိတ်ခေါ်မှု
သေဆုံးခြင်းသစ်တော၏ ရှေ့ပတ်လည်တွင် ကစားသမားများ အမြောက်အမြား ရှိနေလေသည်။ လက်ရှိတွင် သူတို့အားလုံးက မြေအောက်ဘုံ၏ အဝင်ဝတွင် စုရုံးလျက် ရှိနေကြသည်။
ဤကဲ့သို့သော အခြေအနေမျိုးမှာ အနီရောင်သစ်ရွက်မြို့၏ အစည်းအရုံးကြီးများကြောင့် ဖြစ်သည်။ ထိုအစည်းအရုံးကြီးများ၏ လက်ရွေးစင်အဖွဲ့များက သေဆုံးခြင်းသစ်တောသို့ ရောက်ရှိလာကြပြီး မြေအောက်ဘုံအား စိန်ခေါ်ရန် ပြင်ဆင်နေကြသည်။ ထိုအဖွဲ့များက ပေါ့တိပေါ့ဆ ဖွဲ့ထားသည့် လက်ရွေးစင် အဖွဲ့များထက် ပို၍ သန်မာလေသည်။ သာမန်အဆင့် လက်နက်တန်ဆာများက သူတို့တစ်ကိုယ်လုံးတွင် နေရာယူထားပြီး ကြေးအဆင့် လက်နက်တန်ဆာတစ်ချို့ကိုပင် တပ်ဆင်ထားကြ၏။
“သူက ကောင်းကင်ဘုံသရဖူရဲ့ လက်ရွေးစင်ဖြစ်တဲ့ အဓိကခုခံသူ ရွေ့မရတောင်တန်း(နာမည်)ပဲ… ဒီလိုနေရာမျိုးကို ရောက်လာလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး… ဒီတစ်ခါတော့ သေဆုံးခြင်းသစ်တောကို ရှင်းနိုင်မဲ့လူ ပေါ်လာပြီထင်တယ်… “
“ဟင်း… ကောင်းကင်ဘုံသရဖူ ဆိုတာ တတိယတန်းစား အစည်းအရုံးတစ်ခုလေးပါကွာ… ဟိုမှာကြည့်စမ်း… လုပ်ကြံသတ်ဖြတ်သူအစည်းအရုံးရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်တဲ့ ဝေဒနာနှလုံးသားတောင် ဒီကိုရောက်နေတာ… ပြီးတော့ သူ့ဘေးက ကာကွယ်သူ ဝါးဆိုး ဆိုတဲ့သူက လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းရဲ့ ထိပ်ဆုံး၅ယောက်ထဲ ပါတယ်… ရွေ့မရတောင်တန်းထက် အများကြီး အစွမ်းထက်တယ်… “
ဝန်းကျင်ပတ်လည်ရှိ ကစားသမားများက သူတို့အချင်းချင်း ဆွေးနွေးမှုကြီး စတင်တော့သည်။ ထိုအစည်းအရုံးကြီးများက သေဆုံးခြင်းသစ်တောကို ရှင်းနိုင်လိမ့်မည်ဟု သူတို့ ထင်မြင်ကြသည်။ ထင်ချင်စရာကောင်းအောင်ပင် ဤနေရာ၌ အစည်းအရုံး ဆယ်ခုကျော် ရောက်ရှိနေသည်။ ထိုအစည်းအရုံးများအနက် လူသိအများဆုံးသည် ဒုတိယတန်းစား လုပ်ကြံသတ်ဖြတ်သူအစည်းအရုံးပင် ဖြစ်သည်။ သူတို့နောက်တွင်တော့ ဒုတိယတန်းစား ကောင်းကင်ဘုံသရဖူ ဖြစ်၏။ တစ်ခြားအစည်းအရုံးများကတော့ လူသိနည်းသော အစည်းအရုံးများ ဖြစ်သော်လည်း လျှော့တွက်၍ကား မရပေ။ အဘယ့်ကြောင့်ဆိုသော် အစည်းအရုံးတိုင်း၏ နောက်ကွယ်တွင် အလုပ်ရုံများ ရှိနေသောကြောင့် ဖြစ်၏။ အလုပ်ရုံများက ကျွမ်းကျင်သူများကိုသာ ငှားရမ်းထားကြ၏။ ထိုကစားသမားများကို သာမန်ကစားသမားများက မယှဉ်နိုင်ပေ။
