Switch Mode

Chapter – 32

ရပ်လိုက်

အခန်း ၃၂
ရပ်လိုက်

စုန့်လောင်ယုသည် ကတိကဝတ်များနှင့် ပတ်သက်၍ အလေးထားသူ ဖြစ်သည့်အပြင် စုန့်ရန်၏ စစ်ဆေးပွဲ အောင်မြင်မှုကို ဝမ်ရှန်း ဖျက်ဆီး လိုက်မည်ကို စိုးရိမ်သဖြင့် သဘောတူထားသည့် အတိုင်း ရွှေဒင်္ဂါးနှင့် ကျင့်ကြံရေး နည်းလမ်း စာအုပ်ကို တစ်ပါတည်း ယူလာခဲ့သည်။

ဟွင်းယွမ် နည်းလမ်း အတိုင်းပင်  ဤလေ့ကျင့်ရေး နည်းလမ်းသည် စာအုပ်ငယ်လေးဖြစ်ကာ ခပ်ပါးပါးပင် ဖြစ်သည်။

ဝမ်ရှန်းသည် ရွှေဒင်္ဂါးများနှင့် ကျင့်ကြံရေး စာအုပ်ကို သိုလှောင် လက်စွပ်ထဲ၌ ရုတ်ခြည်း သိမ်းဆည်း လိုက်သည်။ သိုလှောင်လက်စွပ်ထဲမှ သူ၏ စက်ပစ္စည်း ကိရိယာများအပြင် အသားများနှင့် ရွှေဒင်္ဂါးများပါ ထည့်သွင်း လိုက်သောအခါ နေရာလွတ်သည် ချက်ချင်း ပြည့်နှက် သွားတော့သည်။

ရွှေဒင်္ဂါးများနှင့် ကျင့်ကြံရေး စာအုပ်ကို ရယူပြီးနောက် သူ့အတွက်မူ ထွက်ခွာရန် အချိန်ကျလေပြီ။

ဝမ်ရှန်းသည် စုန့်ရန်တို့နှင့် အတူ ပြန်မလိုက်လိုပေ။ ဤအကြောင်းကိုလည်း စုန့်ရန်အား ပြောထားပြီးဖြစ်ရာ တိတ်တဆိတ်ပင် လမ်းလျှောက် ထွက်လာခဲ့သည်။

ဝမ်ရှန်း ထွက်ခွာ သွားသည်ကို မည်သူမျှ သတိမထားမိ လိုက်ကြသော်လည်း  ရောက်လာ ကတည်းက ဝမ်ရှန်းကို အာရုံစိုက်နေသော လူတစ်စုသည် ထွက်ခွာသွားသော ဝမ်ရှန်းကို ကြည့်ကာ မျက်ရိပ် ပြလိုက်ကြသည်။

ထို့နောက်တွင် မျက်ရိပ်ပြ ခံရသော လူသည် လူအချို့ နှင့်အတူ ကျောက်ဆောင်များကြားမှ ရုတ်တရက် ပျောက်ကွယ် သွားလေသည်။

ဝမ်ရှန်းသည် စုန့်မိသားစု၏ အရေးကိစ္စများနှင့် မပတ်သက် လိုသည့်အပြင် အခြား အရေးကြီးသော အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။

သူ၏ ယွမ်ဝိညာဉ် ရွှေငါးကြင်းသည် နဂါးဂိတ်နှင့် ထိစပ်နေပြီးဖြစ်ရာ ရက်အနည်းငယ် အတွင်း နဂါးဂိတ်ကို ခုန်ကျော် နိုင်လိမ့်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူသည် အခြားသူများ နှင့်အတူ မရှိနေချင်။

သူနှင့် စုန့်ရန်၏ ဆက်ဆံရေးသည် ကောင်းမွန် သော်လည်း ယုံကြည်ရသည် အထိ မဟုတ်ပေ။

ထို့ပြင် စုန့်လောင်ယုသည် သူနှင့် အမြဲတစေ ဆန့်ကျင်ဘက် ဖြစ်နေလေရာ ဝမ်ရှန်းသည် မည်သူ့ကိုမှ မယုံကြည်နိုင်သေးပေ။

တောအုပ်ထဲသို့ ဝင်လာပြီးနောက် ဝမ်ရှန်း၏ မျက်လုံးများ၌ အေးစက်စက် အငွေ့အသက်များ ပေါ်ထွက်လာသည်။ သူ့နောက်တွင် လူငါးယောက်တိတိ လိုက်ပါလာပြီး ကောင်းသော ရည်ရွယ်ချက် မဟုတ်သည်မှာ သေချာလေသည်။

