Switch Mode

Chapter – 35

ငါးယောက် တစ်ယောက်

အခန်း ၃၅
ငါးယောက် တစ်ယောက်

အတိအကျ ဆိုရလျှင် ဝမ်ရှန်း နောက်ကို ခြေရာခံ လိုက်သည်မှာ လူငါးယောက်ပင်။ စုန့်ရှု၏ ခြေထောက်မှ ဒဏ်ရာသည် အလုံးစုံ ပြန်လည် ကောင်းမွန် သွားလေပြီ။ ငါးယောက်လုံးသည် ဝမ်ရှန်းကို တောင်ကြား၌ သုံးရက်တိုင်တိုင် စောင့်ဆိုင်း နေခဲ့ကြသည်။

“မင်းတို့က ဘာလုပ် နေကြတာလဲ”

ဝမ်ရှန်းသည် ဤလူငါးယောက်မှာ စုန့်မိသားစုမှ လူများဖြစ်ကြောင်း ရုတ်ခြည်း သတိပြုမိ သွားသည်။

“မင်းလို အမှိုက်မျိုးက သခင်မလေးရဲ့ စေ့စပ်ထားသူတဲ့လား ဟာသပဲ”

“အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်ဖို့ ဘယ်က ကျွမ်းကျင်သူကို ငှားထားတာလဲ ပြောပြ၊ ပြီးရင် မင်း သခင်မလေးဆီက ရထားတဲ့ ဆုလာဘ်တွေ လွှဲပြောင်း ပေးမယ်ဆိုရင် မင်းကို ချမ်းသာပေးမယ် ဘယ်လိုလဲ”

“မဟုတ်ရင်တော့ မင်းရဲ့ ခြေတွေ လက်တွေကို ရိုက်ချိုးပြီး အသားတွေကို အပိုင်းပိုင်း ခုတ်ပစ်မယ် ပြီးရင် ခွေးစာ ကျွေးလိုက်မယ် ဟားဟား ”

ဝမ်ရှန်းသည် စုန့်ရှု၏ စကားမှ တစ်ဆင့် တတိယ အကြီးအကဲသည် အဆိပ်တစ်ထောင် မြွေဟောက်အား စုန့်ရန်၊ စုန့်လောင်ယုနှင့် သူသတ်ပစ် လိုက်သည်ကို မယုံကြည်ကြောင်း ရိပ်စားမိ လိုက်သည်။

သို့သော် ဤလူများသည် သူ၏ စစ်မှန်သော ခွန်အားကို သိကြပုံမပေါ်ချေ။ စုန့်ရှုသည် ဝမ်ရှန်း၏ နှာခေါင်းပေါ်သို့ လက်ညှိုး ငေါက်ငေါက်ထိုးကာ ခြိမ်း‌ခြောက် နေစဉ်မှာပင် ဝမ်ရှန်းသည် ရုတ်တရက် လှုပ်ရှားလိုက်သည်။

ဝမ်ရှန်းသည် စစ်တပ်ထဲတွင် ရှိစဉ်က အမှန်တရား တစ်ခုကို နားလည်ခဲ့ရသည်။ ၎င်းမှာ  စစ်ခန်းတွင် မည်မျှပင် လေ့ကျင့်စေကာမူ စစ်မြေပြင်တွင် သေချာပေါက် အသုံးချ နိုင်လိမ့်မည်ဟု အာမ မခံနိုင်ချေ။

အတတ်ပညာ တစ်ခုကို အမှန်တကယ် ကျွမ်းကျင်စွာ အသုံးချနိုင်ရန်မှာ လက်တွေ့ လေ့ကျင့်ရန် ဖြစ်သည်။ ဝမ်ရှန်းသည် လွန်ခဲ့သည့် ရက်များအတွင်း ဆက်တိုက် လေ့ကျင့်နေခဲ့ပြီး ယခုအခါ လက်တွေ့ အသုံးချရန် အခွင့်အရေး ပေါ်လာလေပြီ။

စုန့်ရှုသည် သူ၏ လက်ညှိုးကို ဆန့်ထုတ် လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် လျင်မြန်စွာ ဆုပ်ကိုင်၍ လှန်ချိုးလိုက်သည်။ ဝိညာဉ်စွမ်းအင် မထည့်ထားသော်လည်း စုန့်ရှုသည် ဝမ်ရှန်း၏ ပြင်းထန်သော ခွန်အားကို ခံနိုင်ရည် မရှိပေ။

လက်ချောင်းမှ နာကျင်မှုကြောင့် စုန့်ရှုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ဝမ်ရှန်း၏ လက်သီးချက်ကို ရှောင်ရှားရန် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

သို့သော် ဤအပြုအမူသည် သူ၏ ဘယ်ဘက်ဒူးကို ဖိအားများစွာ ဖြစ်စေပြီး ပြန်လည် သက်သာစ ပြုလာသော ခြေထောက်မှာ ပြင်းပြင်းထန်ထန် နာကျင် သွားလေသည်။

စုန့်ရှု ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် ဒူးခေါင်းကို ပင့်ကာ မျက်နှာတည့်တည့်ကို ဆောင့်ချလိုက်သည်။

“ခွပ်”

စုန့်ရှု၏ မျက်နှာသည် နောက်သို့ တိုက်ရိုက် လန်ထွက်သွားကာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။

ဝမ်ရှန်း၏ ကန်ချက်ကြောင့် စုန့်ရှုသည် ချက်ချင်း မေ့မြော သွားတော့သည်။ ထိုအခိုက်အတန့်တွင် ကြောင်အမ်းနေသော အဖော်လေးယောက်မှာ ဝမ်ရှန်းထံ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် လျှပ်စီးအလား ဘယ်ဘက်သို့ ရွေ့လျားလိုက်သည်။ တစ်ချိန်တည်းမှာပင် ညာခြေသည် စုန့်ရှုကို ကန်ခဲ့သည့် ပုံစံအတိုင်း ညာဘက်မှ ရန်သူကို ဆောင့်ကန် လိုက်သည်။

တိုက်ပွဲဝိညာဉ်၏ ခွဲခြမ်းစိတ်ဖြာမှု အရ ဘယ်ဘက်မှ ကောင်လေးသည် အတွေ့အကြုံ အနုဆုံး၊ အငယ်ဆုံး ဖြစ်ပုံရသဖြင့် ပထမဆုံး ပစ်မှတ်အဖြစ် ရွေးချယ် လိုက်ခြင်းဖြစ်သည်။ သူသည် ဝမ်ရှန်းထံ တစ်ဟုန်ထိုး ပြေးဝင်လာခြင်း ဖြစ်ရာ ဝမ်ရှန်းသည် ဘယ်လက်ဖြင့် လက်သီးတစ်ချက် ပစ်သွင်း လိုက်ချိန်၌ အနှီလူငယ်သည် ချက်ချင်း ဟန်ချက် ပျက်သွားလေသည်။

ထို့နောက် ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် ရှေ့သို့ အနည်းငယ် ကိုင်းသွားကာ တစ်ကိုယ်လုံးမှ အင်အားများကို  ဘယ်လယ်မောင်းထဲသို့ စီးဝင်စေလိုက်ပြီး ရန်သူ၏ လည်ပင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

အရိုးကျိုးသံ တစ်ခု ပြတ်သားစွာ ပေါ်ထွက်လာကာ ရန်သူသည် မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသေဆုံး သွားသည်။ ညာဘက်မှ ဆောင့်ကန် ခံလိုက်ရသော လူငယ်သည် စုန့်ရှု၏ ခန္ဓာကိုယ်ဘေးသို့ လွင့်ထွက်သွားသည်။ သူသည် ရုတ်တရက် ကုန်းထရန် ပြင်လိုက်စဉ်မှာပင် အဖော် ၂ ယောက်၏ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

“သတိထား” 

လူငယ်သည် ရုတ်တရက် လန့်ဖျပ်သွားကာ ချက်ချင်း လှည့်ကြည့် လိုက်သော်လည်း နောက်ကျ သွားလေပြီ။

ဝမ်ရှန်း၏ ခြေကန်ချက်သည် လူငယ်၏ ဘယ်နံရိုးကို တိုက်ရိုက် ထိမှန်သွားလျက် စူးရှသော ဝေဒနာသည် နှလုံးသားထဲထိ စိမ့်တက်လာသည်။ လူငယ်သည် အလျင်စလို ဝပ်ချလိုက်စဉ်မှာပင် ဝမ်ရှန်း၏ တံတောင်ဆစ်သည် သူ၏လည်မျိုကို တွတ်လိုက်လေသည်။

ဝမ်ရှန်း၏ တံတောင်ဆစ်အားသည် ရန်သူ၏ လည်ပင်းရိုးကို တိုက်ရိုက် ကျိုးထွက်သွားစေပြီး  နေရာတွင် အသက်ပျောက် သွားတော့သည်။

ကျန်ရှိနေသော နှစ်ယောက်မှာ ပထမအဆင့် အထွတ်အထိပ်နှင့် ဒုတိယ အဆင့် အစောပိုင်း ဝိညာဉ်သခင်များ ဖြစ်ကြသော်လည်း မျက်စိတစ်မှိတ် အတွင်း အပေါင်းအဖော်များ သေဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ရပ်ကြည့် နေခဲ့ရသည်။

သူတို့အားလုံးသည် ငယ်စဉ်ကတည်းက စုန့်မိသားစုတွင် အတူတကွ ကြီးပြင်း လာကြသူများ ဖြစ်သည်။ ဝမ်ရှန်း၏ လုပ်ရပ်ကြောင့် အပေါင်းအဖော်များ သေဆုံးသွားသည်ကို ကြည့်ကာ ဒေါသတကြီး ဖြစ်လာကြသည်။

နှစ်ယောက်လုံးသည် မလှမ်းမကမ်းမှ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြကာ လက်နက်များကို ထုတ်ယူလိုက်သည်။ တစ်ဉီးသည် ဓားကို ကိုင်ကာ အခြားတစ်ယောက်သည် တုတ်ကို ကိုင်ထားသည်။ ဝမ်ရှန်းသည်  ဓားကိုင်ထားသော ဘက်ဘက်မှ လူကို အရင်ရှင်းရန် ဆုံးဖြတ်လိုက်ကာ ဘယ်ဘက်သို့ ပြေးထွက်သွားသည်။ 

“ဘန်း”

ရန်သူ၏  ဓားချက်သည် ဝမ်ရှန်းကို နှစ်ပိုင်း ခွဲမပစ် နိုင်သော်လည်း ပြင်းထန်သော ဝိညာဉ်စွမ်းအင်ကြောင့်  ဝမ်ရှန်း၏ ခန္ဓာကိုယ်မှာ နောက်သို့ ချက်ချင်း လန်ထွက်သွားသည်။

အကယ်၍ ဝမ်ရှန်းသာ အချိန်မီ မရှောင်တိမ်း လိုက်နိုင်ပါက ဓားချက်ကြောင့် ဉီးခေါင်း ပြတ်ထွက် သွားနိုင်သည်။

ရန်သူသည် ဝမ်ရှန်း လဲကျသွားသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် အလွန်အမင်း ပျော်ရွှင်သွားကာ ရှေ့ဆက် တိုးလာသည်။

သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ ခြေထောက်သည် လေပေါ်သို့ မြှောက်တက်လာကာ ရန်သူ၏ ခြေထောက်များကို လှမ်းခတ် လိုက်သည်။ ရန်သူသည် အရှိန်မထိန်းနိုင်ဘဲ ရှေ့သို့ ဟပ်ထိုး လဲကျသွားစဉ် ဝမ်ရှန်းသည် မျောက်တစ်ကောင်အလား လှစ်ခနဲ ပြန်ထကာ သူ၏ ကျားသွားဓားဖြင့် ရန်သူ၏ ခြေချင်းဝတ်ကို ထိုးစိုက်လိုက်သည်။

“အား”

ရန်သူသည် နာကျင်စွာ အော်ညည်းလျက် ဓားကို ဆွဲနုတ်နေသည်။ ထို့နောက် ဝမ်ရှန်းသည် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ညာဘက်မှ ရန်သူကို ရင်ဆိုင်လိုက်သည်။

နောက်ဆုံးသော ရန်သူသည် မူလက ဝမ်ရှန်း၏ နောက်ကျောကို တုတ်ဖြင့် ရိုက်ကာ တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ပြင်ထားသော်လည်း အဖော်ဖြစ်သူ၏ အဖြစ်အပျက်ကြောင့် ဝိညာဉ်စွမ်းအင်ကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ရန်သူသည် တစ်ကိုယ်လုံးမှ ဝိညာဉ် စွမ်းအင်များကို လက်ညှိုးထက်သို့ စုစည်းနေစဉ် ဝမ်ရှန်း၏ လက်ထဲ၌ Glock 17 ပစ္စတို ပေါ်ထွက်လာသည်။ ရန်သူသည် သူ၏ လက်ညှိုးဖြင့် ဝမ်ရှန်းထံ ချိန်ရွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် လက်ထဲမှ သေနတ်မောင်းကို ဆွဲချလိုက်လေသည်။

“ဘန်း” 

ကျည်ဆန်သည် ရန်သူ၏ မျက်လုံးကို တိုက်ရိုက် ဖောက်ဝင်သွားပြီး မျက်လုံး တစ်ခုလုံး ပွင့်ထွက်ကာ ဉီးနှောက်ထဲသို့ ဖောက်ဝင်သွားသည်။

ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်ပြီးနောက် ရန်သူ၏ ဉီးခေါင်းကို ပစ်ခြင်းထက် မျက်လုံးကို ပစ်ခြင်းက ပို၍ လွယ်ကူကြောင်း နားလည်သွားခဲ့သည်။

သေနတ်သံ ထွက်ပေါ် လာပြီးနောက် ရန်သူ၏ ဝိညာဉ် စွမ်းအင်များမှာ တစ်မုဟုတ်ချင်း ပြိုကွဲသွားသည်။ ၎င်းဝိညာဉ် စွမ်းအင်များမှာ ဝမ်ရှန်း၏ ခန္ဓာကိုယ်ကို လာရောက် ထိမှန်သော်လည်း ပန်းနှင့် ပေါက်သည့်အလား တစ်စုံတစ်ရာ မခံစားရပေ။

စုန့်မိသားစုဝင် ငါးယောက်ကို ရှင်းလင်းရန် စက္ကန့်ပိုင်းမျှသာ ကြာလိုက်သည်။

ပထမအဆင့် အလယ်အလတ်၊ ပထမအဆင့် အထွတ်အထိပ်၊ ဒုတိယအဆင့် အစောပိုင်း ဝိညာဉ်သခင်များ အားလုံး လဲလျောင်း ငြိမ်သက်နေကြပြီး  ခြေချင်းဝတ်ကို ဓားမြှောင်ဖြင့် စိုက်ခံထားရသော ရန်သူတစ်ယောက်သာ ကျန်ခဲ့သည်။ ရန်သူ၏ ဒဏ်ရာသည် သွေးထွက်နေဆဲ ဖြစ်ကာ လက်ဖြင့် အုပ်ထားသည်။

“မင်းနိုင်ပြီလို့ ထင်နေတာလား”

ရန်သူသည် လက်တစ်ဖက်တွင် ဓားရှည်ကို ကိုင်ကာ  ဝမ်ရှန်းကို စူးစိုက်ကြည့်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် သေနတ်ကို ပြန်သိမ်းလိုက်ပြီ ဖြစ်ရာ ရန်သူသည် ဝမ်ရှန်း၏ လက်နက်မှာ သုံး၍ မရတော့ဟု ထင်သွားလေသည်။

“ကျွတ်ကျွတ်”

ဝမ်ရှန်းသည် ခေါင်းကို ခါယမ်းလိုက်ကာ စုတ်သပ် လိုက်မိသည်။

“မင်းတို့မှာ ဗဟုသုတ မရှိတာ ဆိုးတာပဲ”

***

Comment

Leave a Reply

Options

not work with dark mode
Reset