အခန်း ၃၉
သိုက်မိသားစု လူသတ်သမား
“ရှင်ပြောချင်တာက ကျွန်မက ဉာဏ်တုံးတယ်ပေါ့ ဟုတ်လား”
လှပသော အစေခံလေး လင်းအာသည် ဝမ်ရှန်း၏ စကားတွင် နစ်မြောကာ ယောင်ယမ်း ခေါင်းညိတ် လိုက်ပြီးမှ ရုတ်တရက် ဒေါသတကြီး အော်ဟစ် လာတော့သည်။
“စတာပါ အတည်မယူပါနဲ့”
ဝမ်ရှန်းသည် ခေါင်းကို နောက်ပစ်ကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး –
” တကယ် ကလေးသာသာပဲ ရှိသေးတာပဲ၊ မင်းက ဘယ်လို ကစားရမယ်ဆိုတာ မသိသေးဘူး”
လင်းအာသည် ဝမ်ရှန်းကို မည်သို့ ပြန်လည် ချေပရမည်ကို မသိပေ။ ထိုအခိုက်အတန့်တွင် လုဝမ်ဟုန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ငိုရှိုက်လိုစိတ် များသာ ပေါ်ထွက်လာသည်။ သူမသည် ဝမ်ရှန်း၏ နှုတ်ဖျားတွင် ဟာသသဖွယ် ဖြစ်နေသည်ပင်။
“ဟုတ်ပြီ ဟုတ်ပြီ လင်းအာ စိတ်မဆိုးပါနဲ့ အစ်ကိုဝမ်က စနေတာပါ”
လုဝမ်ဟုန်သည် လင်းအာ၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပြီး ရုတ်တရက် အားပေးလိုက်သည်။
” အစ်ကိုဝမ်က မင်းပြိုင်ဘက် မဟုတ်ဘူး၊ သေချာပေါက် ရှုံးလိမ့်မယ်”
လင်းအာ၏ မျက်နှာသည် လုဝမ်ဟုန်၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် မိုးရွာပြီးနောက် ထွက်ပြူလာသော နေမင်းပမာ တောက်ပ ဝင်းလက် သွားသည်။
လုဝမ်ဟုန်၏ စကားလုံး အနည်းငယ်သည် လင်းအာကို ချက်ချင်း ပျော်ရွှင်စေခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် ဤမိန်းကလေးသည် သူ၏ သခင်ပေါ်တွင် ငြိတွယ်နေခြင်း ဖြစ်သည်။
“အစ်ကို ဝမ် ကျေးဇူးအများကြီး တင်ပါတယ်”
လုဝမ်ဟုန်သည် လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုသည်။
ရိုးရိုးသားသား ဆိုရရင် မိစ္ဆာသားရဲ ဖမ်းသူတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်၊ ဒါပေမဲ့ ဘယ်သူကမှ မြွေဆိပ်အကြောင်း ဒီလောက်အထိ မသိကြဘူး”
“ကျွန်တော်က အကြံပေးမယ်၊ ခင်ဗျားက လက်တွေ့ အကောင်အထည် ဖော်မယ်”
ဝမ်ရှန်းသည် လက်ကို ဝှေ့ယမ်း လိုက်ကာ ” ခင်ဗျား အနေနဲ့ ဆေးဆရာတွေ၊ အဂ္ဂိရတ် ဆရာတွေ ရှာဖို့ လိုသေးတယ်၊ နတ်ဆိုးမြွေတွေ အထိပါ မြွေဆိပ်ဖြေဆေး ထုတ်ချင်တယ်ဆို ရင်းနှီးမြှုပ်နှံမှု အများကြီး လိုလိမ့်မယ်၊ အခုပေးတဲ့ ရွှေဒင်္ဂါး ရှစ်ထောင်က စရန် သဘောမျိုးပဲ၊ ဒါကို ပူးပေါင်းမှုရဲ့ အစလို့ သတ်မှတ်တယ်”
ဝမ်ရှန်း၏ နည်းလမ်းများမှ တစ်ဆင့် အကျိုးအမြတ် များစွာ ပြန်လည် ရရှိမည် ဖြစ်သဖြင့် လုဝမ်ဟုန်သည် ဝမ်ရှန်း၏ စကားကို ချက်ချင်း သဘောတူလိုက်သည်။
“ကောင်းပါပြီ၊ ကျွန်တော့်မှာ အစ်ကိုဝမ်ရဲ့ လမ်းညွှန်မှု အတွက် လက်ဆောင်လေး ပြင်ပေးထားတာ ရှိပါတယ်”
လင်းအာသည် ဝမ်ရှန်းကို ခက်ထန်စွာ ကြည့်လိုက်ပြီး ရထားလုံးထဲမှ ထွက်သွားသည်။ တစ်ခဏမျှ ကြာသော် လင်ပန်းရှည် တစ်ခုကို သယ်ကာ ပြန်ရောက် လာသည်။ လင်ပန်းရှည်ကို အနီရောင် ပိုးထည်စဖြင့် ဖုံးအုပ်ထားကာ စက်လုံးသဏ္ဌာန် ပစ္စည်းတစ်မျိုး ဖြစ်ပုံရသည်။
ဝမ်ရှန်းသည် ရုတ်တရက် သွေးနံ့ကို ပြင်းထန်စွာ ခံစားမိလိုက်သည်။ လင်းအာသည် လင်ပန်းရှည်ကို ဝမ်ရှန်း ရှေ့တွင် ချကာ နှာခေါင်းကို ပိတ်၍ လုဝမ်ဟုန် နံဘေးတွင် ရပ်နေသည်။
အနီရောင် ပိုးထည်စကို လှပ်၍ ကြည့်သော် ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်း ဉီးခေါင်း လေးလုံးကို အစီအရီ တွေ့လိုက်ရလေသည်။ သွေးများပင် မခြောက်တတ်သေးချေ။ ဝမ်ရှန်း၏ ခန့်မှန်းချက်အရ သူနှင့် လုဝမ်ဟုန် ရထားလုံးထဲသို့ ဝင်ကာ စကားပြော နေစဉ်မှာပင် ၎င်းတို့ သတ်ဖြတ် ခံထားရခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် ဉီးခေါင်းပြတ် လေးလုံးကို အသေအချာ ကြည့်သည်။ ဤလူများကို သူ မမြင်တွေ့ဖူးချေ။
ဝမ်ရှန်းသည် သွေးနံ့ မခံနိုင်ဟန် ရှိသော လင်းအာကြောင့် တစ်ချက်သာ ကြည့်၍ အနီရောင် ပိုးထည်စကို ပြန်ဖုံးလိုက်သည်။
“ဒီလေးယောက်က သိုက်မိသားစုကပဲ”
လုဝမ်ဟုန်သည် လက်ဖြင့် အချက်ပြကာ လင်ပန်းကို သယ်ထုတ် ခိုင်းလိုက်သည်။
“အစ်ကို ဝမ်ကတော့ သိလိုက်မယ် မထင်ဘူး၊ သူတို့က အစ်ကို ဝမ်ကို သတ်ဖို့ လာကြတာ၊ ဒါပေမဲ့ ကျွန်တော့် လူတွေနဲ့ တွေ့သွားတယ် ”
သိုက်မိသားစု ဝမ်ရှန်းကို သတ်ချင်နေရသည့် အကြောင်းရင်းမှာ သိုက်ဟွမ်ကြောင့် ဖြစ်သည်။ လုဝမ်ဟုန်သည် လိမ်ညာ၍ ပြောလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဉီးခေါင်းပြတ် လေးလုံးထက်မှ အဝတ်စသည် သိုက်ဟွမ်နှင့် အစောင့်များထံမှ အဝတ်စနှင့် အတူတူဖြစ်ရာ သိုက်မိသားစု၏ အမှတ်အသား ဖြစ်နိုင်လေသည်။
လုဝမ်ဟုန်သည် သိုက်မိသားစုမှ လူများကို အစား သတ်ဖြတ် ပေးလိုက်ခြင်းသည် လက်ရှိ အချိန်၌ သူသည် ဝမ်ရှန်းဘက်တွင် ရှိကြောင်း သွယ်ဝိုက် ပြောဆိုခြင်းပင်။
“ကျေးဇူးတင်ပါတယ်”
ဝမ်ရှန်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
“တကယ်တော့ ထွက်ပြေးသွားတဲ့ တစ်ယောက် ရှိသေးတယ်၊ ကျွန်တော်လည်း ရှိမနေတော့ ဘယ်ရောက် သွားလဲတော့ မပြောတတ်ဘူး”
“တောင်းပန်ပါတယ် အစ်ကို ဝမ်ကို ဒုက္ခ ဖြစ်စေမိပြီ”
“ကိစ္စ မရှိပါဘူး”
ဝမ်ရှန်း ခပ်ယဲ့ယဲ့သာ ပြုံးလိုက်သည်။
တစ်ယောက် လွတ်သွားသည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လော။
လုဝမ်ဟုန် ဆိုလိုချင်မှာ ကိုယ့်ပြဿနာ ကိုယ်ရှင်းတော့ ဟူသည့် သဘောပင်။ စီးပွားရေး သမားများသည် အလွန်တရာ ဉာဏ်များ လှသည်။
ပူးပေါင်းခြင်း ပြီးဆုံးသွားပြီးနောက် လုဝမ်ဟုန်သည် ဝမ်ရှန်းအတွက် ရွှေဒင်္ဂါး ရှစ်ထောင်ကို ချက်ချင်း စီစဉ်ပေးသော်လည်း ဝမ်ရှန်းသည် ထိုအစား ကျင့်ကြံရေးအတွက် လိုအပ်သော ဆေးပြားများကိုသာ လဲလှယ် ယူဆောင် လာခဲ့သည်။
ရွှေဒင်္ဂါး အတွက်မူ စုန့်ရန်ထံမှ ရရှိထားသော ရွှေဒင်္ဂါး သုံးထောင်သည် လုံလောက်သည်ထက် ပိုနေလေပြီ။ အနာဂတ်တွင် ငွေလိုပါက သူ၏ အကြံဉာဏ်များ ထပ်မံ ရောင်းချနိုင်သေးသည်။
ဝမ်ရှန်းသည် အချိန် တစ်နာရီကျော် ကုန်သွားပြီးနောက် ရထားလုံးထဲမှ ထွက်လာခဲ့သည်။ သူရောက်လာစဉ်က လမ်းသွား လမ်းလာများ ရှိသေးသော်လည်း ယခု တော်ဝင်ရတနာ စံအိမ်မှ အစောင့်များမှ လွဲ၍ ခွေးတစ်ကောင် ကြောင်တမြီးမှ မတွေ့ရတော့ပေ။
လုဝမ်ဟုန်သည် ဝမ်ရှန်းကို ချိုသာစွာ နှုတ်ဆက်၍ ပြန်လည် ထွက်ခွာသွားသည်။ ဝမ်ရှန်းတွင် ကျောပိုးအိတ် တစ်လုံး သာမက အနီရောင် ပိုးထည်စဖြင့် ဖုံးထားသော အထုပ်တစ်ထုပ်လည်း ရှိနေသည်။
သိုက်မိသားစု အစောင့်များ၏ ဉီးခေါင်း လေးလုံးပင်။
“တကယ့်လူပဲ”
တော်ဝင်ရတနာ စံအိမ်မှ သခင်လေး လုဝမ်ဟုန်သည် ဤနေရာတွင် တစ်နာရီကျော် ကြာအောင် ရှိနေခဲ့ကြောင်း၊ သိုက်မိသားစုမှ လူလေးယောက်ကိုပင် သတ်ဖြတ် သွားကြောင်း မည်သူမျှ သတိထားကြလိမ့်မည် မဟုတ်ပေ။
သို့သော် ယခု ခေါင်းပြတ် လေးလုံးသည် ဝမ်ရှန်းလက်ထဲ ရောက်လာလေပြီ။ အနာဂတ်တွင် ဤလူလေးယောက်ကို သတ်သူသည် သူသာ ဖြစ်လာပေလိမ့်မည်။
ဝမ်ရှန်း ခေါင်းကို ခါယမ်း လိုက်သည်။ စီးပွားရေး သမားများသည် ဉီးနှောက် နှစ်ခု ပါကြပုံပေါ်သည်။ သူ့စီးပွားရေး အောင်မြင်ရန် လုပ်ဆောင်သွားရုံ သာမက ပြဿနာများ ကြားမှ လွတ်အောင် ရုန်းထွက် သွားသေးသည်။
ဝူရုံမြို့တွင် ဆိုင်ခွဲ ဖွင့်နိုင်ခြင်းမှာ သာမန် အရည်အချင်းများကြောင့် မဟုတ်ပေ။ သို့သော် ဝမ်ရှန်း ဂရုမစိုက်ပေ။ သူသည် သိုက်ဟွမ်ကို သတ်ပြီး ကတည်းက သိုက်မိသားစုနှင့် တစ်ချိန်ချိန်တွင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိပြီးသား ဖြစ်သည်။ လုဝမ်ဟုန် မသတ်လျှင်လည်း သူသတ်ပစ်မည်သာ ဖြစ်၏။
ဝမ်ရှန်း မြို့တွင်းထဲသို့ ဝင်လာချိန်တွင် မှောင်စပြုနေလေပြီ။ သူ၏ ခြံဝန်းငယ်ထဲသို့ ရောက်သောအခါ မှောင်မည်းနေပြီ ဖြစ်သည်။
ချီဝမ်နဂါး ပေါ်ထွက် လာပြီးနောက် ဝမ်ရှန်းတွင် စွမ်းရည်အသစ် တစ်ခု ပေါ်ထွက်လာသည်။ ယခင်က မသိသာသော်လည်း ရက်အနည်းငယ် အတွင်း သိသာလာသည်။ ၎င်းမှာ ဝမ်ရှန်း၏ မျက်လုံးများသည် မလှမ်းမကမ်းမှ သွေးနွေး သတ္တဝါများကို အမှောင်ထဲတွင် စက်ဝိုင်းတစ်ခု သဖွယ် မြင်နေရခြင်း ဖြစ်သည်။
အထူးသဖြင့် ညအမှောင်ထဲတွင် ပို၍ သိသာသည်။
ဝမ်ရှန်းသည် ခြံရှေ့တွင် ရပ်ကာ ကြည့်လိုက်စဉ် သူ၏ ခြံဝန်းထဲ၌ လူဝင်နေကြောင်း သတိထားမိ လိုက်သည်။
ချက်ချင်း လက်ငင်းပင် အဝေးကြည့် မှန်ပြောင်းကို ထုတ်ယူ၍ ကြည့်လိုက် သောအခါ အမှန်တကယ်ပင် သူ၏ ခြံငယ်ထဲ၌ လူတစ်ယောက် ရောက်နေလေသည်။ ထိုလူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိပုံဖြင့် အခန်း၏ အတန်ငယ် လင်းသော နေရာတွင် ပုန်းအောင်း နေသည်။ ဝမ်ရှန်း ပြန်လာသည်နှင့် ချက်ချင်း တိုက်ခိုက်ရန် အသင့်ပြင် ထားခြင်းပင်။
“သိုက်မိသားစုက လူပဲဖြစ်မယ် မင်းက ကစားချင်မှတော့ ပြန်ကစား ပေးရတာပေါ့”
ဝမ်ရှန်းသည် ရုတ်တရက် လမ်းပေါ်မှ တစ်စုံတစ်ခုကို သတိရသွားပြီး လျင်မြန်စွာ ထွက်သွားသည်။ တစ်ခဏမျှ ကြာသော် အထုပ်ကြီး တစ်ထုပ်ကို ကိုင်လျက် ပြန်ရောက်လာသည်။ ၎င်းအထုပ်မှာ လမ်းတွင် ရောင်းချနေသော ငရုတ်ကောင်းမှုန့်များ ဖြစ်သည်။
ဝမ်ရှန်းသည် မျက်နှာထက်တွင် မှန်ကာကို တပ်ကာ ခြံထဲ ဝင်သွားသည်။ မှန်ကာဖြင့် နှာခေါင်းနှင့် ပါးစပ်များကို ဖုံးထားသည့် အပြင် ဉီးထုပ်ကိုပါ ဆောင်းထားသည်။
အခန်းထဲမှ လုပ်ကြံသူသည် သိုက်မိသားစု၏ ဒုတိယ အဆင့် ဝိညာဉ်သခင် ဖြစ်သည်။ သူသည် ဝမ်ရှန်း၏ ခေါင်းကို သိုက်ခေါင်းဆောင်ထံ ပြန်သယ်သွားရန် လွန်ခဲ့သော နှစ်ရက် ကတည်းက စောင့်နေခြင်း ဖြစ်သည်။
ဝမ်ရှန်း တံခါးဖွင့်သံကို ကြားသောအခါ လုပ်ကြံသူသည် ချက်ချင်း ထရပ်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်သည်။
“ကျွီ”
တံခါးပွင့် သွားသော်လည်း ဝမ်ရှန်း ဝင်မလာပေ။ ထိုအစား အဖြူရောင် အမှုန့်များသည် မြူနှင်းများ အလား တစ်ခန်းလုံး ဖုံးအုပ် သွားပြီး ငရုတ်ကောင်း နံ့များ မွှန်ထူသွားသည်။ တစ်ကြိမ် ရှူလိုက်သည်နှင့် နှာချေ၍ ဆုံးတော့မည် မဟုတ်ပေ။ သိုက်မိသားစု အစောင့်သည် မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် ကြီးစွာ တုန်လှုပ် သွားသည်။
“သူက ငါ့ကို ဘယ်လိုတွေ့သွားတာလဲ”
***