စုန့်မိသားစုနှင့် ဝမ်ရှန်းသည် မိတ်ဆွေများလည်း မဟုတ်ကြဘဲ ရန်သူဟုလည်း ဆို၍မရပေ။

ဆိုရလျှင် ဝမ်ရှန်းသည် သူ၏ အသက် အန္တရာယ်ကိုသာ ခြိမ်းခြောက် လာပါက မည်သူ့ကိုမျှ ထောက်ထား ငဲ့ညှာနေစရာ မလိုချေ။

ဝမ်ရှန်းသည် လမ်းလျှောက်နှုန်းကို အရှိန်မြှင့်ကာ ထောင်ချောက် အသေးများ စီမံခဲ့လိုက်သည်။

သေစေနိုင်သော ထောင်ချောက်များ မဟုတ်သော်လည်း နောက်မှ လူများကို နှောင့်နှေး သွားစေနိုင်သည်။

တောင်ကြားထဲမှ ဒရောသောပါး ပြေးလာကြသော လူငါးယောက်သည် တောထဲသို့ ရောက်သောအခါ အံ့သြသွားကြသည်။ ဝမ်ရှန်း၏ စစ်ဝတ်စုံသည် တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ရေထဲမှ ရေတစ်စက်သဖွယ် တောတောင်နှင့် ရောနှော သွားလေသည်။

ထိုစဉ် လူငယ် တစ်ယောက်သည် ခါးတွင် ချိတ်ထားသော ဝါးဘူးကို ဖြုတ်ကာ ထိုင်ချလိုက်သည်။ ထို့နောက် ဝါးဘူးကို ဖွင့်လိုက်ပြီး အထဲမှ မျက်ဆံနီနီနှင့် ကြွက်ငယ် တစ်ကောင် ထွက်လာသည်။

လူငယ်သည် မျက်ဆံနီကြွက်ကို ကောက်ယူကာ ဝမ်ရှန်း၏ ခြေရာနံဘေးတွင် ချပေးလိုက်သည်။ မျက်ဆံနီကြွက်သည် နှာခေါင်းကို တရှုံ့ရှုံ့ လုပ်ကာ အနံခံနေပြီး ရှေ့သို့ ဉီးတည် သွားလေသည်။

လူတိုင်းသည် မျက်ဆံနီကြွက်၏ အနောက်မှ လိုက်ပါသွားကြကာ လမ်းတစ်လျှောက်တွင် ခြေရာများကို တွေ့မြင်ခဲ့ကြသည်။ တစ်ခဏမျှကြာသော် ပိုင်ရှင်လူငယ်သည် လေချွန်သံ ပြုကာ မျက်ဆံနီကြွက်ကို အရှိန်မြှင့် စေလိုက်သည်။

သူတို့သည် မကြာမီ ဝမ်ရှန်းကို ဖမ်းမိလိမ့်မည်ဟု မျှော်လင့် ထားကြသည်။ ဝမ်ရှန်း၏ ခြေရာဖျောက် နိုင်စွမ်းသည် မည်မျှပင် ကောင်းမွန် နေစေကာမူ ခြေရာခံကြွက်၏ အနံ့ခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ပေ။

သို့သော်လည်း မမျှော်လင့်ထားသည့် အဖြစ်အပျက် တစ်ခုက ရုတ်တရက် ပေါ်ထွက် လာလေ၏။

 
ရှေ့ဆုံးမှ ပြေးနေသော မျက်ဆံနီကြွက်၏ အရွယ်အစားသည် သေးငယ် ပေါ့ပါးသဖြင့် ပြဿနာ မရှိသော်လည်း အနောက်မှ ပြေးလိုက်လာသော လူငယ်သည် ဝမ်ရှန်း စီမံထားခဲ့သော တွင်းငယ် တစ်ခုထဲသို့ ခြေတစ်ဖက် နစ်ဝင်သွားခြင်းပင်။

တွင်းငယ်သည် ရွက်ခြောက်များ ဖုံးအုပ်ထားကာ သာမန်ကာလျှံကာ ကြည့်ပါက မသိသာလှချေ။

လူငယ်သည်  ခန္ဓာကိုယ်ကို အချိန်မီ ထိန်းလိုက် နိုင်သဖြင့် အရိုးမကျိုး သွားသော်လည်း  တွန်းအားကြောင့် ခြေထောက် တစ်ဖက်လုံး ပွန်းပဲ့သွားကာ သွေးများစွာ ယိုစီးကျလာသည်။

ခြေသလုံးမှ နာကျင်မှုကြောင့် လူငယ်သည် ကမန်းကတန်း ထိုင်ချလိုက်ရပြီး ခဏချင်းပင် နီရဲယောင်ကိုင်း လာသော ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

ထို့နောက် အဖော်များ၏ အကူအညီဖြင့် ထရပ်ကာ လမ်းလျှောက် လာသော်လည်း တဆစ်ဆစ် နာကျင်နေမှုကြောင့် အမြန် မလျှောက်နိုင်တော့ပေ။

ထိုသို့သော အဖြစ်အပျက်များသည် လမ်းတစ်လျှောက်လုံး ဆက်တိုက် ကြုံတွေ့နေရပြီး သူတို့ထဲမှ လူသုံးယောက်မှာ ဒဏ်ရာ ရသွားခဲ့သည်။ ထိုအခါမှသာ နောက်ယောင်ခံ လာသော လူငါးယောက်သည် ဤသည်မှာ ဝမ်ရှန်း၏ လက်ချက်ဖြစ်ကြောင်း နားလည် သွားကြသည်။

“ဟမ့် လုပ်ထားဉီးပေါ့ကွာ၊ ဖမ်းမိလို့ကတော့ လူရုပ်မထွက်အောင်ကို နှိပ်စက်ပြမယ်”

သူတို့သည် စုန့်မိသားစု၏ အထူးချွန်ဆုံးသော တပည့်များ ဖြစ်ကြကာ အနိမ့်ဆုံး အဆင့်သည်ပင် ပထမအဆင့် အလယ်အလတ်သို့ ရောက်ရှိနေလေပြီ။

အဆင့်မရှိသော လူရိုင်းတစ်ယောက်၏ ပညာပြခြင်းကို ခံနေရသဖြင့် အဆုတ်ကွဲမတတ် ဒေါသထွက် လာကြသည်။

စုန့်မိသားစု၏ တပည့်ငါးယောက်သည် ၎င်းတို့၏ ဝိညာဉ် စွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို ကာကွယ် လိုက်ကြကာ ရှေ့ဆက် လိုက်ပါသွားကြသည်။ ၎င်းတို့၏ အခြေခံ ကျင့်ကြံရေးဖြင့် မိနစ်နှစ်ဆယ်ခန့် အထိ ခန္ဓာကိုယ်ကို ကာကွယ်ထားနိုင်ပြီး မိနစ်နှစ်ဆယ်အတွင်း ဝမ်ရှန်းကို အမိဖမ်းရန် ဆုံးဖြတ်လိုက်ကြသည်။

စိတ်ကူးသည် လှပသော်လည်း လက်တွေ့သည် ရက်စက် ကွာခြားလှသည်။ ရှေ့ဆက် တိုးလေလေ ထောင်ချောက်များနှင့် ရင်ဆိုင်ရလေလေ ဖြစ်နေတော့သည်။

ရှေ့ဆုံးမှ လိုက်နေသော စုန့်ရှုသည် သူ၏ ခြေသလုံးထက် အနည်းငယ် ပိုကြီးသော မြေပြင် အက်ကွဲကြောင်းထဲသို့ ခြေတစ်ဖက် ကျသွားချိန်၌ ငါးယောက်လုံး၏ မူလ အကြံအစည်များမှာ တစ်မုဟုတ်ချင်း လွင့်ပါးသွားလေသည်။

ထောင်ချောက်သည် လူလုပ်ထားသည်နှင့် မတူဘဲ တောအုပ်ထဲမှ သာမန် မြေပြင်အက်ကွဲကြောင်း တစ်ခုနှင့် ပိုတူသည်။ သူတို့မှာ အရှိန်အဟုန်ဖြင့် ပြေးလာခြင်း ဖြစ်လေရာ ခြေတစ်ဖက်သာ နစ်ဝင်သွားခြင်း ဖြစ်သော်လည်း  အကျိုးဆက်သည် သေချာပေါက် ဆိုးရွားလှသည်။

“အား” 

သစ်ကိုင်းကျိုးသံ နှင့်အတူ စုန့်ရှု၏ နာနာကျင်ကျင် အော်ဟစ်သံ ထွက်ပေါ်လာသည်။ အဖော်လေးယောက်သည် အလျင်စလို ပြေးသွားချိန်၌  စုန့်ရှု၏ ခြေသလုံး တစ်ဝက်သည် အက်ကွဲကြောင်းထဲ၌ နစ်ဝင်နေသည်။

ဒူးသည် ရှေ့သို့ ကိုးဆယ် ဒီဂရီအထိ ကွေးထွက်သွားပြီး  ထိတ်လန့်ဖွယ် အတိဖြစ်နေသည်။

အဖော်လေးယောက်သည် စုန့်ရှူ၏ ခြေထောက်ကို ဆွဲထုတ် ပေးလိုက်ပြီး နာကျင်မှု သက်သာစေသော ဆေးပြားများ တိုက်ကျွေး လိုက်သည်။

တစ်ခဏမျှ ကြာသော် စုန့်ရှု၏ အော်ဟစ်သံ ရပ်တန့် သွားလေသည်။ စုန့်ရှု၏ ညာခြေသည် ယာယီအားဖြင့် အသုံးပြု၍ မရတော့ပေ။

ဆေးသည် မည်မျှ အစွမ်းထက်သော်လည်း နာကျင်မှုအားလုံး မလျှော့ချပေးနိုင်ပေ။

စုန့်ရှုသည် နဖူးမှ ချွေးဒီးဒီးကျကာ ကြောက်ရွံ့ လာတော့သည်။ သူ့တစ်ဘဝလုံးကို မသန်မစွမ်း တစ်ယောက်အဖြစ် မကုန်ဆုံးနိုင်ပေ။

ကံကောင်းစွာပင် အဖော်များ၏ နှစ်သိမ့်ပေးမှုကြောင့် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာသည်။

“အဲ့ကောင်ကို သတ်”

စုန့်ရှုသည် ထိုအခိုက်အတန့်တွင် ဝမ်ရှန်းကို သတ်ချင်စိတ်များသာ တဖွားဖွား ထွက်ပေါ်လာသည်။ သူသည် စုန့်မိသားစု၏ ကြယ်တစ်ပွင့် တတိယ အကြီးအကဲ၏ နှစ်သက်မှုကို ရထားသော လူတစ်ယောက် ဖြစ်သည်။ ယခုကဲ့သို့ အမှိုက်တစ်စ၏ တိုက်ခိုက်မှုကို ခံနေရသဖြင့် မခံမရပ်နိုင် ဖြစ်ကာ ဒေါသအမျက် ခြောင်းခြောင်း ထွက်လာ၏။

“ငါ့ကို ထူပေးကြ”

စုန့်ရှုသည် အဖော်လေးယောက်၏ အကူအညီဖြင့် ဒဏ်ရာရနေသော ခြေထောက်ကို လျစ်လျူရှုကာ ဝမ်ရှန်းနောက်သို့ လိုက်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင် အလျင်စလို မသွားရဲကြတော့ဘဲ ဖြည်းညင်းစွာ သတိထား၍ သွားကြသည်။

ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းပြီးနောက် မြေပြင်ထက်တွင် ရေးထားသော စာအချို့ကို တွေ့မြင်လိုက်ကြရသည်။

“ကြည့်လိုက်၊ စာလုံးတွေပဲ”

လူတိုင်းသည် မြေပြင်ထက်တွင် သစ်ကိုင်းဖြင့် ရေးခြစ်ထားသော စာလုံးများကို ကြည့်ကာ မျက်နှာပျက် လာကြသည်။

“ရပ်လိုက် … ဟုတ်လား မင်းက ဘယ်သူ့ကို လာပြီး ခြိမ်းခြောက် နေတာလဲ ”

လူငယ်ငါးယောက်သည် ဝမ်ရှန်း၏ ခြိမ်းခြောက် စာလုံးကြောင့် ဒေါသတကြီး ဖြစ်လာကြသည်။ ၎င်းတို့သည် ရှေ့ဆက်တိုး လိုကြသော်လည်း စုန့်ရှု၏ ခြေထောက်နှင့် နောက်လာမည့် ထောင်ချောက်များကို တွေးမိသောအခါ အနည်းငယ် တုံ့ဆိုင်း သွားကြသည်။

ငါးယောက်လုံးသည် ရှေ့တိုးရမည်လော နောက်ဆုတ်ရမည်လော ခွဲခြားမရဘဲ တစ်ခဏမျှ ငြိမ်သက် သွားကြသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset