Switch Mode

Chapter – 33

ဒါက ဘယ်လိုနဂါးလဲ

အခန်း ၃၃
ဒါက ဘယ်လိုနဂါးလဲ

“လိုက်မယ်”

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းဆောင်ဖြစ်သူ စုန့်ရှုသည် အံတင်းတင်း ကြိတ်လျက် အမိန့်ပေး လိုက်သည်။

“အရှိန်လျှော့ပြီး သတိထား သွားကြ”

စုန့်ရှု၏ အမိန့်အတိုင်းပင် လေးယောက်လုံးသည် သတိကြီးကြီး ထားကာ ဖြည်းညင်းစွာ လျှောက်လာကြသည်။

တစ်နာရီခန့် ကြာပြီးနောက် တောင်တန်း၏ အစွန်းဘက်သို့ ရောက်ရှိ လာကြသည်။ ထိုစဉ် မျက်ဆံနီကြွက်သည် ရုတ်တရက် ရပ်တန့်သွားပြီး ဝမ်ရှန်း၏ အနံ့ကို အနံ့ခံ၍ မရဟန်ဖြင့် ပိုင်ရှင်ရှိရာသို့ ပြန်လာလေသည်။

မျက်ဆံနီကြွက်သည် သူ၏ ပစ်မှတ် ရေထဲသို့ ရောက်နေပါက အနံ့ခံ၍ မရတော့ပေ။ ပိုင်ရှင်လူငယ်သည် အခြေအနေကို ရုတ်ခြည်း နားလည် သွားပြီး စုန့်ရှုကို ရှင်းပြလိုက်သည်။

“ဘာ… ခြေရာ မခံနိုင်တော့ဘူး ဟုတ်လား၊ ဒါဆို အဲ့ကောင်နောက်ကို ဘယ်လို လိုက်ရမှာလဲ”

လူတိုင်း၏ မျက်လုံးများသည် စုန့်ရှုထံ ကျရောက် သွားသည်။

စုန့်ရှုသည် ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန် ရထားသည့်အပြင် ခြေရာခံခြင်းလည်း ပျောက်ဆုံး သွားသဖြင့် ဆက်မလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။

လူတိုင်းသည် စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ကြပြီး စုန့်ရှု၏ ဒဏ်ရာကို ကုသရန် ရှန်းလင်မြို့နှင့် အနီးဆုံးသို့ အလျင်အမြန် ထွက်ခွာ သွားကြသည်။

ဝမ်ရှန်းသည် ဤအဖြစ်အပျက်များကို အတိအကျ မသိသော်လည်း နောက်ယောင်ခံ သူများသည် အချိန်တစ်ခု ရောက်ပါက တပ်ပြန်ဆုတ် သွားကြမည်ဟု တွက်ဆ ထားပြီးသား ဖြစ်သည်။ သူသည် စမ်းချောင်း တစ်လျှောက် ဆယ်မိုင်ခန့် လျှောက်လှမ်း လာခဲ့ပြီးနောက် ကမ်းပေါ်သို့ တက်လိုက်သည်။

သူ၏ ယွမ်ဝိညာဉ်သည် ငါးကြင်းဖြစ်သဖြင့် စမ်းချောင်းထဲတွင် နေရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။

တောတောင်များနှင့် တောအုပ်များသည် အလွန် အန္တရာယ် များလှကာ အချိန်ပြည့် သတိရှိရန် လိုအပ်သည်။ ဝမ်ရှန်းသည် တောတွင်းကောင်များ၊ မိစ္ဆာ သားရဲများ ကျက်စားတတ်သည့် နေရာများကို ရှောင်ကာ သင့်လျှော် လုံခြုံသော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။

ကမ္ဘာမြေတွင် နေထိုင်စဉ်က လေ့လာ သင်ယူခဲ့သော တောတွင်း အသိပညာများသည် ယခုအခါ ကြီးမားသော ကောင်းကျိုးကို ဖြစ်ပေါ်လာစေသည်။

တောတောင် အတွင်း၌ ဝိညာဉ်စွမ်းအင်များ ပို၍ ပေါကြွယ်ဝကာ ရှန်းလင်မြို့ထက် ပို၍ များပြားသည်။ ထို့ကြောင့်လည်း ကျင့်ကြံသူများသည် တောတောင်ထဲတွင် ကျင့်ကြံကြခြင်း ဖြစ်ကြောင်း ဝမ်ရှန်း နားလည်လိုက်သည်။

ဆက်တိုက် လေ့ကျင့်မှုများနှင့် မြွေသားကင်များ အဆက်မပြတ် စားသောက်ပြီးနောက် ယွမ်ဝိညာဉ် ငါးကြင်းသည် နဂါးဂိတ်ကို ကျော်ရန် အဆင်သင့် ဖြစ်နေလေပြီ။ ဝမ်ရှန်းသည် မြေပြင်ထက်တွင် ထိုင်ကာ စိတ်ကို တည်ငြိမ်စေသည်။

သူ၏ ယွမ်ဝိညာဉ်သည် အများနှင့် မတူဘဲ အားနည်းသည့်အပြင် နဂါးဂိတ်မှာလည်း မြင့်မားလွန်းသဖြင့်  အလျင်စလို မလုပ်ဘဲ တဖြည်းဖြည်းသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကောင်းမွန်သော အိပ်စက်ခြင်းနှင့် စားသောက်မှုတို့ကြောင့် ခန္ဓာကိုယ်နှင့် ဝိညာဉ် စွမ်းအင်များသည် အကောင်းဆုံး အနေအထားသို့ ဆိုက်ရောက် နေလေပြီ။

တိုက်ပွဲ ဝိညာဉ်သည်လည်း အရေးကြီးသော အခိုက်အတန့်ကို ရိပ်စားမိဟန်ဖြင့် ခွဲခြမ်း စိတ်ဖြာခြင်းများကို ရပ်တန့်ကာ နဂါးဂိတ်ကို ကျော်ဖြတ်မည့် အချိန်အား စောင့်ဆိုင်းလျက် ရှိသည်။

ဝမ်ရှန်းသည် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အဖြစ်ဆုံးသော အနေအထားသို့ ပြင်ယူလိုက်ပြီး အသိစိတ်ကို တဖြည်းဖြည်း နစ်မြုပ်သွားစေသည်။

ယွမ်ဝိညာဉ် နယ်မြေထဲသို့ ဝင်ရောက် သွားသည်နှင့် တစ်ပြိုင်နက် ကြိုတင်ပြင်ဆင် ထားပြီးဖြစ်သော ယွမ်ဝိညာဉ် ငါးကြင်းသည် နဂါးဂိတ်ကို ခုန်ကျော်ရန် အဆင်သင့် ဖြစ်နေလေပြီ။

ယခုအခါ ရွှေငါးကြင်း၏ အလျားသည် သုံးပေအထိ ကျုံ့သွားပြီ ဖြစ်ကာ စဉ်ဆက်မပြတ် ကြိုးစားမှု၏ ရလဒ်ဖြစ်သည်။ ရွှေငါးကြင်းသည် ယွမ်ဝိညာဉ် နယ်မြေ၏ အစွန်းဘက်မှ စတင်၍ အရှိန်မြှင့် ကူးခတ်လာသည်။

ကူးခတ်နှုန်းသည် တဖြည်းဖြည်း ပို၍ မြန်ဆန်လာကာ မြစ်ဝါထဲတွင် ရွှေရောင် မြားတစ်စင်းသဖွယ် နဂါးဂိတ်ထံ ဉီးတည်သွားသည်။ နဂါးဂိတ်နှင့် ပေအနည်းငယ်သာ ကွာဝေးလာချိန်၌ ရွှေငါးကြင်းသည် ရေထဲမှ ခုန်တက်သွားပြီး လှပစွာ ဝှေ့ယမ်း၍ နဂါးဂိတ်၏ ထိပ်သို့ ပျံတက်သွားသည်။

ထိုအခိုက်အတန့်တွင် ရွှေငါးကြင်းသည် ခုန်တက်နေသည်နှင့် မတူဘဲ ပျံသန်းနေသည်နှင့် ပိုတူလေသည်။

ပြီးပြည့်စုံသော ခန္ဓာကိုယ်သည် လေထဲတွင် ရွှေရောင် မျဉ်းကွေး တစ်ခုအလား နဂါးဂိတ်ကို ခုန်ကျော်သွားတော့သည်။

ထို့နောက် နဂါးဂိတ်၏ အထက်မှ တိမ်တိုက်များ ကြားထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။

ကောင်း‌ကင်နှင့် ကမ္ဘာမြေ၏ ပြင်းထန်သော ဝိညာဉ် စွမ်းအင်များသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ ဒီရေလှိုင်းများ အလား တိုးဝင်လာသည်။

ဤစွမ်းအင်များသည် ယခင်က စုပ်ယူခဲ့သည့် ဝိညာဉ်စွမ်းအင်များထက် အဆတစ်ရာခန့် ပို၍ များပြားပြီး ယွမ်ဝိညာဉ် နယ်မြေထဲသို့ တိုးဝင် စီးဆင်းသွားကြသည်။ ထို့နောက် တိမ်တိုက်များ ကြားမှ အော်ရာများ တောက်ပစွာ ဖြာထွက်လာသည်။

၎င်းမှာ သူ၏ ယွမ်ဝိညာဉ်မှ ထွက်လာခြင်း ဖြစ်ကြောင်း ဝမ်ရှန်း နားလည်သော်လည်း ရွှေငါးကြင်းသည် နဂါးဂိတ်ကို ခုန်ကျော်ပြီးနောက် တိမ်တိုက်ထဲသို့ တိုးဝင်သွားသဖြင့် မည်သည့်ပုံစံ ရှိနေကြောင်း မသိရသေးချေ။

မြောက်မြားစွာသော ဝိညာဉ်စွမ်းအင်များ တစ်ဟုန်ထိုး တိုးဝင် လာသော်လည်း ဝမ်ရှန်းသည် နာကျင်မှုကို မခံစားရဘဲ သက်သောင့်သက်သာ ရှိလှသဖြင့် အတိုင်းမသိ ပျော်ရွှင်သွားမိသည်။

သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင် များကို  ဆယ်မိနစ်ခန့် ကြာသည်အထိ စုပ်ယူပြီးနောက် အလွန်သန်မာ လာသော်လည်း ဝိညာဉ်စွမ်းအင် စုပ်ယူမှု ဖြစ်စဉ်သည် ရ‌ပ်တန့်ခြင်း မရှိသေးပေ။

ဤမျှ များပြားသော ဝိညာဉ်စွမ်းအင် ပမာဏသည် ဝမ်ရှန်း ဤကမ္ဘာကို ရောက်စ ကတည်းက ယနေ့အချိန်ထိ စုပ်ယူခဲ့သော ဝိညာဉ်စွမ်းအင် ပမာဏနှင့် အတူတူပင် ဖြစ်သည်။ ဝမ်ရှန်းသည် ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေဆဲဖြစ်သော ဝိညာဉ်စွမ်းအင် များကို ခံစားရင်းဖြင့် အလွန်အမင်း ပျော်ရွှင်နေသည်။

ဝိညာဉ်စွမ်းအင် များလေလေ သူ၏ ယွမ်ဝိညာဉ်သည် အားကောင်း လေလေဖြစ်ကာ ပထမအဆင့်သို့ ရောက်ရှိရန် အလွန်မြန်ဆန် လာသည်။

ထို့ကြောင့် သူသည် ဝိညာဉ် စွမ်းအင်များကို ရက်ပေါင်းများစွာ အထိ ဆက်တိုက် စုပ်ယူရန် မျှော်လင့်ထားသည်။

သူ၏ ယွမ်ဝိညာဉ် ငါးကြင်းသည် နဂါးဂိတ်ကို ခုန်ကျော်ပြီးနောက် ခွန်အားပြင်း နဂါးတစ်ကောင်အဖြစ် မပြောင်းလဲနိုင်ပါက စိတ်အပျက်ကြီး ပျက်ရပေတော့မည်။ ကံမကောင်းစွာပင် အဖြစ်အပျက်များသည် မျှော်လင့်ထားသည်နှင့် တက်တက်စင် လွဲနေခဲ့သည်။

ဝိညာဉ်စွမ်းအင်များကို ရက်ပေါင်းများစွာ စုပ်ယူရန် ပြင်ထားခဲ့သော်လည်း ဝိညာဉ်စွမ်းအင် စီးဆင်းမှုသည် နှစ်နာရီကြာ ပြီးနောက် ရုတ်ခြည်း ရပ်တန့် သွားလေသည်။

ပထမတစ်နာရီ၌ ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်အနှံ့ စီးဝင်နေခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် မျက်နှာတွင်သာ စုစည်းနေလေသည်။

အထူးသဖြင့် မျက်လုံးများသည် ဝိညာဉ်စွမ်းအင် စီးဆင်းမှုကြောင့် အေးမြ၍ သက်သောင့်သက်သာ ရှိလာသည်။ ဝမ်ရှန်းသည် မျက်လုံးများကို ဖွင့်ကာ နောက်ဆုံး ရလဒ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေလိုက်သည်။

ပတ်ပတ်လည်မှ ဝိညာဉ် စွမ်းအင်များသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသဖြင့် အနီးတစ်ဝိုက်မှ ဝိညာဉ်စွမ်းအင်များမှာ ပို၍နည်းပါး လာတော့သည်။

မလှမ်းမကမ်းမှ မိစ္ဆာ သားရဲများသည်  ထူးဆန်းမှုကြောင့်  ရုတ်ခြည်း အော်ဟစ် လိုက်ကြကာ ဝိညာဉ်စွမ်းအင်များ ပြန့်လွင့်ရာ လမ်းကြောင်းအတိုင်း လိုက်လာကြသည်။

သို့သော် ဝမ်ရှန်းအနီးသို့ ရောက်ရှိ သွားကြချိန်တွင် ပြင်းထန်သော အော်ရာများကြောင့် ထိတ်လန့်တကြား နောက်ပြန်ဆုတ် သွားကြသည်။

ရှေ့တစ်လှမ်း တိုးလိုက်သည်နှင့် အသက်ဇီဝိန်ကို နုတ်ယူသွားတော့မည့် အလား ပြင်းထန် လွန်းလှသော အော်ရာများကြောင့် မိစ္ဆာ သားရဲများသည် မြေပြင်ထက်တွင် ဉီးဆိုက်ကာ တဆတ်ဆတ် တုန်ယင် နေကြသည်။

တစ်ခဏမျှ ကြာသော် အော်ရာများ တဖြည်းဖြည်း အားနည်းသွားပြီး အဆုံးတွင် ပျောက်ကွယ် သွားလေသည်။

ထိုအခါမှသာ မိစ္ဆာ သားရဲများသည် အသက်ကို ရဲရဲရှူကာ ၎င်းတို့၏ အသိုက်သို့ အသီးသီး ပြန်လည် ထွက်ခွာ သွားကြသည်။

စုန့်ရန် နှင့် စုန့်လောင်ယုသည်လည်း ထူးဆန်းမှုကို သတိပြုမိဟန်ဖြင့် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်ကြသည်။ သို့သော် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့သဖြင့် စကားမဆိုဘဲ ရှေ့ဆက် လျှောက်သွားကြသည်။

ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေထဲ၌ တိမ်တိုက်များ ဖြည်းညင်းစွာ လွင့်ပါးလာသည်။ ဝမ်ရှန်းသည်  သူ၏ ယွမ်ဝိညာဉ်ကို ကြည့်ရှုရန် စိန်လှုပ်ရှားစွာ စောင့်မျှော်နေလိုက်သည်။

“ဘုန်း” 

ဧရာမ တိမ်တိုက်ကြီး တစ်ခု အဝေးသို့ လွင့်ထွက်သွားကာ ရုတ်တရက် ရွှေရောင် ခေါင်းကြီး တစ်လုံး ပေါ်ထွက်လာသည်။

ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေထဲ၌ အမှန်တကယ်ပင် ကြီးကျယ် ခမ်းနားသော အော်ရာများနှင့် ရွှေရောင် နဂါးခေါင်းကြီး ပေါ်ထွက်လာလေပြီ။

နဂါးခေါင်းနှင့် ပတ်သက်သော အစိတ်အပိုင်း အားလုံးသည်  ဝမ်ရှန်း စိတ်ကူး ထားသည်နှင့် တထေရာတည်းပင်။

ငါးကြင်းသည် နဂါးဂိတ်ကို အောင်မြင်စွာ ခုန်ကျော် နိုင်ခဲ့ပြီးနောက် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲ သွားလေပြီ။

ဝမ်ရှန်းသည် ရွှေရောင် နဂါးခေါင်းကြီးကို ကြည့်ကာ ဝမ်းသာလုံး ဆို့နေပြီး တစ်ကိုယ်လုံး မြင်တွေ့ခွင့်ရရန်  စောင့်ဆိုင်း နေလိုက်သည်။

အဆုံးတွင် တိမ်တိုက်များ ဆက်လက် ပြန့်ကျဲ သွားပြီးနောက် နဂါးခန္ဓာကိုယ်သည် ဝမ်ရှန်း၏ မျက်စိရှေ့သို့ ထင်ရှားစွာ ထွက်ပေါ် လာလေသည်။ သို့သော် နဂါး၏ ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်တွင် ဝမ်ရှန်း တစ်ကိုယ်လုံး တောင့်ခဲသွားသည်။

“ဒါ ဒါက ဘယ်လိုဖြစ်တာလဲ၊ ရွှေနဂါး အရှည်ကြီး ဖြစ်ရမှာလေ၊ ဒီပုံက ဘာကြီးလဲ ”
***

Comment

Leave a Reply

Options

not work with dark mode
Reset