အခန်း ၄၀
နှာချေတာက လူသတ်လို့ရတယ်
လုပ်ကြံသူသည် သူ၏ အစီအစဉ် ကျရှုံး သွားသော်လည်း ချက်ချင်း ပြေးမထွက်ရဲပေ။ သိုက်ဟွမ်နှင့် အခြားသူများကဲ့သို့ ဝမ်ရှန်း၏ သာမန် မဟုတ်သော လက်နက်ဖြင့် အသတ် ခံလိုက်ရမည်ကို ကြောက်သဖြင့် အတင်းကာရော ပြေးမထွက်သေးဘဲ နှာခေါင်းနှင့် မျက်လုံးများကို ပိတ်လိုက်သည်။
သို့သော် အနည်းငယ် နောက်ကျ သွားလေ၏။ ငရုတ်ကောင်း မှုန့်များသည် နှာခေါင်းထဲသို့ ဝင်ရောက် လာပြီး နှာချေရန် တွန်းအားပေး လာသည်။
တောင့်ခံထားလေလေ နှာချေချင် လာလေလေဖြစ်ကာ အဆုံးတွင် ခံနိုင်ရည် မရှိတော့ဘဲ ပြင်းပြင်းထန်ထန် နှာချေလိုက်သည်။
“ဟပ်ချိုး”
ကျယ်လောင်သော အသံသည် သေချာပေါက် သူ၏ နေရာကို ပေါ်ထွက် သွားစေသည်။
အစောင့်သည် နှာချေပြီးသည်နှင့် တစ်ပြိုင်နက် အလန့်တကြားဖြင့် ခုန်ရှောင် လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် မေ့လျော့၍ အသက်ရှူ မိသွားကာ ဆက်တိုက် နှာချေ လာပြန်သည်။
လုပ်ကြံသူသည် မျက်လုံးများကို ပိတ်ကာ နှာမချေမိရန် ထိန်းထားစဉ် ခြေသံ တစ်စုံတစ်ရာ ရုတ်တရက် ပေါ်ထွက်လာသည်။
ဝမ်ရှန်း အခန်းထဲသို့ ဝင်လာလေပြီ။
“သေချင်နေတာပဲ၊ ကလိမ်ကကျစ် နည်းလမ်းတွေနဲ့ ငါ့ကို သတ်ချင်တယ်ပေါ့။ နောက်ဘဝမှပဲ ရမယ်”
ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် သူသည် မျက်လုံးများကို ပိတ်ထားလျှင်ပင် ဝမ်ရှန်း၏ တည်နေရာနှင့် လှုပ်ရှားမှုများကို နားဖြင့် အာရုံခံနိုင်သေးသည်။
ထူးဆန်းသည်မှာ ဝမ်ရှန်းသည် ခြေတစ်လှမ်းသာ လှမ်းပြီးနောက် ငြိမ်သက် နေသည်။ အသက်ရှူ သံကိုပင် မကြားရချေ။
လုပ်ကြံသူသည် ဝမ်ရှန်း အသက်အောင့်ထားခြင်း ဖြစ်သည်ဟု ထင်လိုက်သော်လည်း အမှန်မှာ ဝမ်ရှန်းသည် မှန်ကာများ၊ မျက်နှာဖုံးများ တပ်ထားသောကြောင့် အသက်ရှူသံ မထွက်လာခြင်း ဖြစ်သည်။ ထို့ပြင် ဝမ်ရှန်းသည် အသက်ကို ဖြည်းညင်းစွာ ရှူနေခြင်းကြောင့်လည်း အသံ မထွက်လာခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုပ်ကြံသူသည် ဝမ်ရှန်းမှာ တံခါးဝတွင် ရပ်နေသည်ဟု အခိုင်အမာ ယူဆလိုက်ပြီး ဓားဖြင့် ထိုးစိုက် ချလိုက်သည်။
လုပ်ကြံသူ၏ ဓားသည် ချွန်မြကာ ပျော့ပျောင်းသော အသံတစ်ခု ထွက်လာသည်။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အတွေ့အကြုံ အရ ဤအသံသည် ဉီးခေါင်းကို ဖောက်ထွင်း၍ ထွက်လာခြင်း ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။ လုပ်ကြံသူသည် တိတ်တဆိတ် ပျော်ရွှင်သွားပြီး ဒုတိယအကြိမ် နှာချေမိလိုက် ပြန်သည်။
သတိလက်လွတ် ခေါင်းကို မြှောက်လိုက်မိသည့် အခိုက်တွင် လည်ပင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။
လုပ်ကြံသူသည် ရုတ်တရက် ထိတ်လန့်သွားပြီး အလွန် လျင်မြန်စွာ ရှောင်တိမ်း လိုက်သည်။ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တက်သွားကာ အချိန်မီ ရှောင်တိမ်း လိုက်နိုင်သော်လည်း လည်ပင်းတွင် ထင်ရှားသော ဓားရာကြီး တစ်ခု ပေါ်ထွက်လာသည်။
လုပ်ကြံသူ၏ လက်သည် လည်ပင်း၏ ဘယ်ဘက်ခြမ်းတွင် တင်ထားပြီး လက်ချောင်းကြားမှ သွေးများစွာ ယိုစီးကျလာသည်။
“ဟပ်ချိုး ဟပ်ချိုး”
နှာချေသံများ တရစပ် ပေါ်ထွက်လာသည်။
ဝမ်ရှန်းသည် လှုပ်ရှားခြင်းကို ရပ်တန့်ကာ အခန်းထောင့်တွက် ငြိမ်သက်စွာ ရပ်နေသည်။ ရန်သူ၏ လည်ပင်း သွေးကြောသည် ဖြတ်တောက် ခံလိုက်ရပြီး ဖြစ်သည်။ ဤဒဏ်ရာသည် တစ်ခဏမျှ အသက်ရှင် နိုင်သေးသော်လည်း သွေးထွက်လွန်ပြီး သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
“ဟပ်ချိုး”
တစ်ခါ နှာချေလိုက်တိုင်း လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။
လုပ်ကြံသူသည် အဆုံးတွင် ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ လှုပ်ရှားမှု မရှိတော့ပေ။
လုပ်ကြံသူသည် နောက်ဆုံး ထွက်သက်အထိ နားမလည်ခဲ့သည်မှာ သူ၏ ဓားရှည်သည် ဝမ်ရှန်း၏ ဉီးခေါင်းကို သေချာပေါက် ထိုးဖောက် သွားပါလျက် သူ့လည်ပင်းမှာ အဘယ်ကြောင့် ဖြတ်တောက် ခံလိုက်ရပါသနည်း။
လုပ်ကြံသူ ထိုးစိုက်လိုက်သော ခေါင်းသည် အမှန်တကယ်ပင် လူဉီးခေါင်း တစ်လုံး ဖြစ်သည်။
သို့သော် ဝမ်ရှန်း၏ ခေါင်းမဟုတ်ဘဲ သိုက်မိသားစု အစောင့်၏ ဉီးခေါင်းဖြစ်သည်။ အတိအကျ ဆိုရလျှင် လုဝမ်ဟုန် လက်ဆောင် ပေးခဲ့သော ဉီးခေါင်း လေးလုံးထဲမှ တစ်လုံးဖြစ်၏။
ဝမ်ရှန်း၏ ခြံဝန်းနှင့် တူညီသော လမ်းထဲရှိ ခြံဝန်းတစ်ခုတွင် လူသုံးယောက်သည် အခန်းတစ်ခုထဲတွင် တိတ်တဆိတ် လဲလျောင်း နေကြသည်။ ဝမ်ရှန်းသည် သူ၏ ရောင်ခြည် မှန်ပြောင်းဖြင့် စစ်ဆေးကြည့်လျှင်ပင် ဤလူများနှင့် ပတ်သက်၍ မူမမှန်ခြင်းကို ရှာတွေ့မည် မဟုတ်ပေ။
သို့သော် အခန်းထဲသို့ ဝင်ကြည့်ပါက သုံးယောက်လုံး၏ မျက်လုံးများ ပွင့်နေကြသည်ကို တွေ့မြင် ရပေလိမ့်မည်။
ထိုထဲတွင် အနက်ရောင် ဝတ်ရုံနှင့် လူသည် အချက်ပြ ကိရိယာနှင့် တူသော ထူးဆန်းသည့် အိုးပုံသဏ္ဌာန် ပစ္စည်းတစ်ခုကို ခေါင်းပေါ်တွင် တင်ထားသည်။
“စနေပြီ”
“……….”
“ဓားက ဘယ်ကို ထိုးလိုက်တာလဲ”
“သိုက်မိသားစုက လုပ်ကြံသူ သေသွားပြီ”
ဝမ်ရှန်းသာ ဤစကားများကို ကြားပါက မည်သည့် အကြောင်းအရာကို ပြောနေကြောင်း သေချာပေါက် သိမည်ပင်။
အနက်ရောင် ဝတ်ရုံနှင့် လူသည် ဝမ်ရှန်းနှင့် သိုက်မိသားစုမှ လုပ်ကြံသူ၏ လှုပ်ရှားမှု များကို ကိုယ်တိုင် မြင်တွေ့နေရသည့်အလား အတိအကျ ပြောပြနေသည်။
အနက်ရောင် ဝတ်ရုံနှင့်လူ၏ နံဘေးမှ မီးခိုးရောင်နှင့် လူသည် နားထောင် နေရင်းဖြင့် ပါးစပ် အဟောင်းသား ဖြစ်လာသည်။
“အားချီ၊ ငါတို့ လုပ်ကြမလား”
မီးခိုးရောင် ဝတ်ရုံနှင့် လူသည် သုံးယောက်ထဲတွင် ခွန်အား အကြီးဆုံးဖြစ်ကာ တစ်ချက် ကြည့်ရုံဖြင့် ခွန်အားပြင်း ဝိညာဉ်သခင် ဖြစ်ကြောင်း သိသာလှသည်။
“နင်က ဘာလုပ်ချင်လို့လဲ”
မလှမ်းမကမ်းတွင် လဲလျောင်းနေသော အားချီသည် သူ၏ နှုတ်ခမ်း လွှာများကို ဖွင့်ဟကာ ချိုသာစွာ မေးမြန်းလာသည်။
“ပိုင်ရှီး၊ အဲ့ကောင်လေးကို သတ်လိုက်ရင် ရွှေဒင်္ဂါး နည်းနည်းပဲရမှာ ဒါပေမဲ့ သူ့ကို မသတ်ဘူးဆိုရင် သိုက်မိသားစုနဲ့ စုန့်မိသားစုရဲ့ တိုက်ပွဲကို ကြည့်ရမှာနော် ”
“ဒါပေမဲ့ သိုက်မိသားစုက သူ့လူ နည်းနည်းလောက် အပြင်မှာ သေသွားတာကို အရေးလုပ်ပါ့မလား သိတောင်သိမှာ မဟုတ်ဘူး”
“သတင်း လွှင့်လိုက်ရင်ရော”
အားချီသည် သူမ၏ လှပစွာ ပြုပြင်ထားသော လက်သည်းများကို ကိုက်ကာ ပြုံးနေသည်။
ထို့နောက် သုံးယောက်လုံးသည် တစ်စုံတစ်ခုကို တီးတိုး ပြောဆိုနေကြပြီး အသံမှာ တိုးညင်း လှသဖြင့် ရှင်းလင်းစွာ မကြားရပေ။
တောက်ပသော လရောင်သည် ပြတင်းပေါက် မှတစ်ဆင့် အားချီ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။ ကြမ်းပြင်ထက်တွင် ရှည်လျား သွယ်ပျောင်းသော ခြေတံရိပ်များ လှပစွာ ထင်ဟပ်နေ၏။
အခန်းတစ်ခုလုံး သုံး၍ မရတော့သဖြင့် ချမ်းသာနေပြီ ဖြစ်သော ဝမ်ရှန်းသည် ရှန်းလင်မြို့၏ အကြီးဆုံး တည်းခိုခန်း၌ တစ်ညတာ အိပ်စက် အနားယူလိုက်သည်။
မနက်လင်းသော် ဝမ်ရှန်းသည် သူ့ခြံဝန်းထဲ၌ သိုက်မိသားစု၏ ဒုတိယအဆင့် ဝိညာဉ်သခင်ကို သတ်ဖြတ် လိုက်သည့် သတင်းမှာ ရှန်းလင် တစ်မြို့လုံး ပျံ့နှံ့ နေသည်။
လူအများစုသည် ဤသတင်းကို မယုံသဖြင့် ဝမ်ရှန်း၏ ခြံဝန်းထဲသို့ ကိုယ်တိုင် သွားကြည့်ကြပြီး မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြက်သေ သေကုန်ကြသည်။ ဝမ်ရှန်းသည် အလောင်းကို မရှင်းထားသည့်အပြင် ငရုတ်ကောင်း မှုန့်များမှာလည်း နေရာအနှံ့ ပျံ့လွင့် နေဆဲပင်။
ငရုတ်ကောင်း မှုန့်များဖြင့် ရန်သူ၏ အမြင်အာရုံကို ပိတ်ဆို့ လိုက်ခြင်းဖြင့် ခွန်အား တစ်ဝက်ကို လျှော့ချပြီးသား ဖြစ်သွားသည်။ လူတိုင်းသည် ငရုတ်ကောင်း မှုန့်များကို ကြည့်ကာ ဝမ်ရှန်း သတ်လိုက်သည်ကို ယုံကြည် လက်ခံသွားကြသည်။ လူတိုင်း လုပ်နိုင်သော အရာပင် မဟုတ်ပါလော။
ထိုနေ့ နံနက်တွင် ပေါင်ချင်ယုတန် ဆိုင်ရှင်သည် ဝမ်ရှန်းထံ ရောက်ရှိလာသည်။ မြွေမြွေချင်း ခြေမြင်ဆိုသော စကားအတိုင်းပင် ဝမ်ရှန်းနှင့် လုဝမ်ဟုန် တွေ့ဆုံခဲ့သည့် သတင်းကြောင့် အမျက်ခြောင်းခြောင်း ထွက်ကာ ရောက်လာခြင်း ဖြစ်သည်။
သို့သော် ပါးနပ်သော ဆိုင်ရှင်သည် ဝမ်ရှန်းနှင့် တော်ဝင်ရတနာ စံအိမ်၏ စီးပွားရေး အကြောင်း တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိချေ။
ထိုအစား နောက်နောင်တွင် စီးပွားရေး လုပ်လိုပါက ပေါင်ချင်ယူတန်ကို အရင်ဆုံး ဆက်သွယ် ပေးရန်သာ ပြောဆိုသွားခဲ့သည်။ ဝမ်ရှန်းသည် သူ့ခြံဝန်းငယ်ကို ရှင်းလင်းရန် လူငှား၍ ခိုင်းစေ လိုက်ပြီးနောက် ရှန်းလင်မြို့တွင် ဆယ်ရက်ကျော် နေထိုင်ခဲ့သည်။
ရှန်းလင်မြို့မှ ထွက်ခွာရန် စိတ်ကူး နေစဉ်မှာပင် စုန့်လောင်ယုသည် တံခါးဝ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ စုန့်ရန်သည် စုန့်လောင်ယု၏ နောက်မှ ရှေ့ထွက်လာပြီး အခန်းထဲသို့ ဒရောသောပါး ဝင်လာသည်။
“ဝမ်ရှန်း ငါတို့တော့ ဒုက္ခ အကြီးကြီး ရောက်ပြီ”
စုန့်ရန်သည် ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင်၍ စိုးရိမ်တကြီး ဆိုလာသည်။
“သိုက်မိသားစုရဲ့ စတုတ္ထအဆင့် ဝိညာဉ်သခင် ကိုယ်တိုင် ထွက်လာပြီ”
***