Switch Mode

Chapter – 36

အလှလေး

အခန်း ၃၆
အလှလေး

ဝမ်ရှန်းသည် ရန်သူ၏ ခြေချင်းဝတ်ကို ဓားဖြင့် ထိုးစိုက်စဉ်က အဓိက သွေးကြောမကြီး တည့်တည့်ကို ရွေး၍ စိုက်ခဲ့ခြင်းပင်။ အပေါ်ယံ ကြည့်ပါက သေစေနိုင်သည်ဟု မထင်ရသော်လည်း မိနစ်ပိုင်းအတွင်း သွေးလည်ပတ်မှု ရပ်တန့်၍ သေဆုံးသွားမည် ဖြစ်သည်။

“ဘုန်း”

ဝမ်ရှန်း၏ စကားမဆုံးခင်မှာပင် ရန်သူသည် ရုတ်တရက် လဲကျကာ သေဆုံး သွားတော့သည်။

ဤသို့ဖြင့် စုန့်မိသားစုဝင် ငါးယောက်ထဲတွင် ဝမ်ရှန်း၏ ကန်ချက်ဖြင့် သတိလစ် မေ့မြောနေသော စုန့်ရှုမှ အပ အခြားသူများ အားလုံး မိနစ်ပိုင်းအတွင်း ဇာတ်သိမ်း သွားကြလေသည်။

စုန့်ရှု နိုးလာသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေကြောင်း သတိပြုမိ လိုက်သည်။ မျက်နှာသည် ဝမ်ရှန်း၏ ကန်ချက်ကြောင့် ယောင်ကိုင်း၍ ကိုက်ခဲနေကာ ခြေထောက်များမှာလည်း ထောင်ချောက်ဒဏ်ကြောင့် နာကျင်လွန်းလှသည်။

သို့သော် ယခုတွင်မူ လက်ချောင်းများပါ နာကျင်နေ၏။ သူ့လက်များသည် နာကျင် ကိုက်ခဲနေသည့် အပြင် လှုပ်ရှား၍လည်း မရတော့ပေ။

စုန့်ရှုသည် ပတ်ပတ်လည်ကို ဝေ့ကြည့် လိုက်သောအခါ အသက်ရှူ မှားသွားသည်။ သူ၏ ခြေထောက်အောက်၌ မြေပြင်ဟူ၍ မရှိဘဲ လွတ်နေသည်။ တစ်ကိုယ်လုံးသည် ချောက်ကမ်းပါး စွန်းရှိ သစ်ကိုင်း၌ ချိတ်ဆွဲ ခံထားရပြီး ထိုသစ်ကိုင်းသာ ကျိုးကျသွားပါက သူ့ဘဝလည်း ဇာတ်သိမ်း သွားပေလိမ့်မည်။

ပထမအဆင့်သာ ရှိသေးသော ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ဤမျှမြင့်မားသော ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားလျှင် သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ပေ။

ဝမ်ရှန်း ပြုတ်ကျလာ သကဲ့သို့ ရေကန်လည်း မရှိလေရာ အရိုးတခြား အသားတခြား တစ်စစီ ဖြစ်သွားပေမည်။

စုန့်ရှုသည် ထိတ်လန့်တကြား အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် စိတ်ချောက်ချားဖွယ် အသံတစ်ခုကို ကြားလိုက် ရလေသည်။ ထိုအသံသည် သူ့လက်နှစ်ဖက်ကို ချည်နှောင်ထားသည့် သစ်ကိုင်းထိပ်မှ ပေါ်ထွက် လာခြင်းပင်တည်း။

စုန့်ရှုသည် ခေါင်းကို လှည့်ကြည့် လိုက်သောအခါ ရင်းနှီးပြီးသား ဖြစ်သော ဝမ်ရှန်း၏ မျက်နှာကို ဘွားခနဲ တွေ့လိုက်ရလေသည်။

“မင်း ငါ့ကို ဘာလို့ လာရှာတာလဲ၊ ဘာလိုချင်တာလဲ၊ စုန့်ရန်ကိုရော ဘာကိစ္စ ဒုက္ခ လိုက်ပေးနေတာလဲ”

ဝမ်ရှန်းသည် အချိန်မရွေး သစ်ကိုင်းကို ဖြတ်တောက်တော့မည့် အနေအထားဖြင့် ချောက်ကမ်းပါး အစွန်းတွင် ထိုင်ကာ ခြေထောက်များကို လှုပ်ယမ်း နေသည်။