အစည်းအရုံးကြီးများအားလုံးက အနီရောင်သစ်ရွက်မြို့တွင် နာမည်တစ်ခု ရချင်နေကြသည်။ နာမည်ကျော်ကြားလာရန်အတွက် အနီရောင်သစ်ရွက်မြို့ရှိ မြေအောက်ဘုံအား သိမ်းပိုက်အောင်မြင်နိုင်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။ ထို့ကြောင့်ပင် အစည်းအရုံးကြီးများအားလုံးက ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။ ငွေကြေးမြောက်မြားစွာကို အသုံးပြု၍ လက်နက်တန်ဆာများနှင့်ဆေးများကို ဝယ်ယူထားကြသည့်အပြင် သေဆုံးခြင်းသစ်တောနှင့်ပက်သက်သည့် သတင်းများစွာကိုလည်း ဝယ်ယူကြသည်။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းက မြေအောက်ဘုံအား သိမ်းပိုက်နိုင်ရန် ယုံကြည်ချက် ရှိနေကြသည်။
“ခေါင်းဆောင်ညင်သာလှုပ်ရှား… ဒီအစည်းအရုံးက အဖွဲ့ဝင်တွေရဲ့ လက်နက်တန်ဆာတွေက အရမ်းမိုက်တာပဲ… ဒီတစ်ခါတော့ သေဆုံးခြင်းသစ်တောကို ရှင်းနိုင်ကြတော့မယ် ထင်တယ်… “ စကားလုံးမဲ့နွေညက နာကျင်နေသည့် အမူအရာဖြင့် မှတ်ချက်ပေးလိုက်သည်။
ညင်သာလှုပ်ရှားက လက်ပိုက်ပြီး ခေါင်းညိတ်လိုက်သည်… “သေဆုံးခြင်းသစ်တောကို ရှင်းဖို့က အရမ်းကို ခက်တယ်… ငါတို့တောင် ဘော့စ်နဲ့ မတွေ့ခင်မှာ သတ်ခံရသည်… နောက်ဆုံးတော့ ငါတို့ အဖွဲ့ငယ်လေးတွေက အစည်းအရုံးတွေအတွက် ရှေ့ပြေးတွေ ဖြစ်သွားရတာပဲ… “
“အစည်းအရုံးတစ်ခုရဲ့ ကျွမ်းကျင်သူ ဖြစ်တာနဲ့ ဘာကြွားစရာ ရှိလို့လဲ… ခေါင်းဆောင်… ကျွန်တော်တို့လည်း ညံ့တဲ့သူတွေ မဟုတ်ပါဘူး… မြေအောက်ဘုံကိုက အရမ်းကြမ်းနေလို့ပါ… အိုင်တမ်အရည်အသွေးလိုအပ်ချက်ကလည်း အရမ်းကို မြင့်လွန်းတယ်… “ ဒိုင်းစစ်သည် အဆုံးသတ်တိုက်ပွဲက အထင်သေးသည့် ဟန်ဖြင့် ပြောလိုက်သည်။
သူ့စိတ်ထဲတွင် အစည်းအရုံးများမှ ကျွမ်းကျင်သူများအပေါ် မကျေနပ်များ ရှိနေပြီး သူတို့၏ လက်နက်တန်ဆာများက အဆင့်နိမ့်နေခြင်းကြောင့် မြေအောက်ဘုံကို မရှင်းနိုင်ရသည်ဟု စိတ်ထဲတွင် ယုံကြည်လျှက် ရှိနေသည်။
