Switch Mode

Chapter – 37

ဘာလို့လဲ

အခန်း ၃၇
ဘာလို့လဲ

လှပသည်။ ကျက်သရေရှိရှိ လှသည်။ သိပ်ကို လှပလွန်းပေသည်။

သို့သော် ထိုအလှတရားများ၏ ပိုင်ရှင်သည် မိန်းမတစ်ယောက် မဟုတ်ဘဲ ယောက်ျားတစ်ယောက် ဖြစ်နေသည်မှာ နှမြောဖွယ် ကောင်းသည်။

ဆံနွယ်များသည် ပျော့ပျောင်း ရှည်လျား၍ ချောမွတ်နေကာ အလင်းတန်းများပင် ထွက်နေသယောင်ယောင်။ ဉီးခေါင်းထက်တွင် လှပသော ခေါင်းစည်း တစ်ခု ရှိကာ ရတနာအကြောင်း များစွာ မသိသော ဝမ်ရှန်းပင် တစ်ချက် ကြည့်ရုံဖြင့် ထိုခေါင်းစည်းကို အကောင်းဆုံးသော ကျောက်များဖြင့် ပြုလုပ်ထားကြောင်း သိနိုင်သည်။

မျက်နှာသည် အလွန် ပြီးပြည့်စုံသည်ဟု ဆိုရမည်ဖြစ်ကာ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း အပြစ်ပြောစရာ တစ်ခုသော်မျှ မရှိပေ။

အဝတ်အစားများသည် အလွန်စျေးကြီးပုံ မပေါ်သော်လည်း သက်သောင့်သက်သာ ရှိလှသည်။

အပေါ်မှ အောက်အထိ ပြန့်ပြူးနေပြီး တွန့်ရာ ကြေရာမရှိပေ။ ခန္ဓာကိုယ်သည်  မော်ဒယ် တစ်ယောက်အလား ကောင်းမွန်သော အချိုးအစားရှိကာ အပေါ်နှင့် အောက် အချိုးအစားသည် အလွန် လိုက်ဖက် ညီနေသည်။

ဝမ်ရှန်း၏ တောင့်တင်း ခိုင်မာသော ခါးနှင့်မတူဘဲ  ထိုလူ၏ ခါးသည် အနည်းငယ် သွယ်ပျောင်းပြီး ခြေတံရှည်များ၊ မပိန်မပါး ကိုယ်ခန္ဓာနှင့်  စစ်မှန်သော အလှတရားများ ပိုင်ဆိုင်ထားသူပင်။ အသားအရေသည် ချောမွတ်နေကာ မုတ်ဆိတ်များ မရှိပေ။

အသံကြောင့်သာ မဟုတ်ပါက ယောက်ျားလား မိန်းမလားပင် ခွဲခြားရန် ခက်ခဲသည်။

ထိုလူငယ်သည် ရထားလုံးထဲမှ ထွက်လာကာ ဝမ်ရှန်းထံ လျှောက်လာသည်။ ရထားလုံးသည် သာမန် ဆန်သော်လည်း ရထားလုံးဘေးမှ လူများသည်  ပုံမှန် မဟုတ်ပေ။ ကိုယ်ရံတော်များ ဖြစ်ပုံရကာ ပြင်းထန်သော ဖိအားများ ထုတ်လွှတ် ထားကြသည်။

“ဝမ်ရှန်း ဟုတ်ပါသလား ခင်ဗျာ”

ထိုအလှလေးသည် ထပ်မံ၍ နှုတ်ဆက်လာကာ အသံသည် ယခင်ကအတိုင်း ချိုသာနေဆဲ ဖြစ်သည်။

“ဟုတ်ပါတယ် ဘာကိစ္စပါလိမ့်”

“ကျွန်တော်က လုဝမ်ဟုန်ပါ ခင်ဗျာ၊ တော်ဝင်ရတနာ စံအိမ်ကပါ”

လုဝမ်ဟုန်သည် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လာသည်။

“အနှောင့်အယှက် ပေးမိသလို ဖြစ်သွားရင် စိတ်မရှိပါနဲ့”

“တော်ဝင်ရတနာစံအိမ်”

ဝမ်ရှန်း မျက်မှောင်ကုတ် သွားကာ တော်ဝင်ရတနာ စံအိမ်၏ မူလဇာစ်မြစ်ကို ချက်ချင်း သတိရ သွားမိသည်။

ဝူရုံမြို့တွင် ဆိုင်ခွဲဖွင့်ရဲသော စီးပွားရေး လုပ်ငန်းနှစ်ခုသာ ရှိလေသည်။ တစ်ခုသည် ပေါင်ချင်ယုတန်ဖြစ်ပြီး ကျန်တစ်ခုမှာ တော်ဝင်ရတနာ စံအိမ်ဖြစ်သည်။

“ကိစ္စမရှိပါဘူး ရပါတယ်”

လုဝမ်ဟုန်၏ အပြုအမူသည် ယဉ်ကျေးပျူငှာ လှသဖြင့် ဝမ်ရှန်းသည် စိတ်ကျေနပ်စွာ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

“တော်ဝင်ရတနာ စံအိမ်နဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ကိုင်လိုစိတ် ရှိလားမသိဘူး ခင်ဗျ” လုဝမ်ဟုန်သည် တိုက်ရိုက်သာ ပြောကြားလာလေသည်။

“ပူးပေါင်းမယ် ဟုတ်လား” 

“ရတာပေါ့၊ အခု ကျွန်တော့်မှာ စီးပွားရေး တစ်ခုရှိနေတယ်၊ ခင်ဗျား စိတ်ဝင်စားလား”

ဝမ်ရှန်း၏ စကားကြောင့် လုဝမ်ဟုန်၏ မျက်လုံးများ အရောင် လက်သွားသည်။

“စိတ်ဝင်စားပါတယ် ခင်ဗျာ”

ထို့နောက် လုဝမ်ဟုန်သည် ပတ်ပတ်လည်သို့ တစ်ချက် ကြည့်လိုက်ကာ ဖိတ်ကြားလာသည်။

“ဒီနေရာက လမ်းမကြီး ဆိုတော့ စီးပွားရေး အကြောင်းပြောဖို့ သိပ်မသင့်တော်ဘူး ထင်တယ်၊ ရထားလုံးထဲကို သွားကြရအောင် ကြွပါ”

ဝမ်ရှန်း ရောက်နေသည်မှာ ရှန်းလင်မြို့ အဝင်ပေါက်တွင် ရှိနေသဖြင့် လမ်းသွားလမ်လာများ ပျားပန်းခတ် သွားလာနေကြကာ စီးပွားရေး အကြောင်း ပြောရန် မသင့်တော်လှပေ။

ဝမ်ရှန်းသည် ခေါင်းကို ညိတ်ကာ လုဝမ်ဟုန် နှင့်အတူ ရထားလုံးထဲသို့ ဝင်လိုက်သည်။

ရထားလုံးသည် အလွန် ကြီးမားကာ အထဲမှ အခန်းသည် လူဆယ်ယောက်ခန့်ထိုင်နိုင်သည်အထိ ကျယ်ဝန်းသည်။ ရထားလုံးထဲတွင် လှပသော အစေခံ တစ်ယောက်သည် ရထားလုံး အလယ်မှ စားပွဲထက်တွင် လက်ဖက်ရည်များ တည်ခင်းနေသည်။

အစေခံမိန်းမပျို၏ အဝတ်အစား များသည် အဆင့်အတန်းမြင့် တန်ဖိုးကြီး အဝတ်အစားများ ဖြစ်ကြကာ မျက်လုံးများသည် အရောင် တဖျတ်ဖျတ် လက်နေသည်။ တစ်ချက် ကြည့်ရုံဖြင့် သာမန်အစေခံ မဟုတ်ကြောင်း သိသာလှသည်။

သူမသည် ဝမ်ရှန်းအတွက် လက်ဖက်ရည် တစ်ခွက်သာ ငှဲ့ပေးပြီး လုဝမ်ဟုန် နံဘေးတွင် ရပ်နေသည်။

ဝမ်ရှန်းသည် ညင်သာစွာ ပြုံးလိုက်ပြီး  သူ၏ ကျောပိုးအိတ်ထဲမှ အဆိပ်တစ်ထောင် မြွေဟောက်ဥများကို ထုတ်ယူကာ စားပွဲထက်တွင် တင်လိုက်သည်။ လုဝမ်ဟုန်သည် မြွေဟောက်ဥများကို တစ်ခဏမျှ  စိုက်ကြည့်နေပြီး နံဘေးမှ လင်းအာကို ခေါင်းညိတ်ပြသည်။

“ဆရာ၊ စကြတော့မလား”

ဝမ်ရှန်းသည် လင်းအာကို ကြည့်ကာ အံ့သြသွားသည်။ လုဝမ်ဟုန်၏ အပြုအမူအရ ဤအစေခံသည် သာမန် မဖြစ်နိုင်ဘဲ အရေးကြီးသော လက်ထောက် တစ်ယောက် ဖြစ်ပုံရသည်။ လင်းအာသည် ရှေ့တိုး၍ မြွေဟောက်ဥကို ကောက်ယူ လိုက်သည်။ ထို့နောက် အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်ပြီးမှ သူမ၏ ထင်မြင်ချက်ကို ပြောကြားလာသည်။

“ဒီ အဆိပ်တစ်ထောင် မြွေဟောက်ဥတွေက အသက်ရှိ နေတုန်းပဲ”

ဤတစ်ကြိမ်တွင် ဝမ်ရှန်းကိုယ်တိုင် ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။

ဤမြွေဥများသည် အဆိပ်တစ်ထောင် မြွေဟောက်ဥ ဖြစ်ကြောင်း သူ မပြောရသေး သော်လည်း လင်းအာသည် စက္ကန့်ပိုင်း အတွင်း သိသွားသည် မဟုတ်ပါလော။ သေချာပေါက် အထင်သေး၍ မရပါချေ။

“ဆရာ ဒီမြွေဟောက်ဥတွေကို မြွေသိုက်ထဲက မြေတွေနဲ့ ဖုံးလာတာ တကယ် မှန်သွားတယ်၊ မဟုတ်ရင် ဒီမြွေဟောက်ဥတွေက သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို ဆုံးရှုံး သွားလိမ့်မယ်”

“ဆရာ့မှာ မြွေဟောက်ဥ ဘယ်လောက် ပါလာလဲ”

“ရှစ်ဥ” 

“ရှစ်ဥ ဟုတ်လား”

လင်းအာသည် ရုတ်တရက် ဒေါသထွက် သွားဟန်ဖြင့် လုဝမ်ဟုန်ဘက်သို့ လှည့်လိုက်သည်။

“သခင်၊ ဒီ အဆိပ်တစ်ထောင် မြွေဟောက်ဥက ဥတစ်လုံးကို ရွှေဒင်္ဂါး ဆယ်ပြား တန်တယ်၊ ရှစ်ဥ ဆိုတော့ ရှစ်ဆယ်ပေါ့၊ သခင်ကိုယ်တိုင် ရှေ့ထွက်ပြီး ကမ်းလှမ်းခဲ့တဲ့ စီးပွားရေးက ရွှေဒင်္ဂါး ရှစ်ဆယ်ပဲ တန်တယ်ဆိုရင် လူတွေ ရယ်စရာ ဖြစ်ကုန်တော့မှာပေါ့”

“အတင့်ရဲလိုက်တာ”

လုဝမ်ဟုန်သည် လင်းအာကို ချက်ချင်း ဆူပူကြိမ်းမောင်း လိုက်သော်လည်း လင်းအာ၏ မျက်နှာထက်မှ မထီမဲ့မြင် အမူအရာသည် ပျောက်ကွယ် သွားခြင်းမရှိဘဲ ခေါင်းကိုသာ တွင်တွင် ငုံ့ထားသည်။

“ရွှေဒင်္ဂါး ရှစ်တယ်ဆိုတာ နည်းလို့လား၊ တစ်နှစ်လုံး အလုပ် လုပ်ရင်တောင် ရွှေဒင်္ဂါး ရှစ်ဆယ် မရတဲ့လူတွေ ဘယ်လောက် များလဲဆိုတာ မင်းမသိဘူးလား”

ဝမ်ရှန်းသည် လင်းအာကို ပြောရင်းဆိုရင်းဖြင့် မြွေဟောက်ဥများကို ပြန်သိမ်းရန် ပြင်လိုက်သည်။

“ဆရာလုက စိတ်မဝင်စားဘူး ဆိုရင်လည်း ပေါင်ချင်ယုတန်ကိုပဲ သွားလိုက်ပါ့မယ်၊ ပေါင်ချင်ယုတန်က ပိုင်ရှင် အမျိုးသမီးကတော့ ပိုင်ယွမ် ဆေးပြား ၂၀ ပဲ ဝယ်တာတောင် ကိုယ်တိုင် ထွက်ရောင်းတယ်” 

ဝမ်ရှန်းသည် ပိုပိုသာသာ ဖိပြောလိုက်ပြီး မြွေဟောက်ဥများကို ကျောပိုးအိတ်ထဲ ပြန်ထည့်နေသည်။

“ဒီတစ်ခေါက် စီးပွားရေးက အဆင်မပြေတော့လည်း နောက်တစ်ခါမှ ပူးပေါင်းကြတာပေါ့”

“အစ်ကိုဝမ်၊ ခဏနေပါဉီး ”

လုဝမ်ဟုန်သည် ချိုသာစွာ ပြုံးကာ တားဆီးလိုက်ပြီး –
“အစ်ကို ဝမ်က တောတောင် အလျှိုလျှိုကို ဖြတ်ပြီး ဒီမြွေဟောက်ဥတွေကို သယ်လာရတာ မဟုတ်လား၊ ရွှေဒင်္ဂါး ရှစ်ဆယ်နဲ့ ရောင်းရင် ဘယ်တရားပါ့မလဲ”

“လင်းအာ ပြောတာလည်း အမှန်ပါပဲ၊ ကျွန်တော် လုဝမ်ဟုန်က ရွှေဒင်္ဂါး ရှစ်ဆယ် အတွက်နဲ့ ကိုယ်တိုင် ရှေ့ထွက်တာက လူရယ်စရာ ဖြစ်နေမှာပေါ့”

လုဝမ်ဟုန်လည်း သူ့အစေခံ မှားသည်ဟု မပြောပေ။

“အစ်ကိုဝမ်၊ ဒီလိုလုပ်ဗျာ၊ ဒီမြွေဟောက်ဥတွေကို ရွှေဒင်္ဂါး ရှစ်ရာနဲ့ ရောင်းချင်လား”

“သခင်….”

လင်းအာသည် ဝမ်ရှန်းကို တစ်လှည့် လုဝမ်ဟုန်ကို တစ်လှည့်ကြည့်ကာ အလောတကြီး အော်ဟစ် လာလေသည်။

“အစ်ကို ဝမ်၊ ဘယ်လို သဘောရလဲ”

လုဝမ်ဟုန်သည် လင်းအာ၏ အော်ဟစ်သံကို လျစ်လျူရှုကာ ပြုံး၍ မေးသည်။

“နည်းတယ် နောက်ထပ် ဆယ်ဆ”

ဝမ်ရှန်းသည် လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ ဖြည်းညင်းစွာ ပြောသည်။

“သဘောတူတယ်”

လုဝမ်ဟုန်သည် မျက်တောင် တစ်ချက်ပင် မခတ်ဘဲ ချက်ချင်း သဘောတူ လိုက်သည်။

နံဘေးမှ လင်းအာသည် ဝမ်ရှန်းအား ပြာကျလုမတတ် စိုက်ကြည့်နေသည်။

“ဒီမြွေဟောက်ဥတွေ အကောင်ဖောက်ဖို့ ဝိညာဉ်စွမ်းအင်တွေ ထည့်ပေးရတယ်၊ အကောင်ပေါက် ပြီးရင်လည်း ပထမအဆင့်ကို ရောက်ဖို့ နှစ်လေးဆယ် ကြာတယ်၊ အဆိပ်တစ်ထောင် မြွေဟောက်လို မိစ္ဆာ သားရဲတွေက တတိယအဆင့် လောက်ထိ ရောက်မှ အစွမ်းထက်တာ ဒါဆို နှစ်တစ်ရာမက ကြာသွားလိမ့်မယ်”

“နှစ်တစ်ရာအထိ မစောင့်နိုင်လို့ သတ်မယ် ဆိုရင်လည်း မြွေဟောက် သေးသေးလေးကို သတ်စားလို့ မရပြန်ဘူး၊ ပြီးတော့ ဒီမြွေဟောက် တခြားလူတွေကို အန္တရာယ် မပေးနိုင်ဖို့ အတွက်ကလည်း လူတစ်ယောက် ငှားပြီး စောင့်ကြပ် ခိုင်းရဉီးမှာ”

လင်းအာသည် လောဘကြီးသော ဆိုင်ရှင် တစ်ယောက် အလား တရစပ် ပြောချသွားသည်။

“အဲဒါတောင်မှပဲ ရှင်က ဒီမြွေဟောက်ဥကို ရွှေဒင်္ဂါး ရှစ်ထောင်နဲ့ ရောင်းမယ်ပေါ့ ဘာလို့လဲ ရှင်းစမ်းပါဉီး”
***

Comment

Leave a Reply

Options

not work with dark mode
Reset