Switch Mode

Chapter – 30

ကြက်သွေးရောင် ဓားသွား

Chapter – 30 ကြက်သွေးရောင် ဓားသွား

ကိုလာက ဤအချိန်ကို စောင့်နေခြင်း ဖြစ်သည်။ ရှီဖုန်းက အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုက်နက် မန္တန်များကို ရွတ်ဆိုလိုက်သည်။ ထို့အခါ ရွှေရောင် နတ်ဘုရားစာလုံးများက အတန်းလိုက် ထွက်ပေါ်လာပြီး ရှီဖုန်းဆီသို့ တိုးဝင်သွား၏။

“ကာကွယ်ခြင်းတောင်းဆု… “

ရုတ်တရက် ရှီဖုန်း၏ ခန္ဓာကိုယ်တွင် များစွာသော ရွှေရောင်စာလုံးများက ဝိုင်းရံသွားပြီး စူးရှသော အလင်းရောင်များ ထွက်ပေါ်နေလေသည်။

တစ်ချိန်တည်းမှာပင် ဒရော့စီစလော့က ပြန်လည်ဖြည့်တင်းခြင်းနှင့် အသက်ဆုခြွေစကေး၂ခုကို အသုံးပြုပြီး ရှီဖုန်း၏ HP ကို အပြည့်ဖြစ်အောင် ပြန်ဆွဲတင်ပေးလိုက်သည်။

“ဆက်တိုက် တိုက်ဖို့ပြင်ထားကြ… ငါ့ရဲ့နောက်ကနေ လုံးဝ ထွက်မလာနဲ့… “

သမန်းဝံပုလွေ ဖက်၏ အကြည်က သူတို့ဆီသို့ ရောက်လာသည့်အချိန်တွင် ရှီဖုန်းက အသူရာဓားသွားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ကာထားလိုက်သည်။

ရှီဖုန်း၏ အမိန့်ကို ကြားသည်နှင့် အားလုံး၏ စိတ်ထဲတွင် တင်းကြပ်သွား၏။

အစကတည်းက သူတို့၏ နှလုံးသားများသည် ရဲရင့်ခြင်းများနှင့် ပြည့်မနေပေ။ ယခုတော့ သူတို့၏ နှလုံးများက ပေါက်ထွက်မတတ် ခုန်ပေါက်နေပြီး သမန်းဝံပုလွေ ဖက်က မတိုက်ခိုက်ရသေးသော်လည်း ချွေးစေးများ ထွက်နေကြပြီဖြစ်သည်။

သမန်းဝံပုလွေ ဖက်က ရုတ်တရက် လှုပ်ရှားလာသည်။ ၎င်း၏ ရင်ဘတ်က အထက်သို့ ဖောင်းကားလာပြီး လည်ချောင်းမှ တစ်ဆင့် ပါးစပ်ဆီသို့ ရောက်လာသည်။

“အဝူး… “

ထိုအခိုက်တွင် ရှီဖုန်းမှလွဲ၍ ကျန်သူအားလုံးသည် နှလုံးခုန် ရပ်တန့်သွားကဲ့သို့ ခံစားလိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံးကလည်း တိတ်ဆိတ်သွားသည့်အလား ဖြစ်သွား၏။ ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် ငှက်များပင် လှုပ်ရှားမှုများ ကင်းမဲ့သွား၏။

သမန်းဝံပုလွေ ဖက်၏ ခန္ဓာကိုယ်မှ မီးခိုးရောင်လှိုင်းများ အမြောက်အမြား ထွက်လာသည်ကို အားလုံး မြင်လိုက်ရသည်။ လှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ဆက်လက် ကျယ်ပြန့်လာသည်။

မီးခိုးရောင်လှိုင်းတွန့်များက လူတိုင်း၏ ရှေ့သို့ လျင်မြန်စွာ ရောက်လာသည်။ သို့သော်လည်း သူတို့က တစ်လက်မပင် မလှုပ်နိုင်ကြပေ။ သူတို့က မလှုပ်ချင်၍ မလှုပ်ကြခြင်း မဟုတ်ဘဲ သူတို့၏ အတွေးများကို ခန္ဓာကိုယ်က မလိုက်နိုင်၍ ဖြစ်သည်။

အချိန်က လွန်စွာ နှေးကွေးသွားသည်ဟု လူတိုင်းက ခံစားလိုက်ရသည်။ သို့သော်လည်း အမှန်တစ်ကယ်တွင် အချိန်က အမြန်ဆုံးနှုန်းဖြင့် ကုန်ဆုံးနေသည်ကို သူတို့ သိကြ၏။ အကြွင်းမဲ့ပညာရှင်းများ ဓားချင်း ယှဉ်နေသည့်အချိန်တွင် အချိန်က လွန်စွာနှေးကွေးနေသကဲ့သို့ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှီဖုန်းတစ်ယောက်တည်းသာ အနည်းငယ် လှုပ်ရှားနိုင်သည်။

“ပုံရိပ်ယောင်ကိုယ်ပွား… “

မီးခိုးရောင်လှိုင်းများ ရောက်လာသည့်အချိန်တွင် ရှီဖုန်း၏ ရှေ့တွင် ကိုယ်ပွားက ပေါ်လာပြီး ကာကွယ်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် ကိုယ်ပွားက ပယ်ရီတိုက်ကွက်(တန်ပြခုခံခြင်း)ကို အသုံးပြုလိုက်သည်။ (တစ္ဆေစကေးကို ပုံရိပ်ယောင်ကိုယ်ပွားစကေးလို့ပဲ သုံးတော့မယ်နော်၊ ပြောင်းဖတ်ပေးကြပါဦး)

ချက်ချင်းဆိုသလိုပင် မီးခိုးရောင်လှိုင်းများက ကိုယ်ပွားကို လာရောက်ထိမိ၏။ သို့သော်လည်း လှိုင်းများကို ကိုယ်ပွားက ပယ်ရီတိုက်ကွက်ဖြင့် ခုခံလိုက်နိုင်ပြီး ကိုယ်ပွားက နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ရကာ ရှီဖုန်း၏ ခန္ဓာကိုယ်နှင့် တိုက်မိသွားမှသာ ကိုယ်ပွား၏ ခန္ဓာကိုယ်က ပြန်လည်ထိန်းနိုင်သွား၏။

ကိုယ်ပွားက ခန္ဓာကိုယ်ကို ထိန်းနိုင်လိုက်သည့်အချိန်တွင် နောက်ထပ်လှိုင်းများက ရောက်ရှိလာပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ လှိုင်းများက ကိုယ်ပွား၏ ခန္ဓာကိုယ်ကို ဖြတ်သွားပြီး HP 300 ချက်ချင်း လျော့သွား၏။ သူ့နောက်မှ ရှီဖုန်းသည်လည်း -30 ထိခိုက်မိပြီး နောက်မှ လူအားလုံးကတော့ -20 ထိခိုက်သွားကြသည်။

သို့သော်လည်း လှိုင်းများက တစ်ကြိမ်တည်းနှင့် ရပ်တန့်သွားခြင်း မရှိပေ။ တတိယအကြိမ်မြောက် လှိုင်း ရောက်လာချိန်တွင် ကိုယ်ပွား၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွား၏။ ထိခိုက်မှု -100 ကလည်း ရှီဖုန်း၏ ခေါင်းထက်တွင် ပေါ်လာ၏။ နောက်ထပ် မီးခိုးရောင်လှိုင်းများက ဆက်တိုက်ရောက်လာသည်။

-100, -100, -100, -100, …

ရှီဖုန်း၏ HP က ဆက်တိုက်ကျဆင်းသွားပြီး အမှတ်၉၀သာ ကျန်တော့၏။ နောက်ဆုံးလှိုင်းက ရှီဖုန်းဆီသို့ ရောက်လာသည့်အချိန်တွင် သူက ပယ်ရီတိုက်ကွက်ကို အသုံးပြုလိုက်သည်။

“ဝုန်း… “

ရှီဖုန်းက နောက်သို့ ခြေလှမ်းကျယ်ကျယ် တစ်လှမ်း ဆုတ်လိုက်ရသော်လည်း မည်သည့် ထိခိုက်မှုကိုမှ မခံလိုက်ရပေ။ ထို့အတူ သူ့နောက်မှ အဖွဲ့ဝင်များသည်လည်း ထိခိုက်မှု မရှိကြချေ။ သို့သော် လှိုင်းများ၏ဒဏ်ကြောင့် သူတို့၏ HP များက တစ်ဝက်ပင် မရှိကြတော့ချေ။

ထိုအချိန်တွင် ဒရော့စီစလော့၏ ပြန်လည်ဖြည့်တင်းခြင်းက ရှီဖုန်း၏ ကိုယ်ပေါ်သို့ ကျသွားပြီး HP ကို အမှတ်၁၄၀ ထိရောက်အောင် ပြန်ဆွဲတင်ပေးလိုက်၏။ ၎င်းနောက်မှ ရောက်လာသည့် အသက်ဆုခြွေက 130 HPကို ထပ်ပေါင်းပေးလိုက်သဖြင့် ရှီဖုန်း၏ HP က တစ်ဝက်ကျော်သို့ ပြန်ရောက်သွားလေသည်။

“ဒီအော်သံက အရမ်းကြမ်းတယ်… သေပြီလို့တောင် ထင်ထားတာ… “ ဘလက်ကီက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။

ရှီဖုန်းသာ သူတို့ရှေ့တွင် မကာပေးထားပါက ယခုအချိန်ဆို သူတို့က သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။ ရှီဖုန်းတောင်မှ သေဆုံးလုနီးပါး ဖြစ်သွားသည်ကို တွေးမိလိုက်သောအခါ သူ့နှလုံးက တစ်မိနစ်လျှင် ၁၈၀နှုန်းဖြင့် ခုန်လာလေသည်။

ရှီဖုန်းသာ သေသွားခဲ့လျှင် သူတို့လည်း သေဆုံးကြရလိမ့်မည် ဖြစ်သည်။ အဖွဲ့ထဲတွင် သမန်းဝံပုလွေ ဖက်အား အချိန်တော်တော်ကြာအောင် တိုက်ခိုက်နိုင်သည့်သူ မရှိပေ။

ထိုအခိုက်အတန့်တွင် အားလုံးက ရှီဖုန်းအား မွန်းစတားတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်ကြသည်။ ရှီဖုန်းက ပထမဆုံး လှိုင်းနှစ်ခုကို ကိုယ်ပွားဖြင့် ကာလိမ့်မည်ဟု သူတို့က တွေးပင် မတွေးမိခဲ့ကြပေ။ နောက်ဆုံးလှိုင်းကိုလည်း ရှီဖုန်းက ပယ်ရီတိုက်ကွက်ဖြင့် ခုခံနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရှီဖုန်း၏ တွက်ချက်မှုများက အလွန်ကို ချီးကျူးစရာ ဖြစ်ကြောင်း သူတို့ သိလိုက်လေသည်။ ဤကဲ့သို့ တွက်ချက်နိုင်မှုမျိုးသည် နတ်ဘုရားလောကတွင်သာ ရှိနိုင်လေသည်။

“နေ့ခင်းကြောင်တောင် အိမ်မက် မက်မနေကြနဲ့… အားလုံး… ဘော့စ်ကို မြန်မြန်တိုက်တော့… “

ရှီဖုန်းက သူ့အဖွဲ့သားများ၏ တုန့်ပြန်မှုကို မြင်ပြီး ပခုံးတစ်ချက်သာ တွန့်လိုက်လေသည်။ ဤကဲ့သို့ တွက်ချက်မှုများကို နောင်နှစ်အနည်းငယ် ကြာပြီးလျှင် ကျွမ်းကျင်သူအများစု ပြုလုပ်နိုင်လာကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ရှီဖုန်းကား အနားမယူနိုင်သေးပေ။ ယခုအချိန်တွင် အာရုံစိုက်ရမည့်အရာကား သမန်းဝံပုလွေ ဖက်ဖြစ်သည်။ သမန်းဝံပုလွေ ဖက်နှင့် တိုက်ခိုက်ရခြင်းက မည်မျှခက်ခဲကြောင်းကို သူကိုယ်တိုင်သာလျှင် သိ၏။

“လေဓားသွား… “

မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုပြီး ရှီဖုန်းက ဖက်၏ အရှေ့သို့ ရောက်သွားလေသည်။ သူက အသူရာဓားသွားကို တင်းကြပ်စွာ ဆုပ်ကိုင် ဖက်၏ ရင်ဘတ်ပေါ်သို့ ဆက်တိုက် တိုက်ခိုက်လိုက်သည်။

“မိုးကြိုးလျှပ်စီး… “

“နှစ်ဆခုတ်ချက်… “

“ခုတ်ချက်… “

-100 ထက်များသော ထိခိုက်မှုများက သမန်းဝံပုလွေ ဖက်၏ ခေါင်းထက်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ တခြားသူများ၏ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းကလည်း အနည်းဆုံး ထိခိုက်မှု -၂၀ကျော်ကို နှုတ်ယူသွား၏။ အလွန်လျင်မြန်စွာပင် သမန်းဝံပုလွေ ဖက်၏ HP က ၁၅ရာခိုင်နှုန်းသို့ ကျဆင်းသွား၏။

ဖက် သေဆုံးတော့မည်ကို မြင်သောအခါ အားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာသည်။

“ဂရုမစိုက်ဘဲ မနေနဲ့… ဘလက်ကီ… မကောင်းဆိုးဝါးကြာပွတ်ကို သုံးလိုက်… အဖော်မဲ့နှင်းက ချာ့စကေးနဲ့ နှောင့်ယှက်ဖို့ ပြင်ထား… “ ရှီဖုန်းက သမန်းဝံပုလွေ ဖက်၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း အမိန့်ပေးလိုက်သည်။

ရှီဖုန်း၏ အမိန့်သံကို ကြားလိုက်ရသည်နှင့် သူတို့၏ နှလုံးများက တင်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မရဏအကြည့်နှင့် ငရဲအော်သံပင် မတွေးရဲလောက်အောင် ကြောက်စရာကောင်းခဲ့သည်။ အကယ်၍ တခြားအဖွဲ့တစ်ဖွဲ့သာဆိုလျှင် အစောကြီးကတည်းက ဤနေရာသည် သူတို့၏ သင်္ချိုင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

သမန်းဝံပုလွေ ဖက်မှာ နောက်ထပ် အစွမ်းထက်တဲ့ စကေး ရှိနေသေးတာလား။ ငရဲအဆင့်က ဘယ်လောက်ထအောင် ကြောက်ဖို့ ကောင်းတာလဲ။

ရှီဖုန်းက သမန်းဝံပုလွေ ဖက်၏ HP ကိုသာ ဆက်တိုက် လျော့ချနေလေသည်။ ဖက်၏ HP က ၁၀ရာခိုင်နှုန်းသို့ ရောက်သွားချိန်တွင် ၎င်းက တတိယမြောက် တိုက်ကွက်ကို အသုံးပြုလိုက်သည်။

“မရဏဒေါသ… “

ထိုစကေးက မသေခင်အချိန်အထိ သမန်းဝံပုလွေ ဖက်၏ တိုက်ခိုက်နှုန်းကို ၁၀၀%၊ ရွေ့လျားမှုနှုန်းကို ၄၀% နှင့် တိုက်ခိုက်မှုစွမ်းအားကို ၁၀၀ ရာခိုင်နှုန်း တိုးပေးလေသည်။ ယခင်ဘဝက ဤစကေးသည် လက်ရွေးစင်အဖွဲ့များစွာကို ရူးသွပ်စွာ ကျိန်ဆဲစေသည်အထိ ဖြစ်စေခဲ့သည်။

မရဏဒေါသကို အသုံးပြုလိုက်ပြီးနောက် ဖက်၏ အမွှေးများက အနီရောင်သို့ ချက်ချင်း ပြောင်းသွား၏။ ၎င်း၏ ကြက်သွေးရောင်မျက်လုံးနှင် အစွယ်ချွန်များကိုပါ ထည့်တွက်လျှင် ၎င်းက သွေးမိစ္ဆာတစ်ကောင်နှင့်ပင် တူနေလေသည်။ ၎င်း၏ ကြောက်မက်ဖွယ်ရာ အသွင်သဏ္ဍာန်ကြောင့် အားလုံးက နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလိုက်ကြသည်။ ၎င်းထံမှ အန္တရာယ်အငွေ့အသက်များကိုလည်း သူတို့က ခံစားမိနေကြသည်။

ရှီဖုန်းက နှစ်ဆခုတ်ချက်ကို ထပ်မံအသုံးပြုလိုက်ပြီး သွေးထွက်မှု အဆင့်၅အထိ သက်ရောက်စေလိုက်သည်။ ထို့နောက် သူက လှည့်ပတ်ပြီး ပြေးလေတော့သည်။ မရဏဒေါသကို ထုတ်ဖော်လိုက်သည်နှင့် အဆင့်၅အောက်တွင် ဖက်အား တားဆီးနိုင်သည့်သူ မရှိတော့ပေ။ မှော်လက်နက်ကို ပိုင်ဆိုင်ထားသော ရှီဖုန်းသည်လည်း အပါအဝင် ဖြစ်၏။ တစ်ခုတည်းသော နည်းလမ်းက ၎င်းအား သေသည်အထိ တဖြည်းဖြည်း သတ်ဖြတ်ရန် ဖြစ်သည်။

ရှီဖုန်းက ၁၀ကိုက်ခန့် ပြေးပြီးသည့် အချိန်တွင် ဖက်၏ ပေါင်လုံးကြီးက ယခင်ကထက် နှစ်ဆခန့် ကြီးလာသည်။ ၎င်းက ခြေတစ်ဖက်ကို ဆောင့်လိုက်သည်နှင့် ခန္ဓာကိုယ်က မြှားတစ်စင်းအလား ရှီဖုန်းထံသို့ ပြေးထွက်သွား၏။

ရှီဖုန်းက ကြီးမားသော ကျောက်တုံးတစ်ခု အနားသို့ ရောက်တော့မည့်အချိန်တွင် ဖက်က သူ့နောက်သို့ အရင်ရောက်လာသည်။ ဖက်၏ အလျင်က အလွန်မြန်သဖြင့် သူလုပ်သလို လိုက်လုပ်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် ရှီဖုန်းက ပြေးရင်း ရုတ်တရက် ၉၀ ဒီဂရီ ကွေ့ချလိုက်သည်။

“ဝုန်း… “

ရှီဖုန်းကဲ့သို့ မကွေ့နိုင်သော သမန်းဝံပုလွေဖက်သည့် ရှေ့မှ ကျောက်တုံးကြီးကို ဝင်ဆောင့်မိသွား၏။ ကျောက်တုံးကြီးက ၎င်းကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားခန့် ရှိသော ကျောက်တုံးများက ၁၀ကိုက်ကျော်အထိ လွှင့်ပျံသွားကြသည်။ ထိုကြောက်စရာကောင်းလှသော မြင်ကွင်းကြောင့် ကိုလာကဲ့သို့ ရဲစွမ်းသတ္တိရှိသော လူတောင်မှ နှလုံးတုန်သွားရသည်။

ရှီဖုန်းသာ ၎င်း၏လက်သည်းများနှင့် အကုတ်ခံလိုက်ရလျှင် အသားပိုင်းများ ဖြစ်သွားမှာ သေချာလှသည်။

ထိုအချိန်တွင် ရှီဖုန်းက ဖက်နှင့် ကိုက်၂၀အကွာသို့ ရောက်သွားပြီဖြစ်သည်။ တစ်ခြားတစ်ဖက်တွင်တော့ မှော်ဆရာများ၏ တိုက်ခိုက်မှုများက သမန်းဝံပုလွေ ဖက်၏ HPကို ဆက်တိုက်နှုတ်ယူလျှက် ရှိသည်။

၎င်းက ရှီဖုန်းက လိုက်မီတော့မည့်အချိန်တိုင်းတွင် အဖော်မဲ့နှင်းက ချာ့စကေးဖြင့် ဝင်နှောက်ယှက်ပြီး အရိုးကြေတိုက်ကွက်ဖြင့် ၎င်း၏ အမြန်နှုန်းကို လျော့ချပေးလေသည်။ စကေးကို သုံးပြီးသည်နှင့် သူက နောက်သို့ ချက်ချင်း ပြန်ဆုတ်၏။ အဖော်မဲ့နှင်း၏ စကေးများ ပြန်လည်အသုံးပြုနိုင်ရန် စောင့်နေရသည့်အချိန်တွင် ဘလက်ကီ မကောင်းဆိုးဝါးကြာပွတ်ကို သုံး၍ ချုပ်နှောင်ပြန်သည်။ တစ်ခါတစ်ရံတွင်လည်း ရှီဖုန်းက အသူရာဓားသွားဖြင့် ဝင်တိုက်လေသည်။ ဤသို့ဖြင့် သူတို့က သမန်းဝံပုလွေ ဖက်အား အရုပ်တစ်ခုကဲ့သို့ ကစားကာ တိုက်ခိုက်ကြသည်။

7%… 6%… 5%… 3%…

နောက်ဆုံး ၎င်းထံတွင် HP က 1% သာ ကျန်တော့သည့် အချိန်၌ ရှီဖုန်းက ရုတ်တရက် လှည့်ပြီး တိုက်ခိုက်လိုက်သည်။

“လေဓားသွား… မိုးကြိုးလျှပ်စီး… ခုတ်ချက်… နှစ်ဆခုတ်ချက်… “

ရှီဖုန်း၏ ဓားက သမန်းဝံပုလွေ ဖက်၏ ရင်ဘတ်ပေါ်သို့ ကျသွားသည့်အချိန်တွင် ၎င်း၏ ကျန်ရှိသော 1% HPကို အပြီးတိုင်း နုတ်ယူသွားလေသည်။

System : သင်၏အဖွဲ့က ငရဲအဆင့် မြေအောက်ခန်းကို ပထမဆုံး အောင်မြင်သွားပါပြီ။ ဆုလာဘ်နှင့် ကျသည့်ပစ္စည်းများကို 100% တိုးပေးပါသည်။

System : သေဆုံးခြင်းသစ်‌တော၏ ငရဲအဆင့်ကို အောင်မြင်သွားပါပြီ။ 8000 EXPကို ရရှိပါသည်။

ထိုအခိုက်အတန့်တွင် သမန်းဝံပုလွေ ဖက်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး အိုင်တမ် ၁၀ခုကျော် ကျလာသည်။ ထိုအိုင်တမ်များထဲတွင် တစ်ခုကသာ ရှီဖုန်း၏ မျက်လုံးကို အရောင်တောက်သွားစေသည်။

“ကြက်သွေးရောင် ဓား… “

ကြက်သွေးရောင်ဓားသည် လက်ဆတ်သော သွေးကဲ့သို့ အရောင်ရှိပြီး အနီမှိုင်းမှိုင်းအရောင်များ ထွက်နေကာ ဓား၏ ထောင့်များတွင် အနီရောင်အစက်များ ကျနေလေသည်။ ဓားတစ်ချောင်းလုံးက ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာများကို ထုတ်လွှတ်လျက်ရှိနေသည်။

ကျရန် အလွန်ခဲယဉ်းလှသော ထိုအိုင်တမ်က သူ့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု ရှီဖုန်း ထင်မထားမိခဲ့ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset