အခန်း ၄၂
ဇာမနီယွမ်ဝိညာဉ်
ကျွမ်းကျင်သူများသည် ယုံကြည်ချက်၏ အခြေခံ သဘောတရားကို နားလည် ကြသော်လည်း ၎င်းသည် ကျိုးကြောင်းဆီလျော်မှု ပေါ်တွင် အခြေခံသည်။
ဤကမ္ဘာတွင် စုန့်ရန်နှင့် စုန့်လောင်ယုသည် ဆယ်စုနှစ်ပေါင်း များစွာ နေထိုင် လာခဲ့ကြသည်ဖြစ်ရာ အတန်ငယ် မြင့်မားသော အတွေးအခေါ်မျိုးကို လိုက်မမီကြပေ။ နှစ်ယောက်လုံးသည် ဝမ်ရှန်း၏ စကားကို စူးစိုက် နားထောင် နေကြသော်လည်း နားမလည် ကြသည်မှာ ထင်ရှားလှသည်။
မလှမ်းမကမ်းမှ အခန်းထဲတွင် ပိုင်ရှီးနှင့် တုဟွာသည်လည်း ရိုးရှင်းသော အတွေးအခေါ်များသာ ရှိကြပြီး အားချီကမူ ဉာဏ်ပြေးသော မိန်းမတစ်ယောက် ဖြစ်သည်။
ထို့သို့ မဟုတ်ပါက ဤအဖွဲ့တွင် ခေါင်းဆောင် ရာထူးကို ရထားလိမ့်မည် မဟုတ်ပေ။
သို့သော် သူမသည် စုန့်ရန်နှင့် စုန့်လောင်ယုကဲ့သို့ ဝမ်ရှန်း၏ အခြေအနေ အစစ်အမှန်ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံခဲ့ရသဖြင့် စုန့်ရန်နှင့် စုန့်လောင်ယုလောက် ထိတ်လန့် မသွားပေ။
“ဝမ်ရှန်းက ကျိုးပဲ့ဝိညာဉ် ပိုင်ရှင်ဆိုတာ လူတိုင်းသိတယ်၊ ဒီသတင်းက အတုများလား”
“မဖြစ်နိုင်ဘူး၊ အတုသာဆိုရင် စုန့်ရန်နဲ့ စုန့်လောင်ယုက ဒီလို ထိတ်လန့်နေမှာ မဟုတ်ဘူး၊ ဒါဆို ကျိုးပဲ့ဝိညာဉ် ပိုင်ရှင်က ဘယ်လိုဖြစ်ပြီး အဆင့်တက် သွားတာလဲ….”
ဝမ်ရှန်းသည် စုန့်ရန်နှင့် စုန့်လောင်ယုကို ကြည့်ကာ သူပြောသမျှသည် အချည်းနှီးသာ ဖြစ်ကြောင်း နားလည် လိုက်သည်။ ရိုးရှင်းသော အတွေး အခေါ်များနှင့် တစ်သက်လုံး နေထိုင်ခဲ့ကြသော ဤကမ္ဘာမှ လူများအတွက် သူတို့၏ အတွေးအခေါ် အယူအဆများကို တစ်ကြိမ်တည်းဖြင့် ပြောင်းလဲ ပစ်ရန်မှာ မလွယ်ကူကြောင်း သူနားလည်ပေသည်။
ထို့ကြောင့် စကားဆက် မဆိုတော့ဘဲ လက်ဖက်ရည် သောက်နေလိုက်သည်။ လက်ဖက်ရည် တစ်အိုးကုန်သွားမှ စုန့်ရန်နှင့် စုန့်လောင်ယုမှာ နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
သူတို့သည် အချိန်ကြာလေလေ ဝမ်ရှန်းသည် လျှို့ဝှက်မိသားစုမှ လူတစ်ယောက် ဖြစ်သည်ဟု သံသယ ရှိလာလေ ဖြစ်သည်။
စတွေ့စဉ် ကတည်းက သိုက်ဟွမ်ကို သတ်ဖြတ်ခဲ့ပြီး ကျိုးပဲ့ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သည်။ အဆိပ်တစ်ထောင် မြွေဟောက် နှစ်ကောင်နှင့် ရင်ဆိုင်ရစဉ်ကလည်း စိတ်ပျက် အားလျော့ခြင်း မရှိဘဲ ယုံကြည်ချက်ဖြင့် ရင်ဆိုင်မြဲ ဖြစ်သည်။ ဤကိစ္စများသည် လူတိုင်း လုပ်ဆောင်နိုင်သော သာမန်အရာများ မဟုတ်ပါချေ။
“မဟုတ်မှ လွဲရော ယုံကြည်ချက် ဆိုတာ သူ့မိသားစုရဲ့ လျှို့ဝှက်ချက်များလား၊ ကလေး ဘဝတည်းက ယွမ်ဝိညာဉ် သဘောတရားကို ထိတွေ့ခွင့် မပေးဘဲ ယုံကြည်ချက်ကိုပဲ မွေးမြူပေးတာ အဲ့လိုများလား”
စုန့်ရန် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
စုန့်ရန်၏ အတွေးများကိုသာ ကြားပါက ဝမ်ရှန်း သေချာပေါက် ရယ်မောမိမည်ပင်။
“နင့်မှာ အပ်စိုက်မှတ် ဘယ်နှခုရှိသလဲ”
“နှစ်ခု”
ဝမ်ရှန်း လက်ဖက်ရည် သောက်ရင်းဖြင့် စုန့်ရန်၏ အမေးစကားကို ပြန်ဖြေသည်။
“နှစ်ခုတည်းလား နင့်ကိုယ်နင် နည်းတယ်လို့ မခံစားရဘူးလား”
စုန့်ရန်သည် ဝမ်ရှန်း၏ အေးဆေးတည်ငြိမ်သော အမူအရာကြောင့် နားမလည်နိုင် ဖြစ်နေသည်။
“မခံစားရဘူး၊ မင်းမှာ အပ်စိုက်မှတ် တစ်ရာရှိနေလည်း ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု မလုပ်နိုင်ရင် အချည်းနှီးပဲ၊ ငါ့မှာ အပ်စိုက်မှတ် နှစ်ခုပဲ ရှိပေမယ့် ဝိညာဉ်စွမ်းအင်နဲ့ တိုက်ခိုက်နိုင်တယ်၊ ဘာများ ကွာခြားနေလို့လဲ”
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်း၏ စကားကို လက်မခံချင်သော်လည်း ငြင်းချက် မထုတ်နိုင်ပေ။
အပ်စိုက်မှတ်၏ အဓိက လုပ်ဆောင်ချက်သည် ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်နိုင်ရန် ဖြစ်လေသည်။
အားချီသည် ခုတင်ပေါ်တွင် လဲလျောင်းကာ ဝမ်ရှန်း ပြောသမျှကို နားထောင်ရင်း စဉ်းစားခန်း ဝင်နေသည်။
စုန့်ရန် တိတ်ဆိတ်နေစဉ် ဝမ်ရှန်းသည် သူ၏ ယွမ်ဝိညာဉ် အကြောင်း ဆက်မပြော လိုတော့ဟန်ဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
“မင်းရဲ့ မိသားစု ပြဿနာတွေက ဖြေရှင်း ပြီးသွားပြီလား”
“အချိန် အတိုင်းအတာ တစ်ခုထိတော့ ငြိမ်သက် နေဉီးမယ်၊ သူတို့ ကျွန်မကို ဒီအတောအတွင်း လုပ်ကြံရဲသေးမှာ မဟုတ်ဘူး၊ အနာဂတ်မှာတော့ ပြောဖို့ခက်တယ်”
အဆိပ်တစ်ထောင် မြွေဟောက်၏ ဉီးခေါင်းထဲမှ အစီအရင် ကျောက်တုံး နှစ်ခုသည် အဓိက သက်သေ ဖြစ်သဖြင့် များစွာသော စုန့်မိသားစု ခေါင်းဆောင်များသည် စုန့်ရန်ကို တစ်စုံတစ်ရာ မပြောဆိုရဲကြပေ။
စုန့်ရန်၏ မိသားစု စစ်ဆေးပွဲကို စီစဉ်ပေးခဲ့သော အကြီးအကဲများသည် စိတ်ဆန္ဒ မရှိသော်လည်း သံသယ ကင်းစေရန် လူအချို့ လွှတ်ကာ စုံစမ်း စစ်ဆေးစေသည်။
စုန့်မိသားစုတွင် ဤကိစ္စကြောင့် ပဋိပက္ခများ ပေါ်ထွက်လာပြီး အစည်းအဝေးပွဲ၌ ဝရုန်းသုန်းကား ဖြစ်ကုန် ကြသော်လည်း စုန့်ရန်သည် အောင်နိုင်သူ ဖြစ်သဖြင့် ဤအတောအတွင်း မည်သူမျှ လာရောက် ရန်စရဲမည် မဟုတ်ပေ။
“ငါနဲ့ လိုက်ခဲ့…. သိုက်စီရိက ဘယ်လောက်ပဲ ခွန်အားကြီး နေပါစေ ထျန်းဟီက စုန့်စံအိမ်ထိ လိုက်ပြီး မသတ်ရဲပါဘူး”
စုန့်မိသားစု၏ အခြေအနေသည် မည်မျှ ယိုယွင်း နေစေကာမူ အခြေခံ အုတ်မြစ်သည် ခိုင်မာနေဆဲပင်။ သိုက်စီရိတွင် သတ္တိ ဆယ်ဆ ရှိခဲ့သော်ငြား ထျန်းဟီ စုန့်စံအိမ်ကို သွားရောက် ရန်ရှာရဲမည် မဟုတ်ပေ။
သိုက်ဟွမ်နှင့် သိုက်စီရိသည် စုန့်ရန်ကို အနိုင်ကျင့်ရဲခြင်းမှာ စုန့်ရန်သည် သူမ၏ နောက်ခံဇာစ်မြစ်ကို ဖုံးကွယ် ထားသောကြောင့်ပင်။
“မင်းနဲ့ စေ့စပ်ထားသူအဖြစ် လိုက်လာရမှာလား” ဝမ်ရှန်း ပြုံး၍ မေးလိုက်သည်။
စုန့်ရန်သည် အရှက်သည်း သွားသော ကြောင်မလေးနှယ် ခေါင်းကို ငုံ့ကာ စကား မဆိုတော့ပေ။
“အစောင့်အရင် လုပ်ပေါ့၊ မင်း စုန့်မိသားစုမှာ အခြေကျ နေထိုင်နေသရွေ့ သိုက်စီရိက ဘာမှ မလုပ်ရဲပါဘူး”
စုန့်လောင်ယုသည် အခြေအနေများကို ဝမ်ရှန်း နားလည်စေရန် ရှင်းပြနေသည်။
“တစ်ချိန်ကျရင် မင်း လုပ်ချင်တာကို လုပ်ခွင့်ရမှာပါ၊ ဘယ်သူက မင်းကို တစ်သက်လုံး လိုက်ပြီး စောင့်ကြည့်နေမှာလဲ”
“ဉီးလေးယုရဲ့ အကြံက ကောင်းပါတယ်”
ဝမ်ရှန်း ချက်ချင်း ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ ကျွန်တော့်မှာ တာဝန်တစ်ခု ရှိတယ်၊ တာဝန်ပြီးမြောက်ဖို့ ပစ်မှတ်ကို ရှာရဉီးမယ်”
“တာဝန်ဟုတ်လား..”
စုန့်ရန်သည် သူမ၏ ခေါင်းကို ပြန်မော့လိုက်ကာ ” ဘာတာဝန်လဲ”
“ဖြစ်နိုင်တာက ငါတစ်ယောက်ယောက်ကို သတ်ရလိမ့်မယ်”
“နင့်စကားက ဘယ်လို အဓိပ္ပာယ်လဲ.. နင်ဘယ်သူ့ကို သတ်ရမှာလဲ”
“ငါလည်း မသိဘူး”
ဝမ်ရှန်း၏ စိတ်ထဲတွင် အိပ်မက်ထဲမှ လှပသော မျက်လုံးများကို ပြန်လည် မြင်ယောင်မိသည်။
သို့သော် သူသည် ထိုမိန်းကလေး၏ နာမည်ကို မသိပေ။
“မသိဘူးဟုတ်လား လူတိုင်းမှာ နာမည်တော့ ရှိမှာပဲလေ”
စုန့်ရန်၏ မျက်လုံးများ ပြူးကျယ် လာသည်။
“သူ့ရဲ့ ယွမ်ဝိညာဉ်က ဇာမဏီ တစ်ကောင်ပဲ”
ဝမ်ရှန်း၏ နှုတ်ဖျားမှ ဇာမဏီဟူသော စကားကို ကြားသည်နှင့် တစ်ပြိုင်နက် စုန့်ရန်၏ မျက်ဆံများ ရုတ်ခြည်း ကျုံ့သွားကာ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင် သွားသည်။
သို့သော် လျင်မြန်စွာ ထိန်းချုပ် နိုင်လိုက်သဖြင့် မည်သူမျှ သတိမထား မိလိုက်ကြပေ။ စုန့်ရန်သာမက အားချီသည်လည်း ဇာမဏီ ဟူသော စကားကြောင့် ရုတ်တရက် ရှုပ်ထွေး သွားသည်။
“ဇာမဏီ ယွမ်ဝိညာဉ် နင်တို့ ကြားဖူးကြလား”
ပိုင်ရှီးနှင့် တုဟွာ ခေါင်းကို တူညီစွာ ခါယမ်းသည်။ သူတို့ မသိပေ။
“ငါ ဒီနာမည်ကို ဘယ်ကနေ ကြားဖူးပါလိမ့်”
အားချီသည် မျက်မှောင်ကုတ်ကာ အသည်းအသန် စဉ်းစားနေသည်။ သူမသည် ဤနာမည်ကို တစ်နေရာရာက ကြားဖူး လာသည်မှာ သေချာသော်လည်း နေရာ အတိအကျကို စဉ်းစား၍ မရတော့ပေ။
“ငါ သေချာပေါက် ဒီ နာမည်ကို ကြားဖူးတယ်”
တစ်ခဏမျှ စဉ်းစားပြီးနောက် အားချီ ဆုံးဖြတ်ချက် ချလိုက်သည်။
သူမ၏ မသိစိတ်မှ အလိုအလျောက် သိနေသည်မှာ ဤဇာမဏီ ယွမ်ဝိညာဉ် ကိစ္စသည် ဝမ်ရှန်း ပထမအဆင့်သို့ တက်လှမ်း သွားခြင်းထက် ပို၍ အရေးကြီးကြောင်းပင်။
အားချီသည် ချက်ချင်း ထရပ်လိုက်ကာ “မရတော့ဘူး ငါပြန်တော့မယ်၊ ဒီအကြောင်း အကြီးအကဲတွေကို သွားမေးမယ်”
“နင် ငါတို့နဲ့ လိုက်ပြီး စိတ်လှုပ်ရှား စရာလေးတွေ မကြည့်တော့ဘူးလား ”
ပိုင်ရှီးနှင့် တုဟွာသည် ယွမ်ဝိညာဉ် နာမည်တစ်ခုကို အပြင်းအထန် သိချင်နေသော အားချီကြောင့် အနည်းငယ် အံ့သြ သွားသော်လည်း မလွန်ဆန်ရဲကြပေ။
“ကောင်းပြီ ဒါဆိုလည်း အတူပြန်ကြတာပေါ့”
“မဟုတ်ဘူး နင်တို့ နေခဲ့ရမယ် အထူးသဖြင့် တုဟွာက စုန့်ရန်တို့ နောက်ကို လိုက်ပြီး သူတို့ ဘာပြောလဲ သေချာ နားထောင်ထား၊ ငါပြန်လာတဲ့အခါ အကုန်သိချင်တယ်”
တုဟွာသည် ခေါင်းကို ညိတ်ကာ သဘောတူလိုက်ပြီး ဆက်လက် နားထောင်နေသည်။ အားချီသည် ပိုင်ရှီးဘက်သို့ လှည့်လိုက်ကာ
“နင်က သိုက်မိသားစုရဲ့ အခြေအနေကို သွားပြီး စောင့်ကြည့်၊ ဒါနဲ့ ဝမ်ရှန်းနဲ့ စုန့်ရန်ရဲ့ အကြံအစည်ကို ပြောပြပြီး သိုက်မိသားစုကို စည်းရုံးထား၊ သိုက်စီရိနဲ့ စုန့်ရန်သာ ထိပ်တိုက်တွေ့ရင် အံ့သြစရာတွေ ဖြစ်လာတော့မှာပဲ”
***