စုန့်ရှုသည် ဝမ်ရှန်း၏ အပြုအမူကို ကြည့်ကာ ဒေါသမီး ဟုန်းဟုန်း တောက်လာသည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ ရေငုံနှုတ်ပိတ် လုပ်နေသော်လည်း တစ်ခဏမျှ ကြာပြီးနောက် ကြောက်ရွံ့ ထိတ်လန့်စွာ အော်ဟစ် လိုက်တော့သည်။

“ရပ်လိုက်၊ ရပ်လိုက်တော့၊ ကြိုးကို မဖြတ်ပါနဲ့ ပြောမယ် ပြောပါ့မယ်”

စုန့်ရှုသည် နာကျင်မှု အပေါင်းကိုပင် သတိမရ နိုင်တော့ဘဲ အသံကုန် ဟစ်၍ ထိတ်လန့်တကြား ပြောလိုက်သည်။

“ငါနားထောင်နေတယ်”

ဝမ်ရှန်းသည် လက်ထဲမှ ဓားကို နံဘေးသို့ ချလိုက်ကာ တည်ငြိမ်စွာ ထိုင်နေသည်။

“မြန်မြန်ပြောရင် ပိုကောင်းမယ်၊ ကြိုးက ပြတ်တော့မှာ”

“ဒါက တတိယ အကြီးအကဲကြောင့်ပဲ၊ သူက ငါတို့ကို လွှတ်လိုက်တာ”

စုန့်ရှုသည် တုံ့ဆိုင်း တုံ့ဆိုင်း လုပ်နေသဖြင့် ဝမ်ရှနိးသည် ဓားကို ပြန်ကောက်လိုက်မှ လျှို့ဝှက်ချက်များ တရစပ် ပေါ်ထွက်လာလေသည်။

စုန့်ရှု၏ ပြောစကားအရ ဝမ်ရှန်းသည် စုန့်မိသားစု၏ အတွင်းရေး ကိစ္စများကို အကြမ်းဖျင်း နားလည် လိုက်သည်။

စုန့်ရှုနှင့် သူ၏ အပေါင်းအဖော်များကို တတိယ အကြီးအကဲမှ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ စုစုပေါင်း လူဆယ်ယောက်ကျော် ရှိပြီး  ငါးယောက်သည် ဝမ်ရှန်းကို အဓိက ပစ်မှတ်ထားရန် အမိန့်ပေး ခံရသည်။

သို့သော် အကြောင်းရင်းကို မသိသော်ငြား တတိယ အကြီးအကဲသည် ဝမ်ရှန်းကို မသတ်ရဟု ပြင်းပြင်းထန်ထန် မှာကြားလိုက်၏။

ထို့ကြောင့် အစောပိုင်းက သတ်မည် ဖြတ်မည်ဟူသော စုန့်ရှု၏ ခြိမ်းခြောက် ကြိမ်းမောင်းခြင်းမှာလည်း အပေါ်ယံ သက်သက်သာ ဖြစ်သည်။

တတိယ အကြီးအကဲ အထူးတလည် မှာကြားလိုက်သော အမိန့်ကို မည်သို့ လွန်ဆန် ဝံ့ပါမည်နည်း။

စုန့်ရှုသည် စုန့်ရန်နှင့် စုန့်မိသားစု၏ ဆက်ဆံရေးကို အသေအချာ မသိပေ။ သို့သော် ခန့်မှန်းချက်များ အရ မိသားစုကြီးများ၏ ထုံးစံအတိုင်း အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

မိသားစု အကြီးအကဲများသည် သမီးအကြီးဆုံး ဖြစ်သော စုန့်ရန်ကို ပစ်မှတ် ထားနေကြခြင်းမှာ စုန့်ရန်၏ဖခင် လက်ရှိ စုန့်ခေါင်းဆောင်သည် လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်းက သူ၏ သားများ နှင့်အတူ ပျောက်ဆုံး သွားသောကြောင့်ပင်။

စုန့်ခေါင်းဆောင်နှင့် သားများ ပျောက်ဆုံး သွားခြင်းကြောင့်  စုန့်မိသားစု၏ ခွန်အားသည် ၄၀% ခန့် ဆုံးရှုံး သွားပြီး စုန့်မိသားစုအား ကြီးမားသော ထိုးနှက်ချက်ကို ဖြစ်စေခဲ့သည်။ စုန့်မိသားစုသည် ဤသတင်းကို လျှို့ဝှက် ထားကြသော်လည်း အဆုံးတွင် လုံခြုံအောင် မထိန်းနိုင်ဘဲ အပြင်သို့ ပေါက်ကြား သွားလေသည်။

ခွန်အား ၄၀% ခန့် ရုတ်တရက် လျော့ကျ သွားပြီးနောက် စုန့်မိသားစု၏ အဆင့်သည် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ယခုအခါ  အဓိက မိသားစု ငါးခု၏ အနိမ့်ဆုံး အခြေအနေသို့ ဆိုက်ရောက် သွားသည်။

ထို့ကြောင့်လည်း စုန့်ရန်ကို သိုက်ဟွမ်မှ ပြန်ပေးဆွဲရဲခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် ဤသို့ အရေးမပါလှသော ကိစ္စများကို စိတ်မဝင်စားလှပေ။ မိသားစုကြီးများသည် အချိန်နှင့် အမျှ အာဏာအတွက် ပြိုင်ဆိုင် တိုက်ခိုက် နေကြသည်မှာ ပုံမှန်ပင်။

ဝမ်ရှန်းသည် စုန့်မိသားစု၏ အကြီးအကဲများ အကြောင်း ထပ်မံ မေးမြန်း လိုက်သေးသည်။ စုစုပေါင်း အကြီးအကဲ ၉ ယောက်ရှိကာ တစ်ယောက်ချင်း စီတိုင်း၏ ခွန်အားနှင့် အာဏာများ အကြောင်း စုန့်ရှု၏ ပါးစပ်မှ အိတ်သွန်ဖာမှောက် ပြောပြလာလေသည်။

ဝမ်ရှန်းသည် သိချင်သမျှ သိလိုက်ရပြီးနောက် စုန့်ရှုကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။

“အင်း မင်းက ရိုးသားတယ်ဆိုတော့ ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်”

ပြောရင်းဆိုရင်းဖြင့် ဝမ်ရှန်းသည် ချောက်ကမ်းပါးစွန်းမှ ထရပ်ကာ စုန့်ရှု၏ ညာလက်ကို ချည်နှောင်ထားသည့် ကြိုးကို ဖြတ်ချလိုက်သည်။

“အား” 

လက်တစ်ဖက်တည်းဖြင့် တွဲလောင်း ကျနေသော စုန့်ရှုသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ သွားပြီး အသံကုန် အော်ဟစ် လိုက်သည်။

သို့သော် ဝမ်ရှန်းကို တစ်စုံတစ်ရာ ပြောဆိုရဲခြင်း မရှိချေ။ ကံကောင်းစွာပင် သူ့တွင် ဝိညာဉ် စွမ်းအင်များ ရှိနေသဖြင့် တောင့်ခံထားနိုင်လေသည်။

ထို့နောက် ဝမ်ရှန်းသည် ဓားရှည်ကို ကိုင်ကာ ဓားရိုးကို စုန့်ရှု၏ လက်ထဲ ထည့်ပေးလိုက်သည်။

“မင်း ကိုယ့်ဘာသာ တက်လာခဲ့တော့ ပြုတ်ကျသွားရင် ငါ့တာဝန် မဟုတ်ဘူးနော်”

“နောက်ထပ် ငါ့ရှေ့မှာ ပေါ်မလာနဲ့”

ဝမ်ရှန်းသည် ထိုမျှသာ ပြောပြီး ချက်ချင်း ထွက်ခွာ သွားလေသည်။ ဝမ်ရှန်း၏ ပုံရိပ် မျက်လုံးထဲမှ ပျောက်ကွယ် သွားသည်အထိ စိုက်ကြည့် နေသော်လည်း စုန့်ရှုသည် အနှီလူရိုင်းမှာ သူ့ကို အမှန်တကယ် လွှတ်ပေးလိုက်ကြောင်း မယုံနိုင်သေးပေ။

တစ်ခဏမျှ ကြာသော် စုန့်ရှုသည် ဝိညာဉ်စွမ်းအင်နှင့် ဓားကို အားပြု၍ ချောက်ကမ်းပါးပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။

ဝမ်ရှန်း ထိုင်ခဲ့သော အစွန်းတွင် ထိုင်ရင်းဖြင့် မျက်ရည်များ ဒလဟော စီးကျ လာလေသည်။ သူ၏ အပေါင်းအဖော်များ အားလုံး သေဆုံး သွားကြလေပြီ။

ယခုအခါ စုန့်ရှုသည် သူ့ကို သတ္တိ အဆတစ်ရာ တိုးပေးလျှင်ပင် ဝမ်ရှန်းနှင့် မျက်နှာချင်း ဆိုင်ရဲတော့မည် မဟုတ်ပေ။

“အကြီးအကဲ တွေကို သတင်းပို့ရမယ်၊ ဒါမှ အဲ့ကောင်ကို ပညာပေးနိုင်မှာ”

စုန့်ရှုသည် ဓားရှည်ကို ကိုင်ကာ တောင်ပေါ်မှ လျင်မြန်စွာ ဆင်းလာစဉ် ရုတ်တရက် သားရဲဟိန်းသံ တစ်ခုကို ကြားလိုက် ရလေသည်။ သူသည် ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု ထင်လိုက်သော်လည်း နီးကပ်လာသော အသံကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့ သွားတော့သည်။

ဝမ်ရှန်း ရွေးချယ်ထားသော ဤတောင်တန်းသည် ရွှေမျက်လုံး မျောက်များ၏ ပိုင်နက်ဖြစ်သည်။ မျောက်ဟု ဆိုသော်လည်း အသားကို စားသော မိစ္ဆာ မျောက်များပင်။

ဝမ်ရှန်း ရှိစဉ်က သားရဲဟိန်းသံများ မကြားရခြင်းမှာ ဝမ်ရှန်းသည် အလောင်း လေးလောင်းကို မျောက်စာ ကျွေးထားသောကြောင့် ဖြစ်သည်။

တစ်ခဏမျှ ကြာသော် စုန့်ရှု၏ ကြောက်ရွံ့စွာ အော်ဟစ်သံ နှင့်အတူ တတိယ အကြီးအကဲ၏ ခိုင်းစေမှုဖြင့် ဝမ်ရှန်းနောက်ကို လိုက်ခဲ့သော စုန့်မိသားစုဝင် ငါးယောက်သည် ကမ္ဘာမြေမှ အပြီးတိုင် ပျောက်ကွယ် သွားလေတော့သည်။

ဝမ်ရှန်းသည် ဤကိစ္စများကို ဂရုမစိုက်ပါချေ။ စုန့်ရှုသာ ဉာဏ်ပြေးပါက အသက်ရှင် နိုင်ပေလိမ့်မည်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူနှင့် လားလားမျှ မဆိုင်တော့။

ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်သား အချို့ကို စားကာ အမောဖြေ လိုက်ပြီးနောက် ရှန်းလင်မြို့ထဲသို့ ဝင်ရောက် လာခဲ့သည်။ သူ၏ မြွေဟောက်ဥများကို ရောင်းချပြီးပါက ရှန်းလင်မြို့မှ ထွက်ခွာရန် ဆုံးဖြတ်ထားသည်။

ဤမြို့တွင် သူလာခြင်းသည် ဤကမ္ဘာအကြောင်း စူးစမ်းလိုခြင်းနှင့် ယွမ်ဝိညာဉ် ကျင့်ကြံရေးများ အကြောင်း စုံစမ်းသင်ယူရန် ဖြစ်သည်။

ယခုတွင်မူ ရည်ရွယ်ချက်များ ပြီးမြောက်ရန် ဆက်လက်ထွက်ခွာချိန် တန်လေပြီ။

ရှန်းလင်မြို့သို့ မရောက်သေးသော်လည်း လမ်းသွား လမ်းလာများကို တွေ့မြင်နေရပြီ ဖြစ်သည်။ ဝမ်ရှန်းသည် သူ၏ ဝတ်စုံကို ဤကမ္ဘာမှ လူများ ဝတ်ဆင်သည့် အတိုင်း ပြောင်းလဲ ဝတ်ဆင်ထားပြီး ကျောပိုးအိတ် ကိုလည်း အဝတ်စဖြင့် ထုပ်ပိုးထားသည်။

ထို့နောက် ပေါင်ချင်ယုတန်သို့ တည့်တည့် လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် –

“ဒီက အစ်ကို ဝမ်ရှန်း ခင်ဗျ၊ ဆွေးနွေးစရာလေး ရှိလို့ ခဏလောက် ထိုင်ပါဉီးလား”

အလွန် ချိုသာသော အသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုအသံသည် အလွန်နူးညံ့၍ ပါးလှပ်သော်လည်း မိန်းမတစ်ယောက်၏ အသံထက် အနည်းငယ် သြနေသည်။ နားထောင်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလေရာ  ဝမ်ရှန်းသည် နောက်သို့ ချက်ချင်း လှည့်ကြည့် လိုက်လေသည်။

ထိုစဉ် အလွန်တရာ ချောမော တင့်တယ်သော အလှလေး တစ်ယောက်ကို မြင်တွေ့လိုက် ရပေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset