Switch Mode

Chapter – 34

အများကြီး ပြောင်းလဲသွားတယ်

အခန်း ၃၄
အများကြီး ပြောင်းလဲသွားတယ်

နဂါးခေါင်း၏ နောက်မှ ခန္ဓာကိုယ်သည် နဂါးခန္ဓာ မဟုတ်ဘဲ ရွှေငါးကြင်း၏ ခန္ဓာကိုယ် ဖြစ်နေလေသည်။ ဆိုရလျှင် နဂါးတစ်ပိုင်း၊ ငါးတစ်ပိုင်းဟု ဆိုရမည်ပင်။

စိတ်ပျက်သွားသည့် အခိုက်မှာပင် ဝမ်ရှန်း၏ စိတ်ထဲ၌ ဒဏ္ဍာရီ တစ်ခု ပေါ်ထွက်လာသည်။ နဂါးဘုရင်သည်  သားတော် နဂါးကိုးကောင် မွေးဖွားခဲ့ပြီး ထိုထဲမှ တစ်ကောင်သည် ဤသို့ နဂါးတစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်သည်။

ချီဝမ်နဂါးသည် နဂါးကိုးကောင်ထဲမှ တစ်ကောင်ဖြစ်ကာ သူ၏ နဂါးခေါင်းနှင့် ငါးခန္ဓာသည် နဂါးဂိတ်ကို ငါးကြင်း ခုန်ကျော်ခြင်း ဒဏ္ဍာရီ၏ အစပျိုးရာလည်း ဖြစ်သည်။

ယခု လက်ရှိ ယွမ်ဝိညာဉ်သည် ချီဝမ်နှင့် အတူတူပင် ဖြစ်ကာ ငါးကြင်းမှ တစ်ဆင့် ပြောင်းလဲလာခြင်း ဖြစ်သည်။

သူ၏ ယွမ်ဝိညာဉ်သည်  နဂါးဂိတ်ကို ခုန်ကျော်ပြီးနောက် အမှိုက်ဝိညာဉ် မဟုတ်တော့ဘဲ ကြယ်တစ်လုံး ယွမ်ဝိညာဉ် ဖြစ်သွားလေပြီ။

“ငါးကြင်းက နဂါးဂိတ်ကို ခုန်ကျော်ပြီး နဂါးကိုးကောင်ထဲက တစ်ကောင် ဖြစ်လာတယ် ဆိုတော့ နောက်ပိုင်း ပြောင်းလဲမှုက ဘယ်လို ဖြစ်လာမှာလဲ၊ နဂါးကိုးကောင် ထွက်လာမှာလား၊ ဒါမှမဟုတ် ဒီနဂါးတစ်ပိုင်း ငါးတစ်ပိုင်းကနေ နဂါးအစစ် ဖြစ်သွားမှာလား”

“ဂျိမ်း” 

ရုတ်တရက် ဝမ်ရှန်း၏ အတွေးနောက်မှ ကြောက်မက်ဖွယ် တုန်ခါသံကြီး တစ်ခု ပေါ်ထွက်လာကာ ဧရာမ တိမ်တိုက်ကြီး တစ်ခု ထွက်လာသည်။ တိမ်တိုက်၏ ပတ်ပတ်လည်၌ တိမ်များဖြင့် ဖွဲ့စည်းထားသော အလင်းတန်းများ တောက်ပစွာ ဖြာထွက်လာသည်။

ထိုအလင်းတန်းများထဲမှ တစ်ခုသည် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် ချီဝမ်နှင့် ဆက်သွယ် ထားသည်။

ဝမ်ရှန်းသည် အလင်းတန်း အားလုံးကို ရေတွက်ကြည့် လိုက်သောအခါ စုစုပေါင်း ဆယ့်နှစ်ခု ရှိသည်ကို သတိပြုမိ သွားသည်။

“နဂါးဘုရင်မှာ သားတော် နဂါးကိုးကောင် ရှိတယ်၊ အလင်းတန်းက ကိုးခုဖြစ်ရမှာ မဟုတ်ဘူးလား ဘာလို့ ဆယ့်နှစ်ခု ဖြစ်နေတာလဲ”

ရုတ်တရက် ဝမ်ရှန်းသည် ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိလိုက်၏။ ရှေးဟောင်း တရုတ် ဒဏ္ဍာရီများ၌  နဂါးဘုရင်သည် မတူညီ ကွဲပြားသော သားတော် နဂါးကိုးကောင်ကို မွေးဖွားခဲ့သည်ဟု ဆိုသော်လည်း အခြားသော ရှင်းပြချက် တစ်ခု၌ ကိုးကောင် ဟူသည် ခန့်မှန်းချေသာ ဖြစ်ကာ ကိုးကောင်ထက် ပိုနိုင်သည်ဟု ဆိုထားလေသည်။

အချို့သော ဒဏ္ဍာရီများတွင်လည်း နဂါးသည် ၁၂ ကောင် ရှိသည်ဟု ငြင်းချက် ထုတ်ကြသည်။

ယွမ်ဝိညာဉ်၏ ပြောင်းလဲမှုသည် ဝမ်ရှန်း၏ စိတ်၌ အခြေခံသည်ဖြစ်ရာ ဝမ်ရှန်း၏ မသိစိတ်၌ ၁၂ ကောင်ဟု ယုံကြည်နေသဖြင့် ယွမ်ဝိညာဉ် နယ်မြေ၌ အလင်းတန်း ၁၂ ခု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ထို့ကြောင့် အလင်းတန်း ၁၂ ခုသည် ပြောင်းလဲမှု ၁၂ ကြိမ်ကို ရည်ညွှန်းပြီး နောက်ဆုံးသော နဂါးအဖြစ် ပြောင်းလဲခြင်းကို ထည့်တွက် လိုက်ပါက သူ၏ ယွမ်ဝိညာဉ်သည် ၁၃ ကြိမ် တိတိ အဆင့်မြှင့်ရမည်ပင်။

စုန့်ရန်၏ ပြောစကားအရ ယွမ်ဝိညာဉ်၏ အဆင့်ကို ထိုယွမ်ဝိညာဉ်၏ ပြောင်းလဲမှု အကြိမ်ရေနှင့် ဆုံးဖြတ်ပြီး တစ်ခါ ပြောင်းလဲသွားတိုင်း ကြယ်တစ်လုံး ရသည်။ စုန့်ရန်၏ စကားတွင် အမြင့်ဆုံးသည် ကြယ်ကိုးလုံးဟု ဆိုခဲ့သော်လည်း ဝမ်ရှန်းသည် ၁၃ကြိမ် ပြောင်းလဲရဉီးမည်ဖြစ်သည်။

“ကြည်ရတာ ကြယ်ကိုးလုံး ဆိုတာက သာမန် ယေဘုယျ သဘောမျိုး ပြောတာပဲ ထင်တယ်”

ဝမ်ရှန်းသည် ထိုအကြောင်းကို သိပ်နားမလည် သော်လည်း ဆက်မတွေးတော့ပေ။ သေချာသည်မှာ ပြောင်းလဲမှု များလေလေ ကြယ်များလေလေ ဖြစ်ကာ ခွန်အားများ ပို၍ တိုးပွားလာလေလေ ဖြစ်သည်။

ယွမ်ဝိညာဉ် တစ်ကြိမ် ပြောင်းလဲသွားတိုင်း အပ်စိုက်မှတ် အသစ်များ ဖွံ့ဖြိုးလာပြီး ဝိညာဉ်စွမ်းအင် စုပ်ယူမှုမှာ ပို၍ နက်ရှိုင်းလာပေမည်။

ဝမ်ရှန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ရုတ်တရက် အလွန်ထင်ရှားသော ပြောင်းလဲမှု တစ်ခုကို တွေ့ရှိလိုက်ရပြီး သူ၏ အမြင်အာရုံသည် များစွာ တိုးတက် လာလေသည်။

စနိုက်ပါ တစ်ယောက် အနေဖြင့် အမြင်အာရုံသည် ပထမဉီးစားပေး ဖြစ်ကာ တပ်ထဲတွင် သူ၏ အမြင်အာရုံသည် အကောင်းဆုံး သူများထဲမှ တစ်ဉီးဖြစ်သည်။

မီတာ ငါးဆယ်အဝေးမှ လူတစ်ယောက်၏ ရင်အုပ်ပေါ်မှ လက်စွပ် အရေအတွက်ကို အတိအကျ မြင်နိုင်ခဲ့ကာ အမြင်အာရုံ စူးရှမှုသည် ဝမ်ရှန်းအတွက် ရန်သူကို အနိုင်ယူရာ၌ မှော်လက်နက် ဖြစ်ခဲ့သည်။

သို့သော် ယခု အမြင်အာရုံသည် ယခင်ကထက် များစွာ ပို၍ ကောင်းမွန် လာသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဆယ်မီတာ အဝေးမှ  အသေးငယ် ဆုံးသော ရိုးတံထက်မှ အမှုန်အမွှားလေးများကိုပင် မြင်တွေ့နေရကာ ပန်းပွင့်ထဲမှ ဝတ်ဆံမှုန် အရေအတွက်ကိုပင် အတိအကျ ပြောပြနိုင်သည်။

သူ့မျက်လုံးထဲတွင် ကမ္ဘာတစ်ခုလုံး ရုတ်တရက် ကြည်လင် ပြတ်သားလာသည်။ အရိပ်ထဲမှ မြင်ကွင်းများကိုပင် အာရုံစိုက်ကြည့်ပါက ရှင်းလင်းစွာ မြင်နိုင်လေသည်။ ယခင်က မီတာလေးရာ အဝေးမှ လူတစ်ယောက်၏ မျက်နှာကို မြင်ရရန် အဝေးကြည့် မှန်ပြောင်းကို အသုံးပြုရသည်။ ယခုအခါ မှန်ပြောင်း သုံးစရာ မလိုတော့ပေ။

ဝမ်ရှန်းသည် ရုတ်တရက် အဝေးကြည့် မှန်ပြောင်းကို ထုတ်ယူ၍ ကြည့်လိုက်သည်။ သူ၏ လက်ရှိ အမြင်အာရုံနှင့် အဝေးကြည့် မှန်ပြောင်းကို ပေါင်းလိုက်ပါက မည်သို့ ရှိမည်ကို သိချင်နေသည်။ အံ့သြဖွယ် ကောင်းစွာပင် အဝေးကြည့် မှန်ပြောင်းထဲတွင် အဝေးသို့ ပို၍ ရှင်းလင်း ပြတ်သားစွာ မြင်နိုင်လေသည်။

ယခင်က သူသည် အဝေးကြည့် မှန်ပြောင်းထဲတွင် ရန်သူ၏ ခန္ဓာကိုယ်ကို တွေ့မြင်ရသော်လည်း ဉီးခေါင်းကို ပစ်လိုပါက စွန့်စားရာ ကျသဖြင့် ရင်အုပ်ကိုသာ ပစ်မှတ်ထားလေ့ ရှိသည်။

သို့သော် ယခု ရန်သူ၏ ဉီးခေါင်းကို ပြတ်သားစွာ မြင်နေရလေပြီ။ လေတိုက်နှုန်း၊ လေထုအပူချိန်နှင့် အကွာအဝေးကို တွက်ချက်ပြီးလျှင် သူအလိုရှိရာ အစိတ်အပိုင်းကို ပစ်နိုင်လေပြီ။

ဤမျှ ထူးကဲ ကောင်းမွန်သော အမြင်အာရုံကြောင့် တောအုပ်ထဲတွင်ပင် ညအချိန်၌ ကြောက်ရွံ့စရာ မလိုတော့ပေ။ သာမန် ကျွမ်းကျင်သူများ အတွက် မှိန်ဖျော့ဖျော့ အလင်းသည် ဝမ်ရှန်းအတွက် နေ့ခင်းအလား ကြည်လင် ပြတ်သားနေသည်။

ထို့နောက် ဝမ်ရှန်းသည် ယွမ်ဝိညာဉ် နယ်မြေထဲသို့ တစ်ဖန် ဝင်ရောက်ကာ အပ်စိုက်မှတ်များကို စစ်ဆေး ကြည့်လိုက်သည်။

မူလ အပ်စိုက်မှတ် ထိုက်ချိ ဝဲကတော့သည် ယခင်အတိုင်း ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေဆဲပင်။

ဒုတိယမြောက် အပ်စိုက်မှတ်သည်လည်း ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူနေပြီး  တိုက်ပွဲဝိညာဉ်သည် ယွမ်ဝိညာဉ် ချီဝမ်၏ နံဘေးတွင်ရပ်ကာ အပ်စိုက်မှတ် အသစ်ကို ထိုက်ချိ ဝဲကတော့အဖြစ် ကူညီပြောင်းလဲ ပေးနေသည်။

အပ်စိုက်မှတ် အသစ်သည် နဂါးခေါင်းမှ ချိုနှစ်ချောင်း၏ အလယ်တွင် တည်ရှိကာ  ယခင် အပ်စိုက်မှတ်သည် အမြီးနှင့် ခန္ဓာကိုယ်ကြားသို့ ရွေ့လျားသွားသည်။

ဒုတိယမြောက် အပ်စိုက်မှတ်ကို ထိုက်ချိ ဝဲကတော့အဖြစ် ပြောင်းလဲရန်  ဆယ်နာရီခန့် ကြာလေသည်။ အဓိက ပြဿနာသည် အပ်စိုက်မှတ် နှစ်ခု၏ လည်ပတ်မှု အရှိန်နှင့် ဝိညာဉ် စွမ်းအင် စုပ်ယူနိုင်စွမ်းကို ထိန်းညှိရန်ဖြစ်သည်။

သို့မဟုတ်ပါက တစ်ခုသည် မြန်နေကာ တစ်ခုက နှေးနေပြီး တစ်ခုမှ စုပ်ယူနေစဉ် တစ်ခုမှာ ထုတ်လွှတ် နေသည်။ ဤသို့ ဟန်ချက် မညီမှုသည် ကျင့်ကြံရေး၌ အနှောင့်အယှက် ဖြစ်စေကာ ဝိညာဉ်စွမ်းအင်များ အာလာဟဿ ကုန်ဆုံး သွားစေသည်။

ဝမ်ရှန်းသည် ဤပြဿနာကို အချိန် အတော်ကြာအောင် ဖြေရှင်းပြီးမှ သူ၏ ယွမ်ဝိညာဉ် နယ်မြေကို အသေအချာ စစ်ဆေးကြည့် လိုက်သည်။ တတိယမြောက် အပ်စိုက်မှတ် မရှိတော့ကြောင်း သေချာသွားမှ ယွမ်ဝိညာဉ် နယ်မြေထဲမှ ထွက်လိုက်သည်။

စုန့်ရန်နှင့် မန်ရွယ်ကျောင်းမှ ဆရာမ၏ ပြောကြားချက်အရ သာမန်လူ တစ်ယောက်သည် ယွမ်ဝိညာဉ်ကို တစ်ကြိမ် အဆင့်မြှင့်ပြီးတိုင်း အပ်စိုက်မှတ် ၁ ခုမှ ၉ ခု အထိ တိုးပွား လာတတ်သည်။ သူသည် ယခု တစ်ကြိမ် အဆင့်မြှင့်ပြီး ဖြစ်သော်လည်း အပ်စိုက်မှတ် ၂ ခုသာ ရှိသေးသည်။

သို့သော် ဝမ်ရှန်း စိတ်ဓာတ် မကျပါချေ။ သူ့တွင် အပ်စိုက်မှတ် ၂ ခုသာ ရှိသော်လည်း ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းသည် အခြားသူများထက် ဆယ်ဆ ပို၍ အားကောင်းသည်။ အဘယ်ကြောင့် စိတ်ဓာတ် ကျရမည်နည်း။

အရေးကြီးဆုံးသော အချက်မှာ  ပထမအဆင့်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက်  ဝိညာဉ်စွမ်းအင်ကို အသုံးချကာ တိုက်ခိုက်ရသည့် နည်းလမ်းများကို လေ့ကျင့်နိုင်ပြီ ဖြစ်သည်။ စုန့်လောင်ယုသည် အပ်စိုက်မှတ် အနည်းငယ်သာ ရှိသော ကျင့်ကြံသူများနှင့် ကိုက်ညီသည့် လေ့ကျင့်ရေး စာအုပ်ကို ဝယ်လာခဲ့ခြင်း ဖြစ်သော်လည်း သူ့တွင် အပ်စိုက်မှတ် ၂ ခုသာ ရှိသဖြင့် လေ့ကျင့်၍ ရမရ မသိသေးပေ။

ထို့နောက် ဝမ်ရှန်းသည် ပြောင်းလဲ သွားသော ယွမ်ဝိညာဉ်ကို ခန္ဓာကိုယ် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန် သိပွံ နည်းကျ လေ့ကျင့်ခန်း အချို့ ပြုလုပ်လိုက်သည်။ တစ်ကိုယ်လုံး ချွေးဒီးဒီး ကျလာပြီးနောက် သိုလှောင် လက်စွပ်ထဲမှ လေ့ကျင့်ရေး စာအုပ်ငယ်ကို ထုတ်ယူလိုက်သည်။

စာအုပ်အဖုံး၌ ကောင်းကင်ဘုရင် လက်ဝှေ့ဟု ရေးထားသည်။ ဤလက်ဝှေ့ နည်းလမ်းသည် မည်မျှ ခွန်အားကြီးသည်ဟု မသိသော်လည်း  နာမည်ကမူ ကြားရုံဖြင့် တုန်လှုပ် သွားစေနိုင်သည်။

ဝမ်ရှန်းသည် စာအုပ်ငယ်ကို ဖွင့်ကာ စတင် ဖတ်ရှုလိုက်သည်။ ရုပ်ပုံများ၊ စာများဖြင့် နားလည်ရ လွယ်ကူစေရန် ရေးသားထားပြီး စတင် ကျင့်ကြံသူများ အတွက် အကောင်းဆုံး ဖြစ်စေရန် ရေးသားထားသည်။

အချိန်အနည်းငယ် ကြာသော်  စာအုပ်တစ်ခုလုံး ဖတ်ရှု ပြီးသွားပြီး အလွယ်တကူပင် နားလည် လိုက်သည်။

ထို့နောက် စာအုပ်ကို ဘေးချကာ စတင် လေ့ကျင့်လိုက်သည်။ ဝမ်ရှန်း လေ့ကျင့်နေစဉ် တိုက်ပွဲ ဝိညာဉ်သည် ထုံးစံအတိုင်း ကောင်းကင်ဘုရင် လက်သီးချက်များကို အရိုးရှင်းဆုံးသော လက်ဝ ှေ့နည်းလမ်းအဖြစ် ပြောင်းလဲပေးသည်။

လက်သီးချက်နှင့် လေထု ပွတ်တိုက်သံများ တရစပ် ထွက်ပေါ်လာသည်။ ဝမ်ရှန်း လေ့ကျင့်နေသည်မှာ သာမန် လက်ဝှေ့နည်းလမ်း မဟုတ်ဘဲ လက်သီးချက်ဖြင့် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ် တိုက်ခိုက်နည်း ဖြစ်သည်။

ကောင်းကင်ဘုရင် လက်ဝှေ့သည် ရိုးရှင်းသော်လည်း အပ်စိုက်မှတ် ၆ ခုအထိ လိုအပ်သည်။ သူ့တွင် ၂ ခု သာရှိသဖြင့် တိုက်ပွဲ ဝိညာဉ်ကိုသာ အားကိုးရမည် ဖြစ်သည်။

ပထမ အဆင့်သို့ တက်လှမ်း လာပြီးနောက် ဝမ်ရှန်း၏ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းသည် ကြီးမားစွာ တိုးတက်လာသည်။ ယွမ်ဝိညာဉ်၏ ကြံ့ခိုင်မှုသည် ယခင်ကထက် အဆပေါင်း များစွာ ပို၍ သန်မာလာပြီး  ဝမ်ရှန်း၏ ကြမ်းကြုတ်သော တိုက်ကွက်များကို ထောက်ပံ့ ပေးနေသည်။

ဝမ်ရှန်းသည် ယခင်က တတ်ကျွမ်းပြီးသား လက်ဝှေ့ နည်းလမ်းများ အပြင် တိုက်ပွဲဝိညာဉ်၏ အကူအညီဖြင့် ကောင်းကင်ဘုရင် လက်ဝှေ့ နည်းလမ်းကို ကျားကုတ်ကျားခဲ လေ့ကျင့်နေသည်။

သူသည် အတွေ့အကြုံများစွာ မရှိသေးသည့်အပြင် သူ့စိတ်ထဲ၌  တိုက်ကွက်များကို မည်မျှ ကျွမ်းကျင် နေစေကာမူ ကိုယ်တိုင် မသုံးမချနိုင်သေးပေ။ ဥပမာအားဖြင့် စုန့်ရန်၏ တိုက်ကွက် အမှားကို သူထောက်ပြ နိုင်သော်လည်း သူကိုယ်တိုင်ကမူ အသုံးပြုရန် အလွန်အမင်း ခက်ခဲနေသေးသည်။

ဝမ်ရှန်းသည် နှစ်ရက်ခန့် ကြာအောင် လေ့ကျင့်နေခဲ့သည်။ ကောင်းကင်ဘုရင် လက်ဝှေ့ကို လေ့ကျင့်ပြီးနောက် ခန္ဓာကိုယ် အခြေအနေကို ထိန်းညှိရန် သွေးပူ လေ့ကျင့်ခန်းများ ပြုလုပ်သည်။ ပြီးနောက် ရှန်းလင်မြို့သို့ ထွက်ခွာ လာခဲ့သည်။

သူ၏ နဂါးဥများကို ရောင်းချရဉီးမည် မဟုတ်ပါလော။

လမ်းတစ်လျှောက်တွင် ဝမ်ရှန်းသည် လက်ဝှေ့ရူး တစ်ယောက်နှယ် အမျိုးမျိုးသော လက်သီးချက်များကို လေ့ကျင့်လာသည်။ လက်သီးနှင့် ခြေထောက်များ၌ ဝိညာဉ်စွမ်းအင် သုံးကာ တိုက်ခိုက်ခြင်းသည် ခွန်အားပြင်း သော်လည်း လက်နက်များလောက် အားကိုး၍ မရသေးသဖြင့် ဝမ်ရှန်းသည် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာရန် အလျင်စလို  လေ့ကျင့်နေခြင်းပင်။

အိပ်မက်ထဲမှ မိန်းကလေးသည် သူမကို သတ်ပါဟု ပြောခဲ့သည်။ သူသည် အကြောင်းရင်းကို မသိသော်လည်း သူ့တွင် ခွန်အား အလုံအလောက် ရှိပါက စုံစမ်းနိုင်မည်ဟု ယုံကြည် ထားသည်။

ဝမ်ရှန်းသည် လေ့ကျင့်ရင်းဖြင့် ရှန်းလင်မြို့အနီး ချဉ်းကပ် လာစဉ်မှာပင် လူတစ်စုသည် ရုတ်တရက် ထွက်ပေါ်လာကာ  ရှေ့မှ ကာဆီးလိုက်လေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset