အခန်း ၄၁
ယုံကြည်ခြင်း၏ ခွန်အား
လုဝမ်ဟုန်၏ လက်ချက်ဖြင့် အစောင့် လေးယောက် အသတ်ခံလိုက်ရပြီး ဝမ်ရှန်း၏ အခန်းထဲမှ တစ်ယောက်လည်း အသတ်ခံလိုက်ရသည်။ လက်အောက် ငယ်သားများ အားလုံး အသတ် ခံလိုက်ရချိန်တွင် သိုက်စီရိ တစ်ယောက် ဒေါသမီး ဟုန်းဟုန်း တောက်သွားမည်မှာ သေချာလေသည်။
“နင် ဘာမှ မလုပ်တော့ဘူးလား”
သတင်း ကြားပြီးနောက် မတုန်မလှုပ် ရပ်နေသော ဝမ်ရှန်းကြောင့် စုန့်ရန်သည်ပို၍ စိုးရိမ်တကြီး ဖြစ်လာသည်။
“ဘာလုပ်ရမှာလဲ ”
ဝမ်ရှန်းသည် သိုက်စီရိအကြောင်း ဂရုမစိုက်ပါချေ။ သူ့တွင် ခြေရာဖျောက်နည်း များစွာရှိသည်။
သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းလည်း မဟုတ်ပေ။ ကမ္ဘာမြေတွင် သင်ယူခဲ့သော တောတွင်း ရှင်သန်းရေး နည်းလမ်းများက ကြီးစွာသော ယုံကြည်ချက်ကို ဖြစ်ပေါ်စေသည်။
အထူးသဖြင့် စုန့်မိသားစုနှင့် ဝူရုံမြို့မှ ကျွမ်းကျင်သူများ၏ ခြေရာခံ အရည်အချင်းများသည် ခေတ်သစ် သိပ္ပံနည်းလမ်းများနှင့် ယှဉ်ပါက များစွာ နောက်ကျနေသည်ပင်။
ဝမ်ရှန်းသည် ဤကမ္ဘာမှ ဇာတိခံများ၏ ခြေရာခံနည်းလမ်းများကို အထင်သေးခြင်း မဟုတ်ပေ။ တောတောင် သဘာဝနှင့် ပတ်သက်၍ ကျွမ်းကျင်သော နယ်ခံများစွာ ရှိ၏။
သို့သော် သိုက်စီရိသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသည့် လူချမ်းသာ တစ်ယောက်ဖြစ်ပြီး သူ၏ အခြေခံ ကျင့်ကြံရေး မည်မျှ မြင့်မားနေစေကာမူ တောတိုးကာ ဝမ်ရှန်းနောက်သို့ လိုက်နိုင်မည် မဟုတ်ပေ။
စုန့်ရန်သည် စိုးရိမ်လွန်းသဖြင့် ရူးမတတ် ဖြစ်နေသည်။ သူမသည် မိသားစု အဆက်အသွယ် ကွန်ရက်များမှ တစ်ဆင့် ဤသတင်းကို ကြားခဲ့ရကာ သိသိချင်း ပြေးလာခဲ့သည်။
သို့သော် ဝမ်ရှန်းသည် စိုးရိမ်ထိတ်လန့်ခြင်း တစ်စုံတစ်ရာ မရှိသဖြင့် ဒေါသထွက် လာလေတော့သည်။
“နင်သိလား၊ သိုက်စီရိက စတုတ္ထ အဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်ပဲ”
“နင်က တတိယအဆင့်နဲ့ စတုတ္ထ အဆင့် အဆိပ်တစ်ထောင် မြွေဟောက်တွေကို သတ်နိုင်ခဲ့တာ ငါသိပါတယ်၊ ဒါပေမဲ့ သိုက်စီရိက အဲ့မြွေဟောက် နှစ်ကောင် ပေါင်းထားတာထက် အဆတစ်ရာလောက် ပိုကြောက်ဖို့ ကောင်းတယ်”
ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက် ပထမတစ်ကောင်ကို သတ်စဉ်က အဆင်ပြေခဲ့သော်လည်း ဒုတိယ တစ်ကြိမ်တွင် များစွာ ရုန်းကန်ခဲ့ရသည်။ အဆိပ်တစ်ထောင် မြွေဟောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရချိန်တွင် သူသည် ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သွားသည်။ သိုက်စီရိနှင့် ဆိုပါက မည်သို့ ဖြစ်သွားမည်နည်း။
“သိုက်စီရိက ခွန်အားကြီးရုံသာ မကဘူး၊ ဉာဏ်ပြေးပြီး ရက်စက်တယ် ”
စုန့်ရန်သည် ဝမ်ရှန်းတစ်ယောက် ရန်သူကို လျှော့တွက် ထားမည်ကို စိုးရိမ်သဖြင့် အသေးစိတ် ရှင်းပြသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်က သိုက်စီရိကို ဆန့်ကျင်ခဲ့တဲ့ ဝိညာဉ်သခင်တွေ မရေမတွက် နိုင်အောင် အသတ်ခံခဲ့ရတယ်၊ ကောလာဟလတွေအရ ပဉ္စမ အဆင့် အစောပိုင်း ဝိညာဉ်သခင်ကိုတောင် သတ်ခဲ့တယ်တဲ့၊ နင်က အဆင့်တက်လို့ မရတဲ့ သာမန်လူ….”
စုန့်ရန်သည် ပြောရင်းဆိုရင်းဖြင့် ရုတ်တရက် ရပ်တန့် သွားသည်။ သူမသည် အလျင်လိုနေသဖြင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှ ထူးဆန်းနေမှုကို သတိမထားခဲ့မိခြင်း ဖြစ်သည်။
ယခု ယွမ်ဝိညာဉ် အကြောင်း ပြောနေရင်းဖြင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အော်ရာများကို ခံစားမိသွားလေသည်။ ဤအော်ရာများသည် ပထမအဆင့် ဝိညာဉ်သခင်များ တွင်သာ ရှိသော အော်ရာဖြစ်သည်။
သို့သော် သူမသည် ယခင်ကတည်းက ဝမ်ရှန်း၏ ယွမ်ဝိညာဉ်ကို အပြန်ပြန် အလှန်လှန် စစ်ဆေးခဲ့ပြီးသား မဟုတ်ပါလော။ ဝမ်ရှန်း၏ ယွမ်ဝိညာဉ်သည် ကြယ်မရှိ အဆင့်တက်၍ မရပေ။ သို့လျှင် ဤအော်ရာများသည် မည်သို့ ထွက်ပေါ် လာပါသနည်း။
စုန့်လောင်ယုသည်လည်း စုန့်ရန်၏ အပြုအမူကြောင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှ အော်ရာများကို သတိပြုမိ သွားသည်။ ရုတ်တရက် မျက်လုံးများ ပြူးကျယ်လာကာ ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။
သူ့လက်နှင့် ကိုယ်တိုင် အတည်ပြုခဲ့သော ကျိုးပဲ့ဝိညာဉ်သည် အမှန်တကယ်ပင် ပထမအဆင့်သို့ တက်လှမ်း သွားလေပြီ။
စုန့်ရန်နှင့် စုန့်လောင်ယုသည် မမျှော်လင့်ထားသော အဖြစ်အပျက် များကြောင့် ရူးသွပ်လု နီးနီးပင်။
“ငါ့ကို တိုက်ခိုက် ကြည့်စမ်း”
စုန့်လောင်ယုသည် သူ၏ မျက်လုံးများကို မယုံဟန်ဖြင့် ထပ်မံ အတည်ပြုရန် ပြင်သည်။
ဝမ်ရှန်းသည် လက်သီးကို တင်းတင်းဆုပ်ကာ စုန့်လောင်ယု၏ ရင်အုပ်ကို ထိုးလိုက်သည်။ ဝိညာဉ်စွမ်းအင်များကို ပါသည် ဆိုရုံသာ ထည့်သွင်းထားပြီး အကောင်းဆုံး အခြေအနေသို့ တိုးမြှင့် ထားခြင်းမရှိပေ။
“ဘုန်း”
စုန့်လောင်ယု၏ မျက်လုံးများ ပို၍ ပြူးကျယ် လာသည်။ လက်သီးချက်ထဲတွင် ပါဝင်နေသော ဝိညာဉ်စွမ်းအင်များသည် မည်သည့် နည်းနှင့်မျှ အတုမဖြစ်နိုင်ပေ။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
စုန့်လောင်ယုသည် အပြင်းအထန် ထိတ်လန့်သွားပြီး အလိုအလျောက် ရေရွတ်လိုက်မိသည်။ စုန့်ရန်သည် အခန်းထဲမှ ချက်ချင်း လှည့်ထွက်သွားပြီး ခြံဝန်းထဲမှ အစေခံများကို ယွမ်ဝိညာဉ် စစ်ဆေးသည့် မှန်ကို ယူဆောင်လာရန် အမိန့်ပေး လိုက်သည်။
စုန့်ရန်သည် ယခု မိသားစု စစ်ဆေးပွဲကို အောင်မြင်သွားပြီ ဖြစ်ရာ မိသားစု၏ အကြီးဆုံးသမီး ဟူသော အရှိန်အဝါ ကို ပြန်လည် ရရှိလာလေပြီ။
“ကြည့်ရအောင်”
များမကြာမီ စုန့်ရန်သည် ယွမ်ဝိညာဉ် စစ်ဆေးသည့် မှန်ကို သယ်ကာ ဝမ်ရှန်း လက်ထဲသို့ ထည့်လိုက်သည်။ ဝမ်ရှန်းသည် ယခင်က အတိုင်း မှန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရပ်နေသည်။
ချက်ချင်းပင် ယွမ်ဝိညာဉ်၏ ပုံသဏ္ဌာန်နှင့် အရောင်သည် မှန်မျက်နှာပြင်၌ ပေါ်ထွက် လာလေသည်။
ပြောင်းလဲမှု မရှိပေ။ ဝမ်ရှန်း၏ ယွမ်ဝိညာဉ်သည် ငါးကြင်းတစ်ကောင် ဖြစ်နေဆဲပင်။
ယွမ်ဝိညာဉ်ကို ခွဲခြားရာ၌ မီးခိုးရောင်သည် ကြယ်တစ်ပွင့်၊ အဖြူရောင်သည် ကြယ်နှစ်ပွင့်၊ အနီရောင်သည် ကြယ်သုံးပွင့်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အပြာရောင် ခရမ်းရောင်အထိ အဆင့်ဆင့် တက်သွားပြီး နောက်ဆုံးသော အနက်ရောင်သည် ကြယ်ကိုးပွင့် ဖြစ်သည်။ အရောင်မရှိဟု ဆိုခြင်းသည် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်မှာ ကြယ်မရှိဟု ဆိုလိုခြင်းပင်။
“ယွမ်ဝိညာဉ်က အရင်ကအတိုင်း ပြောင်းလဲမှု မရှိဘူး၊ ဒါဆို အော်ရာ တိုက်ခိုက်မှုက ဘယ်လို ဖြစ်လာတာလဲ”
ဤအချက်သည် စုန့်ရန်နှင့် စုန့်လောင်ယု၏ တွေးခေါ်နိုင်စွမ်းကို ကျော်လွန်သွားပြီ ဖြစ်သည်။ မှန်များကို သုံးကြိမ်တိတိ ပြောင်းလဲ ကြည့်သော်လည်း ရလဒ်မှာ အတူတူပင်။
“နင်ဘယ်လိုလုပ်လိုက်တာလဲ”
စုန့်ရန် တုန်ယင်စွာ မေးသည်။
“ခဏနေဉီး”
ဝမ်ရှန်း ပြောရန် ပြင်လိုက်စဉ် စုန့်လောင်ယုသည် ရုတ်တရက် တားဆီးလိုက်ကာ ပတ်ပတ်လည်မှ အစောင့်များကို ဆယ်ပေ အဝေး၌ နေကြရန် အမိန့်ပေး လိုက်သည်။ ပြီးမှ အခန်းထဲသို့ ပြန်ဝင်လာကာ ခေါင်းညိတ်ပြသည်။
“မင်းက ဘာကို သိချင်တာလဲ”
“နင့်ရဲ့ ယွမ်ဝိညာဉ်က အဆင့်တက်လို့ မရဘူးလေ၊ ဘယ်လိုဖြစ်ပြီး ပထမအဆင့်ကို ရောက်သွားတာလဲ”
ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ ခြံဝန်းနှင့် သုံးကိုက် အကွာရှိ တဲငယ်ထဲ၌ အနက်ရောင် ဝတ်ရုံနှင့် လူ၏ ဉီးခေါင်းထက်မှ သံအိုးသည် ရုတ်တရက် တုန်ခါသွားပြီး စုန့်ရန်၏ စကားများနှင့် ထပ်တူညီစွာ ရေရွတ်လိုက်လေသည်။
“ဘာ”
အားချီနှင့် ပိုင်ရှီးသည် ဝတ်ရုံနက်နှင့် လူ၏ စကားကြောင့် ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။
“တုဟွာ နင်နားကြား မှားတာလား”
အားချီသည် ထိတ်လန့်မှုကို ဖိနှိပ်ကာ မယုံကြည်ဟန်ဖြင့် ထပ်မေးသည် ။
“မမှားဘူး သေချာတယ်”
အားချီ နှင့် ပိုင်ရှီးသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကြက်သေ သေနေသည်။ တုဟွာ၏ အကြားအာရုံသည် သာမန် မဟုတ်ပေ။
ဉီးခေါင်းထက်မှ သံအိုး၏ အကူအညီနှင့် ဆိုပါက ပေနှစ်ဆယ် အကွာအဝေးမှ ခြေသံများကိုပင် ကြားနိုင်သူ ဖြစ်သည်။
“အဆင့်မတက်နိုင်တဲ့ ယွမ်ဝိညာဉ် ပိုင်ရှင်က ပထမအဆင့်ကို တက်သွားတယ်၊ ဒီနည်းလမ်းကိုသာ သိရရင် ရှန်းလင် တစ်မြို့လုံးက မကျင့်ကြံနိုင်တဲ့ လူတွေ သေမတတ် ဝမ်းသာ သွားကြတော့မှာပဲ”
အားချီနှင့် ပိုင်ရှင်သည် အသက်ကိုပင် ရဲရဲမရှူရဲဘဲ တုဟွာ၏ အနီးသို့ တိုးကပ်ကာ ဝမ်ရှန်း၏ အဖြေကို စောင့်မျှော် နေကြသည်။
စုန့်ရန်နှင့် စုန့်လောင်ယုသည် ပို၍ စိတ်လှုပ်ရှားနေပြီး ဝမ်ရှန်း၏ အဖြေသည် စုန့်မိသားစု၏ အင်အားကို တစ်ဖန်ပြန်လည် တိုးမြှင့် ပေးနိုင်သဖြင့် ရင်တထိတ်ထိတ်ဖြင့် နားထောင် နေကြသည်။
“ယုံကြည်ချက်ပေါ့ မင်းလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင် သေချာပေါက် အဲ့အရာကို လုပ်နိုင်လိမ့်မယ်”
“ယုံကြည်ချက် ဟုတ်လား၊ ယုံကြည်ချက် ဆိုတာကို ငါသိပါတယ်၊ ဒါပေမဲ့ ဘယ်လို သက်ဆိုင်နေတာလဲ ထပ်ရှင်းပြနိုင်မလား”
စုန့်ရန်သည် ဝမ်ရှန်း၏ စကားကို ကောင်းစွာ နားမလည်လိုက်ပေ။
“ငါက အရင်တုန်းက ယွမ်ဝိညာဉ်က ဘာမှန်းတောင် သိတာ မဟုတ်ဘူး၊ မင်းတို့လည်း သိပါတယ်”
စုန့်ရန်နှင့် စုန့်လောင်ယု ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။ ဝမ်ရှန်းနှင့် စတွေ့စဉ်က ယွမ်ဝိညာဉ်ကိုပင် သိသူမဟုတ်ပေ။ စုန့်ရန်ကိုယ်တိုင် ဉာဏ်အလင်း ဖွင့်ပေးခဲ့ရသည် မဟုတ်ပါလော။
“ငါက ယွမ်ဝိညာဉ် အကြောင်း မသိတာမို့ ကလေး ဘဝတည်းက သင်ယူရမယ့် အကြောင်းအရာတွေ၊ ပင်ကို ပါရမီတွေလည်း မသိဘူး၊ ဒါပေမဲ့ အဆင့်မတက်နိုင်တဲ့ ယွမ်ဝိညာဉ်ဆိုတာ မရှိဘူးလို့ ငါယုံကြည်ခဲ့တယ်၊ အနာဂတ်မှာ ငါဟာ လူအများကို အံ့သြအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်၊ ငါယုံကြည်တဲ့ အတိုင်း ကြိုးစားခဲ့တယ် နောက်ဆုံးမှာ ငါလုပ်နိုင်ခဲ့တယ်”
“ဒါက ယုံကြည်ချက်ရဲ့ စွမ်းအင်ပဲ”
ဝမ်ရှန်းသည် စကားကို နိဂုံးချုပ်ကာ စုန့်ရန်နှင့် စုန့်လောင်ယုကို ကြည့်လိုက်သည်။
“နားလည်ကြလား”
***