Chapter – 31 ငရဲစာအုပ်
ရှီဖုန်းက ချက်ချင်း လျှောက်သွားပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည့် ဓားကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်သည်။
ကြက်သွေးရောင်ဓားက သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်တွင် ချပေးသည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး အဆင့် ၆ အောက် ဓားသမားများအတွက် အကောင်းဆုံးအိုင်တမ်တစ်ခုလည်း ဖြစ်သည်။
ကြက်သွေးရောင်ဓား (လျှို့ဝှက်ငွေအဆင့်၊ လက်တစ်ဖက်ဓား)
အဆင့် ၃
လိုအပ်ချက် = သန်မာမှု ၁၂
တိုက်ခိုက်မှုစွမ်းအား +၂၁
သန်မာမှု +၅ ၊ သွက်လက်မှု +၆ ၊ ခံနိုင်ရန် +၃
သက်တမ်း 30/30
ကြက်သွေးရောင်ဓား၏ တိုက်ခိုက်မှုစွမ်းအားက အဆင့် ၅ လက်နှစ်ဖက်ပုဆိန်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိ၏။ ဓားမှ သွက်လက်မှု အမှတ်ပို ၆မှတ်ကြောင့် ဓားသမား၏ တိုက်ခိုက်မှုနှုန်းကိုလည်း အများကြီး မြင့်တက်သွားစေလိမ့်မည်။ ထို့ကြောင့် ကြက်သွေးရောင်ဓားက ဓားသမားများအတွက် အလွန်တန်ဖိုးရှိသည့် အိုင်တမ်တစ်ခု ဖြစ်သည်။
ကံဆိုးစွာဖြင့် ရှီဖုန်းက ကြက်သွေးရောင်ဓားကို တပ်ဆင်အသုံးပြု၍ မရသေးပေ။ သူ၏ EXP က လက်ရှိတွင် အဆင့် နှစ်၏ ၆၉% သာ ရှိသေးသည့်အတွက် အဆင့် သုံးသို့ ရောက်ရန် ပမာဏတစ်ခု လိုနေသေး၏။ ထို့အပြင် သူက အဆင့် သုံးသို့ ရောက်လျှင်တောင်မှ ကြက်သွေးရောင်ဓားကို အသုံးပြု၍ ရနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဓားသမားများသည် ဓားနှစ်လက်ကိုင်သည့် စွမ်းရည်ကို အဆင့် ၅သို့ ရောက်မှသာ အသက်သွင်းနိုင်မည် ဖြစ်သောကြောင့် ဖြစ်၏။ ထိုအချိန်မှသာ ရှီဖုန်းက နောက်ထပ် လက်တစ်ဖက်ဓား တစ်လက်ကို ကိုင်ဆောင်နိုင်ပေလိမ့်မည်။
ရှီဖုန်းက အဆင့် ၅ သို့ ရောက်လျှင် အသူရာဓားကို အဓိကလက်တွင် ကိုင်ဆောင်ပြီး ကြက်သွေးရောင်ဓားကို ကျန်လက်တွင် ကိုင်၍ ရလေပြီ။ ထိုအခါ သူ၏ တိုက်ခိုက်မှုစွမ်းအားက အဆင့် ၅ ကစားသမားများကြားတွင် ပြိုင်ဘက်ကင်းသွားပေလိမ့်မည်။ ရှီဖုန်းက ထိုအကြောင်းကို တွေးမိရုံနှင်တင် အတွေးထဲ၌ ပီတိများ ဖြာသွား၏။
“အစ်ကိုဖုန်း… အိုင်တမ်တွေကို မြန်မြန် ကောက်လေ… ဒီမှာ စိတ်မောလွန်းလို့ သေတော့မယ်… “ ဘလက်ကီက တိုက်တွန်းလိုက်သည်။
“ဟုတ်တယ်… အဖွဲ့ခေါင်းဆောင် တစ်ယောက်တည်း ပျော်မနေပါနဲ့… အနည်းဆုံးတော့ ကျွန်တော်တို့ကို ကျတဲ့အိုင်တမ်လေးတွေ ပြပါဦး… “
မြေပြင်ပေါ်မှ ပစ္စည်းများကြောင့် တခြားသူများ၏ မျက်လုံးများက ကန်းမတတ်ပင် ဖြစ်နေရသည်။ သူတို့ရင်ထဲမှ အပူမီးများက အဆင့် နှစ်ကို ရောက်၍ ပျော်နေသည့် အပျော်များကိုပင် ဖုံးလွှမ်းသွား၏။ သူတို့က ငရဲအဆင့်၏ နောက်ဆုံးဘော့စ်မှ ချပေးသည့် အိုင်တမ်များကို ကြည့်လိုကြသည်။ သို့သော်လည်း သူတို့က အခြေအနေပေးခိုက် အခွင့်အရေးကို ရယူလိုသည့်စိတ်ဖြင့် တစ်ယောက်မှ သွားမကောက်ကြပေ။ မြေပြင်ပေါ်မှ အိုင်တမ်များက တန်ဖိုးရှိနေလျှင်တောင် သူတို့က သွားကောက်ကြလိမ့်မည် မဟုတ်ပေ။
သူတို့က ထိုသို့ လုပ်လိုက်လျှင် အချိန်ခဏလောက် ပျော်ရွှင်နိုင်မည် ဖြစ်သော်လည်း ကျန်သည့်သက်တမ်းတစ်လျှောက်လုံး ထိုလုပ်ရပ်အတွက် နောင်တရနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှီဖုန်းကသာ တစ်ကယ် ရတနာအစစ်အမှန် ဖြစ်နေသောကြောင့် ဖြစ်၏။ ရှီဖုန်းက လက်နက်များအားလုံးကို လိုချင်နေလျှင်တောင်မှ ငြင်းမည့်သူ တစ်ယောက်မှ မရှိပေ။ ထို့ကြောင့် အားလုံးက ပစ္စည်းများကို ကောက်ယူခြင်း မရှိဘဲ ဘေးတွင် သည်အတိုင်း ရပ်ကြည့်နေခဲ့ကြသည်။
“ကောင်းပြီ… ကောင်းပြီ… အလျင်မလိုကြနဲ့… “
ရှီဖုန်းက ပြုံးလိုက်သည်။ သူက လူတိုင်း၏ အပြုအမူကို သဘောကျသွား၏။
သူတို့သည် ယခင်ဘဝက သူ့အဖွဲ့မှ အဖွဲ့သားများနှင့် မတူကြချေ။ ထိုလူများက ဘော့စ်သေသည်နှင့် အိုင်တမ်များကို အချောင်ရယူရန် ပြေးလာကြသည်။ သူတို့က အိုင်တမ်များကို ကောက်ယူပြီးသည်နှင့် ပျောက်ကွယ်သွားကြ၏။ ရှီဖုန်းတစ်ယောက်သာ ဒေါသထွက်ပြီး ဆွံအကာ ကျန်ရစ်နေခဲ့လေသည်။
ရှီဖုန်းက အဖွဲ့မထောင်သေးသည့် အကြောင်းရင်းမှာ ခေါင်းဆောင်ကပဲ အိုင်တမ်များကို ကောက်ယူနိုင်သည်ဟု တွေးစေပြီး လူတိုင်း၏ စိတ်ကို စမ်းသပ်လိုခြင်းကြောင့် ဖြစ်သည်။ ယခုတော့ မည်သူကမှ အိုင်တမ်များကို ကောက်ယူရန် ပြေးမလာကြသဖြင့် ရှီဖုန်း၏ စိတ်ထဲတွင် အလွန်ကျေနပ်သွား၏။
အချိန်ခဏလေးအတွင်း၌ ရှီဖုန်းက မြေပြင်ပေါ်ရှိ အိုင်တမ်များအားလုံးကို ကောက်ယူပြီးသွား၏။ လက်နက်ကိရိယာ ၁၉ခု ရရှိပြီး ငွေပြား ၅ပြား ရရှိခဲ့သည်။ ဤကဲ့သို့ အကျိုးအမြတ်က အဖွဲ့အစည်းကြီးတစ်ခု၏ တန်ဖိုးနှင့်ပင် ယှဉ်နိုင်နေသည်။
အိုင်တမ်များကို အိတ်ထဲတွင် ထည့်ပြီးနောက် ရှီဖုန်း၏ နှုတ်ခမ်းထောင့်က တွန့်ချိုးသွားပြီး အပြုံးတစ်ခု ပေါ်လာလေသည်။ သူက ပန်းပဲဒီဇိုင်းကို ရရှိခဲ့လေပြီ။
မြို့စောင့်တပ်ချပ်ဝတ် ပန်းပဲဒီဇိုင်း
ဤဒီဇိုင်းကို သင်ယူပြီးနောက် အဆင့် ၃ ရင်ဘတ်ကာချပ်ဝတ်တစ်ခုကို ဖန်တီးနိုင်မည်။
လိုအပ်သော သတ္တုများ = ကြေးနီသတ္တုရိုင်း ၂၀၊ ကြေးညိုသတ္တုရိုင်း ၅၊ မှော်အဆီအနှစ် ၅။
ဤကဲ့သို့ အိုင်တမ်ကို အဖွဲ့တစ်ဖွဲ့၏ အဓိကခုခံသူကိုသာ တပ်ဆင်ပေးလိုက်လျှင် သေဆုံးခြင်းတောအုပ်၏ သာမန်အဆင့်ကို ရှင်းရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။ ၎င်းက ခုခံမှုနှင့် သန်မာမှုကို တိုးမြှင့်ပေးရုံသာမက HP ကိုလည်း အများဆုံး အမှတ် ၂၀၀အထိ တိုးပေးနိုင်သည်။ ထို့ကြောင့် ၎င်းက အဓိကခုခံသူများအတွက် အလွန်အမင်းအရေးပါသည့် အိုင်တမ်တစ်ခု ဖြစ်သည်။
ယခင်ဘဝတွင် မြို့စောင့်တပ်ချပ်ဝတ်ပေါ်လာချိန်၌ အဖွဲ့အစည်းတိုင်းက ၎င်းကို ရရန်အတွက် ရူးသွပ်စွာ တိုက်ခိုက်ခဲ့ရသည်။ သူတို့က ပန်းပဲဒီဇိုင်းကို ရရန်အတွက် သေဆုံးခြင်းသစ်တောသို့ ဝင်ရန် ကုန်ကျစရိတ်အားလုံးကိုလည်း လျစ်လျူရှုခဲ့ကြသည်။
ဘလက်ကီက ရှီဖုန်း၏ အပြုံးကို မြင်းလိုက်သောအခါ သူ၏နှလုံးက ပို၍ပင် မောပန်းလာသကဲ့သို့ ခံစားလာရသည်။ ဘလက်ကီတောင်မှ ထိုသို့ ဖြစ်နေလျှင် တခြားသူများဆိုပါက ပြောနေစရာတောင် မလိုပေ။
လူတစ်ယောက်၏ အကြည့်ကသာ လူသတ်နိုင်မည်ဆိုလျှင် ယခုအချိန်၌ ရှီဖုန်းသည် အကြိမ်များစွာ သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။
“ဒီအိုင်တမ်တွေက မဆိုးပါဘူး… ဒီမှာ မင်းတို့ ကြည့်လိုက်ကြ… “
ရှီဖုန်းက အချိန်ဖြုန်း မနေတော့ဘဲ အိုင်တမ်များ၏ အချက်အလက်များကို ပြလိုက်သည်။
လက်နက်ကိရိယာ ၁၅ခုတွင် ကြက်သွေးရောင်ဓားတစ်ခုသာ လျှို့ဝှက်ငွေအဆင့် ဖြစ်ပြီး ကျန်သည့် လက်နက်ကိရိယာများမှာ ထူးခြားသံအဆင့် ၅ခုနှင့် ကြေးအဆင့် ၉ခု ဖြစ်၏။ ကြေးအဆင့် အိုင်တမ်များသည် ဘော့စ်မှ ချပေးသည့် အိုင်တမ်များ ဖြစ်သဖြင့် လက်ရွေးစင်မွန်းစတားများမှ ချပေးသော အိုင်တမ်များထက် အများကြီး ပိုကောင်း၏။
လက်နက်ကိရိယာအားလုံးထဲတွင် ကြက်သွေးရောင်ဓားပြီးလျှင် တန်ဖိုးအရှိဆုံးအိုင်တမ်က ထူးခြားသံအဆင့် လက်နက်ကိရိယာများ ဖြစ်သည်။ သေဆုံးခြင်းသစ်တော၏ အဆင့် ၃ခုတွင် ငရဲအဆင့် တစ်ခုကသာ ထူးခြားသံအဆင့် အိုင်တမ်များကို ချပေး၏။ သာမန်အဆင့်နှင့် ပြင်းထန်အဆင့်တွင်မူ ကြေးအဆင့် အိုင်တမ်များကိုသာ ချပေးလေသည်။
ဘလက်ကီကတော့ အမြဲကံကောင်းနေလေသည်။ ထူးခြားသံလက်နက် ၅ခုတွင် ကျိန်စာအသုံးပြုသူအတွက် အနက်ရောင်အစုံမှ အစိတ်အပိုင်း၂ခု ပါလာခဲ့သည်။ အနက်ရောင်အစုံသည် အဆင့် ၅အောက် ကျိန်စာအသုံးပြုသူများအတွက် လက်နက်ကိရိယာအတွဲလိုက် ဖြစ်သည်။ အနက်ရောင်အစုံတွင် ခေါင်း၊ ရင်ဘတ်၊ ခြေထောက်၊ ဖိနပ်နှင့် လက်မောင်းကာများ ပါဝင်သည်။ ယခုရလာသည့် အစိတ်အပိုင်းနှစ်ခုတွင် တစ်ခုက ရင်ဘတ်အတွက် ဖြစ်ပြီး ကျန်တစ်ခုက ဖိနပ်ဖြစ်သည်။ ထိုအိုင်တမ်နှစ်ခုကြောင့် ဘလက်ကီ၏ မျက်နှာက ပြုံးဖီးနေလေသည်။
“အစ်ကိုဖုန်း… ကျွန်တော်ကတော့ ဒီငရဲအဆင့်ကို လာရတာ အရမ်းကြိုက်သွားပြီ… ဒီနေရာကို နေ့တိုင်း တစ်ရက် တစ်ကြိမ်လောက်တော့ လာရအောင်… အဲ့တာဆို အနက်ရောင်အစုံက အကုန်လုံး ပြည့်သွားနိုင်တယ်… ဒီတစ်ခါတော့ အထင်သေးတဲ့လူတွေ ရှိသေးရင် အပိုင်းပိုင်း လုပ်ပစ်မယ်… “
ဘလက်ကီက သူ့လက်ထဲမှ အနက်ရောင်အစုံ အစိတ်အပိုင်း ၂ခုကို ကြွားဝါလိုက်လေသည်။
အနက်ရောင်အစုံ အစိတ်အပိုင်း ၂ခုကို ဝတ်ဆင်ပြီးနောက် ဘလက်ကီက သူ့ကိုယ်သူ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရန် နီးကပ်လာပြီဟု ခံစားလိုက်ရသည်။ သူ၏ မှော်တိုက်ခိုက်မှုက ၆၆မှတ်သို့ ရောက်သွားပြီး အဆင့် ၃ မြှားနက်တစ်ချောင်း ပစ်လွှတ်လိုက်လျှင် အဆင့် ၁ ဒိုင်းစစ်သည်တစ်ယောက်၏ သွေးကို တစ်ဝက်ကျော် လျော့သွားစေနိုင်သည်။ အနက်ရောင်အစုံမှ အိုင်တမ်၂ခုကိုပါ ထည့်ပေါင်းလိုက်လျှင် အနက်ရောင်မြှားတစ်ချောင်းတည်းဖြင့် အဆင့် ၁ ဒိုင်းစစ်သည်တစ်ယောက်ကို သတ်နိုင်ပြီဖြစ်၏။
သူက မီးခိုးဖျော့ရောင် သားမွှေးဝတ်ရုံနှင့် အနက်ရောင်ဘွတ်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသဖြင့် လူတိုင်းက ထိုအိုင်တမ် နှစ်ခုသည် အစုံလိုက်ဖြစ်ကြောင်း သိနိုင်ပေသည်။
တခြားအဖွဲ့ဝင်များကတော့ အနက်ရောင်အစုံ၏ တောက်ပြောင်မှုကို မြင်လိုက်ရသည့်အခါတွင် သူတို့၏ နှလုံးသားထဲ၌ မနာလိုမှုများနှင့် ပြည့်သွား၏။
ငရဲအဆင့်ကို ဝင်ရောက်ခြင်းက ဤကဲ့သို့ ကြီးမားသည့် အတွေ့အကြုံတစ်ခုကို ရလိမ့်မည်ဟု ထင်မထားမိခဲ့ကြချေ။ သူတို့က ငရဲအဆင့်ကို နောက်ထပ် အကြိမ်ရေအနည်းငယ်ခန့် ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြသည်။
ကျန်သည့် ထူးခြားသံအဆင့် လက်နက်ကိရိယာ ၃ခုကတော့ ကာကွယ်သူ၊ ဒိုင်းစစ်သည်နှင့် ဒြပ်စင်ထိန်းချုပ်သူအတွက် ဖြစ်သည်။ သူတို့ထဲတွင် ကိုလာတစ်ယောက်တည်းသာ ကာကွယ်သူဖြစ်သဖြင့် အိုင်တမ်တစ်ခုကို ကိုလာအား ပေးလိုက်ပြီး ကျန်နှစ်ခုကို သိမ်းထားလိုက်သည်။
ကျန်သည့် ကြေးလက်နက်များကတော့ ကိုလာက ဒိုင်းတစ်ခု ရပြီး၊ အဖော်မဲ့နှင်းက ကြီးမြတ်သောဓားကို ရရှိခဲ့သည်။ ထိုလက်နက်နှစ်ခုစလုံးက အဆင့် ၂ လက်နက်များထဲတွင် အကောင်းဆုံးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အိုင်တမ်များ ဖြစ်သည်။ ဒရော့စီစလော့နှင့် ဇူဇကာကြွက်သည်လည်း ကြေးလက်နက်တစ်ခုစီ ရကြ၏။
ရှီဖုန်းကလည်း သူ၏ လက်နက်ကိရိယာအနည်းငယ်ကို လဲလှယ်တပ်ဆင်လိုက်၏။ ကြေးအဆင့် လက်နက်ကိရိယာများထဲတွင် ဓားသမားအတွက် အိုင်တမ် ၃ခု ပါ၏။ ကျန်သည့် ကြေးအဆင့် အိုင်တမ်၂ခုကိုတော့ ရှီဖုန်းက အိတ်ထဲတွင် သိမ်းထားလိုက်သည်။
လူတိုင်းက လက်နက်ကိရိယာများကို လဲလှယ်တပ်ဆင်ပြီးနောက်တွင် တစ်ဖွဲ့လုံးက အသစ်ပြန်လည်မွေးဖွားလာသလိုပင်။ သူတို့လက်နက်များ၏ အစိတ်အပိုင်းအားလုံးက မည်သူမှ မယှဉ်နိုင်အောင် တောက်ပြောင်လှလေသည်။ တစ်ချက်ကြည့်ရုံနဲ့ သာမန်လက်နက်များ မဟုတ်ကြောင်း ပြောနိုင်ပေတယ်။ အဖွဲ့တစ်ခုလုံးကလည်း အဆင့်နှစ်ကို တက်ရောက်သွားချေပြီ။ ဘလက်ကီ၏ EXP က အဆင့်နှစ်ရဲ့ 98%ကို ရောက်နေပြီး အဆင့်သုံး ရောက်ရန် အနည်းငယ်သာ လိုတော့၏။
အခြားအိုင်တမ်လေးခုကတော့ ပန်းပဲဒီဇိုင်းတစ်ခု၊ ဆေးအညွှန်းတစ်ခု၊ ကျိန်စာအသုံးပြုသူများအတွက် ရှားပါးစကေးတစ်ခုနဲ့ မှတ်စုစာအုပ်တစ်အုပ်တို့ ဖြစ်ပေသည်။
ကျိန်စာတိုက်သူတွေအတွက် ရှားပါးစကေးကတော့ ဘလက်ကီကို ပျော်ရွှင်စေသည်။ ၎င်းက AOE စကေးတစ်ခုဖြစ်ပြီး ငရဲမီးတောက်ဟု အမည်ရ၏။
ငရဲမီးတောက်
၈×၈ကိုက် ဧရိယာအတွင်း မီးတောက်ထိခိုက်စေမှုကို ၁၅၀% ထုတ်ပေးနိုင်ပြီး ကြာမြင့်ချိန်သက်တမ်းမှာ ငါးစက္ကန့်ဖြစ်သည်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၃၆ စက္ကန့်
၎င်း ဂိမ်းရဲ့ အစောပိုင်းကာလများတွင် မွန်းစတားများကို သတ်ဖြတ်ရန်အတွက် အလွန်ကို သင့်တော်သည့် စကေးတစ်ခု ဖြစ်သည်။
“ဒါက ဘာအတွက်လဲ… “
ရှီဖုန်းက သူ့လက်ထဲမှ မှတ်စုစာအုပ်ဟောင်းကို ကြည့်လိုက်သည်။ သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်တွင် ဤကဲ့သို့ အိုင်တမ်မျိုး ကျဖူးသည်ဟု မကြားဖူးပေ။
အထဲသို့ လှန်ကြည့်လိုက်သည့်အခါ သူနားမလည်သည့် စာလုံးများကို တွေ့လိုက်ရသည်။ သို့သော်လည်း ရှီဖုန်းက ထိုဘာသာစကားသည် နတ်သူငယ်ဘာသာစကားတစ်မျိုး ဖြစ်ကြောင်း သိလိုက်၏။
နတ်ဘုရားနယ်မြေတွင် နတ်သူငယ်ဘာသာစကားနှင့် ပက်သတ်သမျှ အိုင်တမ်များအားလုံးသည် သာမန်အိုင်တမ်များ မဟုတ်ကြပေ။ မြေဆွဲအားလက်စွပ်တွင်လည်း နတ်သူငယ်ဘာသာဖြင့် ရေးထိုးထားသည့် စာတန်းတစ်တန်း ရှိနေလေသည်။ ထိုစာလုံးများက လက်စွပ်ကို မခန့်မှန်းနိုင်သည့်စွမ်းအားများ ပိုင်ဆိုင်စေသည်။
“ကြည့်ရတာ စာကြည့်တိုက်ကို ငါ သွားရဦးမယ် ထင်တယ်… “
ဤမှတ်စုစာအုပ်က မရိုးရှင်းဟု သူ့စိတ်ထဲတွင် ခံစားနေရသည်။ ယခင်ဘဝက မြေအောက်ဘုံ၏ ငရဲအဆင့်သို့ အကြိမ်ပေါင်းများစွာ ဝင်ဖူးသော်လည်း ဤကဲ့သို့ အိုင်တမ်မျိုးကို မမြင်ဖူးခဲ့ပေ။ တခြားအဖွဲ့အစည်းများမှလည်း မကြားခဲ့ဖူးပေ။ ကြည့်ရသည်မှာ ပထမဆုံးသတ်နိုင်မှသာ ကျနိုင်ချေ ရှိဟန် တူသည်။ ဤမှတ်စုစာအုပ်အကြောင်း သိချင်လျှင် ရှီဖုန်းက စာကြည့်တိုက်တွင်သာ ဘာသာပြန်ရလိမ့်မည်ဖြစ်သည်။
“အစ်ကိုဖုန်း… ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ… မွန်းစတားတွေကို ဆက်သတ်မှာလား… “
ဘလက်ကီက သူ၏စကေးအသစ်ကို သုံးရန် အလွန်စိတ်အားထက်သန်နေသည်။
“ကောင်းသားပဲ… ဒါပြီးရင် ငါတို့ အမှောင်လတောင်ကြားကို သွားပြီး မွန်းစတားတွေကို သတ်ကြမယ်… အဲ့နေရာက မွန်းစတားတွေက ဥက္ကာခဲတွေ အများကြီး ချပေးတယ်… “ ရှီဖုန်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
လက်ထဲတွင် ပန်းပဲဒီဇိုင်း ရှိနေပြီဖြစ်သည့်အတွက် ပါဝင်ပစ္စည်းများကိုသာ ရှာရန် လိုအပ်တော့သည်။ သို့သော်လည်း ရှီဖုန်းက ပါဝင်ပစ္စည်း အမြောက်အမြား လိုအပ်နေခြင်း ဖြစ်သည်။ ယခု ဘလက်ကီ၏ ငရဲမီးတောက်စကေးနှင့်ဆိုလျှင် ကိုဘိုးနှင့်မှင်စာများကို အလွန်မြန်သည့်နှုန်းဖြင့် သတ်ဖြတ်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် ငရဲမီးတောက်စကေးနှင့် သင့်တော်သည့် နေရာတစ်ချို့ကိုလည်း သိထားသေး၏၊
ရှီဖုန်းက တခြားသူများကို ကြည့်ပြီး ပြောလိုက်သည်… “မင်းတို့… ငါနဲ့လိုက်မလား… ကိုယ်ဘာသာကိုယ် သွားကြမလား… “
“အစ်ကိုဖုန်း… ကျွန်တော်ကို ဘယ်လိုလုပ် ချန်ရစ်နိုင်တာလဲ… ကျွန်တော်က အစ်ကိုဖုန်းနောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးသားပါ… “
ကိုလာက ဒိုင်းအသစ်ကို နူးညံ့စွာ ထွေးပွေ့ရင်း အရူးတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။
“အစ်ကိုဖုန်း… ကျွန်တော်တို့ရော ပူးပေါင်းလို့ ရမလား… “
ဒရော့စီစလော့နှင့် ဇူဇကာကြွက်က အထက်တန်းကျောင်းသားများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့က ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ထားကြ၏။ သို့သော်လည်း သူတို့က အခွင့်ကောင်းကို လက်မလွတ်လိုကြပေ။ ရှီဖုန်းက ကျွမ်းကျင်သူအစစ်အမှန်တစ်ယောက် ဖြစ်သည်။ သူ့နား၌သာ နေမည်ဆိုလျှင် သူ့ဆီမှ တိုက်ပွဲနည်းစနစ်များ တစ်ခု၊နှစ်ခုခန့် သင်ယူနိုင်ပြီး သူတို့အနာဂါတ်အတွက် အကျိုးကျေးဇူးများ ခံစားကြရလိမ့်မည်ဖြစ်သ်ည။
ရှီဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်… “ကောင်းပြီ… မင်းတို့အားလုံး ပူးပေါင်းနိုင်ပါတယ်… “
ရှီဖုန်း၏ စကားကြောင့် သူတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားမှုကြောင့် လက်ကို တင်းတင်းဆုပ်မိလိုက်ကြသည်။
“ဘယ်သူမှ ထွက်မဲ့သူ မရှိဘူးဆိုတော့ အမှောင်လတောင်ကြားကို သွားကြတာပေါ့… “
သူက ပြောပြီးသည်နှင့် ဂိမ်းစနစ်မှ ဇယားကွက်ကို ခေါ်လိုက်ပြီး မြေအောက်ဘုံအဖွဲ့ပို့ဆောင်ရေးကို ရွေးချယ်ကာ သေဆုံးခြင်းသစ်တောမှ ထွက်လာခဲ့ကြသည်။