“ဟုတ်တယ်… ခေါင်းဆောင်… ကျွန်တော်တို့ အဖွဲ့မှာသာ အဲ့လိုအိုင်တမ်တွေ ရှိမယ်ဆိုရင် မြေအောက်ဘုံကို ရှင်းနိုင်တာ ကြာပေါ့… “ စကားလုံးမဲ့နွေညက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
မြေအောက်ဘုံဆိုမှ စကားလုံးမဲ့နွေညသည် ရှီဖုန်းတို့ အဖွဲ့အား သတိရသွား၏။
“ဘာမှ မရတာတော့ မဟုတ်ပါဘူး… ညယုန် နှစ်ကောင်သတ်ပြီး စစ်သည်တော်တွေအတွက် စကေးစာအုပ် ရလာသေးတယ်လေ… ဟိုလူသစ်ထက်စာရင် ကျွန်တော်တို့အဖွဲ့က ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်… ဒါပေမဲ့ အခုထိ ပေါ်မလာကြသေးဘူး… ရှက်လွန်းလို့ ထွက်ပြေးသွားကြပြီထင်တယ်… အဖော်မဲ့နှင်းကတော့ သနားစရာပဲ… ခေါင်းဆောင်ရဲ့ နောက်ကိုသာ လိုက်ခဲ့ရင် ဒီစကေးစာအုပ်ကို သူရမှာ… ဒီအကြောင်းကို သူ သိလို့ကတော့ ကျွန်တော်တို့နဲ့ မလိုက်ခဲ့တဲ့အတွက် နောင်တရနေရာ အသေအချာပဲ… “
“ဟုတ်တယ်… အဖော်မဲ့နှင်းက ခေါင်းဆောင်ရဲ့ ကြင်နာမှုကို မသိတတ်ဘူး… အခုတော့ ခေါင်းဆောင်ရဲ့ နောက်ကို မလိုက်ခဲ့ရလို့ နောင်တရနေလောက်ပြီ… “ အဆုံးသတ်တိုက်ပွဲကလည်း ရယ်မောပြီး ပြောလိုက်သည်။
“အဖော်မဲ့နှင်းရဲ့ စကေးက တော်တော်ကောင်းတယ်… ဟိုလူသစ်က ဘလက်ကီဆိုတဲ့ ကျွမ်းကျင်သူရဲ့ အကူအညီကို ဘယ်လိုရထားလဲ မသိဘူး… ဒါပေမဲ့ ကျွမ်းကျင်သူက ဘယ်လောက်တော်တော် အသုံးမကျတဲ့ သူအတွက် ဝန်ကို ကူထမ်းပေးနေရရင် တစ်ဖွဲ့လုံး အသတ်ခံရမှာပဲ… အခုလောက်ဆို ငါတို့ကို မျက်နှာပြဖို့ ရှက်နေရောပေါ့… ငါတို့နောက်ကိုသာ လိုက်ခဲ့ရင် မြေအောက်ဘုံကို ရှင်းနိုင်နေလောက်ပြီ… “ ညင်သာလှုပ်ရှားက ဘလက်ကီ၏ အဆုံးသတ်ကို ခန့်မှန်းကြည့်ပြီး စိတ်ထဲတွင် ကြိတ်၍ ကျေနပ်နေလေသည်။
“ခေါင်းဆောင်… အခု အစည်းအရုံးက အဖွဲ့တွေ ဝင်ကြတော့မယ်… “ စကားလုံးမဲ့နွေညက ပြောလိုက်သည်။
သို့သော် အစည်းအရုံးမှ အဖွဲ့များ သေဆုံးခြင်းသစ်တောသို့ ဝင်မည့်အချိန်တွင် တယ်လီပို့ဂိတ်မှ ရုတ်တရက် အရောင်ပြောင်းသွား၏။ ခဲငွေရောင်မှ အနက်ရောင်သို့ ပြောင်းသွားခြင်း ဖြစ်သည်။ မထင်မရှားပေါ်နေသည့် ဦးခေါင်းခွံကြီးကလည်း ကျယ်လောင်းစွာ ဟိန်းဟောက်လိုက်သည်။
အစည်းအရုံးများ၏ အဖွဲ့ဝင် အများစုပင် သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။
“ဒါက ဘယ်လို ဖြစ်တာလဲ… “
ထိုမေးခွန်းက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသည်။ သို့သော်လည်း အဖြေကို ခပ်မြန်မြန်ပင် သိလိုက်ရသည်။
မြေအောက်ဘုံ၏ အဝင်ဝတွင် လူရိပ်ခြောက်ခု ပေါ်လာပြီး သူတို့တစ်ယောက်ချင်းစီက တောက်ပသော လက်နက်တန်ဆာများကို ဝတ်ဆင်ထားကြလေသည်။ ရပ်နေရုံဖြင့်ပင် ထိုခြောက်ယောက်လုံးထံမှ ဖိအားအနည်းငယ်ကို ခံစားရလေသည်။ အထူးသဖြင့် အနက်ရောင်တုတ်တံ ကိုင်ဆောင်ထားသော ကျိန်စာအသုံးပြုသူထံမှ ဖြစ်၏။ ကျိန်စာအသုံးပြုသူ၏ မီးခိုးရောင် အဆင်တန်ဆာမှာ အစုံလိုက် ဖြစ်လေသည်။ တစ်ချက်ကြည့်ရုံဖြင့် သာမန်ပစ္စည်းများ မဟုတ်ကြောင်း သိနိုင်ပြီး ကြေးအဆင့် တန်ဆာထက်ပင် ကောင်းမွန်ကြောင်း ခန့်မှန်းနိုင်သည်။
“အမ်…ဘာလို့လူတွေ ဒီလောက်များရတာလဲ… ”
ရှီဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုလူများသည် အစည်းအရုံးများမှ လက်ရွေးစင်အဖွဲ့များ ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။ ထိုလူများက မြေအောက်ခန်း၏ အဝင်ဝကို အဘယ့်ကြောင့် ပိတ်ထားသည်ကို စဉ်းစားပြီး အနည်းငယ် စိတ်လှုပ်ထွေးသွား၏။
ရှီဖုန်း၏ အဖွဲ့သားများသည်လည်း လန့်စပြုလာကြသည်။ လူပေါင်းမြောက်များစွာထံမှ အကြည့်ခံရသည့် ဖိအားသည် ဘော့စ်မွန်းစတားတစ်ကောင်နှင့် ရင်ဆိုင်ရခြင်းထက် အားမနည်းချေ။
“ခေါင်းဆောင်… ကြည့်စမ်းပါဦး… အဲ့တာ ဟိုလူသစ်မလား… “ စကားလုံးမဲ့နွေညက ရှီဖုန်းထံသို့ လက်ညှိုးထိုးပြလိုက်သည်။
ညင်သာလှုပ်ရှားက မျက်မှောင်ကျုံ့လိုက်၏။ ရှီဖုန်းကို မြင်ရုံတင်မဟုတ်။ အဖော်မဲ့နှင်းကိုလည်း မြင်သည်။ ထို့ကြောင့် သူက အလောတကြီး မေးလိုက်သည်။
“သူတို့က ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေရတာလဲ… သူတို့က ထွက်ပြေးသွားပြီ မဟုတ်ဖူးလား… “
“ငါ့အထင်ကတော့ သူတို့ မြေအောက်ဘုံထဲတွင် မဝင်ကြဘူးထင်တယ်… မြေအောက်ဘုံကို မရှင်းနိုင်မှန်း သူတို့ကိုယ်သူတို့ သိတယ်လေ… သူတို့က အရှက်ရမှာကို ကြောက်လို့ အထဲမှာပဲ နေနေတာ ဖြစ်ရမယ်… “
အဆုံးသတ်တိုက်ပွဲက ရယ်မောလို်ကသည်။
“ဒါပေမဲ့ မြေအောက်ဘုံက ထွက်လာလာချင်းမှာပဲ အမိခံလိုက်ရတယ်… အဖော်မဲ့နှင်းရဲ့ မျက်နှာ ဘယ်လောက်ပျက်သွားလဲ ကြည့်လိုက်ပါဦး… “
“ဟားဟားဟား… လူသစ်ကတော့ မြေအောက်ဘုံထဲ ဝင်ဖို့တောင် သတ္တိမရှိဘူး… ”
စကားလုံးမဲ့နွေည၏ စကားက အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။ မဟုတ်လျှင် ရှီဖုန်းတို့အဖွဲ့က အဘယ်ကြောင့် အန္တရာယ်ကင်းကင်းဖြင့် ပြန်လာနိုင်မည်နည်း။ ညင်သာလှုပ်ရှားနှင့် တခြားအဖွဲ့ဝင်များသည် သေဆုံးခြင်းသစ်တော၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
မြေအောက်ဘုံ၏ တောအုပ်ထဲသို့ ဝင်ပြီးနောက်တွင် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိ၏။ မြေအောက်ဘုံကို ရှင်းလင်းနိုင်ခြင်းနှင့် တစ်ဖွဲ့လုံး အသတ်ခံရခြင်း ဖြစ်သည်။ တတိယမြောက် ဖြစ်နိုင်ချေ မရှိပေ။ ယခု ရှီဖုန်းတို့အဖွဲ့က အန္တရာယ်ကင်းစွာ ပြန်လာနိုင်သည့်အတွက် သေဆုံးခြင်းသစ်တောအတွင်းသို့ မဝင်ကြခြင်း ဖြစ်နိုင်သည်။ သေဆုံးခြင်းသစ်တောကို ရှင်းရန်ကား ရှီဖုန်းတို့အတွက် ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
ရှီဖုန်းတို့ ထွက်လာသည့်အချိန်တွင် ညင်သာလှုပ်ရှားနှင့် သူ့အဖွဲ့က စတင်လှောင်ရယ်လိုက်သကဲ့သို့ ရှီဖုန်းတို့ဘေးနားဝန်းကျင်ရှိ အဖွဲ့များသည်လည်း အားရပါးရ ရယ်မောလိုက်ကြသည်။ ထိုသူတို့ကို ကြည့်ပြီး ညင်သာလှုပ်ရှားနှင့် သူ့အဖွဲ့က မှင်သက်သွားကြ၏။ ဒီလူတွေက ဘာလို့ ရှီဖုန်းတို့အဖွဲ့ကို လှောင်ရယ်နေကြတာလဲ။ သူတို့က တစ်ကယ်ပဲ နာမည်ကျော်ကြားတဲ့ သူတွေလား။
ညင်သာလှုပ်ရှားတို့အဖွဲ့ မသိလိုက်သည့်အချက်ကား ရှီဖုန်းတို့အဖွဲ့သည် သေဆုံးခြင်းသစ်တောဝန်းကျင်တွင် နာမည်ကြီးပြီးသား ဖြစ်၏။ ရှီဖုန်းတို့အဖွဲ့သည် အဆင့် ၁များဖြင့် ဖွဲ့ထားသော်လည်း ငရဲအဆင့်ကို ဝင်သွားခဲ့ကြသည်။ ထိုအရာက မိုက်ရူးရဲဆန်ခြင်းသာ ဖြစ်၏။ ထိုအချက်ကို တခြားသူများက သတိမထားမိစရာ အကြောင်း မရှိချေ။
တခြားသူတွေ ပြောသကဲ့သို့ … “မကောင်းသတင်း လေညှင်းဆောင်တယ်… “
“ဟား… ဟား… ဟား… ထူးထူးဆန်းဆန်း ကစားသမား ပြန်လာပြီကွ… ငရဲအဆင့်ကို ဝင်သွားတော့ ငါ့စိတ်ထဲ တစ်ကယ် လေးစားခဲ့တယ်… ဒါပေမဲ့ အခုတော့ ဒီကောင်က ငကြောက်ပဲကွ… “
“ငါ ဘယ်လိုမှ မထိန်းနိုင်တော့ဘူး… ရယ်ရလွန်းလို့ အူတက်နေပြီ… “
ရှီဖုန်းတို့ ပတ်ဝန်းကျင်ရှိ ကစားသမားများက သူတို့၏ လုပ်ရပ်များကို နားလည်ကြသည်။ သူတို့က မြေအောက်ဘုံ၏ ငရဲအဆင့်သို့ ဝင်သွားကြသော်လည်း အတွင်းထဲထိ မဝင်ဘဲ မြေအောက်ဘုံအဝတွင် ခဏနေကာ အပြင်သို့ လူမသိ၊သူမသိ ထွက်ရန် အချိန်ကို စောင့်နေသည့်ဟု ထင်ကြသည်။ သို့သော်လည်း ကံက သူတို့ကို မျက်နှာသာ မပေးခဲ့ချေ။ အစည်းအရုံးများစွာကပင် သူတို့ကို တွေ့သွားခဲ့၏။
“အစ်ကိုဖုန်း… ဒီလူတွေ ဘာဖြစ်နေတာလဲ… “ ဘလက်ကီက ရယ်မောနေသော ကစားသမားများကို ကြည့်ပြီး မေးလိုက်သည် … “ဒီလူတွေ ဦးနှောက်ပဲ မကောင်းတော့တာလား… မတ်တပ်ရပ်ပြီးတော့တောင် ဗိုက်ကို ဖိပြီး ရယ်နေကြတယ်… “
“ဘယ်လိုလုပ် သိမှာလဲ… သူတို့ဦးနှောက်က မကောင်းတော့လို့ နေမှာပေါ့… ကြည့်ရတာ နတ်ဘုရားနယ်မြေဂိမ်းက အကြာကြီး ကစားလို့ မကောင်းဘူးထင်တယ်… ငါတို့ မြန်မြန်သွားတာကောင်းမယ်… တဖြည်းဖြည်းနဲ့ ကျောချမ်းလာပြီ… “ ရှီဖုန်းက ပြောလိုက်သည်။
အခြားအဖွဲ့ဝင်များအားလုံးက ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။ သေဆုံးခြင်းသစ်တောက ကစားသမားတွေက အတော်ထူးဆန်းကြတာပဲ။
“အကိုကြီး… ခဏလောက် စောင့်ပါဦး… “
ရှီဖုန်းတို့အဖွဲ့က မြေအောက်ခန်း၏ အဝင်ဝမှ သွားကြတော့မည့်အချိန်တွင် အသံသာသာတစ်ခုက လူတိုင်း၏ နားထဲသို့ တိုးဝင်လာလေသည်။ အသံပိုင်ရှင်ကို ကြည့်လိုက်သောအခါ အဖြူရောင် မှော်ဆရာဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပဖြူစင်သော မိန်းမပျိုလေးတစ်ယောက်က ရှီဖုန်းတို့အဖွဲ့ထံ သွားနေသည်ကို မြင်လိုက်ရလေသည်။
ရှီဖုန်းက သူမအား မှတ်မိလေသည်။ သူမသည် စတားမွန်းနိုင်ငံ၏ ဘာသာရေးခေါင်းဆောင် အဆင့်ဇယားတွင် အယောက်တစ်ရာအတွင်း ဝင်သော ရှောင်ယွဲ့အာပင် ဖြစ်လေသည်။
ရှောင်ယွဲ့အာသည် ရှက်ရွံ့နေဟန်ဖြင့် ရှီဖုန်းထံသို့ လမ်းလျှောက်လာသည်။ ထို့နောက် သူမက အနည်းငယ်တိုးသောအသံဖြင့် ပြောလိုက်သည်… “တွေ့ရတာ ဝမ်းသာပါတယ်.. ကျွန်မက အိုရိုဘိုရို့စ် အစည်းအရုံးက ရှောင်ယွဲ့အာပါ… မြေအောက်ဘုံကို မဝင်ခင်က ကျွန်မတို့ တွေ့ကြသေးတယ်လေ… ကျွန်မတို့ အဖွဲ့ခေါင်းဆောင်က သေဆုံခြင်းသစ်တောနဲ့ ပက်သတ်ပြီး ပြောစရာ ရှိလို့ပါတဲ့… အစ်ကိုကြီးအနေနဲ့ သတင်းလေးများ မျှဝေဖို့ စိတ်ဝင်စားမလား သိချင်လို့ပါ… “